- By CNI
- Category: အားကစား
- Hits: 470
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၈
ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ဟာ လာမယ့် နွေရာသီမှာ စပို့တင်းလစ္စဘွန်း အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ပေါ်တူဂီသတင်း Record က ဖော်ပြခဲ့ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင် ယူနိုက်တက်အသင်းကို ကိုင်တွယ်အပြီးမှာ ယိုကီရက်စ်ဟာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရတာပါ။
ဒါပေမယ့် ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ အမှတ်ပေးဖလားကို ၂ ကြိမ်ဆက်တိုက် ရယူချင် တာကြောင့် ဇန်နဝါရီမှာ မထွက်ခွာခဲ့ဘဲ ပေါ်တူဂီကလပ်မှာ ဆက်ပြီးရှိနေခဲ့တာ ဖြစ်ပါတယ်။
ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပေါ်တူဂီလိဂ်ဖလား ရယူပြီးရင် နွေရာသီမှာ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။
စပို့တင်းလစ္စဘွန်းအသင်းဟာ လက်ရှိအချိန်မှာ ပေါ်တူဂီလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာကြောင့် ယိုကီရက်စ်ဟာ အသင်းကို အမှတ်ပေးဖလား ၂ ကြိမ်ဆက်တိုက် ရယူပေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် လိဂ် ၂၃ ပွဲမှာ ၂၅ ဂိုး သွင်းယူတာ အပါအဝင် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၃၇ ဂိုးသွင်းယူထားတာပါ။

ယိုကီရက်စ်ကို တွေ့ရစဉ်
ယိုကီရက်စ်ဟာ ၂၀၂၃ ခုနှစ်နွေရာသီက ကိုဗင်ထရီအသင်းကနေ ပြောင်းရွှေ့ လာပြီးကတည်းက စပို့တင်း လစ္စဘွန်း အသင်းအတွက် ပွဲပေါင်း ၈၉ ပွဲ ကစားထားပြီး ၈၀ ဂိုးသွင်းယူထားပါတယ်။
ယူနိုက်တက်အသင်းဟာ ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဒီအပြောင်းအရွှေ့အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း ယိုကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါ တယ်။
ယိုကီရက်စ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်း ပါဝင်ပေမယ့် ပေါ်တူဂီကလပ်ဟာ သူ့ကို ပေါင် ၆၈.၅ သန်း ဝန်းကျင်နဲ့ ထွက်ခွာခွင့် ပေးဖွယ်ရှိနေတာပါ။
ယိုကီရက်စ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားချင်တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် သူ့ကိုခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးသွားနိုင်တယ်လို့ သိရပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 545
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၈
အင်္ဂလန်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ပြည်ပ ကလပ်တွေထံ ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိနေတဲ့ ကိုဘီမိုင်နူးဟာ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးတာပါ။
ကိုဘီမိုင်နူးနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဟာ တစ်ပတ်ကို ပေါင် ၂ သောင်းထက် ပိုပြီးရရှိဖို့ ကြိုးပမ်းနေတာကြောင့် ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် အဆင်ပြေမှု မရှိသေးတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ကိုဘီမိုင်နူးကို စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိမယ်လို့ ယုံကြည်နေပေမယ့် သူကတော့ ပြည်ပကလပ်တွေထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတာပါ။
ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် ကိုဘီမိုင်နူးအတွက် ပေါင်သန်း ၇၀ ဝန်းကျင် လိုချင်နေပြီး ချယ်လ်ဆီး အသင်းက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။

ကိုဘီမိုင်နူးကို တွေ့ရစဉ်
ကိုဘီမိုင်နူးဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရင် အခြား ပရီးမီးယားလိဂ် အသင်းတွေထံ ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ ကိုဘီမိုင်နူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၅ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းယူကာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရတာပါ။
နည်းပြဟောင်း အဲရစ်တန်ဟတ်ရဲ့ လက်ထက်မှာ ယူနိုက်တက်အသင်းကြီးအတွက် စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ ကိုဘီမိုင်နူးဟာ လက်ရှိအချိန်အထိ ပွဲပေါင်း ၆၀ ပါဝင်ကစားထားပြီး ၆ ဂိုးသွင်းယူကာ မနှစ်ကရာသီမှာ FA ဖလားရယူထားနိုင်ပါတယ်။
ကိုဘီမိုင်နူးဟာ အင်္ဂလန်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 624
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၈
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က တစ်ပတ်အတွင်း ဗိုလ်လုပွဲ ၃ ပွဲ ရင်ဆိုင်ရမယ့် အသင်းသားတွေကို သတိပေးခဲ့ပြီး ဆောက်သမ်တန်အသင်းနဲ့ ကစားရမယ့်ပွဲက အရေးကြီးဆုံးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ကျနော့် အတွက်ကတော့ ဆောက်သမ်တန်နဲ့ပွဲက အရေးကြီးဆုံးပွဲပါ။ ကျနော်တို့ဟာ ဒီပွဲမှာ အခြားကစားသမားတွေနဲ့ ကစားဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဒါက ပွဲကိုအနိုင်ရဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ပွဲအတွက် အနားယူချင်တာကြောင့် မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဗိုလ်လုပွဲ ၃ ပွဲကစားဖို့ ကျနော့်ရဲ့ ကစားသမားတွေကို စည်းရုံးရမှာဖြစ်ပေမယ့် ပရိသတ်တွေကိုလည်း လွှမ်းမိုးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန် အသင်းနဲ့ပွဲစဉ်မှာ လူစာရင်း အပြောင်းအလဲ အများကြီး ပြုလုပ်လာဖွယ် ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲပြီးရင် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့၊ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲတွေ ယှဉ်ပြိုင်ရမှာပါ။

လီဗာပူးလ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် နည်းပြအာနီဆလော့က ဆောက်သမ်တန်အသင်းနဲ့ပွဲကို အရေးကြီးဆုံးအဖြစ် ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ပွဲကို အနိုင်ရရင် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းကို ၁၆ မှတ်အထိ ဖြတ်ထားနိုင်မှာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က သူတို့ဟာ အာဆင်နယ်အသင်းကို ကြည့်စရာမလိုဘဲ ကိုယ့်ကိုယ်ကို သာ ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပီအက်စ်ဂျီအသင်းကို ပထမအကျော့မှာ အနိုင်ရခဲ့တာက အနည်းငယ် ကံကောင်းခဲ့တာ မဟုတ်ဘဲ အလွန်ကံကောင်းခဲ့တာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 601
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
မာဆေးလ်အသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အင်္ဂလန်အတွက် ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကို အဆုံးသတ်ပြီး ဂျမေကာနိုင်ငံကို ကိုယ်စားပြုပြီးကစားဖို့ တောင်းဆိုထားတယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)အကြီးအကဲ ဘူလ်လင်ဂမ်က အတည်ပြုထားပါတယ်။
The Mirror က ဂရင်းဝုဒ်ဟာ ဂျမေကာအသင်းအတွက် ကစားဖို့ တရားဝင် စာရင်းသွင်း လျှောက်ထားတယ်လို့ ဖော်ပြထားတာပါ။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းကြီးအတွက် တစ်ပွဲပါဝင် ကစားထားပေမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက မုဒိမ်းမှု အပါအဝင် စွဲချက်အမျိုးမျိုးနဲ့ စွဲချက်တင်ခံရပြီးနောက်မှာ လက်ရွေးစင်အသင်းနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီမှာ သူ့အပေါ်စွဲချက်တင်ထားတဲ့ အမှုတွေကနေ လွတ်မြောက်ခဲ့တာပါ။

ဂရင်းဝုဒ်ကို တွေ့ရစဉ်
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ အပြီးသတ်ထွက်ခွာခဲ့တဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပြင်သစ်လီဂူး-၁ ပွဲစဉ် ၂၄ ပွဲမှာ ၁၅ ဂိုးသွင်းပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်း နည်းပြသစ် တူချယ်လ်က သူ့ကို လူစာရင်းထဲ ရွေးချယ်ခံမယ်ဆိုရင်တောင် နိုင်ငံ ကိုယ်စားပြုပြောင်းလဲဖို့ တရားဝင်တောင်းဆိုထားတဲ့အတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာမှာ ပါဝင်ကစားခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်း ချိုးဖောက်မှုကြောင့် အိမ်ပြန်စေလွှတ်ခြင်း ခံခဲ့ရပါတယ်။
ဂျမေကာလက်ရွေးစင်အသင်းကို ယူနိုက်တက် လက်ထောက်နည်းပြဟောင်း မက္ကလာရင်က ကိုင်တွယ်နေပြီး ဒီလထဲမှာ ကွန်ကာကပ်ဖ် Gold Cup ခြေစစ်ပွဲ ၂ ပွဲကစားဖို့ရှိနေတာပါ။
ဂရင်းဝုဒ်အနေနဲ့ ဒီပွဲတွေမှာ ဂျမေကာအသင်းအတွက် ပါဝင်ကစားမလားဆိုတာ မသေချာသေးပေမယ့် လာမယ့် ဇွန်လမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။
ဂျမေကာအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ကွန်ကာကပ်ဖ်ဇုန်)ဒုတိယအဆင့်မှာ ၂ ပွဲကစားထားပြီး ၂ ပွဲစလုံး နိုင်ပွဲရရှိထားတာပါ။
ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ လာမယ့်လီဂူး-၁ ပွဲစဉ်ကစားဖို့ မာဆေးလ်အသင်းနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မာဆေးလ်အသင်းဟာ လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 575
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
ဆန်းတို့စ်အသင်းမှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၁၈ လနီးပါးအကြာမှာ ပထမဆုံးအကြိမ် ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်လည်ပါဝင်ခဲ့တဲ့ နေမာက ပျော်ရွှင်တယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ဥရုဂွေးအသင်းနဲ့ ခြေစစ်ပွဲမှာ ဒူးအရွတ် ဆုတ်ပြဲဒဏ်ရာ ရရှိပြီး ကတည်းက ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့တာပါ။
နေမာဟာ ဒဏ်ရာကနေ သက်သာလာပြီးနောက် ဘရာဇီးလ်အသင်းအတွက် ပြန်ပါဝင်ကစားခွင့်ရဖို့ မျှော်လင်ခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာ ဆုတ်ယုတ်မှုကြောင့် လူစာရင်းနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ နေမာဟာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာပြီး အကောင်းဆုံး စွမ်းဆောင်ရည် တွေ ပြသနိုင်ခဲ့လို့ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။

နေမာကို တွေ့ရစဉ်
နေမာဟာ ဆန်းတို့စ်အသင်းအတွက် ကစားထားတဲ့ ၇ ပွဲမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်း ကစားသမားဟောင်းဟာ ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ရဲ့ လူစာရင်း ကြေညာနေတဲ့ TV ကို ကြည့်နေတဲ့ပုံနဲ့အတူ “ပြန်လာရတာ ဝမ်းသာတယ်”လို့ ရေးသားခဲ့တာပါ။
နေမာဟာ ဘရာဇီးလ်ဂျာစီကို ပြန်လည်ဝတ်ဆင်ဖို့ သူ့ရဲ့စိတ်အား ထက်သန်မှုတွေကို ပြသခဲ့တယ်လို့ ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးခဲ့ကြပါတယ်။
ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်က “နေမာဟာ ပုံစံကောင်းတွေ ရရှိနေပြီး သူ့ရဲ့ အရည်အသွေးတွေနဲ့ အရည်အချင်း တွေက ကွင်းထဲမှာရှိတဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို ကျော်လွှားနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ယုံကြည်ပါ တယ်။ သူပြန်လာတာကို ကျနော်တို့ စောင့်မျှော်နေခဲ့ပြီး သူအလွန်ပျော်ရွှင်ဖို့ မျှော်လင့်တယ်”လို့ လူစာရင်း ကြေညာချိန်မှာ ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၁၂ ပွဲကစားထားပြီး ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
ဘရာဇီးလ်အသင်းဟာ မတ်လ ၂၀ ရက်မှာ ကိုလံဘီယာ၊ ၂၅ ရက်မှာ အာဂျင်တီးနားအသင်းတို့နဲ့ ခြေစစ်ပွဲယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 643
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
စပါးအသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အယ်လ်ခမာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ရာသီရဲ့အကြီးမားဆုံး ပွဲမတိုင်ခင်မှာ အသင်းနိုးထဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဆွန်ဟောင်မင်က “ကျနော် အပါအဝင် ကျနော်တို့ရဲ့ ဒီလိုမျိုးစွမ်းဆောင်မှုက အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ လာမယ့်အပတ်ဟာ ရာသီရဲ့ အကြီးမားဆုံးပွဲ ဖြစ်တဲ့အတွက် ကြီးမားတဲ့နှိုးထမှု ဖြစ်ဖို့လိုပါတယ်။ ဒီပွဲမှာ လူတိုင်း ဟာ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ အသင်းလိုက် စွမ်းဆောင်ရည်အတွက် အလွန်စိတ်ပျက်နေကြပါတယ်။ ကျနော် တို့ဟာ လုံလောက်အောင် မလုပ်နိုင်ခဲ့တဲ့အတွက် အကြောင်းပြချက် မရှိပါဘူး။ ပွဲမပြီးသေးတာကြောင့် လာမယ့် အပတ်မှာ ကျနော်တို့ အများကြီး ပိုကောင်းအောင်လုပ်ရမှာပါ”လို့ TNT Sports ကိုပြောခဲ့တာပါ။
စပါးအသင်းဟာ ဒီပွဲမှာ အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့ပါတယ်။
အိမ်ရှင်အယ်လ်ခမာအသင်းကတော့ ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၅ ကြိမ်အထိ ရှိခဲ့တာပါ။
စပါးအသင်းဟာ ၁ ဂိုး-ဂိုးမရှိနဲ့သာ အရေးနိမ့်ခဲ့တဲ့အတွက် ဒုတိယအကျော့အဖြစ် ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။

စပါးအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ဆွန်ဟောင်မင်က ဒုတိယအကျော့ ပွဲမတိုင်ခင်မှာ အသင်းသားတွေကို နှိုးထဖို့ ပြောခဲ့တာပါ။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းဟာ လိုအပ်တဲ့အဆင့်နဲ့ နီးစပ်မှုမရှိခဲ့ဘဲ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယအကျော့ ကစားဖို့ရှိသေးတဲ့အတွက် အခွင့်အရေးရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
ဒူးဒဏ်ရာကြောင့် ၇ ပတ်ကြာ အနားယူခဲ့ရပြီး ဒီပွဲစဉ်မှာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့ နေရာမှာ လူစားဝင်ကစားခဲ့တဲ့ တိုက်စစ်မှူး ဆိုလန်ကီဟာ ဒဏ်ရာထပ်ပြီး ရရှိသွားခဲ့တာပါ။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဆိုလန်ကီရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 520
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၇
ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ဂိုးရှေ့မှာ ပိုပြီး ရက်စက်ဖို့လိုတယ်လို့ နည်းပြအာမိုရင်က ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ၁၆ သင်းအဆင့် ပထမ အကျော့ပွဲအပြီးမှာ ကစားသမားတွေကို ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ဟာ အခွင့်အရေးတွေ ဖန်တီးခဲ့ပေမယ့် တခါတရံ မျှော်လင့်ထားတဲ့ ဂိုးတွေကို မမြင်တွေ့ ခဲ့ရပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ ကန်သွင်းနိုင်ခြင်းမရှိလို့ပါ။ ကျနော်တို့ဟာ အကူးအပြောင်းတွေ၊ အခြေအနေတွေရှိပေမယ့် သွင်းဂိုးတွေ ပျောက်ဆုံးနေပါတယ်။ ခြားနားမှုတစ်ခုကို ဖန်တီးပေးနိုင်ဖို့ သွင်းဂိုးတွေ လိုအပ်တဲ့ ဒီလိုပွဲမျိုးတွေမှာတော့ ဒါက တစ်ခုခုကို ပြောင်းလဲပေးနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဇက်ခ်ဇီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အိုယာဇာဘယ်လ်ရဲ့ ပင်နယ်တီချေပဂိုး ကြောင့် ဆိုစီဒက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အနိုင်ဂိုးရယူနိုင်ဖို့ လုံလောက်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိတာပါ။
ဒီပွဲစဉ်မှာ နောက်ခံလူ ဒါလော့ဟာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ဖြတ်တင်ဘောပေးပြီး သွင်းဂိုး ရယူနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် အနောက်ကိုသာ ပြန်ပေးခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့သလို တောင်ပံကစားသမား ဂါနာချိုကလည်း အခွင့်အရေးတွေကို လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဟော့ဂျ်လန်းဟာ ဆိုစီဒက်အသင်းနဲ့ပွဲ အပါအဝင် ယူနိုက်တက်အသင်းအတွက် ၁၉ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရပေမယ့် နည်းပြအာမိုရင်က သူ့ကစားသမားရဲ့ အလားအလာနဲ့ ပတ်သက်ပြီး အကောင်းမြင်မှုတွေရှိနေတာပါ။
ဒါအပြင် နည်းပြအာမိုရင်က ယူနိုက်တက်ကစားသမားတွေဟာ ဂိုးတွေသွင်းပြီး ပွဲကို အနိုင်ရချင်နေပေမယ့် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်နိုင်ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် ကွာတားဖိုင်နယ် တက်နိုင်ဖို့ဆိုရင် ဒုတိယအကျော့အဖြစ် ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာ ဆိုစီဒက်အသင်းကို အနိုင်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 669
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ဂျာမနီအသင်းခေါင်းဆောင် ကင်မစ်ချ်ဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူးလို့ Bild က ဖော်ပြထားပါတယ်။
ကင်မစ်ချ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၄ လသာ ကျန်ရှိတော့တဲ့အတွက် ဂျာမန်ကလပ်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် သူ့ဘက်က တုန့်ပြန်ခြင်း မရှိသေးတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ကင်မစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး လီဗာပူးလ်အသင်း ကလည်း ဒီအပြောင်းအရွှေ့ကို စဉ်းစားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Bild က ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်နေနိုင်ပေမယ့် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အလားအလာနည်းတယ်လို့ ဖော်ပြထားတာပါ။
ကင်မစ်ချ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက ခိုင်မာတဲ့ ကမ်းလှမ်း မှုပြုလုပ်ထားတာကြောင့် ကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းကြားမှာ ရွေးချယ်မှုပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

ကင်မစ်ချ်ကို တွေ့ရစဉ်
၂၀၁၅ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာရှိတာ ဆယ်စုနှစ်တစ်ခုကြာအထိ ရှိလာတာပါ။
ကင်မစ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ကစားထားပြီး ဘွန်ဒက်လီဂါဖလား ၈ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၀ အထိ ရယူနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာက လေဗာကူဆင်အသင်းကို ၈ မှတ်ဖြတ်ကာ အဆင့် ၁ နေရာမှာ ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ နီးစပ်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဘိုချန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
လိုင်ယွန်အသင်းနည်းပြ ဖွန်ဆီကာဟာ ဘရက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ ဒိုင်လူကြီး မီလော့ကို ဒေါသတကြီး ထိပ်တိုက်တွေ့မှုအတွက် ပြင်သစ်ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ရဲ့ ၉ လကြာ ပွဲပယ်ခြင်းကို ခံခဲ့ရပါတယ်။
ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်(FLP)က ဖွန်ဆီကာဟာ ပွဲကြီးကြပ်ခွင့်၊ တာဝန်ရှိသူတွေရဲ့ အဝတ်လဲခန်းနဲ့ ဘယ်လိုတရားဝင် လုပ်ဆောင်ချက်တွေထဲမှာ ပါဝင်တာကို ပွဲမစခင်၊ ပွဲကစားနေချိန်နဲ့ ပွဲအပြီးအထိ လုပ်ဆောင် ခြင်း မပြုဖို့ နိုဝင်ဘာ ၃၀ ရက်အထိ ပိတ်ပင်တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒါအပြင် ဖွန်ဆီကာဟာ စက်တင်ဘာ ၁၅ ရက်အထိ အသင်းရဲ့ အဝတ်အစားလဲခန်း၊ ကွင်းနဲ့ ဥမင်ထဲကို သွားရောက်ခွင့်ကိုပါ ပိတ်ပင်ခြင်း ခံထားရပါတယ်။
ဖွန်ဆီကာဟာ ဒီပွဲစဉ်ရဲ့ နာကျင်အချိန်ပိုမှာ ဘရက်စ်အသင်းကို ပင်နယ်တီ ပေးခဲ့တဲ့အပေါ် ဒေါသထွက်ပြီး တုန့်ပြန်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဖွန်ဆီကာဟာ သူ့ကို အနီကတ်ပြသခဲ့တဲ့ ဒိုင်လူကြီး မီလော့ကို မျက်နှာချင်းဆိုင် အနီးကပ် တွေ့ခဲ့တာကြောင့် လိုင်ယွန်အသင်း ခေါင်းဆောင် တိုလစ်ဆိုက သူ့ကို အဝေးတွန်းထုတ်ခဲ့တာပါ။
ဒါပေမယ့် ဖွန်ဆီကာဟာ ဒိုင်လူကြီးနဲ့ ဒုတိယအကြိမ်ထပ်မံ ထိပ်တိုက်တွေ့ဖို့လုပ်ခဲ့ပြီး လိုင်ယွန် ကစားသမား တွေက သူ့ကို တားခဲ့ရတာ ဖြစ်ပါတယ်။

ဖွန်ဆီကာကို တွေ့ရစဉ်
လိုင်ယွန်အသင်းကတော့ ဖွန်ဆီကာဟာ ဒိုင်လူကြီးကို ထိခိုက်လိုတဲ့ ရည်ရွယ်ချက်မရှိဘဲ စိတ်ပိုင်းဆိုင်ရာ ခံစားချက်နဲ့ တုန့်ပြန်ခဲ့တာကြောင့် ပြင်သစ်လိဂ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တာပါ။
လိုင်ယွန်အသင်းဟာ နည်းပြဖွန်ဆီကာအပေါ် ပြင်သစ်လိဂ်ရဲ့ အရေးယူမှုကို အယူခံဝင်နိုင်တဲ့ နည်းလမ်းတွေကို လေ့လာနေတယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖွန်ဆီကာကတော့ သူဟာ မလုပ်သင့်တဲ့ လုပ်ရပ်လုပ်ခဲ့တဲ့အတွက် ပွဲအပြီးမှာ တောင်းပန်ကြောင်း ပြောခဲ့တာပါ။
ဒီရာသီ အစပိုင်းမှာ အေစီမီလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဖွန်ဆီကာဟာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ လိုင်ယွန်အသင်းကို စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့သွင်းဂိုးကို အောင်ပွဲခံရင်း ဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမား နူအာဟာ ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
နူအာဟာ ဒီပွဲစဉ်မှာ မူစီယာလာက အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပြီးချိန်မှာ ပြင်းထန်တဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာကြောင့် ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ခေါ်ယူခဲ့တဲ့ အာဘစ်ကို နူအာရဲ့နေရာမှာ လူစားလဲပြီး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။

နူအာကို တွေ့ရစဉ်
နူအာရဲ့ ဒဏ်ရာအခြေအနေ မသက်သာဘူးဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်ကို ဝါရင့် ဂိုးသမားမပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက “အခုအချိန်မှာ နူအာနဲ့ ပတ်သက်ပြီး ကျနော့်မှာ သတင်းမရှိပါဘူး။ ဒါပေမယ့် ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲခံမှုကြောင့် သူဒဏ်ရာရရှိသွားတာက အမှန်ပါ။ ကျနော်တို့ဟာ ဟာရီကိန်း၊ မူစီယာလာ၊ ကင်မစ်ချ်တို့ မပါဝင်ဘဲ ကစားခဲ့ရတဲ့ အချိန်တွေရှိခဲ့သလို နူအာ မပါဝင်ဘဲ ကစားခဲ့ရဖူးပါတယ်။ ဒါကြောင့် သူမပါဝင်နိုင်လည်း ကျနော်တို့ထပ်ပြီးလုပ်ဆောင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက သူတို့ဟာ တစ်ကျော့ပဲ ကစားရသေးပြီး လာမယ့် လေဗာကူဆင်အသင်း အိမ်ကွင်းမှာ ဒီပွဲက ပုံစံအတိုင်း ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကတော့ သူတို့ဟာ လွယ်လွယ်ကူကူနဲ့ အရှုံးမပေးဘဲ တိုက်ပွဲ ဝင်သွားမယ်လို့ ပြောခဲ့တာပါ။
မတ်လ ၁၂ ရက်မှာ ယှဉ်ပြိုင်မယ့် ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင် ဘွန်ဒက်လီဂါပွဲစဉ်တွေအဖြစ် ဘိုင်ယန်မြူးနစ် အသင်းက ဘိုချန်၊ လေဗာကူဆင်အသင်းက ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
