- By CNI
- Category: အားကစား
- Hits: 632
ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ဒမ်ဘီလီ ပြော
CNI Spore News
၂၀၂၅ ခုနှစ်၊ မေလ ၃၁
PSG အသင်းကြယ်ပွင့် ကစားသမား ဒမ်ဘီလီက တစ်ဦးချင်းဆုတွေထက် ချန်ပီယံလိဂ်ဖလားကို အသင်းနဲ့အတူ ရယူနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီ ပြောခဲ့ပါတယ်။
ဒမ်ဘီလီက “PSG ကစားသမား တစ်ဦးဖြစ်တဲ့ အချိန်မှာ အရေးကြီးတာက ချန်ပီယံလိဂ်ဖလားကို ရယူပြီး အိမ်ပြန် နိုင်ဖို့ပါ။ ကျနော်ဟာ တစ်ဦးချင်းဆုတွေထက် အသင်းကိုပဲ အာရုံစိုက်ထားပါတယ်။ ဘောလွန်းဒီအောက စိတ်ရဲ့ နောက်ကွယ်မှာရှိပေမယ့် ကျနော်ဟာ အသင်းကိုပဲ အာရုံစိုက်ချင်ပါတယ်။ အင်တာမီလန်အသင်းက အလွန် ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဗိုလ်လုပွဲ တက်ဖို့ထိုက်တန်ပါတယ်။ ဗိုလ်လုပွဲအတွက် ကောင်းမွန်စွာ ပြင်ဆင် ထားပြီး စွမ်းဆောင်ရည် ကောင်းတွေပြသနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဒမ်ဘီလီဟာ ဒီရာသီမှာ PSG အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ဂိုး သွင်းယူထားပြီး အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိတဲ့ လမ်းကြောင်းမှာ အဓိကအရေးပါတဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။

ပုံစာ- ဒမ်ဘီလီကို တွေ့ရစဉ်
ဒမ်ဘီလီဟာ PSG အသင်းအတွက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရယူဖို့ ရေပန်းစားနေတဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။
ဒါပေမယ့် ဒမ်ဘီလီဟာ PSG အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ကိုသာ အဓိက ဦးစားပေးထားတာ ဖြစ်ပါတယ်။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒမ်ဘီလီဟာ ဒီရာသီရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး သူဟာ ခေါင်းဆောင်တစ်ဦး စိတ်ဓါတ်ရှိတယ်လို့ ချီးကျူးခဲ့တာပါ။
PSG အသင်းဟာ ဒီရာသီမှာ ပြင်သစ်လီဂူး-၁၊ ပြင်သစ်ဖလားနဲ့ ပြင်သစ်စူပါဖလားတို့ကို ရရှိထားပြီး ချန်ပီယံလိဂ် ဖလားကို ရယူကာ ပြီးပြည့်စုံတဲ့ ရာသီအဖြစ် အဆုံးသတ်ချင်နေပါတယ်။
PSG နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဇွန်လ ၁ ရက်မနက်ပိုင်း ဘိုင်ယန်မြူးနစ် အသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 375
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဆန်ချိုကို အသင်းမှာ ဆက်နေချင်ရင် လုပ်ခလစာ လျှော့ပြီးယူဖို့ လိုအပ်တယ်လို့ ပြောထားကြောင်း talkSPORT က ဖော်ပြထားပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကွန်းဖရန့်လိဂ်ဖလား ရရှိအောင် ကူညီပေး ထားပေမယ့် အသင်းက သူ့ကို အပြီးသတ် ခေါ်ယူဖွယ်ရှိ/မရှိ စဉ်းစားနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားနဲ့ခေါ်ယူခဲ့တုန်းက ရာသီကုန်ချိန်မှာ ပေါင်သန်း ၂၀ ကနေ ၂၅ သန်းကြား ပေးပြီး အပြီးသတ်ခေါ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မခေါ်ယူချင်ရင် ယူနိုက်တက်အသင်းကို လျော်ကြေးပေါင် ၅ သန်းပေးပြီး ပြန်ပို့နိုင်တာပါ။

ဆန်ချိုကို တွေ့ရစဉ်
Sky Sports က ချယ်လ်ဆီးအသင်းဟာ ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး သူ့ကိုအသင်းမှာ ဆက်ထိန်းထားဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားတာပါ။
ဆန်ချို ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆန်ချိုအနေနဲ့ ချယ်လ်ဆီးအသင်းမှာ ဆက်နေချင်ရင် သူရရှိနေတဲ့ လုပ်ခလစာကို လျှော့ယူပြီး ကလပ် အသင်းရဲ့ လုပ်ခလစာပေးတဲ့ ပုံစံနဲ့ ကိုက်ညီတဲ့ သဘောတူညီမှုကို သဘောတူဖို့ လိုအပ်နေတာပါ။
ဆန်ချိုဟာ တစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းဝန်းကျင် ရရှိနေတာကြောင့် ချယ်လ်ဆီးအသင်းမှာ ဆက်နေချင်ရင် လုပ်ခလစာ အအများအပြားကို လျှော့ယူရတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ၁ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆန်ချိုကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ကစားသမားဟောင်း ဂျိုကိုးလ်ကလည်း တိုက်တွန်းမှုပြုလုပ်ထားတာပါ။
ဆန်ချိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 498
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
ဘရာဇီးလ်တိုက်စစ်မှူး နေမာက မရေမရာဖြစ်နေတဲ့ သူ့ရဲ့ ဆန်းတို့စ်အသင်း အနာဂတ်ကို ဇွန်လ ၁၂ ရက် နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောခဲ့ပါတယ်။
နေမာက “အနာဂတ်နဲ့ ပတ်သက်ပြီး ကျနော် မသိသေးဘူးလို့ ပြောပြီးပါပြီ၊ ဒါကြောင့် ကျနော်ဟာ ဒါကို စဉ်းစားမှုတွေ ပြုလုပ်နေဆဲပါပဲ။ နောက်ထပ်လာပြီး ထပ်မေးရင်လည်း အဖြေက အတူတူပဲ ဖြစ်မှာပါ။ ကျနော် ဒါကို ဇွန်လ ၁၂ ရက် နောက်ပိုင်းမှသာ ဆုံးဖြတ်သွားမယ်"လို့ လိုက်ပ်ဇစ်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီက ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်ပြောင်းရွှေ့လာခဲ့ပြီး ၅ လ စာချုပ်ချုပ်ဆိုခဲ့တဲ့ နေမာဟာ ဇွန်လ ၃၀ ရက်ကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းကတော့ နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးထိန်းထားဖို့ ဆန္ဒရှိနေတာပါ။

နေမာကို တွေ့ရစဉ်
နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမှာဖြစ်လို့ ဘရာဇီးလ် ထိပ်တန်းလိဂ်ပြိုင်ပွဲတွေကို ဇွန်လ ၁၂ ရက်ကနေ တစ်လကြာ ရပ်နားမှာဖြစ်ပါတယ်။
နေမာရဲ့ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဒါဆေးလ်ဗားက သူ့ရဲ့သားဟာ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရခြင်း မရှိသေးကြောင်းနဲ့ အခြားရွေးချယ်စရာတွေရှိတယ်လို့ ပြောထားတာပါ။
နေမာဟာ ကြွက်သားဒဏ်ရာကြောင့် ဆန်းတို့စ်အသင်းအတွက် ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ၃ ပွဲသာ ပါဝင် ကစားထားပြီး လက်ရွေးစင် အသင်းထံ ပြန်လာနိုင်ဖို့လည်း နှောင့်နှေးနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း နည်းပြသစ် အန်ဆယ်လော့တီဟာ နေမာကို ဇွန်လထဲမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့တာပါ။
နေမာဟာ ဆန်းတို့စ်အသင်းကို ပြန်ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 448
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်း နည်းပြအဖြစ် သူ့ရဲ့ပထမဆုံး အပြောင်းအရွှေ့မှာ အသင်းဟောင်း ယူနိုက်တက်အသင်းက အန်တိုနီနဲ့ ဂါနာချိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အဲရစ်တန်ဟတ်ဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ ဇာဘီအလွန်ဆိုရဲ့ နေရာမှာ လေဗာကူဆင် အသင်းနည်းပြသစ်အဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခြင်းခံထားရတာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခြင်းခံရပြီးနောက် လေဗာကူဆင်အသင်းဟာ အဲရစ်တန်ဟတ်အတွက် ပထမဆုံးနည်းပြ အလုပ်အကိုင် ဖြစ်ခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကို အာရုံစိုက်နေတာပါ။
လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့အတွက် အဲရစ်တန်ဟတ်ဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ အန်တိုနီနဲ့ ဂါနာချိုကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Kicker က အန်တိုနီနဲ့ ဂါနာချိုတို့ဟာ လေဗာကူဆင်အသင်း အတွင်းပိုင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အန်တိုနီရဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ အလားအလာက ပိုပြီးများတယ်လို့ ဖော်ပြထားတာပါ။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး စပိန်ကလပ်အတွက် ၉ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ ဘက်တစ်အသင်းမှာ အထင်ကြီးဖွယ်ကောင်းတဲ့ ပုံစံပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေတာပါ။
ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အန်တိုနီကို ခေါ်ယူဖို့ လေဗာကူဆင်အသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားနေကြပါတယ်။
ဂါနာချိုကလည်း နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး နည်းပြအာမိုရင်က သူ့ကို အသင်းသစ် ရှာဖွေဖို့ ပြောထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ဂါနာချိုဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်လူစာရင်း ချန်လှပ်ခံခဲ့ရသလို အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ လူစာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
ဂါနာချိုကို ခေါ်ယူဖို့ နာပိုလီအသင်းအပြင် အသင်းအချို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 430
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
အာဂျင်တီးနား ကစားသမားဟောင်း ဒီမာရီယာဟာ သူ့ရဲ့ငယ်ဘဝကလပ် ရိုဆာရီယိုအသင်းထံ ပြန်လာ ကစားမယ်လို့ အာဂျင်တီးနား ပရီးမီးယားကလပ်က မေလ ၂၉ ရက်က ကြေညာခဲ့ပါတယ်။
“ကျနော်တို့ သမိုင်းကို အတူတူရေးဖို့ စာမျက်နှာတွေ အများကြီးရှိပါတယ်။ အိမ်ကနေ ကြိုဆိုပါတယ်”လို့ ရိုဆာရီယိုအသင်းက ဒီမာရီယာရဲ့ အပြောင်းအရွှေ့ကို သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတာပါ။
ရိုဆာရီယို လူငယ်အသင်း စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်ရှိ ဒီမာရီယာဟာ အသင်းကြီး အတွက် ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့တာဖြစ်ပါတယ်။
ဒီမာရီယာဟာ ရိုဆာရီယိုအသင်းအတွက် ၃၉ ပွဲ ကစားခဲ့ပြီး ၆ ဂိုး သွင်းယူကာ ၂၀၀၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒီမာရီယာဟာ ဒီနောက်မှာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ရီးရယ်လ်၊ ယူနိုက်တက်၊ PSG နဲ့ ဂျူဗင်တပ်စ် အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

ဒီမာရီယာကို တွေ့ရစဉ်
ဒီမာရီယာဟာ ၂၀၂၃ ခုနှစ်မှာ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး နွေရာသီဆိုရင် စာချုပ်ကုန်ဆုံးမှာပါ။
အာဂျင်တီးနား ဂန္ထဝင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ရိုဆာရီယိုအသင်းထံ ပြန်လာဖို့ နီးစပ်ခဲ့ပေမယ့် ဒေသတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေ တိုးလာပြီး သူနဲ့ သူ့မိသားစုအပေါ် အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တာကြောင့် သူ့အစီအစဉ်ကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။
ဒီမာရီယာဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘင်ဖီကာအသင်းအတွက် ပါဝင် ကစားပေးပြီးမှသာ ရိုဆာရီယိုအသင်းထံ ပြောင်းရွှေ့လာမှာပါ။
ဘင်ဖီကာအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်၊ ဘိုကာဂျူနီယာ၊ အော့ကလန်စီးတီး အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ဒီမာရီယာဟာ အာဂျင်တီးနားအသင်းနဲ့ ဆုဖလားအောင်မြင်မှု ၆ ခု အပါအဝင် သူ့ရဲ့ဥရောပ ကစားသမားဘဝမှာ ဆုဖလားပေါင်း ၃၀ ခုအထိ ရရှိထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 568
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
စပိန်ချန်ပီယံ ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ပြီး ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင် လက်ထက် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီက အက်စတွန်ဗီလာအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ဆုံးရှုံးခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ကလပ်အသင်းမှာသာ ကစားဖို့ဆန္ဒရှိနေတာပါ။
Sport သတင်းက ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်တဲ့ အနေနဲ့ အားကစားဒါရိုက်တာ ဒေကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့အေးဂျင့်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေပေမယ့် အန်ဖီးလ်ကလပ်ရဲ့ တောင်းဆိုမှု မြင့်မားမှုကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်တာပါ။
လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် ပြုလုပ်ဖို့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ကုန်ကျစရိတ်နည်းပါးတဲ့ ရွေးချယ်မှုအဖြစ် မြင်နေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို လာမယ့်နှစ်မှာ ဝယ်ယူဖို့ ရွေးချယ်မှု ပါဝင်တဲ့ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့သူဖြစ်တာကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က နှစ်သက်နေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားနေပြီး ရာသီကြို လေ့ကျင့်ခန်း အစီအစဉ် စတင်တဲ့အချိန်မှာ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 532
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ကို အေဂျက်စ်အသင်းကနေ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရပြီး ၈ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တာပါ။
ဆန်းဒါးလန်းအသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နွေရာသီမှာ လူစာရင်း အင်အားကို တောင့်တင်းအောင်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် ဆန်းဒါးလန်းအသင်းဟာ အေဂျက်စ်အသင်းကနေ ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေတာပါ။
လီဗာပူးလ်အသင်း ခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ် အသင်း ကနေ ထွက်ခွာပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ အေဂျက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်ကို တွေ့ရစဉ်
ဟန်ဒါဆန်ဟာ အေဂျက်စ်အသင်းနဲ့အတူ ၂၀၂၄-၂၅ ရာသီ ဒတ်ချ်အမှတ်ပေးဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် PSV အသင်းထံ ဆုဖလားပေးခဲ့ရတာပါ။
ဟန်ဒါဆန်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေသေးပေမယ့် သူဟာ ငယ်ဘဝကလပ် ဆန်းဒါးလန်းအသင်းထံ ပြန်လာဖို့ လမ်းဖွင့်ထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။
ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဆန်းဒါးလန်းအသင်းကို ဝင်ဘလေကွင်းမှာ လာရောက် အားပေးခဲ့တာပါ။
ဆန်းဒါးလန်းအသင်း လူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းအသင်းအတွက် ၇၉ ပွဲကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ လက်ရှိအချိန်မှာ ဇွန်လထဲ ယှဉ်ပြိုင်မယ့် အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါ အသင်းနဲ့ ခြေစမ်းပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 568
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ယူနိုက်တက်အသင်းဟာ Asean All Stars အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ လှောင်ပြောင်မှုတွေ ခံခဲ့ရပြီးနောက် နည်းပြအာမိုရင်က အသင်းဟာ လှောင်ပြောင်ခံရသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျနော်ဟာ အမြဲတမ်း အပြစ်ရှိသလို ခံစားရပါတယ်။ ပရိသတ် တွေရဲ့ လှောင်ပြောင်မှုတွေဟာ ကျနော်တို့လိုအပ်တဲ့ အရာတစ်ခုလို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုရင် ပရီးမီးယားလိဂ်မှာ ကျနော်တို့ ရှုံးပွဲကြုံတွေ့တိုင်း သူတို့ဟာ အမြဲတမ်းရှိနေလို့ပါ။ ပရိသတ်တွေဟာ အချိန်တိုင်း ကျနော်တို့နဲ့အတူ ရှိနေတယ်လို့ ခံစားရပါတယ်။ ဒီရလဒ်ကတော့ စိတ်ပျက်စရာဖြစ်ပြီး ကျနော်တို့ ပိုပြီးကောင်း အောင် လုပ်သင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ဆိုးရွားတဲ့ ရာသီကို ဖြတ်သန်းခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၅ နေရာနဲ့ ရာသီသိမ်းပြီး နောက်တစ်ရက်အကြာမှာ ခြေစမ်းပွဲကစားဖို့ အာရှကို ခရီးထွက်လာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ မေလ ၂၈ ရက်က မလေးရှားနိုင်ငံ၊ ဘူကစ်ဂျာလီအားကစားကွင်းမှာ Asean All Stars အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

ယူနိုက်တက်ယှဉ်ပြိုင်နေစဉ်
Asean All Stars အသင်းအတွက် တစ်လုံးတည်းသော ဂိုးကို မြန်မာ့လက်ရွေးစင် ကစားသမား မောင်မောင်လွင်က သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ပွဲအပြီးမှာ ပရိသတ်အချို့ဟာ အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမတိုင်မီ အသင်းရဲ့ လူစာရင်းကို ပိုပြီးအင်အား ကောင်းမွန်အောင် ဖြည့်တင်းဖို့ရှိနေပြီး ဝုလ်ဗ်စ်အသင်းကြယ်ပွင့် ကွန်ညာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ထပ် ခြေစမ်းပွဲအဖြစ် မေလ ၃၀ ရက်မှာ ဟောင်ကောင် လက်ရွေးစင်အသင်းနဲ့ ဟောင်ကောင်နိုင်ငံမှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: tntsports
- By CNI
- Category: အားကစား
- Hits: 674
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ဘက်တစ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ဥရောပကလပ်ဖလား အားလုံးကို ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဘက်တစ်အသင်းဟာ ပွဲချိန် ၉ မိနစ်မှာကတည်းက ချယ်လ်ဆီးအသင်းကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ၆၄ မိနစ်အထိ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့တာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းအတွက် ပွဲချိန် ၆၅ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က ချေပဂိုးသွင်းပြီး မိနစ် ၇၀ မှာ ဂျက်ဆန်၊ ၈၃မိနစ်မှာ ဆန်ချိုနဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ ကိုင်စီဒိုက အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဘက်တစ်အသင်းကို ဂိုးပြတ်အနိုင်ရပြီး ကွန်းဖရန့်လိဂ်ဖလားကို ရယူနိုင် ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ဖလား မတိုင်မီက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ စူပါဖလားနဲ့ Cup Winners Cup တို့မှာလည်း ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တဲ့အတွက် UEFA ကလပ်ပြိုင်ပွဲ ၅ ခုစလုံးမှာ ချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကွန်းဖရန်လိဂ်ဖလား အောင်မြင်မှုဟာ အသင်းအတွက် နောက်ထပ် ဆုဖလားတွေရယူနိုင်ဖို့ စမှတ်ဖြစ်နိုင်တယ်လို့ ယုံကြည်နေတာပါ။
မာရက်စ်ကာက “အနိုင်ရတဲ့ စိတ်ဓါတ်ကို တည်ဆောက်ဖို့ဆိုရင် ပွဲတွေကို အနိုင်ရဖို့လိုသလို ပြိုင်ပွဲတွေမှာ ဆုဖလားတွေ ရယူနိုင်ဖို့လိုပါတယ်။ ဒီဆုဖလားက ကျနော်တို့ကို ပိုပြီးကောင်းအောင် လုပ်နိုင်မယ်ဆိုတာ သေချာပါတယ်။ ကျနော့်အတွက်တော့ ဒီရာသီမှာ အသင်းလုပ်နိုင်ခဲ့တဲ့အရာအတွက် ဂုဏ်ယူပြီး ကျနော်တို့ဟာ အများကြီးတိုးတက်လာခဲ့ပါတယ်။ ဒါက ကျနော်တို့ရဲ့ စမှတ်ဖြစ်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင် တော့ဒ်ဘိုလေ ဦးဆောင်တဲ့ အစုအဖွဲ့ လက်ထက်မှာ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်ကနေ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်လည်း ရရှိထားတာပါ။
ဘက်တစ်အသင်းကတော့ ပထမဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ ဥရောပဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင် ရမှာဖြစ်လို့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
source: espn
- By CNI
- Category: အားကစား
- Hits: 724
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၈
အာဆင်နယ်အသင်း ဒါရိုက်တာတွေဟာ လစ္စဘွန်းမှာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ပေါ်တူဂီ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယိုကီရက်စ်ဟာ ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅၂ ပွဲကစားပြီး ၅၄ ဂိုးသွင်းယူကာ အသင်းကို ပေါ်တူဂီအမှတ်ပေးလိဂ်နဲ့ ဖလားချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ရဲ့ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ယိုကီရက်စ်ကို နွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ ရှိနေတာပါ။
Correio da Manha သတင်းက အာဆင်နယ်အသင်းဟာ လစ္စဘွန်းမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအတွင်းမှာ ယိုကီရက်စ်ကို အပိုဆုကြေးတွေ မပါဝင်မီ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယိုကီရက်စ်ကို တွေ့ရစဉ်
ဒါအပြင် အာဆင်နယ်အသင်းဟာ ယိုကီရက်စ်အတွက် လက်မှတ်ထိုးကြေး ယူရို ၁၂ သန်း၊ တစ်ပတ်လုပ်ခပေါင် ၁၁၀,၀၀၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားတာပါ။
ယိုကီရက်စ်ရဲ့ အေးဂျင့်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ဆွေးနွေးဖို့ စပို့တင်းလစ္စဘွန်း အသင်းအကြီးနဲ့ တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ ပေါ်တူဂီဖလား ဗိုလ်လုပွဲအပြီးမှာ ယိုကီရက်စ်က နွေရာသီမှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်တဲ့အတွက် ပြောဖို့ခက်ခဲပြီး ဆက်ကြည့်ကြတာပေါ့လို့ ပြောခဲ့တာပါ။
ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ထွက်ခွာခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် အသင်းမှာသာ ကစားချင်တာကြောင့် အာဆင်နယ်အသင်းဟာ သူ့ကို ခေါ်ယူနိုင်မယ့် ပြိုင်ပွဲမှာ ဦးဆောင်နေပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၂ ပွဲ ကစားထားပြီး ၉၇ ဂိုး သွင်းယူကာ ပေါ်တူဂီလိဂ် ၂ ကြိမ်နဲ့ ပေါ်တူဂီဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: metro
