CNI News

၂၀၂၅ ခုနှစ်၊ မတ် ၃

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေစိုးမိုးမှု အငြင်းပွားဖွယ်ရာ ပြဿနာများ ပိုမို မပြင်းထန် လာစေရန်အတွက် မည်သို့ဖြေရှင်းရမည်ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေ စိုးမိုးမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ အငြင်းပွားမှု ပြဿနာများမှာလည်း ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

ထို့ကြောင့် သိမ်းပိုက်ထားသည့် နယ်မြေများမှာ မိမိတို့လူမျိုးအတွက်ဟု ပုံသေသတ်မှတ်မည်ဆိုပါက ပြဿနာ များမှာ ဖြေရှင်းရခက်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။

KIA နဲ့ TNLA နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေကြစဉ်

၎င်းက “လိမ္မာပါးနပ်ဖို့ လိုတယ်လို့ ထင်တယ်။ အခုက တချို့ စစ်တိုက်လို့ရတဲ့ နေရာတွေက ကိုယ့်နေရာ ဆိုပြီး တော့ အဲဒီလိုမျိုး အယူအဆတွေတော့ ရှိတာပေါ့၊ အဲဒါတွေက ပြဿနာ အများကြီးဖြစ်မှာပဲ။ ဒီဟာတွေက ရှမ်းမြောက်မှာလည်း ရှိနိုင်တယ်၊ ရှမ်းတောင်မှာလည်း ရှိနိုင်တယ်။ ကချင်မှာလည်း ရှိနိုင်တယ်။ စစ်ကိုင်းမှာလည်း ရှိနိုင်တယ်။ အဲဒီလိုမျိုး အများကြီးရှိတာပေါ့။ ရခိုင်လိုမျိုး လူမျိုးတစ်မျိုးတည်း အများကြီးရှိတဲ့ ပြည်နယ်တွေမှာ တောင်မှ အဲဒီလို ပြဿနာတွေရှိတယ်။ ဗမာလူမျိုးတွေက ထပ်နေကြတယ်၊ ရောနှောနေကြတယ်။ ဆိုတော့ ကိုယ့်တပ် တစ်ခုတည်းက ရတာနဲ့တင် ကိုယ့်လူမျိုးတစ်ခုပဲက နည်းနည်း ပြောရခက်တယ်။ အဲဒီလို ပြောတယ် ဆိုရင် ဖြေရှင်းရခက်လိမ့်မယ်၊ ပြဿနာတွေက မပြီးဘဲနဲ့ ဆက်ပြီးတော့ ရှည်ကြာမယ့် သဘောရှိတယ်။ အခုက ကိုယ့်မိသားစု၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အရပ်ဒေသ တစ်ခုတည်း ကြည့်နေရင်တော့ ပြဿနာကပြီးမှာ မဟုတ် ဘူး။ မြန်မာနိုင်ငံ တစ်ခုလုံးကို ခြုံပြီးကြည့်ဖို့လိုတယ် အားလုံးပေါ့။ အဲဒီလို ခြုံကြည့်ပြီးတော့ စေတနာထားပြီး ဆောင်ရွက်ရင်တော့ အဆင်ပြေမှာပေါ့။ ဒီလိုမဟုတ်ဘဲ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်းအတွက်ပဲ လုပ်ကြမယ် ဆိုရင်တော့ ပြဿနာတွေက ရှည်ကြာနေဦးမှာပဲ”ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တွင် KIA နှင့် TNLA ကြားလည်းကောင်း၊ KIA နှင့် MNDAA ကြားလည်းကောင်း၊ TNLA နှင့် SSPP ကြားလည်းကောင်း၊ RCSS နှင့် SSPP ကြားလည်းကောင်း၊ PNO နှင့် PNLO ကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများဖြစ်ပွားနေသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အတွင်းမှာ NMSP နှင့် KNU ကြားလည်းကောင်း၊ KNU နှင့် KTLA ကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများဖြစ်ပွားနေသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နယ်မြေများကို ရသလောက် သိမ်းယူထား သောကြောင့် ၎င်းတို့လူမျိုးများ အများစုရှိသည့် ဒေသများ ဟုတ်ချင်မှ ဟုတ်မည်ဖြစ်ကြောင်း၊ နယ်မြေစိုးမိုးမှု အပေါ် ပြန်၍ ညှိနှိုင်းရမည့် အနေအထားဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

KIA နဲ့ TNLA နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေကြစဉ်

၎င်းက “အခုကတော့ TNLA ပဲဖြစ်ဖြစ်၊ KIA  ပဲဖြစ်ဖြစ် ကျန်တဲ့အဖွဲ့တွေပဲဖြစ်ဖြစ် ရသလောက် ယူထားတာ ဖြစ်တာကိုး။ တကယ့် တကယ်တော့ သူတို့လူမျိုးတွေရှိတဲ့ အများစုဒေသ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ နောင်မှ ပြန်ဖြေရှင်း မယ်ဆိုပြီး ပြောတာလည်း ကြားတယ်။ TNLA ဆိုတာ တကယ့်တကယ်က ဘယ်လောက်မှ ရှိတာ မဟုတ်ဘူးလေ။ သူတို့အများစုရှိတဲ့ မြို့နယ်က။ ဒါပေမယ့် သူတို့သိမ်းထားတာ ‌တော်တော်များတာကိုး။ ပြီးရင် တော့ ပြန်ညှိနှိုင်းရမယ်ထင်တယ်။ ကျမ တွေ့တာတော့ အဲဒီလို ဒေသတစ်ခုမှာ လူမျိုးတစ်ခုတည်း မဟုတ်ဘဲ ၂ မျိုး၊ ၃ မျိုးရှိရင်လည်း အဲဒီလို ၂ မျိုး ၃ မျိုးကို ပူးပေါင်းပြီး တပ်ပေါင်းစုလို အုပ်ချုပ်တာတွေရှိတယ်။ တရုတ်ပြည် ဆိုပါတော့။ တရုတ်ပြည်ရဲ့ လူမျိုးစုပေါ်လစီမှာ ကျမ ကြည့်တာတော့ အဲဒီလိုမြင်တယ်။ ဥပမာ ဒီခရိုင်က ဂျိမ်းဖော များရင် ဂျိမ်းဖောတွေ အုပ်ချုပ်၊ ဂျိမ်းဖောက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားတာပေါ့။ ပန်ဆိုင်းရဲ့ မျက်နှာချင်းဆိုင် မှာလည်း ခရိုင်တစ်ခုရှိတယ်။ အဲဒီခရိုင်မှာလည်း မြို့နယ်လေးတွေ ခွဲပေးထားတယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းဒေသကြီး၊ မကွေးဒေသကြီး အစရှိသည့် ဒေသများမှ မြို့နယ်အများစုကို နစကမှ လက်လွှတ်ထားရသကဲ့သို့ ဧရာဝတီဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဘက်တို့၌လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့ကြောင့် နစကအနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များထဲမှ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ပလောင်တပ်ဖွဲ့(TNLA)တို့ဖြင့် တွေ့ဆုံဆွေးနွေးထားသော်လည်း TNLA နှင့် အဆင်မပြေဖြစ်ကာ ဆွေးနွေးမှု ပျက်သွားခဲ့သည်။

(၄)နှစ်ကျော် ရှိလာပြီဖြစ်သည့် မြန်မာ့နိုင်ငံရေးအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြရန် နိုင်ငံတကာ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ NCA ထိုးထားသည့် အဖွဲ့များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လုပ်ကိုင် နေသူများက တိုက်တွန်းထားကြသည်။