- By CNI
- Category: အားကစား
- Hits: 668
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ကင်မရွန်းဂိုးသမား အိုနာနာဟာ ဆော်ဒီနိုင်ငံက ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့ရင်တောင် ယူနိုက်တက်အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ထားတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းမှာ ပုံမှန်လက်စွမ်း ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အိုနာနာကို နွေရာသီမှာ ခေါ်ယူဖို့ ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ အသင်းကို ရာသီအစကနေ စတင်ကိုင်တွယ်ရမယ့် လာမယ့်ရာသီ မတိုင်ခင် လူစာရင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဂိုးသမား အိုနာနာဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်း ရောင်းချမယ့် ကစားသမား စာရင်းထဲမှာ ပါဝင်နေတာပါ။
ဒါပေမယ့် အိုနာနာကတော့ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
လာမယ့် နွေရာသီမှာ အသင်းရဲ့တတိယဂိုးသမား တွမ်ဟီတန်ဟာ ထွက်ခွာမှာဖြစ်သလို ဒုတိယဂိုးသမား ဘာယင်ဒါရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်နေတာပါ။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဂိုးသမားနေရာတွေကို အားဖြည့်ဖို့ ဂိုးသမားသစ်တွေကို ရှာဖွေမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အဲရစ်ဆန်၊ လင်ဒီလော့ဖ်တို့ကို ထွက်ခွာခွင့် ပေးမှာဖြစ်သလို အငှားချထားတဲ့ ဆန်ချို၊ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကိုလည်း အပြီးသတ်ရောင်းချဖို့ စီစဉ်နေပါတယ်။
ဒါအပြင် ကတ်စီမီရိုနဲ့ ဟော့ဂျ်လန်းတို့ကိုလည်း ရောင်းချမယ့် စာရင်းထဲ ထည့်သွင်းထားတာပါ။
ယူနိုက်တက်အသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေ ရရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 598
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇
အာဆင်နယ်အသင်းဟာ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပထမအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယ အကျော့ပွဲစဉ်မှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရသလို အမျိုးသမီးစူပါလိဂ် ပြိုင်ပွဲမှာလည်း ထိပ်ဆုံး နေရာက ချယ်လ်ဆီးအသင်းနဲ့ ၈ မှတ် ကွာဟနေပါတယ်။
အဲဒါကြောင့် ချန်ပီယံလိဂ်ဖလားဟာ ဒီရာသီမှာ သူတို့ရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက် ဆုဖလားလည်း ဖြစ်တာပါ။
အာဆင်နယ်အသင်းဟာ ရီးရယ်လ်အသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးစလုံး သွင်းပြီး ဆီမီးဖိုင်နယ်တက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို အာဆင်နယ်အသင်းနည်းပြ ဆလီဂါ က ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
လိုင်ယွန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို စံချိန်တင် ၈ ကြိမ်အထိ ရယူထားနိုင်ခဲ့ပါတယ်။
အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဧပြီ ၁၉ ရက်နဲ့ ၂၀ ရက်၊ ဒုတိယအကျော့ကို ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 700
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီနဲ့ ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း နည်းပြအဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေပါတယ်။
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အာဂျင်တီးနားအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ပြီးနောက် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ ဒိုရီဗယ်လ်ဂျူနီယာရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ဒိုရီဗယ်လ်ဂျူနီယာရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှုပြုလုပ်နေပြီး သူတို့ရဲ့စာရင်းထဲမှာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ ဖလာမင်ဂိုအသင်းနည်းပြ ဖီလစ်ပီလူးဝစ်နဲ့ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်စ်တို့ ပါဝင်နေတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ် ထားပြီး ထပ်မံ အဆက်အသွယ် ပြုလုပ်ခဲ့တယ်လို့ The Athletic က ဖော်ပြထားပါတယ်။
အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ခဲ့သလို ဘရာဇီးလ် အသင်း ကစားသမားတွေကလည်း သူ့ကို နည်းပြအဖြစ် ခန့်အပ်စေချင်ခဲ့တာပါ။
ဒါပေမယ့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ဆက်ရှိခဲ့တာဖြစ်ပါတယ်။
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ သူ့ကိုနည်းပြအဖြစ် ခန့်အပ်ဖို့ ပြန်စိတ်ဝင်စားလာခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဗင်နီဇွဲလားအသင်းကို ရမှတ် ၆ မှတ်ဖြတ်ထားပါတယ်။
အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၄ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေး ကောင်းတွေရှိနေတာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 631
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
ယူနိုက်တက်အသင်း နည်းပြအာမိုရင်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် လုပ်ဖို့အတွက် နွေရာသီမှာ စပို့တင်းလစ္စဘွန်းအသင်း တောင်ပံကစားသမား တီရင်ကာအိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီမှာ တောင်ပံ ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ အန်တိုနီတို့ကို ရောင်းချဖို့ ရှိနေတာကြောင့် တောင်ပံကစားသမားတွေကို ပြန်လည်အားဖြည့်ဖို့ ပြင်ဆင်နေတာပါ။
တီရင်ကာအိုဟာ နည်းပြအာမိုရင် စပို့တင်းလစ္စဘွန်းအသင်းကို ကိုင်တွယ်ခဲ့ချိန်မှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ တီရင်ကာအိုကို ခေါ်ယူဖို့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးချေဖို့ ရှိနေတာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ တီရင်ကာအိုဟာ ပေါ်တူဂီအသင်းက ဒိန်းမတ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

တီရင်ကာအိုကို တွေ့ရစဉ်
တီရင်ကာအိုဟာ ဝုလ်ဗ်စ်အသင်းမှာ တစ်ရာသီကြာ အငှားကစားခဲ့ဖူးတဲ့အတွက် အင်္ဂလိပ်ဘောလုံးလောကနဲ့ မစိမ်းတဲ့သူပါ။
တီရင်ကာအိုကို ခေါ်ယူဖို့ ယူနိုက်တက်အသင်း တစ်သင်းတည်း စိတ်ဝင်စားနေတာ မဟုတ်ဘဲ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ဘာစီလိုနာအသင်းဟာ ပေါ်တူဂီ တောင်ပံကစားသမား တီရင်ကာအိုကို စပို့တင်းလစ္စဘွန်းအသင်းထံ ရောင်းချခဲ့ တုန်းက စာချုပ်ထဲမှာ ပေါင်သန်း ၂၀ ကျော်နဲ့ ပြန်လည်ခေါ်ယူနိုင်တဲ့ အချက်ထည့်သွင်းထားပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ တီရင်ကာအိုရဲ့ တိုးတက်မှုတွေအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကြောင့် ကစားသမားကိုခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။
တီရင်ကာအိုဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ပွဲပေါင်း ၁၄၃ ပွဲ ပါဝင်ကစားထားပြီး ၃၂ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ ရာသီက ပေါ်တူဂီလိဂ်ဖလား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
ချယ်လ်ဆီးအသင်းပရိသတ်တွေက မဲပေးရွေးချယ်တဲ့ အသင်းရဲ့အချိန်တိုင်းအကောင်းဆုံးအသင်းမှာ ဒရော့ဘာနဲ့ ဟာဇက်တို့ ရွေးချယ်ခံခဲ့ရပါတယ်။
၁၉၀၅ ခုနှစ် မတ်လမှာ စတင်တည်ထောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုလထဲမှာ နှစ်ပေါင်း ၁၂၀ ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။
အဲဒါကြောင့် ဒီအထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ်တွေက ရွေးချယ်တဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ၁၁ ဦးကို ချယ်လ်ဆီးအသင်းက ကြေညာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Chelsea's 'Team of 120' ကို ၄-၃-၃ ကစားကွက်နဲ့ ရွေးချယ်ခဲ့ပြီး ဂိုးသမားနေရာမှာ ပီတာချက်ကို ရွေးချယ်ခဲ့တာပါ။
နောက်တန်းနေရာမှာ အက်စ်ပီလီကွီတာ၊ဂျွန်တယ်ရီ၊သီယာဂိုဆေးလ်ဗားနဲ့ အက်ရှ်လေကိုးလ်၊ကွင်းလယ်မှာ လမ်းပတ်၊မက်ခီလီလီနဲ့ ကန်တီ၊ရှေ့တန်းမှာ ဟာဇက်၊ဒရော့ဘာနဲ့ ဇိုလာတို့ဖြစ်ပါတယ်။ ဒီကစားသမားတွေ အားလုံးထဲမှာ ဇိုလာတစ်ဦးတည်းသာ ပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ်ခေတ်မှာ မပါဝင်ခဲ့တဲ့ တစ်ဦးတည်း သော ကစားသမားဖြစ်ခဲ့တာပါ။
ကျန်ကစားသမားတွေဟာ ရိုမန်အေဘရာမိုဗစ်ချ်လက်ထက်မှာ ချယ်လ်ဆီး အသင်းအတွက် အောင်မြင်မှုတွေ အများအပြား ရယူပေးနိုင်ခဲ့ပါတယ်။

လက်ရှိချယ်လ်ဆီးအသင်းဟာ ဒီကစားသမားတွေနဲ့ အလွန်ဝေးကွာတဲ့ အဆင့်အတန်းမျိုးမှာ ရှိနေတာပါ။
နည်းပြ မာရက်စ်ကာကိုင်တွယ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာရပ်တည်နေပြီး ဆုဖလားရယူနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 549
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
ရီးရယ်လ်အသင်းဟာ လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်ကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှု အပြီးသတ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပါတယ်။
ရီးရယ်လ်အသင်းနဲ့ အာနိုးလ်တို့ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိထားပြီး ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။
အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ၃ လသာ ကျန်ရှိတော့တာကြောင့် အင်္ဂလန်ပြင်ပ ကလပ် အသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးမှုတွေ ပြုလုပ်ခွင့်ရှိတာပါ။
ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ခေါ်ယူဖို့ ကာလရှည်ကြာ စောင့်ကြည့်နေတာဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့ မှာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က အာနိုးလ်ကို ခေါ်ယူဖို့ ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် လီဗာပူးလ်အသင်းက ပယ်ချခဲ့တာပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

အာနိုးလ်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ အကယ်ဒမီထွက် အာနိုးလ်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်ပြေမှု မရှိခဲ့တာပါ။
အသက် ၆ နှစ် အရွယ်ကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အာနိုးလ်ဟာ အန်ဖီးလ်ကလပ်မှာပဲ သူ့ရဲ့ ကစားသမားဘဝကို ဖြတ်သန်းနေပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံပွဲပေါင်း ၃၄၉ ပွဲကစားထားပြီး ၂၂ ဂိုးသွင်း ယူကာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားပေါင်း ၈ ခုအထိ ရယူထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ပရိသတ်တွေကတော့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အာနိုးလ်ကို ဒီရာသီ အသင်းရဲ့ လက်ကျန်ပွဲတွေမှာ အသုံးမပြုဖို့ နည်းပြအာနီဆလော့ကို တိုက်တွန်းနေကြတာပါ။
အာနိုးလ်ဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရပြီး လာမယ့် ဧပြီထဲမှာ လီဗာပူးလ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 698
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၆
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံး တောင်အမေရိကအသင်း ဖြစ်လာခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ခြေစစ်ပွဲမတိုင်ခင်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘရာဇီးလ်အသင်းကို ဂိုးပြတ် ခြေပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးတွေကို အယ်လ်ဗာရက်ဇ်၊ အန်ဇို၊ မက်အယ်လစ္စတာနဲ့ ဆီမြွန်နီတို့က သွင်းယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်အသင်းအတွက် ချေပဂိုးကို ကွန်ညာက သွင်းယူခဲ့တာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကဇုန် ခြေစစ်ပွဲက ထိပ်ဆုံး ၆ သင်း တိုက်ရိုက် ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းကို တွေ့ရစဉ်
ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနားအသင်းကို အရေးနိမ့်ခဲ့ပေမယ့် အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဗင်နီဇွဲလားအသင်းကို ၆ မှတ် အသာရရှိနေတာကြောင့် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်ဖို့ အခြေအနေ ကောင်းနေတာပါ။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်ဂွက်ဇ်က “၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် အာဂျင်တီးနား။ ချန်ပီယံဆုကို ကာကွယ်ပြီး တောင်အမေရိကတိုက်အတွက် ဂုဏ်ယူအောင် ပြုလုပ်ပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၁၄ ပွဲစီ ယှဉ်ပြိုင်အပြီးမှာ အာဂျင်တီးနားအသင်းက ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၊ အီကွေဒေါအသင်းက ၂၃ မှတ်နဲ့ အဆင့် ၂ ၊ ဥရုဂွေး၊ဘရာဇီးလ်နဲ့ ပါရာဂွေးအသင်းတို့က ရမှတ် ၂၁ မှတ်စီနဲ့ အဆင့် ၃၊ ၄၊ ၅ နေရာမှာ ရပ်တည်နေပြီး ကိုလံဘီယာအသင်းက ရမှတ် ၂၀ နဲ့ အဆင့် ၆ နေရာမှာ ရပ်တည် နေတာပါ။
ဗင်နီဇွဲလား၊ ဘိုလီဗီးယား၊ ပီရူးနဲ့ ချီလီအသင်းတို့က အဆင့် ၇၊ ၈၊ ၉နဲ့ ၁၀ နေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 641
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
ဘရာဇီးလ်ကြယ်ပွင့် အန်းဒရစ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်း လူစာရင်းမှာ ပါဝင်ချင် တာကြောင့် ရီးရယ်လ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုတာကြောင့် အသက် ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ တစ်ပွဲမှ ပွဲထွက်လူစာရင်း ပါဝင်ခွင့် မရရှိသေးတာပါ။
အန်းဒရစ်ဟာ ပွဲကစားချိန် နည်းပါးမှုကြောင့် ဒီလထဲယှဉ်ပြိုင်နေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် ဘရာဇီးလ်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် နေမာရဲ့ ဒဏ်ရာကြောင့် အန်းဒရစ်ဟာ ဘရာဇီးလ်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တာပါ။
အန်းဒရစ်ဟာ ပါလ်မီးရက်စ်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ရီးရယ်လ်အသင်းအတွက် ၂၈ ပွဲ ကစားထားပြီး ၆ ဂိုး သွင်းယူထားပေမယ့် လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်နေရတာ ဖြစ်ပါတယ်။

အန်းဒရစ်ကို တွေ့ရစဉ်
အဲဒါကြောင့် အန်းဒရစ်ဟာ ဘရာဇီးလ်ဂန္ထဝင် ရိုမာရီယိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖွယ်ရှိတဲ့အကြောင်း အရိပ်အမြွက်ပြောခဲ့တာပါ။
အန်းဒရစ်က “အမှန်အတိုင်း ပြောရရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရမှာကို ကြောက်ရွံ့မိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့က ကျနော့်ရဲ့ အိပ်မက်ပါ။ ဒီပြိုင်ပွဲမှာ ပါဝင်ကစားပြီး ဘရာဇီးလ်အသင်း ကို ၆ ကြိမ်မြောက် ဆုဖလားရရှိအောင် ကူညီပေးချင်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံးကလပ်မှာ အကြီးမားဆုံး ကစားသမားတွေနဲ့ ရှိနေရတာက ခက်ခဲပါတယ်။ ခင်ဗျားဟာ ဒီအသင်းမှာ အမြဲတမ်းကစားဖို့ အခွင့်အရေး မရနိုင်ဘူး”လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရဖို့အတွက် အန်းဒရစ် အပါအဝင် လူငယ်ကစားသမားအချို့ကို စိတ်ရှည်ဖို့ပြောထားတာပါ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ ဘရာဇီးလ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အန်းဒရစ်ဟာ ၁၃ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 498
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
ဒဏ်ရာကြောင့် ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ သတင်းတွေ ထွက်ခဲ့တဲ့ တောင်ပံကစားသမား အာမတ်ဟာ ဒဏ်ရာကနေ ပြန်လာဖို့နီးစပ်နေပြီလို့ အရိပ်အမြွက် ချပြခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးဖြစ်တဲ့ အာမတ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အချိန်ကာလ တစ်ခုကြာအထိ အနားယူရမယ်လို့ ပြောထားတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အာမတ်ဟာ ရာသီကုန်အထိ အနားယူရနိုင်တယ်လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေထားပေမယ့် ကစားသမားက ဒီရာသီမှာ ပြန်လည်ပါဝင်နိုင်မယ့် အရိပ်အမြွက်ကို ချပြခဲ့တာ ဖြစ်ပါတယ်။

အာမတ်ကို တွေ့ရစဉ်
အာမတ်ဟာ သူ့ရဲ့ Snapchat ပို့စ်မှာ အသေးစိတ် အချက်အလက် အများအပြားကို မဖော်ပြထားပေမယ့် သူအနားယူနေရတဲ့ အချိန်တွေ ကုန်ဆုံးတော့မယ့် အရိပ်အမြွက်ကို ချပြခဲ့တာပါ။
အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ရာသီမကုန်ခင်မှာ အာမတ်ဟာ အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ရင် နည်းပြအာမိုရင် အနေနဲ့ လူစာရင်းအတွက် ရွေးချယ်စရာတွေ ပိုပြီးများလာမှာပါ။
ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပေမယ့် အခုလာမယ့်ပွဲတွေမှာ ခက်ခဲတဲ့ပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲတွေအဖြစ် နော်တင်ဟမ်ဖောရက်စ်၊ မန်စီးတီး၊ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၅
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို ယူနိုက်တက်အသင်းထံ ပြန်ပို့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ချယ်လ်ဆီးအသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဆန်ချိုရဲ့ အငှားစာချုပ်ထဲမှာ ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနိမ့်ဆုံးအဆင့် ၁၄ နေရာ နဲ့ ရာသီအဆုံးသတ်ခဲ့ရင် ပေါင်သန်း ၂၀ ကနေ ၂၅ သန်းကြားပေးပြီး အပြီးသတ် ခေါ်ယူရမယ့် အချက် ပါဝင်နေပါ တယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မခေါ်ယူဘဲ ယူနိုက်တက်အသင်းထံ ပြန်ပို့ဖွယ် ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းအနေနဲ့ ဆန်ချိုကို အပြီးသတ် မခေါ်ယူခဲ့ရင် ယူနိုက်တက်အသင်းကို ပေါင် ၅ သန်း ပေးချေရ မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဆန်ချိုဟာ ဒီရာသီအစပိုင်းမှာ ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာပါ။

ဆန်ချိုကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ တောင်ပံကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် ဆန်ချိုရဲ့ အနာဂတ်ဟာ သံသယဖြစ်စရာတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားစာချုပ် ကုန်ဆုံးမယ့် နွေရာသီမှာ အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပါ။
ချယ်လ်ဆီးအသင်း ပရိသတ်အဖြစ် ကြီးပြင်းလာတဲ့ ဆန်ချိုဟာ လန်ဒန်ကလပ်မှာပဲ ဆက်ရှိဖို့ စိတ်အားထက်သန် နေတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းကနေ ပေါင်သန်း ၇၀ ကျော်နဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ၃ ရာသီအတွင်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို နည်းပြဟောင်း အဲရစ်တန်ဟတ်နဲ့လည်း အဆင်မပြေမှုတွေရှိခဲ့တာပါ။
အဲဒါကြောင့် ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားသွား ကစားခဲ့ရပါတယ်။
ယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၂၈ ပွဲ ကစားထားအပြီးမှာ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတဲ့ ဆန်ချိုကို အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
Source: Metro
