CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဟောင်ကောင်မှာ ကစားမယ့် စပါးနဲ့အာဆင်နယ် အသင်းတို့ရဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်ဟာ ခြေစမ်းပွဲထက် ပိုတယ်ဆိုပြီး အာဆင်နယ်အသင်းကို သတိပေးခဲ့ပါတယ်။

သောမတ်စ်ဖရန့်ခ်က “ကျနော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်နဲ့ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလို့ ပြောရမှာဖြစ်ပြီး ဒါကို ကျနော်တို့ ရိုးသားဖို့ လိုပါတယ်။ ဒါက ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်လာမှာဖြစ်ပေမယ့် ခြေစမ်းပွဲထက် ပိုပါတယ်။ ကျနော်တို့ အနိုင်ရရှိဖို့ ကြိုးစားသွားမယ်”လို့ ပြောခဲ့တာပါ။ 

ဇူလိုင် ၃၁ ရက်မှာ ကစားမယ့် ဒီပွဲစဉ်ဟာ ဗြိတိန်အပြင်ဘက်မှာ သူတို့နှစ်သင်း ပထမဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

စပါးနဲ့အာဆင်နယ်အသင်းတို့ဟာ ထိပ်တိုက်တွေ့ဆုံတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ခြေစမ်းပွဲဖြစ်မယ့် ဒီပွဲကလည်း ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ နည်းပြသောမတ်စ်ဖရန့်ခ်က ပြောခဲ့တာပါ။ 

နည်းပြ သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ် 

စပါးအသင်း နောက်ခံလူ ဗန်ဒီဗန်က ဒီပွဲမှာ သူတို့ရဲ့ ပရိသတ်တွေလည်း အများကြီးရှိမှာ ဖြစ်တဲ့အတွက် သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ရာသီသစ်မှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် ဘရန်ဖို့ဒ်အသင်း နည်းပြဟောင်း သောမတ်စ်ဖရန့်ခ် ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီး ဒန်ဆိုနဲ့မာသီးတဲလ်စ်ကို အပြီးသတ် ခေါ်ယူခဲ့သလို ဝက်စ်ဟမ်းအသင်းက ကူဒက်စ်ကိုလည်း အားဖြည့်ထားတာပါ။ 

စပါးအသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရက်ဒင်း၊ ဝိုင်ကမ်ဘီ၊ လူတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ထားပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ ကျထားပါတယ်။ 

စပါးအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်ဟာ မေဂျာလိဂ် ကလပ်တွေရဲ့ ချိတ်ဆက်မှုတွေ ခံနေရပြီး အနာဂတ် မရေမရာဖြစ်နေပေမယ့် နည်းပြသောမတ်စ်ဖရန့်ခ်က သူဟာ အသင်းနဲ့အတူ ရှိနေတဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။ 

စပါးအသင်းဟာ အာဆင်နယ်အသင်းနဲ့ပွဲပြီးရင် နယူးကာဆယ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ခြေစမ်းပွဲ ဆက်ပြီး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Dailymail