CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
ယူနိုက်တက်အသင်းရဲ့ ဒီရာသီ အာရုံစိုက်မှုက ဥရောပပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပြန်လည်ရရှိဖို့ ဖြစ်တယ်လို့ ကွင်းလယ်လူ မေဆန်မောင့်က အမေရိကန်ရာသီကြို ခရီးစဉ်မှာ ပြောခဲ့ပါတယ်။
မေဆန်မောင့်က “ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့က ကျနော်တို့အတွက် ကြီးမားတဲ့အရာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲက ကျနော်တို့အတွက် အံ့သြစရာဖြစ်သလို ဒီပြိုင်ပွဲမှာ ကျနော်တို့ ပါဝင်ကစားချင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဥရောပပြိုင်ပွဲလို့ပဲ ပြောချင်ပါတယ်။ ဒါကို ကျနော်တို့အာရုံစိုက်ရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပါးအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ၂၀၁၄-၁၅ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာပါ။
မေဆန်မောင့်က ယူနိုက်တက်အသင်းအတွက် ဥရောပဝင်ခွင့်ရဖို့ အရေးကြီးသလို သူကလည်း အသင်းမှာ နေရာရဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
မေဆန်မောင့်ကို တွေ့ရစဉ်
ဥရောပဝင်ခွင့် မရရှိတာဟာ ယူနိုက်တက်အသင်းအတွက် ဘဏ္ဍာရေး အခြေအနေ အပါအဝင် ကစားသမား သစ်တွေ ခေါ်ယူတာမှာ အခက်အခဲရှိစေခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဝုလ်ဗ်စ်အသင်းက ကွန်ညာနဲ့ ဘရန်ဖို့ဒ်အသင်းက အမ်ဘူမိုတို့ ခေါ်ယူထားပြီး သူတို့နှစ်ဦးအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၂၀ ကျော် သုံးစွဲထားရပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် သူတို့ကို ခေါ်ယူဖို့အတွက်ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းချနိုင်ဖို့လည်း လိုအပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ အမေရိကန်မှာ Premier League Summer Series ပြိုင်ပွဲအဖြစ် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: BBC