- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI International News
ဘူဒါပက်စ်၊ မတ်လ ၄
ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် ဗြိတိန်နိုင်ငံ၊ လန်ဒန် (London) မြို့တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ယူကရိန်း-ရုရှားစစ်ပွဲကို ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
ထိုသို့ စစ်ပွဲဆက်ဖြစ်ပွားစေရန် ဆုံးဖြတ်ခဲ့ခြင်းသည် အလွန်အန္တရာယ်များကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) က ပြောကြားခဲ့သည်။
“မတ်လ ၂ ရက်က လန်ဒန်မှာ ဥရောပခေါင်းဆောင်တွေက ငြိမ်းချမ်းရေးထက် စစ်ပွဲကို ဆက်ဖြစ်စေချင်တဲ့ဆန္ဒ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူကရိန်းက စစ်ပွဲကို ဆက်တိုက်ရမယ်လို့ သူတို့က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက မကောင်းပါဘူး။ အန္တရာယ်များပြီး မှားယွင်းပါတယ်။ ဟန်ဂေရီကတော့ ငြိမ်းချမ်းရေးဘက်မှာပဲ ဆက်လက် ရပ်တည်ပါမယ်” ဟု အော်ဘန်က ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
လန်ဒန်တွင် ပြုလုပ်သည့် ထိုအစည်းအဝေးကို အော်ဘန်အား ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ဘဲ ယူကရိန်းအား စစ်ရေး အကူအညီများ ဆက်ပေးမည့် အခြေအနေကို ဆွေးနွေးခဲ့ကြသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကို တွေ့ရစဉ်
ထိုအစည်းအဝေးတွင် စစ်ပွဲကို ဆက်ဖြစ်စေချင်သူများသာ တက်ရောက်ခြင်းဖြစ်၍ ဟန်ဂေရီသည် ထိုအစည်းအဝေးကို တက်ရောက်မည် မဟုတ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ရှီဂျာတို (Peter Szijjarto) က ပြောကြားခဲ့သည်။
ဟန်ဂေရီသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားနှင့် အမေရိကန်အကြား ဆွေးနွေးမှုများကို ထောက်ခံကြောင်းလည်း ၎င်းက ဆိုသည်။
လန်ဒန်တွင် ပြုလုပ်သည့် အစည်းအဝေးကို ဂျာမနီ၊ ဒိန်းမတ်၊ စပိန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ရိုမေးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ချက်၊ ဆွီဒင်နိုင်ငံများမှ ခေါင်းဆောင်များအပြင် ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) ၊ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ (Antonio Costa) နှင့် နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) တို့ တက်ရောက်ခဲ့သည်။

ဥရောပခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ပြင် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒိုး (Justin Trudeau) နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး (Vladimir Zelensky) တို့ကိုလည်း အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
ဥရောပနိုင်ငံများသည် ပဋိပက္ခ အဆုံးသတ်သွားခဲ့သည့်တိုင် ယူကရိန်းကို စစ်ရေး အကူအညီများပေးရန် အစီအစဉ် ရှိကြောင်း အစည်းအဝေးအပြီးတွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က ပြောကြားခဲ့သည်။
ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါလီယန်ကလည်း ယူကရိန်းကို နောက်ထပ် ကျူးကျော်သူများရန်မှ ကာကွယ် ရေး ခိုင်မာသည့် စစ်အင်အားရှိစေဖို့ ဆက်လက် ထောက်ပံ့သွားရန် အကြံပြုခဲ့သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 719
CNI International News
အစ္စတန်ဘူလ်၊ မတ်လ ၄
ခေတ်သစ် စစ်ပွဲများတွင် ဒရုန်းများက အဆုံးအဖြတ်ပေးလာခြင်းကြောင့် အာရှနိုင်ငံများက ဒရုန်းစစ်ဆင်ရေးများ အတွက် ပြင်ဆင်မှုများတိုးမြှင့်လာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံအတွင်း ဒရုန်းထုတ်လုပ်သည့် စက်ရုံဆောက်လုပ်ရန် တူရကီနိုင်ငံ၏ Bayker Technology လုံခြုံရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။
ထိုလုပ်ဆောင်ချက်အရ အင်ဒိုနီးရှားသည် ၎င်း၏ ရေတပ်တွင် ဒရုန်းများကို ပေါင်းစပ်ထည့်သွင်းရန် ကြိုးပမ်းသည့် လှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။
အင်ဒိုနီးရှားသည် ဒရုန်းများဖြင့် ရေတပ်အင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် တရုတ်၊ တောင်ကိုရီးယား၊ အီရန်နှင့် တူရကီနိုင်ငံတို့၏ ခြေရာကို လိုက်နင်းခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဒရုန်းစက်ရုံတည်ဆောက်ဖို့ အင်ဒိုနီးရှားနဲ့ တူရကီ သဘောတူလက်မှတ်ထိုးနေစဉ်
လက်ရှိ ဖြစ်ပွားနေသည့် ယူကရိန်း-ရုရှား စစ်ပွဲတွင် ဒရုန်းများ၏ အရေးပါပုံနှင့် အသုံးဝင်ပုံတို့ကို မြင်တွေ့ခဲ့ရပြီး နောက် ဒရုန်းများသည် ခေတ်သစ်စစ်ပွဲများ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လာသည်ဆိုသည့် အချက်အား နိုင်ငံအားလုံးက လက်ခံလာကြသည်။
ထို့ကြောင့် အာရှနိုင်ငံများမှ ရေတပ်များသည် စစ်ပွဲများအတွင်း ဒရုန်းများကို အသုံးပြုနိုင်ရန် အစီအစဉ်များကို တိုးမြှင့် လုပ်ဆောင်လာကြသည်။
ဒရုန်းများ ထုတ်လုပ်သည့် ကုန်ကျစရိတ်သည် တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ သို့မဟုတ် စစ်သင်္ဘောများ ထုတ်လုပ်သော ကုန်ကျစရိတ်ထက် အလွန်နည်းပါးပြီး အသုံးပြုရ လွယ်ကူခြင်းကြောင့် ဖြစ်သည်။
ဥပမာအားဖြင့်အမေရိကန်၏ MQ-9 Reaper ဒရုန်းသည် ဒေါ်လာ သန်း ၃၀ ကုန်ကျချိန်တွင် F-35 တိုက်လေယာဉ် တစ်စင်းကို ထုတ်လုပ်ရန် ဒေါ်လာ သန်း ၈၀ ကုန်ကျမည်ဖြစ်သည်။
ထို့ပြင် ဒေါ်လာရာဂဏန်း၊ ထောင်ဂဏန်းသာ ကုန်ကျသည့် အသေးစိတ် ဒရုန်းများသည်လည်း စစ်မြေပြင်တွင် အလွန်အသုံးဝင်လာသည်ကို ယူကရိန်း-ရုရှားစစ်ပွဲ၌ တွေ့ရသည်။
ဒရုန်းများကို ကင်းထောက်လှမ်းရေးအတွက်လည်း အသုံးပြုနိုင်ပြီး ကျယ်ပြန့်သည့် သမုဒ္ဒရာပေါ်တွင် လူသား ပိုင်းလော့များ၏ အသက်ကို ရင်းစရာမလိုဘဲ ဒရုန်းများဖြင့် စောင့်ကြည့်နိုင်သည်။
ဥပမာအားဖြင့် တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ပင်လယ်ရေကြောင်း အခြေအနေများကို စောင့်ကြည့်ရန် BZK-005 ဒရုန်းများကို အသုံးပြုနေသည်။
လေပေါ်ပျံနိုင်သည့် ဒရုန်းများအပြင် ရေပေါ်တွင် သွားနိုင်သောဒရုန်းနှင့် ရေအောက်၌ သွားနိုင်သည့် ဒရုန်းများ သည်လည်း ကင်းထောက်လှမ်းခြင်း အပါအဝင် မိုင်းရှာဖွေရေးနှင့် ရန်သူသင်္ဘောများကို တိုက်ခိုက်ခြင်း လုပ်ငန်း စဉ်များကိုစွမ်းဆောင်နိုင်သည်။
ထို့ကြောင့် အာရှနိုင်ငံများ၏ ရေတပ်များသည် စျေးသက်သာပြီး အသုံးပြုရလွယ်ကူကာ ထိရောက်သည့် စွမ်းဆောင်ရည်ရှိသော ဒရုန်းအမျိုးအစားများကို ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နေခြင်း ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 604
CNI International News
ဝါရှင်တန်၊ မတ်လ ၄
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့်အတူ တရုတ်က မြန်မာကို ထိန်းချုပ်သွားမည့်အရေးမှာ စိုးရိမ်စရာ ဖြစ်ကြောင်း အရှေ့တောင်အာရှနှင့် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါ်မီမီဝင်းဘတ်က မတ်လ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု The Sentinel သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မြန်မာ့တပ်မတော်၏ လုံခြုံရေးဥပဒေများအောက်တွင် မြန်မာနိုင်ငံအတွင်း တရုတ်လုံခြုံရေးကုမ္ပဏီများ တည်ရှိမှု သည် မြန်မာနိုင်ငံကို ထိန်းချုပ်ခံနိုင်ငံအဖြစ် ပြောင်းလဲသွားစေနိုင်ကြောင်း အာရှပစိဖိတ် လုံခြုံရေးလေ့လာမှု စင်တာ (APCSS)၏ လုံခြုံရေးလေ့လာသုံးသပ်သူ ဒေါ်မီမီဝင်းဘတ်က ပြောသည်။
ဒေသတွင်း တရုတ်လုံခြုံရေးကုမ္ပဏီများ အများကြီးရှိနေပြီး ထိုကုမ္ပဏီများတွင် ခန့်ထားသည့် ဝန်ထမ်းအများစု သည် တရုတ်စစ်တပ်၏ အရာရှိဟောင်းများဖြစ်သည်ဟု ဒေါ်မီမီဝင်ဘတ်က ဧရာဝတီသတင်းဌာနသို့ ပြောကြား ခဲ့သည်။
မြန်မာအာဏာပိုင်များသည် ရေတိုအကျိုးအမြတ်များအတွက် တရုတ်ကုမ္ပဏီများနှင့် ကုန်သွယ်မှုများ ပြုလုပ်နေ ပြီး မြန်မာနိုင်ငံ၏ တည်နေရာကျမှုသည် တရုတ်အတွက် မလက္ကာ ရေလက်ကြားအပြင် နောက်ထပ် အခွင့်အလမ်း တစ်ခုဖြစ်နေကြောင်း ၎င်းက ဆိုသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် လီချန်းကို တွေ့ရစဉ်
မြန်မာ့တပ်မတော်သည် ဖေဖော်ဝါရီလက ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
ထိုဥပဒေအရ တရုတ်၏ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီထောင်ခွင့် ရရှိမည် ဖြစ်သည်။
အဆိုပါ ဥပဒေအရ တရုတ်သည် ၎င်း၏ ပတ်လမ်းရပ်ဝန်း စီမံကိန်းများ (BRI) အပါအဝင် မြန်မာနိုင်ငံရှိ ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ခွင့် ရရှိထားသည်။
ထို့ပြင် တရုတ်သည် မြန်မာနိုင်ငံရှိ ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရေး မြန်မာနိုင်ငံသို့ လုံခြုံရေးကုမ္ပဏီများ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ပူးတွဲလုံခြုံရေးကုမ္ပဏီ ထူထောင်ရန် အဆိုပြုထားသည်။
Source: The Sentinel
- By CNI
- Category: နိုင်ငံရေး
- Hits: 671
CNI International News
ဝါရှင်တန်၊ မတ်လ ၃
ပြီးခဲ့သည့် ရက်ပိုင်းက အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) တို့၏ အစည်းအဝေး၌ အချေအတင် စကားများခဲ့ပြီးနောက် အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း ဇာလန်းစကီးကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ဇာလန်းစကီးက ဂျေဒီဗန့်စ်အား ရုရှားကို အဘယ်ကြောင့် မျက်နှာသာပေးနေသည့် အခြေအနေ အား ရှင်းလင်းရန် ဗန့်စ်အား ပြောကြားခဲ့သည်။
“အမေရိကန် မီဒီယာတွေရှေ့မှာ ဒီကိစ္စကို စွပ်စွဲဖို့ ကြိုးစားပြီး ဘဲဥပုံရုံးခန်းထဲကို လာတာဟာ ခင်ဗျားအနေနဲ့ အရိုအသေမရှိဘူးလို့ ကျနော် လေးစားစွာ ပြောချင်ပါတယ်”ဟု ဗန့်စ်က တုန့်ပြန်ခဲ့သည်။
ထို့ပြင် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ကြိုးစားပေးနေသည့် သမ္မတထရမ့်အား ကျေးဇူးတင်သင့်သည်ဟု လည်း ဗန့်စ်က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် တို့ကို တွေ့ရစဉ်
အိမ်ဖြူတော် အစည်းအဝေးသည် ထရမ့်နှင့် ဇာလန်းစကီးတို့၏ ပုဂ္ဂိုလ်ရေး အချင်းများမှုဟု ထင်ရသော်လည်း ဗန့်စ်သည် ထရမ့်အတွက် ရှေ့တန်းမှ တိုက်ခိုက်ရေးသမား တစ်ဦးကဲ့သို့ ၎င်း၏ ပုံရိပ်ကို မြှင့်တင်သည့် အခြေအနေကို ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဒီမိုကရက်များကမူ အိမ်ဖြူတော်သည် ဇာလန်းစကီးကို အပြင်းအထန် ဝေဖန်ထိုးနှက်ရန် ကြိုတင်ကြံစည်ခဲ့ ကြောင်း စွပ်စွဲခဲ့သော်လည်း ထိုအကြောင်းအရာနှင့်နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုကမူ ဇာလန်းစကီးအား ဗန့်စ်၏ ဝေဖန်မှုသည် ကြိုတင်စီစဉ်ထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၄၀ အရွယ် ဗန့်စ်သည် ထရမ့်၏ Make America Great Again ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှုကို ဆက်ခံ မည့်သူအဖြစ် ထင်ကြေးပေးခံထားရပြီး လွန်ခဲ့သည့် ၁ လက စတင် တာဝန်ထမ်းဆောင်ပြီးသည့် အချိန်ကတည်း က ထရမ့်၏ သစ္စာရှိ လူယုံတော်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်းဖြစ်သည့် ဗန့်စ်သည် ထရမ့်၏ အစိုးရအသုံးစရိတ်များ လျှော့ချမှုကို ဦးဆောင်နေသည့် အီလွန်မာ့စ် (Elon Musk) အပါအဝင် ထရမ့်ဘက်မှ အမာခံရပ်တည်သူများထဲတွင် ရှေ့ဆုံးနေရာ၌ ရှိနေသည်။
“ဗန့်စ်က တော်တော် အာဏာပြခဲ့တာပါ။ သူက အီလွန်နဲ့ မတူပါဘူး။ သူ့အတွက်တော့ ထရမ့်နဲ့အတူထိုင်ပြီး ဇာလန်းစကီးနဲ့ စကားပြောခွင့်ရတာဟာ ကြီးမားတဲ့ အခိုက်အတန့်တစ်ခုပါ”ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 745
CNI International News
အန်ကာရာ၊ မတ်လ ၃
တူရကီအစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကာ့ဒ်အလုပ်သမားပါတီ(PKK) တပ်ဖွဲ့များက မတ်လ ၁ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထောင်ဒဏ် ချမှတ်ခံထားရသည့် PKK ခေါင်းဆောင် အော်ကလန် (Abdullah Ocalan) က လက်နက် ဖျက်သိမ်း ရန် တိုက်တွန်းမှုနှင့်အတူ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး ကြေညာမှုသည် နှစ်ပေါင်း ၄၀ ကြာ ဖြစ်ပွားနေသော သောင်းကျန်းမှုကို အဆုံးသတ်စေနိုင်သည့် ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်က အော်ကာလန်သည် PKK အဖွဲ့ကို လက်နက်ချရန်နှင့် အဖွဲ့ကို ဖျက်သိမ်းရန် တိုက်တွန်း ခဲ့ပြီး တူရကီသမ္မတ အာဒိုဂန် (Tayyip Erdogan) ၏ အစိုးရနှင့် ကာ့ဒ်လိုလားသည့် DEM ပါတီတို့ကလည်း အော်ကာလန်၏ တိုက်တွန်းချက်ကို ထောက်ခံခဲ့ကြသည်။
အပစ်အခတ်ရပ်စဲရေးသည် ကာ့ဒ်ဒေသအတွက် ရှုပ်ထွေးမှုများ အများအပြားရှိနိုင်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အောင်မြင်ခဲ့မည်ဆိုပါက လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့သည့် ပဋိပက္ခကို အဆုံးသတ် စေမည်ဖြစ်သည်။

ကာ့ဒ် PKK ပါတီ ခေါင်းဆောင် အော်ကလန်ကို တွေ့ရစဉ်
၁၉၈၄ ခုနှစ်က လက်နက်ကိုင် သောင်းကျန်းမှု စတင်ခဲ့သည့် PKK အဖွဲ့သည် လက်ရှိတွင် အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ တောင်တန်းဒေသများ၌ အခြေစိုက်ထားသည်။
ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အာဒိုဂန်အတွက် ပြည်တွင်းထောက်ခံမှု မြင့်တက်စေနိုင်ပြီး ပဋိပက္ခကြောင့် လူပေါင်းများစွာ သေဆုံးပြီး စီးပွားရေး ထိခိုက်ခဲ့ရသည့် နိုင်ငံအရှေ့တောင်ပိုင်းတွင် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်မည့် သမိုင်းဝင် အခွင့်အလမ်း တစ်ခုဖြစ်သည်။
PKK အဖွဲ့ကမူ တူရကီအစိုးရအနေဖြင့် ၁၉၉၉ ခုနှစ်ကတည်းက အကျဉ်းချခံထားရသည့် အော်ကလန်ကို လွှတ်ပေးရန် မျှော်လင့်ကြောင်း၊ သို့မှသာ အော်ကလန်သည် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အပစ်အခတ်ရပ်စဲရေး အောင်မြင်စေရန်အတွက် နိုင်ငံရေးနှင့် ဒီမိုကရေစီ အခြေအနေများကို မဖြစ်မနေ ထူထောင်ရမည်ဟုလည်း PKK အဖွဲ့က ပြောကြားခဲ့သည်။
တူရကီနှင့် အနောက်မဟာမိတ်နိုင်ငံများက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် PKK ကမူ အဖွဲ့ဝင်များ ကို စုရုံးခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း၊ သို့သော် လုံခြုံရေး အာမခံချက်များ ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 690
CNI International News
ဝါရှင်တန်၊ မတ် ၃
အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) တို့အကြား အချေအတင် စကားများခဲ့ပြီးနောက် ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီဝင်များ အကြား သဘောထား ကွဲလွဲမှုများရှိလာကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များအကြား သဘောထား ကွဲလွဲမှုကြောင့် ရုရှားနှင့် စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်းအတွက် နောက်ထပ် အကူအညီများကို အတည်ပြုမည့် လွှတ်တော်၏ ဆုံးဖြတ်ချက်အား မှေးမှိန်သွား စေခဲ့သည်။
မတ်လ ၁ ရက်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လီဆာ မာကောစကီး (Lisa Murkowski)က ယူကရိန်းအတွက် အမေရိကန်၏ အထောက်အပံ့များကို အဆုံးသတ်တော့မည်ဟု အိမ်ဖြူတော်ထံမှ သတင်း သဲ့သဲ့ကြားရကြောင်း ပြောကြားခဲ့သည်။
“အစိုးရအဖွဲ့က ကမ္ဘာတစ်ဝန်းက အမေရိကန်ရဲ့ စံတန်ဖိုးတွေနဲ့ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်တဲ့ ပူတင် (Putin) ကို လက်ခံပြီး ကျမတို့ရဲ့ မဟာမိတ်တွေကို ကျောခိုင်းတော့မယ့် အလားအလာ ရှိနေတာကြောင့် တော်တော် စိတ်ပျက်မိပါတယ်”ဟု လီဆာက ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ယူကရိန်းကို ကာလကြာရှည် ထောက်ခံပေးခဲ့သည့် ရီပတ်လစ်ကန် အမတ်အချို့ကမူ ဇာလန်းစကီးနှင့် ထရမ့်တို့ စကားများခဲ့ပြီးနောက် ၎င်းတို့၏ လေသံများ ပြောင်းလဲသွားခဲ့ကာ ဇာလန်းစကီးသည် အရိုအသေ ကင်းမဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ် (Lindsey Graham) ကမူ ဇာလန်းစကီး အနေဖြင့် ၎င်း၏ လေသံကို ပြောင်းလဲရန်နှင့် ရာထူးမှ နုတ်ထွက်ရန် ပြောကြားခဲ့သည်။
“ဘဲဥပုံရုံးခန်းထဲမှာ ဖြစ်ပျက်သွားတာတွေက တော်တော်ကို အရိုအသေ ကင်းမဲ့ပါတယ်။ ကျနော်တို့ ဇာလန်းစကီး နဲ့ အလုပ်ထပ်လုပ်နိုင်မလားဆိုတာ မသိတော့ပါဘူး”ဟု ထရမ့်၏ အနီးကပ် မဟာမိတ်ဖြစ်သည့် ဂရေဟမ်က ပြောကြားခဲ့သည်။
“သူ့အနေနဲ့ ရာထူးက နုတ်ထွက်ဖို့ လိုပါတယ်။ ပြီးတော့ ကျနော်တို့နဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်တဲ့ တစ်ယောက် ယောက်ကို စေလွှတ်ဖို့လိုပါတယ်။ ဒါမှမဟုတ် သူကိုယ်တိုင်က သဘောထားကို ပြောင်းလဲဖို့ လိုအပ်ပါတယ်” ဟု တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် အထက်လွှတ်တော်အမတ်ဖြစ်သည့် ဂရေဟမ်က ပြောကြားခဲ့ သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 639
CNI International News
ဘန်ကောက် ၊ မတ်လ ၁
ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန်(Paetongtarn Shinawatra) သည် ဖေဖော်ဝါရီ ၂၇ ရက်က လွှတ်တော်သို့ ပထမဆုံးအကြိမ် လာရောက်ပြီး မေးခွန်းများကို ဖြေကြားရာတွင် ကျားဖြန့်ဂိုဏ်းများအား ကိုင်တွယ်ဖြေရှင်းနေ သည့် အခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
United Thai Nation ပါတီ၏ ရတ်ချာဘူရီ (Ratchaburi) ပြည်နယ်မှ လွှတ်တာ်ကိုယ်စားလှယ် ကရာဒက်ရှ် ဝေါင်ပီတူချာရော့ချ် (Akradech Wongpituchroj) က ပေတုန်တန်ကို ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံများအား မေးမြန်းခဲ့သည်။
ပေတုန်တန်ကမူ ကျားဖြန့်ဂိုဏ်းများကို တိုက်ဖျက်ရန် မူဝါဒများအား အကောင်အထည်ဖော်မှုသည် လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
လူအများအပြား၏ စုဆောင်းထားသည့် ချွေးနည်းစာများကို ကျားဖြန့်ဂိုဏ်းများက လိမ်သွားသည့် သတင်းမျာ၊ ငွေကြေးလိမ်လည် ခံရသူအချို့သည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သော သတင်းများကို ကြားသိခဲ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
ကျားဖြန့်ဂိုဏ်းများကို တိုက်ဖျက်ရန် အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ထိုရာဇဝတ်ဂိုဏ်းများအား နှိမ်နင်းရန်အတွက် ဝန်ကြီးဌာနများ၊ အစိုးရအေဂျင်စီများအနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကြရန် ညွှန်ကြား ထားသည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
အစိုးရအဖွဲ့သည် အွန်လိုင်းပေါ်မှ ငွေကြေးလိမ်ညာမှုများကို တားဆီးရေးနှင့် နှိမ်နင်းရေးအတွက် စင်တာတစ်ခု ထူထောင်ထားခဲ့ပြီး ငွေကြေးလိမ်လည်သူများ ပိုင်ဆိုင်သည့် ဘဏ်အကောင့်ပေါင်း ၁ ဒသမ ၉၂ သန်းကို ပိတ်နိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း လူပေါင်း ၁၄၀,၀၀၀ ၏ အမည်များကို အသုံးပြုပြီး စာရင်းဖွင့်ထားသည့် ဘဏ်အကောင့်ပေါင်း ၁ ဒသမ ၉၂ သန်းရှိသည်ဟုလည်း ပေတုန်တန်က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
အွန်လိုင်းပေါ်မှ ငွေလိမ်သူများ အသုံးပြုနေသည့် စစ်ဆေးတွေ့ရှိခဲ့သော ဖုန်းဆင်းမ်ကဒ် ၂ ဒမသ ၄ သန်းကို ပိတ်သိမ်းခဲ့ပြီး သံသယဖြစ်ဖွယ် ဆင်းမ်ကဒ် ၂ ဒသမ ၈ သန်းကို ယာယီဆိုင်းငံ့၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ သည်ဟု ၎င်းက ပြောသည်။
ကျားဖြန့်လုပ်ငန်းများကြောင့် နေ့စဉ် ငွေကြေး နစ်နာဆုံးရှုံးမှု ပမာဏသည် ဘတ် သန်း ၁၀၀ မှ ဘတ်သန်း ၅၀ အထိ လျော့ကျသွားခဲ့သည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 661
CNI International News
ဘေကျင်း၊ မတ်လ ၁
တရုတ်အစိုးရက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး စစ်ပွဲအတွက် အသင့် အနေအထားရှိမှုနှင့် ပြည်ပမစ်ရှင်များ၏ အရေးကြီးမှုအပေါ် ပိုမိုအာရုံ စိုက်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဧပြီလအတွင်း စတင် အကျုံးဝင် သက်ရောက်မည့် အဆိုပါ စည်းမျဉ်းပြောင်းလဲမှုများသည် စစ်မြေပြင်များ၌ အနိုင်ရရှိရေးသည် စစ်တပ်၏ ထိပ်တန်း တာဝန်တစ်ခုဖြစ်သင့်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် PLA အနေဖြင့် စစ်ပွဲအတွက် အသင့် အနေအထားရှိမှုနှင့် ကြိုတင်ပြင်ဆင်မှုကို အဓိက အာရုံစိုက် လုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်သည့် သတင်းတွင် ယခုပြင်ဆင်လိုက်သော စည်းမျဉ်းများသည် စစ်တပ်အတွင်း တရားဥပဒေစိုးမိုးမှုကို ပိုမိုမြင့်တက် စေလိမ့်မည်ဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

ပုံစာ- တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထိုသို့ လုပ်ဆောင်ခြင်းသည် တောင်တရုတ်ပင်လယ်အရေး၊ အမေရိကန်နှင့် ဆက်ဆံရေးများတွင် ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်နေချိန်၌ မိမိတို့၏ မူဘောင်နှင့် စည်းမျဉ်းစည်းကမ်းများကို တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နေသော တရုတ်အစိုးရ၏ အားထုတ်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြခဲ့ သည်။
ထို့ပြင် စစ်တပ်၏ စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှုသည် ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၏ ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်းလည်း ဆင်ဟွာက ဖော်ပြခဲ့သည်။
PLA သည် ၂၀၃၅ ခုနှစ်တွင် စစ်တပ်ကို အဆင့်မြှင့်တင်ရမည်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်၌ ကမ္ဘာ့ထိပ်သီး စစ်တပ် ဖြစ်လာစေရမည်ဟု ရှီက ပြောကြားခဲ့သည်။
အသစ်ပြင်ဆင်လိုက်သည့် စည်းမျဉ်းများကို ရှီက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ထိုစည်းမျဉ်းများ အနက် PLA ၏ တပ်တွင်းရေးရာကိစ္စများ၊ စည်းကမ်းလိုက်နာမှုနှင့် စစ်တပ်ဖွဲ့စည်းပုံတို့ အပါအဝင် ကဏ္ဍ အများအပြား လွှမ်းခြုံပါဝင်ခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 730
CNI International News
နယူးဒေလီ၊ မတ်လ ၁
အိန္ဒိယနိုင်ငံတွင် မော်ဝါဒီသူပုန်များ၏ ဆယ်စုနှစ်များစွာကြာ သောင်းကျန်းမှုများကြောင့် လူပေါင်းများစွာ သေဆုံး ခဲ့ပြီးနောက် အိန္ဒိယအစိုးရက မော်ဝါဒီသူပုန်များကို ချေမှုန်းသွားမည်ဟု ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
၁၉၆၇ ခုနှစ်က စတင် ထကြွသောင်းကျန်းခဲ့သည့် မော်ဝါဒီ သူပုန်များသည် နိုင်ငံ၏ အကြီးမားဆုံး ပြည်တွင်း လုံခြုံရေး ရန်စွယ်တစ်ခု ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောသည်။
မော်ဝါဒီသူပုန်များသည် အနောက်ဘန်ဂေါ (West Bengal) ပြည်နယ်၏ လူသူ အရောက်အပေါက်နည်းသည့် နာဆယ်ဘာရီ (Naxalbari) ကျေးရွာတွင် လက်နက်ကိုင်ဆူပူအုံကြွမှုများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် နာဆယ်လိုက် (Naxalites) များဟု လူသိများသည် ကွန်မြူနစ်သူပုန်များသည် နိုင်ငံ၏ အခြားနေရာ ဒေသများသို့လည်း ပျံ့နှံ့သွားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှား (Amit Shah) ကလည်း မော်ဝါဒီသူပုန်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အမြစ်ပြတ်ချေမှုန်းပစ်မည်ဟု ပြောကြားခဲ့သည်။

ပုံစာ- အိန္ဒိယအလံနဲ့ ကွန်မြူနစ်အလံကို တွေ့ရစဉ်
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များသည် ချာတစ်စဂတ် (Chhattisgarh) ပြည်နယ်တွင် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း မော်ဝါဒီသူပုန် ၃၁ ဦးကို ချေမှုန်းနိုင်ခဲ့ပြီးနောက် ရှား၏ ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်မတိုင်မီ ဒီပြဿနာကို ဖြေရှင်းသွားမယ်လို့ ကျနော် ထပ်ပြီးပြောချင်ပါတယ်။ ကျနော်တို့ဟာ နာဆယ်လစ်ဇင်ဝါဒ (Naxalism) ကို ဒီနိုင်ငံကနေ အမြစ်ပြတ် ချေမှုန်းပစ်မှာပါ။ အဲဒီဝါဒကြောင့် ဘယ်နိုင်ငံသား တစ်ဦးတစ်ယောက်မှ အသက်ဆုံးရှုံးစေရတော့မှာ မဟုတ်ပါဘူး” ဟု ရှားက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
မော်ဝါဒီ သူပုန်ကင်းစင်သည့် အိန္ဒိယနိုင်ငံဖြစ်စေရန် ရည်ရွယ်ထားပြီး လုံခြုံရေးတပ်ဖွဲ့များသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများတွင် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ရှားက ပြောသည်။
ချာတစ်စဂတ်ပြည်နယ်ဝန်ကြီးချုပ် ဗစ်ရှနူ ဒေဆိုင် (Vishnu Deo Sai) ကလည်း အိန္ဒိယနိုင်ငံတွင် မော်ဝါဒီ အဆုံးသတ်မည်ဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီ (Narendra Modi) နှင့် ပြည်ထဲရေးဝန်ကြီး ရှားတို့၏ လက်အောက်တွင် မော်ဝါဒီသူပုန်များသည် ၂၀၂၆ ခုနှစ်၊ မတ်လတွင် အပြီးသတ် ချေမှုန်းခံရလိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: Nikkei Asia
