CNI International News

ဘန်ကောက် ၊ မတ်လ ၁

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန်(Paetongtarn Shinawatra) သည် ဖေဖော်ဝါရီ ၂၇ ရက်က လွှတ်တော်သို့ ပထမဆုံးအကြိမ် လာရောက်ပြီး မေးခွန်းများကို ဖြေကြားရာတွင် ကျားဖြန့်ဂိုဏ်းများအား ကိုင်တွယ်ဖြေရှင်းနေ သည့် အခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

United Thai Nation ပါတီ၏ ရတ်ချာဘူရီ (Ratchaburi) ပြည်နယ်မှ လွှတ်တာ်ကိုယ်စားလှယ် ကရာဒက်ရှ် ဝေါင်ပီတူချာရော့ချ် (Akradech Wongpituchroj) က ပေတုန်တန်ကို ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံများအား မေးမြန်းခဲ့သည်။

ပေတုန်တန်ကမူ ကျားဖြန့်ဂိုဏ်းများကို တိုက်ဖျက်ရန် မူဝါဒများအား အကောင်အထည်ဖော်မှုသည် လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူအများအပြား၏ စုဆောင်းထားသည့် ချွေးနည်းစာများကို ကျားဖြန့်ဂိုဏ်းများက လိမ်သွားသည့် သတင်းမျာ၊ ငွေကြေးလိမ်လည် ခံရသူအချို့သည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သော သတင်းများကို ကြားသိခဲ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ကျားဖြန့်ဂိုဏ်းများကို တိုက်ဖျက်ရန် အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ထိုရာဇဝတ်ဂိုဏ်းများအား  နှိမ်နင်းရန်အတွက် ဝန်ကြီးဌာနများ၊ အစိုးရအေဂျင်စီများအနေဖြင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကြရန် ညွှန်ကြား ထားသည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

အစိုးရအဖွဲ့သည် အွန်လိုင်းပေါ်မှ ငွေကြေးလိမ်ညာမှုများကို တားဆီးရေးနှင့် နှိမ်နင်းရေးအတွက် စင်တာတစ်ခု ထူထောင်ထားခဲ့ပြီး ငွေကြေးလိမ်လည်သူများ ပိုင်ဆိုင်သည့် ဘဏ်အကောင့်ပေါင်း ၁ ဒသမ ၉၂ သန်းကို ပိတ်နိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း လူပေါင်း ၁၄၀,၀၀၀ ၏ အမည်များကို အသုံးပြုပြီး စာရင်းဖွင့်ထားသည့် ဘဏ်အကောင့်ပေါင်း ၁ ဒသမ ၉၂ သန်းရှိသည်ဟုလည်း ပေတုန်တန်က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

အွန်လိုင်းပေါ်မှ ငွေလိမ်သူများ အသုံးပြုနေသည့် စစ်ဆေးတွေ့ရှိခဲ့သော ဖုန်းဆင်းမ်ကဒ် ၂ ဒမသ ၄ သန်းကို ပိတ်သိမ်းခဲ့ပြီး သံသယဖြစ်ဖွယ် ဆင်းမ်ကဒ် ၂ ဒသမ ၈ သန်းကို ယာယီဆိုင်းငံ့၍  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ သည်ဟု ၎င်းက ပြောသည်။

ကျားဖြန့်လုပ်ငန်းများကြောင့် နေ့စဉ် ငွေကြေး နစ်နာဆုံးရှုံးမှု ပမာဏသည် ဘတ် သန်း ၁၀၀ မှ ဘတ်သန်း ၅၀ အထိ လျော့ကျသွားခဲ့သည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်