- By CNI
- Category: နိုင်ငံရေး
- Hits: 682
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇
အမေရိကန်နှင့် ယူကရိန်းတို့သည် ယူကရိန်း၏ သယံဇာတများကို တူးဖော်ရေးစာချုပ်ကို ချုပ်ဆိုရန် သတ်မှတ် ချက်များကို သဘောတူညီခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယူကရိန်း-ရုရှားစစ်ပွဲကို လျှင်မြန်စွာ အဆုံသတ်ရန် ကြိုးပမ်းနေချိန်တွင် အဆိုပါသဘောတူညီမှုသည် အမေရိကန်၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေသည့် ယူကရိန်း၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် ၂ ခုက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုသဘောတူညီမှု မူကြမ်းတွင် ယူကရိန်းအတွက် အမေရိကန်၏ လုံခြုံရေးအာမခံချက်များ သို့မဟုတ် လက်နက် ဆက်လက် ထောက်ပံ့မှုများကို တိကျစွာ ဖော်ပြထားခြင်း မရှိသော်လည်း အမေရိကန်သည် ယူကရိန်းအား လွတ်လပ်၊ လုံခြုံပြီး အချုပ်အခြာအာဏာပိုင် ဖြစ်စေလိုသည့် ဆန္ဒရှိကြောင်း ဖော်ပြထားသည်ဟု ထိုအကြောင်း အရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ယူကရိန်း သယံဇာတတူးဖော်ရေး စာချုပ်ချုပ်ရန် သဘောတူ
နောက်ထပ် သတင်းရင်းမြစ် တစ်ခုကလည်း အနာဂတ်တွင် အမေရိကန်က ယူကရိန်းကို လက်နက်များ ဆက်လက် ထောက်ပံ့ပေးမည့် အကြောင်းအရာကို နှစ်နိုင်ငံအစိုးရအကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy ) သည် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ လာရောက်မည်ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထရမ့်နှင့် ဇာလန်းစကီးတို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တစ်ဦးနှင့်တစ်ဦး ဝေဖန်ပြစ်တင်သော စကားများကို ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သဘောတူညီချက်ရသည့်သတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းကို ကူညီပေးထားသည့် ဒေါ်လာ ဘီလျံချီကို ပြန်လည်ရယူလိုသော ထရမ့်က ပဋိပက္ခကို ရပ်တန့်မည့် သဘောတူညီချက်သည် ရပ်တန့်နေပါက ယူကရိန်းတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပနိုင်ငံ အချို့ကလည်း ယူကရိန်းသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ပေးပို့ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ စေလွှတ်မှုကို ရုရှားအစိုးရမှ လက်ခံလိမ့်မည်ဟု ထရမ့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သော်လည်း ကရင်မလင်ကမူ ထရမ့်၏ ပြောကြားချက်ကို ဖေဖော်ဝါရီ ၂၅ ရက်၌ ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 564
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၂၆
ထိုင်ဝမ်ရေလက်ကြားအတွင်းရှိ ပန်ဂူ (Penghu) ကျွန်းစုသို့ ဆက်သွယ်ထားသည့် ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ခဲ့ပြီးနောက် ထိုကျွန်းအနီးတွင် တွေ့ရှိခဲ့သည့် တရုတ်နှင့် အဆက်အသွယ်ရှိသော ကုန်တင်သင်္ဘော တစ်စင်းကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကမူ ၎င်းတို့ ကျွန်းအနီးဝန်းကျင်တွင် တရုတ်၏ လှုပ်ရှားမှုများသည် စစ်ပွဲဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး သေချာရေရာမှု မရှိသည့် အညိုရောင်ဇုန် တစ်ခုကို ဖန်တီးနေကြောင်း ပြောကြားခဲ့သည်။
တရုတ်၏ လှုပ်ရှားမှုများသည် တိုက်ရိုက် ရင်ဆိုင်တွေ့ခြင်း မဟုတ်ဘဲ မိုးပျံပူဖောင်းများကို ထိုင်ဝမ်အနီးသို့ စေလွှတ်ခြင်း၊ ပင်လယ်ပြင်အတွင်းရှိ သဲများကို တူးဖော်ခြင်းကဲ့သို့ ဖိအားပေးသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်နေ ကြောင်း ထိုင်ဝမ်က ပြောသည်။
ယခုနှစ် အစောပိုင်းကလည်း တရုတ်နှင့် ဆက်နွှယ်သည့် သင်္ဘောတစ်စင်းသည် ထိုင်ဝမ်၏ ရေအောက် ကေဘယ် ဆက်ကြိုးကို ထိခိုက်စေရန် လုပ်ဆောင်ခဲ့သည်ဟု သံသယရှိခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုင်ဝမ်နှင့် အခြားနိုင်ငံများကို ဆက်သွယ်ရာတွင် အဓိကကျသည့် ရေအောက် အင်တာနက် ဆက်သွယ်ရေး ကေဘယ်ကြိုးများအား ကာကွယ်မည့် အစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် ထိုင်ဝမ်က ရေတပ်နှင့် အခြားသက်ဆိုင်ရာ အေဂျင်စီများကို ညွှန်ကြားခဲ့သည်။

ကုန်တင်သင်္ဘောကို ထိုင်ဝမ်က ဖမ်းနေစဉ်
တိုင်ဝမ်စစ်တပ်ကမူ တိုဂိုနိုင်ငံတွင် မှတ်ပုံတင်ထားသည့် တရုတ်သင်္ဘောသားများ လိုက်ပါလာသော Hong Tai 58 ကုန်တင်သင်္ဘောကို ဖမ်းဆီးရန် ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘော ၃ စင်းကို ဖြန့်ကြက်ချခဲ့ကြောင်း ပြောကြားခဲ့ သည်။
ထိုင်ဝမ် အနောက်တောင်ဘက် ကမ်းလွန်ရေပြင်ရှိ ရေအောက်ကေဘယ်ကြိုး ပြတ်တောက်ချိန်တွင် ထိုကုန်တင် သင်္ဘောသည် ကေဘယ်ကြိုးအနီး၌ ကျောက်ချရပ်နားခဲ့သည်ကို တွေ့ရကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထိုကုန်တင်သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသား ၈ ဦးစလုံးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ထိုဖြစ်စဉ်သည် တရုတ်အစိုးရ၏ လုပ်ဆောင်ချက် ဟုတ်၊မဟုတ်ကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက တရုတ်၏ ထိုင်ဝမ်ရေးရာရုံးကို ဆက်သွယ်ခဲ့သော် လည်း ထိုင်ဝမ်ရေးရာရုံးက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 598
CNI International News
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၆
သဘောတရားရေးရာမပါသည့် လက်နက်များသည် အသုံးမဝင်သော သံထည်ပစ္စည်းများသာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)က ပြောကြားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် အင်အားကြီးမားသည့် တပ်မတော်ကို ထူထောင်ရန် နှစ်ရှည်လများ ကြိုးပမ်းခဲ့ရကြောင်း၊ မိမိတို့ စစ်တပ်၏ ထိပ်သီးခေါင်းဆောင်များကို သစ္စာစောင့်သိရန် လိုအပ်ကြောင်း ကင်မ်က အလေးထားပြောဆိုခဲ့ သည်။
ကင်မ်သည် ဖေဖော်ဝါရီ ၂၅ ရက်က ကင်မ်အီဆွန်း နိုင်ငံရေးတက္ကသိုလ် (Kim Il Sung University of Politics ) သို့ သွားရောက်ချိန်တွင် ထိုကဲ့သို့ မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားကို ကူညီပြီး ယူကရိန်းကို တိုက်ခိုက်နေသည့် မြောက်ကိုရီးယား စစ်သား ၁၀,၀၀၀ ကျော်အနက် ထိခိုက် ဆုံရှုံးမှုများ များပြားနေကြောင်း သတင်းများ ထွက်ပေါ်နေပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေအပေါ် မေးခွန်းများ ထုတ်လာချိန်တွင် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စစ်တပ်အရာရှိများကို တွေ့ရစဉ်
ကိုရီးယားပြည်သူ့တပ်မတော် (KPA) သည် ကမ္ဘာ့အင်အား အကြီးဆုံး စစ်တပ်ဖြစ်လာစေရန် ရည်မှန်းထားသဖြင့် နိုင်ငံရေး၊ သဘောတရားရေးရာ၊ ဘာသာရေးနှင့် စစ်တပ်၏ ကျင့်ဝတ်သိက္ခာများကို ပိုမိုဦးစားပေးသင့်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
“သဘောတရားမပါတဲ့ လက်နက်တွေဟာ သိပ်အသုံးမဝင်တဲ့ သံထည်ပစ္စည်း သာသာပါပဲ။ အဲဒါကြောင့် စစ်တပ် အနေနဲ့ နိုင်ငံရေး၊ သဘောတရားရေးရာနဲ့ ကျင့်ဝတ်စည်းကမ်းပိုင်းတွေကို ဦးစားပေးနေရာမှာ ထားရှိသင့်ပါတယ်” ဟု ကင်မ်က ပြောကြားခဲ့သည်။
ကင်မ်အီဆွန်း နိုင်ငံရေးတက္ကသိုလ်သည် မြောက်ကိုရီးယား အရာရှိများအတွက် တန်းပြည့် စစ်မှုထမ်း ၁ သန်း ကျော်ရှိသည့် စစ်တပ်၏ ဩဇာကြီးမားသော နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ရန် မွမ်းမံသင် ကြားပေးသည့် တက္ကသိုလ်ဖြစ်သည်။
ထိုတက္ကသိုလ်တွင် မွမ်းမံသင်တန်း တက်ရမည့် အရာရှိများကို မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမား ပါတီက တိုက်ရိုက်ထိန်းချုပ်ပြီး နိုင်ငံရေး သဘောတရားများ သင်ကြားနေခြင်းဖြစ်သည်။
ကင်မ်သည် ၎င်း၏ မိန့်ခွန်းထဲတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိသော် လည်း မဟာမိတ်ဟု အမည်ခံထားသည့် နိုင်ငံများသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်စေရန် လုပ်ဆောင် နေကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 686
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နှင့် ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) တို့ သည် တွေ့ဆုံစဉ် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ ချဉ်းကပ်ပုံများသည် ကွဲပြားခြားနားမှုများ ရှိနေသည့် အချက်ကို ဖော်ပြခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က အိမ်ဖြူတော်တွင် ထရမ့်နှင့် မက်ခရွန်တို့ ယူကရိန်းအရေး ဆွေးနွေးခဲ့ကြရာမှာ သဘောထား ကွဲလွဲခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ ၂ ဦး၏ တွေ့ဆုံမှုသည် ယူကရိန်းနှင့် ရုရှားအကြား လျင်မြန်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ထရမ့်၏ အားထုတ်ကြိုးပမ်းမှုများအပေါ် ဥရောပ၏ သဘောထား ကွဲလွဲ မှုများကို ပြသရာရောက်သည့် နောက်ထပ် လက္ခဏာတစ်ခုဖြစ်ခဲ့သည်။
ထရမ့်နှင့် မက်ခရွန်တို့သည် အစည်းအဝေး ပြုလုပ်ချိန်အတွင်း ၎င်းတို့ ၂ ဦးအကြား နည်းပေါင်းများစွာကြာ ခင်မင်ရင်းနှီးခဲ့သည့် ဆက်ဆံရေးကို ပြသခဲ့သည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
သို့သော် မက်ခရွန်က ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ဝင်ရောက် ကျူးကျော်ခဲ့ပြီးနောက် ၃ နှစ်တာကာလ သို့ ရောက်ရှိချိန်၌ ယူကရိန်း အရေးနှင့်ပတ်သက်ပြီး အချို့ကိစ္စရပ်များတွင် ထရမ့်နှင့် သဘောထားခြင်း မတိုက်ဆိုင်သည့် အချက်များကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထရမ့်သည် ရုရှားသမ္မတ ပူတင် (Vladimir Putin)ကို အာဏာရှင်ဟု ခေါ်ဆိုခဲ့ခြင်းမပြုဘဲ ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို အာဏာရှင်ဟု ခေါ်ဆိုခဲ့သည်။
ထရမ့်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး မက်ခရွန်က တုန့်ပြန်ရာတွင် ရုရှားသည် ပဋိပက္ခအတွင်း ရန်လိုသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သမ္မတ ပူတင်က ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့တဲ့သူပါ” ဟု မက်ခရွန်က ထရမ့်နှင့်ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
ထရမ့်ကမူ သူသည် ယူကရိန်းနှင့် ရုရှားအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမြန်ဆုံးရရှိစေရန် လိုလားကြောင်းနှင့် သဘောတူညီချက် ရရှိပြီးချိန်တွင် မော်စကိုသို့ သွားရောက်ပြီး ပူတင်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။
မက်ခရွန်ကမူ ထရမ့် အနေဖြင့် ပိုမိုချင့်ချိန်မှုရှိသည့် ချဉ်းကပ်ဆောင်ရွက်မှုကို ပြုလုပ်ရန်၊ ထိုမှသာ လုံခြုံရေး အာမခံချက်များ ပါဝင်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။
“ကျနော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်တယ်။ သူလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်။ ကျနော်တို့က ငြိမ်းချမ်းရေးကို အမြန်လိုချင်ပေမယ့် ခိုင်မာမှုမရှိတဲ့ သဘောတူညီချက်မျိုးကိုတော့ မလိုချင်ပါဘူး” ဟု မက်ခရွန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ မက်ခရွန်နှင့် ထရမ့်တို့သည် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိပြီးချိန်တွင် ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့များကို ဖြန့်ကြက်ချထားမည့် အစီအစဉ်ကို သဘောတူခဲ့ကြသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 586
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံအတွင်း တာဝန် ထမ်းဆောင်နေသည့် USAID ၏ ဝန်ထမ်း ၁၆၀၀ ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ခေါင်းဆောင်များနှင့် အရေးကြီး တာဝန်ကို ယူထားရသည့် ဝန်ထမ်းအချို့မှလွဲပြီး ကျန်ဝန်ထမ်း အားလုံးကို လစာခံစားခွင့်ပေး၍ ခွင့်ယူရန် ဖေဖော်ဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။
ဘီလျံနာသူဋ္ဌေး အီလွန်မာ့စ် ၏ အစိုးရအကျိုးဆောင်ဌာန (DOGE) သည် USAID ကို တင်းကြပ်စွာ စိစစ် လုပ်ဆောင်နေခြင်းကြောင့် ပြည်ပနိုင်ငံများအပေါ် အာဏာအပျော့ဖြင့် ဩဇာလွှမ်းမိုးရန် အသုံးချခဲ့သည့် USAID ၏ အနာဂတ်ကို မရေမရာဖြစ်စေခဲ့သည်။
“ယခုကဲ့သို့ ဝန်ထမ်းအင်အား လျှော့ချမှုကြောင့် သင့်အတွက် ထိခိုက်မှု ရှိသွားသည့်အတွက် ဝမ်းနည်းစွာ အကြောင်းကြားအပ်ပါသည်”ဟု ရေးသားထားသည့် အီးမေးလ်များကို ထရမ့်အစိုးရအဖွဲ့က အလုပ်မှ ထုတ်ပယ်ခံ ရသည့် USAID ဝန်ထမ်းများကို ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဒေါ်နယ်ထရမ့်နဲ့အီလွန်မာ့စ်ကို တွေ့ရစဉ်
ထိုအီးမေးလ်ကို ရိုက်တာသတင်းဌာနကလည်း ကြည့်ရှုခဲ့ပြီး အလုပ်မှ ထုတ်ပယ်ခံရသူများသည် ဧပြီ ၂၄ ရက်မှ စပြီး USAID ကနေ ထွက်ခွာရမည်ဖြစ်ကြောင်း အီးမေးလ်ထဲတွင် ရေးသာထားသည်။
USAID ၏ ဝက်ဘ်ဆိုက်တွင်လည်း ဖေဖော်ဝါရီ ၂၄ ရက် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ညသန်းခေါင် အချိန် မတိုင်မီ အရေးကြီးသည့် ဝန်ထမ်းများမှလွဲပြီး ကျန်ဝန်ထမ်းအားလုံးကို ခွင့်ပေးသည့်စာရင်းတွင် သတ်မှတ် လိုက်ကြောင်းနှင့် နိုင်ငံအတွင်းရှိ USAID ဝန်ထမ်း ၁၆၀၀ ကို အလုပ်မှ ထုတ်ပယ်မည်ဖြစ်ကြောင်း ရေးသားခဲ့ သည်။
အစောပိုင်းက USAID ဝန်ထမ်းများကို ပေးပို့သည့် အကြောင်းကြားစာတွင်မူ ဝန်ထမ်းအင်အား ၂၀၀၀ ကို ဖယ်ရှားမည်ဟု ဖော်ပြထားပြီး ထိုအကြောင်းကြားစာကိုလည်း ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သည်။
အိမ်ဖြူတော်ကမူ ထိုလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
USAID အရာရှိဟောင်း ၂ ဦးကမူ အမေရိကန်တွင် တာဝန်ထမ်းဆောင်နေသည့် USAID ဝန်ထမ်း ၄၆၀၀ အနက် အများစုသည် လစာခံစားခွင့်ဖြင့် ခွင့်ပေးပြီး အနားယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ USAID ဝန်ထမ်းများကို လျှော့ချမှုသည် အမေရိကန်အစိုးရအဖွဲ့၏ အမြင်ကျဉ်းမြောင်းမှု ဖြစ်သည်ဟု လည်း USAID ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သည့် မာစီယာ ဝေါင် (Marcia Wong) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 625
CNI International News
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၅
သမ္မတရာထူးမှ နုတ်ထွက်လျှင် ငြိမ်းချမ်းရေး ရရှိမည်ဆိုပါက နုတ်ထွက်ရန်ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ပြင် ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လာမည်ဆိုပါကလည်း သမ္မတရာထူးမှ နုတ်ထွက်ပေးမည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
၎င်းက “ကျနော် အဲဒါနဲ့ပတ်သက်ပြီး အများကြီး မပြောချင်ပါဘူး။ အခုဖြစ်နိုင်ရင် အခုချက်ချင်း လုပ်ချင်ပါတယ်။ ကျနော် က ယူကရိန်းရဲ့ လုံခြုံရေးကို အာရုံစိုက်ထားတာပါ။ နှစ်တွေအကြာကြီး တွေးနေမှာ မဟုတ်ပါဘူး။ နောက်ထပ် ၁၀ နှစ်လောက်လည်း အာဏာကို ကိုင်ထားဖို့ အစီအစဉ်မရှိပါဘူး။ အခုပြောခဲ့တာတွေက ကျနော့် ရည်ရွယ်ချက်၊ ကျနော့်ရဲ့ စိတ်ကူးယဉ် အိပ်မက်ဖြစ်ပါတယ်" ဟု ပြောသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဇာလန်းစကီးကို အာဏာရှင်ဟု ခေါ်ဆိုခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်ရန် တိုက်တွန်းခဲ့ပြီးနောက် သီတင်းတစ်ပတ် အကြာတွင် ဇာလန်းစကီး၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်အပြင် ရုရှားကလည်း ပြီးခဲ့သည့်နှစ်က သမ္မတသက်တမ်း ကုန်သွားပြီဖြစ်သည့် ဇာလန်းစကီး၏ တရားဝင်မှု အပေါ် မေးခွန်းထုတ်နေသည်။
မည်သို့ပင်ဆိုစေ ယူကရိန်း၏ ဥပဒေအရ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသဖြင့် ရွေးကောက်ပွဲများ ကျင်းပနိုင် မည် မဟုတ်ဘဲ ဇာလန်းစကီးနှင့် ၎င်း၏ နိုင်ငံရေး ပြိုင်ဘက်များကပါ စစ်ပွဲဖြစ်ပွား နေချိန်အတွင်း ရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြသည်။
ထရမ့် အနေဖြင့် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရာတွင် ကြားဝင်ဖြန်ဖြေသူ တစ်ဦးသာမက ယူကရိန်း၏ မိတ်ဖက်အဖြစ် ရပ်တည်ပေးရန် မိမိအနေဖြင့် မျှော်လင့်ထားကြောင်း ဇာလန်းစကီးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
“ဒေါ်နယ်ထရမ့်ဆီက ကျနော် မျှော်လင့်ထားတာတွေကတော့ ကျနော်တို့ဘက်ကနေ သူ့ကို ရည်တည်ပေးစေချင် ပါတယ်။ ကျနော်တို့က မိတ်ဖက်တွေပါ။ သူက စစ်ပွဲကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးချင်သလို ကျနော်ကလည်း ငြိမ်းချမ်းရေးကို လိုချင်သူဖြစ်ပါတယ်" ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည် မတိုင်မီ ထရမ့်နှင့် ဇာလန်းစကီးတို့အကြား အပြန်အလှန် ဝေဖန်မှုများနှင့် ဆက်ဆံရေး တင်းမာခဲ့သည့် လက္ခဏာများကို မြင်တွေ့ခဲ့ရသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 545
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄
ထိုင်းနှင့်ကမ္ဘောဒီးယား ရဲတပ်ဖွဲ့သည် နယ်စပ်မြို့တစ်မြို့ရှိ အဆောက်အအုံ တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုအဆောက်အအုံအတွင်းရှိ ပြည်ပနိုင်ငံသား ၂၁၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ကျားဖြန့်စင်တာများကို တိုက်ဖျက်သည့် စစ်ဆင်ရေးအား ချဲ့ထွင်သည့်အနေဖြင့် ယခုကဲ့သို့ သံသယဖြစ်ဖွယ် အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
သောင်းနှင့်ချီသည့် လူများသည် ရာဇဝတ်ဂိုဏ်းများ၏ မှောင်ခိုကူးခြင်းခံခဲ့ရပြီး အရှေ့တောင်အာရှရှိ ကျားဖြန့် စင်တာများ၊ တရားမဝင် အွန်လိုင်းငွေလိမ် လုပ်ငန်းများတွင် အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ထိုကျားဖြန့် လုပ်ငန်းများသည် တစ်နှစ်လျှင် ဒေါ်လာ ဘီလျံချီ ဝင်ငွေရနေကြောင်း ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဘန်တေ မင်ချေး (Banteay Meanchey) ပြည်နယ်၊ ပွိုင်ပက် (Poipet) မြို့ရှိ ၃ ထပ် အဆောက်အအုံတစ်ခုကို ထိုင်းနှင့်ကမ္ဘောဒီးယားရဲများက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ကျားဖြန့်စင်တာမှ နိုင်ငံခြားသားများကို တွေ့ရစဉ်
ထိုစီးနင်းမှုတွင် ကယ်တင်နိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ထိုင်း ၁၀၉ ဦး၊ ပါကစ္စတန် ၅၀ ဦး၊ အိန္ဒိယ ၄၈ ဦး၊ ထိုင်ဝမ် ၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံ ၄ ဦးတို့ ပါဝင်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆပ် (Jirayu Houngsub) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံများတွင် ကျားဖြန့်လုပ်ငန်း သံသယရှိသည့် ထိုအဆောက်အအုံမှ ကယ်တင်နိုင်ခဲ့သူ အရေအတွက်သည် ယခုအကြိမ်သည် အများဆုံးဖြစ်သည်ဟု ဂျီရာယူက ပြောသည်။
ကျားဖြန့်လုပ်ငန်းများသည် ပြီးခဲ့သည့် နှစ်များကတည်းက ဖွင့်လှစ်ပြီး လိမ်ညာနေခဲ့သော်လည်း ယခုနှစ် အစောပိုင်းက တရုတ်သရုပ်ဆောင် (Wang Xing) ကို ကျားဖြန့်လုပ်ငန်းတစ်ခုက လိမ်ညာခေါ်ဆောင်ခဲ့သည့် ဖြစ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်း ပိုမိုထင်ရှားလာခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများကို နှိမ်နင်းရန် အားထုတ်ကြိုးပမ်း မှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။
ယခုလ အစောပိုင်းကလည်း ထိုင်းနိုင်ငံက မြန်မာနယ်စပ်ဒေသရှိ ကျာဖြန့်စင်တာများရှိသည့် နေရာများကို လျှပ်စစ်ဓာတ်အား၊ လောင်စာနှင့် အင်တာနက်များ ဖြတ်တောက်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျားဖြန့်စင်တာမှ ကယ်တင်နိုင်ခဲ့သည့် တရုတ်နိုင်ငံသား ၆၂၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရုတ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 599
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်သည့် ပင်တဂွန် (Pentagon)က လာမည့် သီတင်းပတ်မှစပြီး အစမ်းခန့် ဝန်ထမ်း ၅၄၀၀ ဦးကို အလုပ်မှ ဖယ်ရှားခဲ့ကြောင်း The Guardian မှ ဖော်ပြခဲ့သည်။
ထို့နောက် အရပ်ဖက် ဝန်ထမ်းအင်အားကို ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျှော့ချမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်က ကြေညာခဲ့သည်။
အရပ်ဖက် ဝန်ထမ်းများကို လျှော့ချပြီးပါက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မူဝါဒများနှင့်အညီ စစ်တပ်၏ ဝန်ထမ်းအင်အား လိုအပ်ချက်ကို လေ့လာမှုများ ပြုလုပ်ရန်အတွက် ဝန်ထမ်းများ အသစ်ခန့်ထားမှု ရပ်နားထားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းရေးရာ လက်ထောက်ဝန်ကြီး ဒါရင် ဆဲလ်နစ် (Darin Selnick) က ပြောကြားခဲ့သည်။
“သမ္မတကြီးရဲ့ ဦးစားပေး ကိစ္စတွေနဲ့ပတ်သက်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ပြန်လည် အာရုံစိုက်သွားမှာဖြစ်ပြီး အချိန်တိုတိုနဲ့ ခရီးရောက်စေဖို့အတွက် အရပ်ဖက် ဝန်ထမ်းအင်အားကို ၅ ရာခိုင်နှုန်းက ၈ ရာခိုင်နှုန်းအထိ လျှော့ချ သွားမှာပါ”ဟု ဆဲလ်နစ်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး စီကျူ ဘရောင်း ဂျူနီယာကိုတွေ့ရစဉ်
အလွန်အရေးကြီးသည့် အလုပ်တာဝန်များကို မထမ်းဆောင်ရသည့် ဝန်ထမ်းများအား ဆက်ပြီး အလုပ်ခန့် ထား ခြင်းသည် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ကောင်းမွန်ခြင်း မရှိကြောင်း၊ ထို့ကြောင့် အောက်ခြေမှစပြီး ပိုလျှံ ဝန်ထမ်းများကို လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဖက်ဝန်ထမ်းများကို လျှော့ချမည့် ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် ထရမ့်က လက်ရှိ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး စီကျူ ဘရောင်း ဂျူနီယာ (CQ Brown Jr) ကို ရာထူးမှ ဖယ်ရှားခဲ့သည်။
လာမည့် သီတင်းပတ်တွင် ပင်တဂွန်၏ ကနဦးအဆင့် ဝန်ထမ်းအင်အား လျှော့ချမှုသည် ကာကွယ်ရေးဝန်ကြီးဌာ န၏ အလုပ် စုစုပေါင်း ၅၀,၀၀၀ ခန့်ကို လျှော့မည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် အမေရိကန်တွင် အကြီးဆုံး အစိုးရအေဂျင်စီဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ရရှိသည့် အချက်အလက်များအရ ပင်တဂွန်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသော အရပ်ဖက် ဝန်ထမ်းပေါင်း ၇၀၀,၀၀၀ ကျော်ရှိသည်။
ယခုအခါတွင် အရပ်ဖက် ဝန်ထမ်းအင်အား ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအကြား လျှော့ချမည်ဖြစ်သဖြင့် အရေအတွက်အားဖြင့် အရပ်ဖက် ဝန်ထမ်း ၃၅,၀၀၀ မှ ၆၀,၀၀၀ အထိ လျှော့ချခံရမည်ဖြစ်သည်။
ဝန်ထမ်းအင်အား လျှော့ချမည့် စာရင်းတွင် စစ်ယူနီဖောင်း ဝတ်စရာမလိုသည့် စစ်တပ်၏ ရုံးထိုင် ဝန်ထမ်းများ ပါဝင်ခြင်းမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Source: The Guardian
- By CNI
- Category: နိုင်ငံရေး
- Hits: 481
CNI International News
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄
အမေရိကန်ဖက်ဒရယ်အစိုးရ ဝန်ထမ်းများအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၎င်းတို့၏ အလုပ်တာဝန် အောင်မြင်မှုများအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြရန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရ က ဖေဖော်ဝါရီ ၂၂ ရက်တွင် အီးမေးလ်များ ပေးပို့ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစိုးရဝန်ထမ်းများ အနေဖြင့် ဖေဖော်ဝါရီ ၂၄ ရက်ညကို နောက်ဆုံးထားပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများအား အသေးစိတ် ရှင်းလင်းတင်ပြရန် သို့မဟုတ်ပါက ရာထူးမှ ဖယ်ရှားခံရမည်ဟု ထရမ့်အစိုးရက သတိပေးထားသည်။
အစိုးရအကျိုးဆောင်ဌာန(DOGE)ကို ဦးဆောင်သည့် ဘီလျံနာ အီလွန်မာ့စ် (Elon Musk) က အစိုးရကပေးပို့သည့် အီးမေးလ်များအား ပြန်လည်မတုန့်ပြန်လျှင် ရာထူးမှ နုတ်ထွက်သည့် အဓိပ္ပာယ်အဖြစ် ယူဆခံရမည်ဖြစ်ကြောင်း ၎င်း၏ X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“ဖက်ဒရယ် ဝန်ထမ်းတွေ အားလုံးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူတို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တာဝန်တွေကို ရှင်းပြဖို့ တောင်းဆိုထားတဲ့ အီးမေးလ်တွေကို လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီအီးမေးလ်တွေကို အကြောင်းမပြန်ဘူး ဆိုရင် ရာထူးက နုတ်ထွက်တယ်လို့ သတ်မှတ်သွားမှာ ဖြစ်ပါတယ်” ဟု မာ့စ်က ရေးသားခဲ့သည်။

အီလွန်မာ့စ်ကို တွေ့ရစဉ်
DOGE အနေဖြင့် ၂ ဒသမ ၃ သန်းရှိသည့် ဝန်ထမ်းအင်အားကို လျှော့ချရန် အားထုတ်ကြိုးပမ်းမှုများကို ယခုထက် ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ကြောင်း ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာ၌ မာ့စ်က X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းအထိ အစုရှယ်ယာနှင့် ငွေလဲလှယ်မှုကော်မရှင်၊ အမျိုးသားသမုဒ္ဒရာနှင့် လေထု အုပ်ချုပ်ရေးအဖွဲ့၊ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ အပါအဝင် ဖက်ဒရယ်အေဂျင်စီများတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အီးမေးလ်များ ပေးပို့ခဲ့သည်။
ထိုအီးမေးလ်များကို “ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သင် ဘာတွေ လုပ်ခဲ့သနည်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဝန်ထမ်းများ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော အလုပ်တာဝန်များကို အချက် ၅ ချက်ဖြင့် အကျဉ်းချုံး ရေးသားဖော်ပြရန်နှင့် အစိုးရကို ပြန်ပို့သည့် အီးမေးလ်များအား ၎င်းတို့၏ သက်ဆိုင်ရာ မန်နေဂျာများ၏ အီးမေးလ် အကောင့်များဖြင့် cc တွဲပြီး ပေးပို့ရန် ညွှန်ကြားထားသည်ဟု ထိုအီးမေးလ်ကို မြင်တွေ့ခဲ့သည့် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် မာ့စ်အနေဖြင့် အီးမေးလ်များ ပြန်မပို့သည့် ဖက်ဒရယ်ဝန်ထမ်းများကို ရာထူးမှ ဖယ်ရှားခြင်းသည် တရားဝင်မှု ရှိ/မရှိကို ရှင်းလင်းစွာ မသိရသေးပေ။
Source: ရိုက်တာ
