- By CNI
- Category: အားကစား
- Hits: 633
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၆
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဒီရာသီကုန်ရင် အသင်းနဲ့စာချုပ် ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “လာမယ့်နှစ်မှာ ဘာဖြစ်မလဲဆိုတာ ကျနော်တောင် မသိပါဘူး။ ရလဒ်တွေအရရော လာမယ့် ရာသီမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်မသိပါဘူး။ ကျနော်သိတာ တစ်ခုကတော့ ဗန်ဒိုက်ကို လာမယ့်ရာသီ ဒီမှာ ဆက်ရှိစေချင်တယ်ဆိုတာပါ။ ကျန်တာတွေ အားလုံးကတော့ သူ့ရဲ့စာချုပ်အကြောင်းကို ပြောနေကြတာပဲ” လို့ ပြောခဲ့တာပါ။
ဒတ်ချ်အသင်းခေါင်းဆောင် ဗန်ဒိုက်အပြင် အဓိက ကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ အာနိုးလ်တို့ကလည်း ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုအချိန်ထိ သူတို့ ၃ ဦးစလုံးနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးလို့ ရာသီကုန်ရင် အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာပါ။

ဗန်ဒိုက်နဲ့အာနီဆလော့ကို တွေ့ရစဉ်
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီက ဆောက်သမ်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းနဲ့ အဓိကဆုဖလား အောင်မြင်မှုတွေ ရရှိထားပြီး ၂၀၂၃ ခုနှစ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။
ဗန်ဒိုက်က သူဟာ လာမယ့်ရာသီ လီဗာပူးလ်အသင်းမှာ ဆက်ရှိမလားဆိုတာ မသေချာဘူးလို့ ဝန်ခံထားသလို ပီအက်စ်ဂျီအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ပီအက်စ်ဂျီအသင်း အကြီးအကဲတွေနဲ့ စကားပြော ဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။
ဗန်ဒိုက်ဟာ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းနဲ့အတူ ဒီရာသီဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပထမဆုံးဆုဖလား ရယူနိုင်မယ့် အခွင့်အရေးအဖြစ် မတ်လ ၁၆ ရက်မှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 561
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၅
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် သူ့ရဲ့ပထမဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့တာမှာ ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အငှားကစားနေတဲ့ ရက်ရှ်ဖို့ဒ် ရွေးချယ်ခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းအတွက် သွင်းဂိုး မသွင်းယူနိုင်သေးပေမယ့် ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြသနေခဲ့တာပါ။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ရဲ့ ကစားသမား ၂၆ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ နောက်ပိုင်း အင်္ဂလန်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ဘဲ ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲတွေကို လွဲချော်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
တူချယ်လ်က “ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာ အသင်းပွဲတွေမှာ ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ရတာ ဝမ်းသာဖို့ ကောင်းပါတယ်။ သူ့ရဲ့အရည်အချင်း၊ အရည်အသွေး တွေနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိပါဘူး။ မှန်ကန်တဲ့ အခိုက်အတန့်မှာ သူ့ကိုခေါ်ယူခဲ့တာဖြစ်ပြီး ဒီအဆင့် မှာ ဆက်ရှိနေဖို့အတွက် သူ့ကိုပိုပြီးတွန်းအားပေးတာပါ”လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်လူစာရင်းမှာ ပြန်လည် ရွေးချယ်ခံရပြီးနောက် သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ “ယုံကြည်မှုတွေ ကို ဘယ်တော့မှ မရပ်တန့်ပါနဲ့၊ စတင်ဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ရေးသားခဲ့ပါတယ်။
နည်းပြတူချယ်လ်ဟာ အင်္ဂလန်အသင်းလူစာရင်းမှာ ကာလရှည်ကြာ ဝေးကွာနေတဲ့ ဂျော်ဒန်ဟန်ဒါဆန်နဲ့ ရီစီဂျိမ်းစ်တို့ကို ပြန်လည်ရွေးချယ်ခဲ့ပြီး နယူးကာဆယ်အသင်း နောက်ခံလူ ဒန်ဘန်းနဲ့ အာဆင်နယ်အသင်း ကြယ်ပွင့် စကယ်လီတို့ကိုလည်း ပထမဆုံးအကြိမ် ခေါ်ယူခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် မတ်လ ၂၁ ရက်မှာ အယ်လ်ဘေးနီးယား၊၂၄ ရက်မှာ လတ်ဗီးယားအသင်းတို့နဲ့ အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 712
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၅
ဆန်းတို့စ်အသင်း တောင်ပံကစားသမား နေမာဟာ ပေါင်ဒဏ်ရာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ မတိုင်ခင် ဘရာဇီးလ်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ဥရုဂွေးအသင်းနဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့ ဒူးဒဏ်ရာ ရရှိပြီးကတည်း ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိတာပါ။
ပြီးခဲ့တဲ့ဇန်နဝါရီက နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာပြီး အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ လို့ ၁၇ လအကြာမှ ပထမဆုံးအကြိမ်အဖြစ် ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်လည် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် နေမာဟာ ဘရာဂန်တီနိုအသင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ဘရာဇီးလ်အသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာပါ။

နေမာကို တွေ့ရစဉ်
နေမာက “ပြန်လာဖို့နီးစပ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အခုအချိန်မှာ ကမ္ဘာပေါ်မှာ အလေးဆုံး အင်္ကျီကို ပြန်ဝတ်လို့ မရတော့ပါဘူး။ ဘရာဇီးလ်အတွက် ပြန်လည်ကစားချင်တဲ့ ကျနော့်ရဲ့ဆန္ဒကြီးကို လူတိုင်းသိပါတယ်။ အခုအချိန် မှာတော့ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ပြင်ဆင်ပြီး ဒဏ်ရာလုံးဝ ကင်းစင်ဖို့အတွက် မစွန့်စားဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို အားပေးတဲ့ မက်ဆေ့ချ်ပေးပို့သူတွေကို ကျေးဇူးတင်ပါတယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ တာပါ။
ဘရာဇီးလ်အသင်း လူစာရင်းကနေ နေမာအပြင် မန်စီးတီးအသင်း ဂိုးသမား အီဒါဆန်နဲ့ ဖလာမင်ဂိုအသင်းက ဒါနီလိုတို့လည်း ထွက်ခွာခဲ့ပါတယ်။
အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ သူတို့တွေရဲ့နေရာမှာ ရီးရယ်လ်အသင်းက အန်းဒရစ်၊ လိုင်ယွန်အသင်း ဂိုးသမား လူးကပ်စ်ပါရီနဲ့ ဖလာမင်ဂိုအသင်း နောက်ခံလူ အဲလက်စ်ဆန်ဒရိုတို့ကို အစားထိုးခေါ်ယူခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာ ရပ်တည်နေတဲ့ ဘရာဇီးလ်အသင်းဟာ မတ်လ ၂၀ ရက်မှာ ကိုလံဘီယာအသင်းနဲ့ အိမ်ကွင်း၊ ၂၅ ရက်မှာ အာဂျင်တီးနားအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ကာဗာလီယာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်ကာ ဖေဖော်ဝါရီ ၂၅ ရက်က စပို့တင်းကန်ဆပ်အသင်းနဲ့ ပွဲစဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွင်းထဲကို ပြန်ဝင်ရောက်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုဟာ မက်ဆီကို ဒဏ်ရာရနိုင်မယ့် အခြေအနေတွေကနေ ရှောင်ရှား နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၃ ပွဲစလုံး အနားပေးခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ပွဲချိန် ၅၃ မိနစ်မှာ ဆွာရက်ဇ်ရဲ့နေရာ လူစားလဲ ဝင်ရောက်ပြီး ဂျမေကာမှာ သူ့အတွက် ပထမဆုံးပွဲစဉ် အဖြစ် ပါဝင်ကစားခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ အင်တာမိုင်ယာမီ အသင်းအတွက် ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ကာဗာလီယာအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက သူတို့ဟာ မက်ဆီကို ပွဲကစားစေချင်ပေမယ့် သူ့ကို ကွင်းထဲ ပို့ပေးဖို့ အခိုက်အတန့်ကို သိဖို့လိုအပ်ပြီး သူကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် မာရှေယာနိုက မက်ဆီ ဂိုးသွင်းနိုင်ခဲ့ပြီး ဂျမေကာမှာရှိတဲ့ လူတွေကလည်း သူ့ကိုမြင်တွေ့ခဲ့ရတာကြောင့် အားလုံးအတွက် အလွန်ကောင်းမွန်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။
ကာဗာလီယာအသင်းဟာ ပရိသတ်ဦးရေ ၃,၀၀၀ ဝင်ဆံ့တဲ့ အားကစားကွင်းမှာ ကစားလေ့ရှိပေမယ့် ဒီပွဲအတွက် ပရိသတ်ဦးရေ ၃၅,၀၀၀ ဝင်ဆံ့တဲ့ နိုင်ငံရဲ့အမျိုးသားအားကစားကွင်းကို ပြောင်းရွှေ့ပြီး ကျင်းပခဲ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် LAFC အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 697
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေတဲ့ မန်ယူနိုက်တက်အသင်း ကွင်းလယ် လူဟောင်း ပေါ့ဘာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒက်ချမ့်စ်က “သူဟာ ပြန်ပြီးကစားဖို့ လုပ်ရမှာဖြစ်ပေမယ့် သူ့မှာ ကလပ် မရှိသေးပါဘူး။ ကျနော်တို့ စကား ပြောနေပေမယ့် အသေးစိတ်ကိုတော့ ကျနော်ပြောမှာ မဟုတ်ပါဘူး။ ပေါ့ဘာဟာ အမြင့်ဆုံးအဆင့်ကို ပြန်သွား နိုင်တဲ့ အရည်အသွေးနဲ့ စိတ်ဓါတ်ရှိပါတယ်။ အခုအချိန်မှာတော့ ဒါက နေ့ချင်းညချင်း ဖြစ်မလာပေမယ့် သူဟာ ဆုံးဖြတ်ချက် ချရခြင်း မရှိသေးပါဘူး။ ဘာတွေ ဖြစ်မလဲဆိုတာ မြင်တွေ့ရမယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့ရလို့ ၄ နှစ် ပွဲပယ်ခံခဲ့ရတဲ့ ပြစ်ဒဏ်ကို အယူခံဝင်ပြီးနောက် ၁၈ လအထိ လျှော့ချခံခဲ့ရတဲ့ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ပွဲပယ်ပြစ်ဒဏ် ပြည့်သွားခဲ့လို့ ပွဲတွေပြန်ပြီး ကစားလို့ရပြီ ဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ဘာကို အခြားကလပ် အသင်းတွေထံ သွားရောက်ကစားနိုင်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာက ထွက်ခွာခွင့်ပေးခဲ့တာပါ။
ပေါ့ဘာဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာကြောင့် အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အသင်းသစ် ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။
ပေါ့ဘာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း လူစာရင်းထဲ ပါဝင်ဖို့ ရည်ရွယ်ထားတာကြောင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိတဲ့ ထိပ်တန်းကလပ်အသင်းတွေထံ ပြောင်းရွှေ့ချင်နေတာပါ။
ပေါ့ဘာဟာ ပွဲတွေနဲ့ ကာလရှည်ကြာ ဝေးကွာနေပေမယ့် ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က သူဟာ ပွဲရဲ့ အမြင့်ဆုံးအဆင့်ကို ပြန်လာနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ဒက်ချမ့်စ်နဲ့ ပေါ့ဘာတို့ဟာ ပြင်သစ်အသင်းမှာ ကာလရှည်လက်တွဲခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ နေးရှင်းလိဂ် ဖလားတို့ကို ရယူနိုင်ခဲ့တာပါ။
အသက် ၃၁ နှစ်အရွယ်ရှိ ပေါ့ဘာဟာ ပြင်သစ်အသင်းအတွက် ၉၁ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူကာ ၂၀၂၂ ခုနှစ် နောက်ပိုင်း နိုင်ငံအသင်းနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 849
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
စပါးအသင်းဟာ AZ အယ်လ်ခမာအသင်းကို ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင် ရရှိပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာကြောင့် နည်းပြပိုစတီကိုဂလူးက အသင်းကစားသမားတွေအတွက် အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းမွန်ခဲ့ပါတယ်။ သူတို့ကို ဂိုးပြန် ပေးလိုက်ရချိန်မှာ စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရပေမယ့် ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျနော့်ရဲ့ ကစားသမားတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။ ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ခြားနားမှုကို ပြုလုပ်ပေးခဲ့ပြီး အိုဒိုဘတ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ခင်ဗျားတို့ မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့ တာပါ။
စပါးအသင်းဟာ AZ အယ်လ်ခမာအသင်းကို ပထမအကျော့ပွဲစဉ်က ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယ အကျော့မှာ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေတဲ့ စပါးအသင်းအတွက် ယူရိုပါလိဂ်ဖလားဟာ သူတို့ရဲ့အဓိက ပစ်မှတ်အဖြစ် ရှိနေတာပါ။

စပါးအသင်းကို တွေ့ရစဉ်
စပါးအသင်းဟာ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ်မှာ ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲကြီးပွဲကောင်း တစ်ပွဲကို ထပ်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြ ပိုစတီကိုဂလူးဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းကို ဒုတိယမြောက်ရာသီမှာ ဆုဖလားတွေ ရယူပေးနိုင်ခဲ့ တာကြောင့် စပါးအသင်းကိုလည်း ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်နေသေးတာပါ။
ဒဏ်ရာတွေကြောင့် အနားယူနေရတဲ့ ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့ ဗဟိုခံစစ်အတွဲအဖက် ဒီပွဲမှာ ပြန်ပါဝင်နိုင်ခဲ့တာက စပါးအသင်းရဲ့ ခံစစ်ကို ပိုပြီးအားကောင်းလာစေခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၄
ဆိုစီဒက်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက် အသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူတို့အနိုင်ရရှိဖို့ လိုအပ် တယ်လို့ ပြောခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်က “ဒီကလပ်က အနိုင်ရဖို့ ဖြစ်တဲ့အတွက် ကျနော်တို့ပွဲတွေကို အနိုင်ယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့ သွားရမယ့် ခရီးက အရှည်ကြီးဖြစ်ပေမယ့် လာမယ့်ပွဲတိုင်းကို အာရုံစိုက်ပြီး မှန်ကန်တဲ့ စိတ်ဓါတ်တွေ ရှိမယ်ဆိုရင် ပွဲတွေကို အနိုင်ယူနိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန် တဲ့ တိုးတက်မှုရရှိအောင် လုပ်ဆောင်နေပေမယ့် လိုချင်တဲ့ရလဒ်တွေ ရရှိမယ်ဆိုရင် တိုးတက်မှုကို မြင်တွေ့ရမှာ ပါ” TNT Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပထမအကျော့ပွဲစဉ်က ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် ဒုတိယအကျော့မှာ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ဖလားဟာ ဒီရာသီမှာ ယူနိုက်တက်အသင်း ရရှိနိုင်တဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်တာကြောင့် ယူနိုက်တက်အသင်းဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နေတာပါ။

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဘရူနိုဖာနန်ဒက်စ်ကတော့ ယူရိုပါလိဂ်ဖလား ရရှိဖို့အတွက်ဆိုရင် မှန်ကန်တဲ့ စိတ်ဓါတ် ရှိရမယ်လို့လည်း ယူနိုက်တက်အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဒီရာသီမှာ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ဆုဖလားတွေ ရရှိနိုင်အောင် အသင်းအနေနဲ့ အကူအညီပေးဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်း နောက်ဆုံး သွင်းယူထားတဲ့ သွင်းဂိုး ၁၃ ဂိုးထဲမှာ ၁၁ ဂိုး ပါဝင်ပတ်သက်ခဲ့ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ယူနိုက်တက်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ် ကလပ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ လက်စတာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 558
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ဘောလုံးကစားခွင့် ၁၈ လကြာ ပိတ်ပင်တဲ့ ပြစ်ဒဏ် တရားဝင် ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် နောက်ထပ်ကစားမယ့် ကလပ်အသင်းသစ်ကို ရွေးချယ်ဖို့အတွက် အချိန်ယူဖို့ ဆုံးဖြတ်ထားပါတယ်။
ဥရောပလိဂ်ပြိုင်ပွဲတွေဟာ ရာသီပြီးဆုံးဖို့ လအနည်းငယ်ပဲ ကျန်ရှိတော့တာကြောင့် ပေါ့ဘာအတွက် ရွေးချယ်မှု ဟာ အကန့်အသတ်နဲ့သာ ရှိနေတောပါ။
ပေါ့ဘာဟာ လက်ရှိအချိန်မှာ သူ့အတွက် ရွေးချယ်စရာအဖြစ် အပြောင်းအရွှေ့ ဈေးကွက်တွေ မပိတ်သေးတဲ့ မေဂျာလိဂ်နဲ့ ဂျပန်လိဂ်တွေမှာ သွားကစားဖို့သာ ရွေးချယ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ဥရောပထိပ်တန်းလိဂ်ထံ ပြန်လာဖို့ကို ဦးစားပေး လုပ်ဆောင်နေပေမယ့် အင်တာမိုင်ယာမီအသင်းနဲ့ စကားပြောဆိုမှုတွေရှိထားတာပါ။
ဆော်ဒီပရိုလိဂ်နဲ့ ဘရာဇီးလ် စီးရီးအေကလပ် အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားတဲ့ ပေါ့ဘာဟာ စီးရီးအေ၊ လီဂူး-၁ နဲ့ စပိန်ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း လူစာရင်းထဲ ပါဝင်ချင်နေတာကြောင့် ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်ကစားရတဲ့ ဥရောပထိပ်တန်း ကလပ်အသင်း တစ်သင်းမှာ ကစားဖို့ဆန္ဒရှိတောပါ။
ပြင်သစ်ကွင်းလယ်လူဟာ တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့ရလို့ ကနဦး ၄ နှစ်ပွဲကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ့ဘာဟာ ဒီဆုံးဖြတ်ချက်ကို အားကစားခုံရုံးထံ အယူခံဝင်ခဲ့တာမှာ ၁၈ လပွဲပယ်အဖြစ် လျှော့ချခံ ခဲ့ရတာပါ။
ပေါ့ဘာရဲ့ ဒီပွဲပယ် ပြစ်ဒဏ်ဟာ မတ်လ ၁၁ ရက်မှာ ပြီးဆုံးသွားခဲ့ပြီဖြစ်လို့ သူဟာ တရားဝင် လေ့ကျင့်မှုတွေ ပြုလုပ်လို့ ရပြီဖြစ်သလို ပွဲတွေလည်း ယှဉ်ပြိုင်လို့ရပြီ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာက နောက်ဆုံးပွဲ ပါဝင်ကစားထားတဲ့အတွက် ပွဲတွေနဲ့ ၁ နှစ်ကျော်ကြာ ဝေးကွာနေတာပါ။
ပေါ့ဘာဟာ ပွဲပယ်ခံထားရတဲ့ အချိန်အတွင်း သူ့ရဲ့ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံကို ရဖို့အတွက် မိုင်ယာမီမှာ ကိုယ်ပိုင်နည်းပြတစ်ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး အနာဂတ်ကို ရာသီကုန်ချိန်မှသာ ဆုံးဖြတ်ဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 698
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
ချယ်လ်ဆီးအသင်းဟာ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ ဆန်ချိုကို အပြီးသတ် မဝယ်ယူဘဲ နွေရာသီမှာ သူ့ရဲ့မိခင်ကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းထံ ပြန်ပို့ဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုရဲ့ အငှားစာချုပ် ထဲမှာ ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၄ ဒါမှမဟုတ် ဒီထက်ပိုမြင့်တဲ့ အဆင့်နဲ့ ရာသီ အဆုံးသတ်ခဲ့ရင် အပြီးသတ် ဝယ်ယူရမယ့်အချက် ပါဝင်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဆင့် ရပ်တည်မှုအပေါ် မူတည်ပြီး ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးက ပေါင် ၂၂ သန်းကနေ ၂၅ သန်းကြားအထိ ယူနိုက်တက်အသင်းကို ပေးရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေတာ ကြောင့် ဆန်ချိုကို အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်နဲ့ ကိုက်ညီနေတာပါ။

ဆန်ချိုကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းက အပြီးသတ် ခေါ်ယူဖို့ မဆုံးဖြတ်ခဲ့ရင် ဆန်ချိုဟာ ယူနိုက်တက်အသင်းထံ ပြန်လာ ရဖွယ်ရှိနေဆဲလို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းအနေနဲ့ ဆန်ချိုကို အပြီးသတ် ခေါ်ယူမယ့် ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုကို ချိုးဖောက်ခဲ့ရင် ကြီးမားတဲ့ ငွေကြေးပမာဏကို ပေးချေရဖွယ်ရှိနေတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီအတွက် တောင်ပံကစားသမား အများအပြားကို ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဆန်ချို ဘက်ကလည်း ချယ်လ်ဆီးအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့အတွက် လုပ်ခလစာအပြင် အခြားအချက် တွေကိုလည်း သဘောတူညီမှု မရရှိသေးတာပါ။
ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ချယ်လ်ဆီးအသင်းထံ အငှားချထားပေမယ့် သူ့ရဲ့လုပ်ခလစာ တစ်ပတ်ပေါင် ၂၅၀,၀၀၀ ထဲက တစ်စိတ်တစ်ပိုင်းကို ပေးချေနေရတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အသင်းမှာ ဆက်ထိန်းမလား ဒါမှမဟုတ် ယူနိုက်တက်အသင်းထံ ပြန်ပို့မလား ဆိုတာကို မကြာခင်မှာ ဆုံးဖြတ်ချက် ချရဖို့ရှိနေပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းမှာ ကစားရတာ အလွန်ပျော်ရွှင်တယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာ ပြောထားတာပါ။
ဆန်ချိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၂၆ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 677
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့တာပါ။
အဲဒါကြောင့် ဟာရီကိန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ တစ်ရာသီအတွင်း ၁၀ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလိပ် ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဟာရီကိန်းဟာ ဒီပွဲမှာ သွင်းဂိုးအပြင် ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တဲ့အတွက် ပွဲရဲ့အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိခဲ့တာပါ။
ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားထားပြီး ၃၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဟာရီကိန်းဟာ သူ့ရဲ့အသက်အရွယ်အရ ပိုကောင်းလာပြီး သူ့ကို ယုံကြည်မှုရှိတယ်လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်
ဟာရီကိန်းက လေဗာကူဆင်အသင်းကို နှစ်ကျော့စလုံး အနိုင်ရခဲ့တာဟာ သူတို့သွားနေတဲ့ လမ်းကြောင်းကို ပြသခဲ့ပြီး ပြင်ပမှာ ထွက်ပေါ်နေတဲ့ ဆူညံသံတွေကို နားမထောင်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းကို ပထမအကျော့တုန်းကလည်း ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အတွက် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာကြောင့် ဒီရာသီမှာ ဆုဖလား ၂ လုံးရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
