CNI International News

ဝါရှင်တန်၊ မတ်လ ၃

ပြီးခဲ့သည့် ရက်ပိုင်းက အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) တို့၏ အစည်းအဝေး၌ အချေအတင် စကားများခဲ့ပြီးနောက် အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း ဇာလန်းစကီးကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုတွေ့ဆုံမှုတွင် ဇာလန်းစကီးက ဂျေဒီဗန့်စ်အား ရုရှားကို အဘယ်ကြောင့် မျက်နှာသာပေးနေသည့် အခြေအနေ အား ရှင်းလင်းရန် ဗန့်စ်အား ပြောကြားခဲ့သည်။

“အမေရိကန် မီဒီယာတွေရှေ့မှာ ဒီကိစ္စကို စွပ်စွဲဖို့ ကြိုးစားပြီး ဘဲဥပုံရုံးခန်းထဲကို လာတာဟာ ခင်ဗျားအနေနဲ့ အရိုအသေမရှိဘူးလို့ ကျနော် လေးစားစွာ ပြောချင်ပါတယ်”ဟု ဗန့်စ်က တုန့်ပြန်ခဲ့သည်။

ထို့ပြင် ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ကြိုးစားပေးနေသည့် သမ္မတထရမ့်အား ကျေးဇူးတင်သင့်သည်ဟု လည်း ဗန့်စ်က ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် တို့ကို တွေ့ရစဉ်

အိမ်ဖြူတော် အစည်းအဝေးသည် ထရမ့်နှင့် ဇာလန်းစကီးတို့၏ ပုဂ္ဂိုလ်ရေး အချင်းများမှုဟု ထင်ရသော်လည်း ဗန့်စ်သည် ထရမ့်အတွက် ရှေ့တန်းမှ တိုက်ခိုက်ရေးသမား တစ်ဦးကဲ့သို့ ၎င်း၏ ပုံရိပ်ကို မြှင့်တင်သည့် အခြေအနေကို ပြသရာရောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဒီမိုကရက်များကမူ အိမ်ဖြူတော်သည် ဇာလန်းစကီးကို အပြင်းအထန် ဝေဖန်ထိုးနှက်ရန် ကြိုတင်ကြံစည်ခဲ့ ကြောင်း စွပ်စွဲခဲ့သော်လည်း ထိုအကြောင်းအရာနှင့်နီးစပ်သည့် သတင်းရင်းမြစ် တစ်ခုကမူ ဇာလန်းစကီးအား ဗန့်စ်၏ ဝေဖန်မှုသည် ကြိုတင်စီစဉ်ထားခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၄၀ အရွယ် ဗန့်စ်သည် ထရမ့်၏ Make America Great Again ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှုကို ဆက်ခံ မည့်သူအဖြစ် ထင်ကြေးပေးခံထားရပြီး လွန်ခဲ့သည့် ၁ လက စတင် တာဝန်ထမ်းဆောင်ပြီးသည့် အချိန်ကတည်း က ထရမ့်၏ သစ္စာရှိ လူယုံတော်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော် အမတ်ဟောင်းဖြစ်သည့် ဗန့်စ်သည် ထရမ့်၏ အစိုးရအသုံးစရိတ်များ လျှော့ချမှုကို ဦးဆောင်နေသည့် အီလွန်မာ့စ် (Elon Musk) အပါအဝင် ထရမ့်ဘက်မှ အမာခံရပ်တည်သူများထဲတွင် ရှေ့ဆုံးနေရာ၌ ရှိနေသည်။

“ဗန့်စ်က တော်တော် အာဏာပြခဲ့တာပါ။ သူက အီလွန်နဲ့ မတူပါဘူး။ သူ့အတွက်တော့ ထရမ့်နဲ့အတူထိုင်ပြီး ဇာလန်းစကီးနဲ့ စကားပြောခွင့်ရတာဟာ ကြီးမားတဲ့ အခိုက်အတန့်တစ်ခုပါ”ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: ရိုက်တာ