
- By CNI
- Category: အားကစား
- Hits: 1997
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၂
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol)ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် အပြီးမှာ ဥရုဂွေးအသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ ကိုလံဘီယာအသင်း ပရိသတ်တို့အကြားဖြစ်ခဲ့တဲ့ ရန်ပွဲကို စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ကိုလံဘီယာအသင်းက ဥရုဂွေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒါဝင်နူနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေး ကစားသမားတွေနဲ့ ကိုလံဘီယာအသင်း ပရိသတ်တို့ဟာ ပွဲကြည့်စင်ပေါ်မှာ ရန်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီရန်ပွဲဟာ ဥရုဂွေး ကစားသမားတွေရဲ့ မိသားစုဝင်တွေရှိတဲ့ နေရာမှာဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီရန်ပွဲမှာ ကိုလံဘီယာ ပရိသတ်တစ်ဦးဟာ ဒါဝင်နူနက်ဇ်ကို လက်သီးနဲ့ထိုးခဲ့ပြီး ဒါဝင်နူနက်ဇ်ကလည်း လက်သီးနဲ့ ပြန်ထိုးပြီး တုန့်ပြန်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရတာပါ။
ဥရုဂွေးအသင်း ခေါင်းဆောင် ဂျီမီနက်ဇ်က ကစားသမားတွေဟာ သူတို့ရဲ့ မိသားစုတွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ တာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ဒီဖြစ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။
ရန်ပွဲဖြစ်ပွားမှု ငြိမ်သက်သွားပြီးနောက်မှာ ဒါဝင်နူနက်ဇ်ဟာ သားဖြစ်သူကို ကွင်းထဲမှာ ပွေ့ဖက်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါဝင်နူနက်ဇ်ဟာ ရန်ပွဲထဲမှာ ပါဝင်ခဲ့တာကြောင့် ပွဲပယ်ခံရဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
လီဗာပူးလ်အသင်း တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
ဥရုဂွေးအသင်းဟာ ဒီပွဲစဉ်မှာ ဒုတိယပိုင်းတစ်ပိုင်းလုံး ကစားသမားတစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ကိုလံဘီယာ အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ကနေဒါအသင်းနဲ့ တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ရမှာပါ။
ကိုလံဘီယာအသင်းကတော့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1896
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁
ရီးရယ်လ်အသင်းဟာ ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီကို သူတို့ရဲ့ ကစားသမားသစ်အဖြစ် ဇူလိုင် ၁၆ ရက် ဘာနေဗျူးကွင်းမှာ တရားဝင် မိတ်ဆက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီရဲ့ မိတ်ဆက်မှုဟာ ၂၀၀၉ ခုနှစ်က ရော်နယ်ဒိုကို ယူနိုက်တက်အသင်းကနေ ခေါ်ယူပြီးနောက် ရီးရယ်လ် အသင်းရဲ့ အကြီးမားဆုံး ကစားသမား မိတ်ဆက်မှု ဖြစ်လာမှာပါ။
ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်အပြီးမှာ မီဒီယာသမားတွေနဲ့ တွေ့ဆုံမယ်လို့ ရီးရယ်လ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ရီးရယ်လ်အသင်းက ကစားသမားသစ် ဘတ်ပီဟာ ကျောနံပါတ် ၉ ဝတ်ဆင်မယ်လို့လည်း ကြေညာခဲ့ပါ တယ်။
ဘတ်ပီဟာ ပြင်သစ်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ပြီး ပီအက်စ်ဂျီအသင်းမှာ ကျောနံပါတ် ၇ ဝတ်ဆင် ပေမယ့် ရီးရယ်လ်အသင်းမှာ မိုဒရစ်နဲ့ ဗီနီစီးယက်စ်တို့က ၁၀ နဲ့ ၇ ဝတ်ဆင်ထားလို့ ကျောနံပါတ် ၉ ကို ဝတ်ဆင် မှာပါ။
ဘတ်ပီကိုတွေ့ရစဉ်
ဘတ်ပီရဲ့ ဟီးရိုးဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းကို ရောက်ရှိချိန်မှာ ကျောနံပါတ် ၉ ဝတ်ဆင်ခဲ့ပြီး နောက်ပိုင်းမှ ကျောနံပါတ် ၇ ကို ပြောင်းလဲဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် သန်မာစွာနဲ့ ပြန်လာနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ ကစားသမားသစ်အဖြစ် မိတ်ဆက်ပြီးနောက် အမေရိကန်မှာ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အသင်းနဲ့ လိုက်ပါဖို့တော့ မသေချာသေးဘူး။
ရီးရယ်လ်အသင်းဟာ အမေရိကန်မှာ အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၄ ရက်မှာ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလား၊ ၁၈ ရက်မှာ မာယော့ကာ အသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ ဘတ်ပီဟာ အသင်းသစ်နဲ့အတူ ပါဝင်ဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 1182
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁
အမေရိကန်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာ ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
အမေရိကန်အသင်းဟာ အုပ်စုတွင်းမှာ ဥရုဂွေးနဲ့ ပနားမားအသင်းတို့ကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ကြောင့် ကိုပါအမေရိကဖလား အုပ်စုအဆင့်က ထွက်ခွာရတဲ့ ပထမဆုံးအိမ်ရှင် အသင်းဖြစ်ခဲ့တာပါ။
အဲဒါကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ ဘာဟယ်တာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြသစ် ရှာဖွေမှု လုပ်ငန်းစဉ်ကို စတင်နေပြီး လီဗာပူးလ်အသင်း နည်းပြ ဟောင်း ကလော့ပ်ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ဘာဟယ်တာဟာ အမေရိကန်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်တုန်းက ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ဘာဟယ်တာဟာ စုံစမ်းစစ်ဆေးမှုတစ်ခုကြောင့် ၂၀၂၂ ခုနှစ်မှာ အမေရိကန်အသင်းရဲ့ နည်းပြရာထူးကို အဆုံးသတ်ခဲ့ရတာပါ။
အသက် ၅၀ နှစ်အရွယ်ရှိ ဘာဟယ်တာဟာ ဆယ်ကျော်သက်တုန်းက ဇနီးဖြစ်သူကို ကန်ကျောက်ခဲ့တယ်လို့ ဝန်ခံအပြီးမှာ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ဘာဟယ်တာကို ၂၀၂၃ ခုနှစ်မှာ နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့တာပါ။
အမေရိကန်အသင်း နည်းပြ ဘာဟယ်တာကို တွေ့ရစဉ်
အမေရိကန်အသင်းဟာ ဘာဟယ်တာ လက်ထက်မှာ ကွန်ကာကပ်ဖ် နေးရှင်းလိဂ်ဖလား ၂ ကြိမ်၊ ကွန်ကာကပ်ဖ် ရွှေဖလား ၁ ကြိမ် ရရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဘာဟယ်တာဟာ အမေရိကန်အသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့တုန်းက ပွဲပေါင်း ၆၀ ကိုင်တွယ်ခဲ့ပြီး ဒုတိယအကြိမ်မှာ ၁၄ ပွဲသာ ကိုင်တွယ်ခဲ့တာပါ။
ဘာဟယ်တာဟာ အမေရိကန်အသင်းက ဥရုဂွေးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နိုင်ငံအသင်းကို ဦးဆောင်ဖို့ မှန်ကန်တဲ့သူလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာဟယ်တာဟာ ရက်ပိုင်းအကြာမှာ အမေရိကန်အသင်းရဲ့ နည်းပြရာထူးက ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။
အမေရိကန်အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါအသင်းတို့နဲ့အတူ အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1033
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁
ကိုလံဘီယာအသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဥရုဂွေးအသင်းနဲ့ ကစားခဲ့ တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ကိုလံဘီယာအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၃၉ မိနစ်မှာ ဂျိမ်းရိုဒရီဂွက်ဇ်ရဲ့ ဖန်တီးပေးမှုကနေ လာမာက သွင်းယူခဲ့တာပါ။
ဒါပေမယ့် ပထမပိုင်းပြီးဆုံးခါနီးမှာ နောက်ခံလူ မူနော့ဇ် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ကိုလံဘီယာအသင်းဟာ ဒုတိယပိုင်း လက်ကျန်ပွဲစဉ်တွေကို ၁ ဦးလျော့နဲ့ ကစားပြီး အနိုင်ရလဒ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုလံဘီယာအသင်းဟာ ဒီနိုင်ပွဲကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီက အာဂျင်တီးနားအသင်းကို အရေးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ၂၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာပါ။
ဒါအပြင် ဒီပွဲမှာ ကိုလံဘီယာအသင်းအတွက် ဂိုးဖန်တီးပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ၆ ဂိုး ဖန်တီးထားပြီး ခြေစွမ်းပြသကာ ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဥရုဂွေးအသင်းနဲ့ကိုလံဘီယာအသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားနေစဉ်
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပီလီက ၆ ဂိုး ဖန်တီးပြီးနောက် အဓိကပြိုင်ပွဲတစ်ခုမှာ ဒီလိုမျိုး ဂိုးအရေအတွက် ပမာဏဖန်တီးနိုင်တဲ့ ပထမဆုံး တောင်အမေရိက ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့တဲ့ ဒီပွဲအပြီးမှာ ဥရုဂွေး ကစားသမားတွေနဲ့ ကိုလံဘီယာအသင်း ပရိသတ်တွေဟာ ပွဲကြည့်စင် ပေါ်မှာ ခိုက်ရန် ဖြစ်ပွားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီပွဲစဉ်မှာ အရေးနိမ့်ခဲ့တဲ့ ဥရုဂွေးအသင်းဟာ တတိယနေရာ လုပွဲအဖြစ် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့တဲ့ ကိုလံဘီယာအသင်းက လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ဇူလိုင် ၁၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 3599
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၁
နယ်သာလန်အသင်းကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ဝက်ကင်စ်က လူစားလဲ မဝင်ရောက်ခင်ကတည်းက ကိုးပါလ်မာနဲ့အတူ ဒီပွဲမှာဂိုးသွင်းဖို့ စီစဉ်ခဲ့တာကို ကျိန်ပြောရဲတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဝက်ကင်စ်က “မယုံနိုင်စရာဖြစ်ပြီး ဒီလိုအခိုက်အတန့်တွေကို ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာပါ။ ဒီလိုလုပ်နိုင်ဖို့ အလွန်ကြိုးစားခဲ့ရပြီး အခွင့်အရေးရခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကျနော့် အသက်ကိုတောင် ကျိန်ပြီး ပြောရဲပါတယ်။ ကျနော်ဟာ ဒီပွဲရဲ့အစောပိုင်းမှာ ကိုးလ်ပါလ်မာကို ပြောခဲ့ပါတယ်။ ငါတို့ကစားပြီး မင်းက ဂိုးဖန်တီးပေး ငါကသွင်းမယ်ဆိုပြီးတော့ပေါ့။ ဒါက တကယ်ဖြစ်ခဲ့တဲ့အတွက် ကျနော်နဲ့ ကိုးလ်ပါလ်မာဟာ အလွန် ပျော်ရွှင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဝက်ကင်စ်နဲ့ ကိုးလ်ပါလ်မာတို့ဟာ ၁ ဂိုးစီ သရေကျနေချိန်မိနစ် ၈၀ မှာ လူစားလဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါ တယ်။
မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပိုအရောက်မှာ ဝက်ကင်စ်က ကိုးလ်ပါလ်မာရဲ့ ဖန်တီးပေးမှုကနေ အင်္ဂလန် အသင်းကို ဗိုလ်လုပွဲ တက်စေမယ့် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူရိုပြိုင်ပွဲဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နယ်သာလန်နဲ့ အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်
ဝက်ကင်စ်ဟာ ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပွဲကစားချိန် မိနစ်အနည်းငယ်သာ ရရှိခဲ့ပေမယ့် ပါဝင် ကစားခွင့်ရရှိချိန်မှာ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပြီး ပွဲမတိုင်ခင် သူ့ရဲ့ပြောဆိုမှုက မှန်ကန်ခဲ့တဲ့ အကြောင်းကို လည်း ဖွင့်ဟခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ဆုဖလား ရယူနိုင်ဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အီတလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေး နိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
အဲဒါကြောင့် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်နဲ့ ကစားသမားတွေဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စပိန်အသင်းနဲ့ ဇူလိုင် ၁၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 1962
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
မာဆေးလ်မြို့တော်ဝန်က ကလပ်အသင်းအနေနဲ့ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူမယ့် အပြောင်းအရွှေ့အပေါ် ကန့်ကွက်လိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်အတွက် မာဆေးလ်အသင်းရဲ့ ပေါင် ၂၇ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းနဲ့ မာဆေးလ်အသင်းတို့ဟာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဂရင်းဝုဒ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ စွဲချက်တင်ထားတဲ့ အမှုတွေ အားလုံးကနေ လွတ်မြောက်ခဲ့တာပါ။
ဂရင်းဝုဒ်ဟာ စွဲချက်တွေ အားလုံးကနေ လွတ်မြောက်ခဲ့ပြီးနောက် မနှစ်ကရာသီမှာ ဂီတာဖေးအသင်းထံ အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိလာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကြောင့် သူ့ကို ခေါ်ယူမယ့် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ခဲ့တာပါ။
မာဆေးလ်မြို့တော်ဝန်ကို တွေ့ရစဉ်
မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီး ပြောင်းရွှေ့ကြေး သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မာဆေးလ်မြို့တော်ဝန်က ဂရင်းဝုဒ်ကို ခေါ်ယူမယ့် ကလပ်ရဲ့ အပြောင်းအရွှေ့ကို ကန့်ကွက်ခဲ့ပြီး သူ့ကို မခေါ်ယူဖို့အတွက် မာဆေးလ်အသင်းဥက္ကဋ္ဌကို ပြောသွားမယ်လို့ ပြင်သစ်ရေဒီယို RMC ကို ပြောခဲ့တာပါ။
မာဆေးလ်အသင်း ပရိသတ်အချို့ကလည်း ဂရင်းဝုဒ်ကို ခေါ်ယူမယ့် ကလပ်အသင်းရဲ့ အပြောင်းအရွှေ့ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက ဂရင်းဝုဒ်က ကမ္ဘာ့အဆင့် ကစားသမားဖြစ်ပြီး အသင်းထံ ရောက်လာခဲ့ရင် သူ့ရဲ့သားတစ်ဦးလို ဆက်ဆံခံရမယ်လို့ ပြောခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက အငှားသွားရောက် ကစားခဲ့တဲ့ ဂီတာဖေးအသင်းအတွက် ၃၆ ပွဲ ပါဝင်ကစားပြီး ၁၀ ဂိုး သွင်းယူကာ အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 2206
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီက သူ့ရဲ့ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ကျရှုံးခဲ့တယ်လို့ စပိန်အသင်းကို ဆီမီး ဖိုင်နယ်ပွဲစဉ်မှာ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ပြောခဲ့ပါတယ်။
ဘတ်ပီက “ဒါဟာ ခက်ခဲခဲ့ပြီး ကျနော့်အတွက် ကျရှုံးမှုတစ်ခုပါ။ ကျနော်တို့ဟာ ဥရောပချန်ပီယံဖြစ်ဖို့ ရည်မှန်း ချက်ရှိသလို ကျနော်ကလည်း ဥရောပချန်ပီယံဖြစ်ဖို့ ရည်မှန်းချက်ရှိပါတယ်။ ကျနော်တို့ဟာ ဒီလို မလုပ်နိုင်ခဲ့တဲ့ အတွက် ကျရှုံးမှုပါပဲ။ ဒါက ဘောလုံးဖြစ်ပြီး ကျနော်တို့ရှေ့ဆက်သွားရမှာပါ။ အားလပ်ရက်မှာ အနားယူတာက ကျနော့်ကို အများကြီးကောင်းလာစေမှာပါ။ သန်မာစွာနဲ့ ပြန်လာနိုင်ဖို့ ကျနော်ကြိုးစားသွားမှာပါ”လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ၅ ပွဲပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူ ၁ ဂိုးသာဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ သြစတြီးယားအသင်းနဲ့ပွဲမှာ နှာခေါင်းရိုးကျိုးခဲ့ပြီး ပြိုင်ပွဲကို ဆိုးရွားစွာစတင်ခဲ့ရတာပါ။
ဘတ်ပီဟာ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် နယ်သာလန်အသင်းနဲ့ အုပ်စုဒုတိယပွဲစဉ်ကို လွဲချော်ခဲ့ပြီး ပိုလန်အသင်းနဲ့ ပွဲစဉ်မှ မျက်နှာဖုံးဝတ်ဆင်ပြီး ပြန်လည် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘတ်ပီဟာ မျက်နှာဖုံးဝတ်ဆင်ပြီး ယှဉ်ပြိုင်ကစားခဲ့ရတဲ့ပွဲတွေမှာ အကောင်းဆုံးပုံစံတွေ ပျောက်ဆုံးခဲ့ပြီး ခြေစွမ်း ပြသနိုင်ဖို့ပါ ရုန်းကန်ခဲ့ရတာပါ။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီဟာ မျက်နှာဖုံးဝတ်ဆင်ခဲ့ရတာ ကြောင့် သူ့ရဲ့အမြင်အာရုံကို ကန့်သတ်ထားသလိုဖြစ်ခဲ့ပြီး အဆင်မပြေဖြစ်ခဲ့တယ်လို့ စပိန်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းကို ၂၀၁၂ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တဲ့ ဒက်ချမ့်စ်ဟာ သူ့ရဲ့ လက်ထက်မှာ နိုင်ငံအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်ဗိုလ်လုပွဲ ပို့ဆောင်ပေးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိစေခဲ့တာပါ။
ဒါ့အပြင် ဒက်ချမ့်စ်က ပြင်သစ်အသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးခဲ့ပေမယ့် ပေါ်တူဂီအသင်းကို အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ၂ နှစ်စာချုပ် ကျန်ရှိနေတဲ့ ဒက်ချမ့်စ်ဟာ နိုင်ငံအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ပြင်သစ်အသင်းဟာ လာမယ့်စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အီတလီ၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 3362
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
အာဂျင်တီးနားအသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကနေဒါအသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးတွေကို အယ်လ်ဗာရက်ဇ်နဲ့ မက်ဆီတို့က သွင်းယူခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ဒီနိုင်ပွဲကြောင့် ကိုပါအမေရိကဖလား လက်ရှိချန်ပီယံဆုကို ဆက်ပြီး ကာကွယ်ဖို့ နီးစပ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်ဆီဟာ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပထမဆုံး သွင်းဂိုးရရှိခဲ့သလို ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာပါ။
ဒါအပြင် မက်ဆီဟာ နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးနဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားစာရင်းရဲ့ နံပါတ် ၂ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
မက်ဆီကိုတွေ့ရစဉ်
မက်ဆီက “အမှန်တရားက ဒီအဖွဲ့နဲ့ လုပ်ဆောင်ခဲ့တာတွေ၊ အာဂျင်တီးနားနဲ့ လုပ်ဆောင်တဲ့ အရာတွေက ရူးသွပ် စရာတွေပါ။ နောက်ထပ်တစ်ကြိမ် ဗိုလ်လုပွဲတက်ဖို့နဲ့ ချန်ပီယံဖြစ်ဖို့အတွက် နောက်ထပ်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ဆို တာ မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွေတုန်းကလို ရှင်သန်ခဲ့သလိုမျိုး ရှင်သန် နေရတာပါ။ ဒါတွေက နောက်ဆုံး တိုက်ပွဲဖြစ်ပြီး အမြင့်ဆုံးအထိ ကျနော် ပျော်ရွှင်နေပါတယ်”လို့ ပွဲအပြီး TyC Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ကနေဒါအသင်းဟာ ပထမဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်နိုင်ခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပေမယ့် မက်ဆီရဲ့ အာဂျင်တီးနားအသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာပါ။
အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာနဲ့ ဥရုဂွေးအသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲစဉ်က အရေးနိမ့်တဲ့အသင်းဟာ ကနေဒါအသင်းနဲ့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 3098
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀
ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းကို အနိုင်ရပြီး စပိန်အသင်းဗိုလ်လုပွဲ တက်နိုင်ပြီးနောက် လူငယ်ကြယ်ပွင့် ယာမဲလ်က ယူရိုဗိုလ်လုပွဲတက်ချင်တဲ့ သူ့ရဲ့အိပ်မက် အမှန်တကယ် ဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။
ယာမဲလ်က “နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ယူရိုပြိုင်ပွဲမှာ နိုင်ငံ အသင်းနဲ့အတူ ဗိုလ်လုပွဲ တက်နိုင်တာက ကျနော့်အတွက် အလွန်ထူးခြားပါတယ်။ စီနီယာအသင်းနဲ့အတူ ဗိုလ်လုပွဲ တက်နိုင်တာက ကျနော့်အတွက် အိပ်မက်ပါပဲ။ ကျနော့်အမေကလည်း ဒါဟာ သူမရဲ့အိပ်မက်လို့ ပြောခဲ့ပါတယ်။ ကျနော်ဟာ ဘာတွေဖြစ်နေလဲဆိုတာ အများကြီးတွေးဖို့ မကြိုးစားဘဲ ကိုယ့်ကိုယ်ကို ပျော်ရွှင်ပြီး အသင်းကို ကူညီ ချင်ပါတယ်။ ကျနော်ဟာ ပွဲတိုင်းအနိုင်ရဖို့ ဒီကိုလာခဲ့တဲ့အတွက် ဂျာမနီမှာ အသင်းဖော်တွေနဲ့အတူ ကျနော့်ရဲ့ မွေးနေ့ပွဲကို ကျင်းပနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းက ပြင်သစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ မူအာနီက ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် စပိန်အသင်းအတွက် ယာမဲလ်က ချေပဂိုးနဲ့ အောလ်မိုက အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ပြင်သစ်အသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ ယာမဲလ်ဟာ အသက် ၁၆ နှစ် ၃၆၂ ရက်နဲ့ ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ယာမဲလ်ကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ဟာ ဒီပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အခုအချိန်ထိ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတာပါ။
ယာမဲလ်ဟာ လာမယ့် စနေနေ့မှာ အသက် ၁၇ နှစ် ပြည့်မှာဖြစ်တဲ့အတွက် ဗိုလ်လုပွဲမတိုင်ခင် သူ့ရဲ့မွေးနေ့ပွဲကို အသင်းဖော်တွေနဲ့အတူ ကျင်းပနိုင်မှာ ဖြစ်ပါတယ်။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ယာမဲလ်ဟာ ဆက်ပြီး တိုးတက်နေမယ့်သူဖြစ်ပြီး အသက် ငယ်ငယ် ရွယ်ရွယ်နဲ့ သူ့ရဲ့ရင့်ကျက်မှုက အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ဦးလို ဖြစ်နေတယ်လို့ ပြောခဲ့တာပါ။
ဒီပွဲစဉ်အပြီး အောင်ပွဲခံမှု ပြုလုပ်ချိန်မှာ စပိန်အသင်းခေါင်းဆောင် မိုရာတာဟာ လုံခြုံရေးဝန်ထမ်းတစ်ဦးကြောင့် ဒဏ်ရာရရှိသွားခဲ့ပေမယ့် နည်းပြ ဒယ်လာဖွန်တေက သူဟာ ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာပါလို့ ပြောခဲ့ပါတယ်။
ယူရိုချန်ပီယံဆုကို ၄ ကြိမ်မြောက်ရရှိဖို့ ပစ်မှတ်ထားနေတဲ့ စပိန်အသင်းဟာ အင်္ဂလန်နဲ့ နယ်သာလန်အသင်း တို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 2441
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉
ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့လက ထုတ်ပယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ်ရဲ့နေရာမှာ ကစားသမားဟောင်း ဘယ်လာမီကို ဝေးလ်စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ရှိနေပါတယ်။
ဘယ်လာမီဟာ ဘန်လေအသင်းက စကော့ပါကားကို နည်းပြသစ်အဖြစ် မခန့်အပ်ခင် အသင်းကို ယာယီ နည်းပြအဖြစ် တာဝန်ယူခဲ့တာပါ။
စကော့ပါကားဟာ ဘန်လေအသင်းမှာ ဘယ်လာမီနဲ့ အလုပ်အတူတွဲ လုပ်ချင်နေပေမယ့် ဘယ်လာမီကတော့ သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဝေးလ်စ်အသင်းကို ကိုင်တွယ်ချင်နေတာ ဖြစ်ပါတယ်။
ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ဘယ်လာမီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ နည်းပြရှာဖွေမှုကို အမြန်ဆုံး အဆုံးသတ်ချင်နေတာပါ။
ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ဝေးလ်စ်အသင်း နည်းပြရာထူးအတွက် အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီ၊ ဂျော်ဂျီယာအသင်းနည်းပြ ဆက်ဂ်ညောနဲ့ အောက်စဖို့ဒ်အသင်းနည်းပြ ဘက်ကင်ဟမ်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လာမီနဲ့ ဆွေးနွေးမှုတွေဟာ ပိုပြီးကောင်းမွန်ခဲ့တာကြောင့် ကစားသမားဟောင်းဟာ နိုင်ငံ အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိနိုင်အောင် ဦးဆောင်ဖို့ အခွင့်အရေးရရှိမှာပါ။
ဘယ်လာမီကိုတွေ့ရစဉ်
ဘယ်လာမီအနေနဲ့ ဝေးလ်စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရရင် လာမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
ဝေးလ်စ်အသင်းဟာ လာမယ့် စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် တူရကီအသင်းနဲ့ အိမ်ကွင်း၊ မွန်တီနီဂရိုး အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
အသက် ၄၄ နှစ်အရွယ်ရှိ ဘယ်လာမီဟာ ဝေးလ်စ်အသင်းအတွက် ၇၈ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ ၂၀၁၄ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။
ဘယ်လာမီဟာ ကစားသမားဘဝက အနားယူပြီးနောက် အန်ဒါလက်ချ်နဲ့ ဘန်လေအသင်းတို့မှာ မန်စီးတီး အသင်းဖော်ဟောင်း ကွန်ပနီရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။
ဘယ်လာမီဟာ ဘန်လေအသင်းကနေ ကွန်ပနီ ထွက်ခွာချိန်မှာ ဘန်လေအသင်း နည်းပြအဖြစ် ခန့်အပ်ခံရဖို့ မျှော်လင့်ခဲ့ပေမယ့် စကော့ပါကားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ဝေးလ်စ်အသင်းကို ကိုင်တွယ်ဖို့ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC