
- By CNI
- Category: အားကစား
- Hits: 1430
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆
ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီဂျစ်အသင်းကို အချိန်ပိုမှာ အနိုင်ရပြီးနောက် နှစ်ပေါင်း ၄၀ အကြာမှ ပထမဆုံးအကြိမ်အဖြစ် အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီဂျစ်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဆာဘာက သွင်းယူခဲ့ပေမယ့် မာတီတာက ပြင်သစ်အသင်းအတွက်ချေပဂိုးသွင်းယူခဲ့လို့ မိနစ် ၉၀ အတွင်း ၁ ဂိုးစီသရေကျပြီး အချိန်ပို ဆက်ယှဉ်ပြိုင်ခဲ့ ရတာပါ။
အချိန်ပိုမှာ မာတီတာနဲ့ အိုလီဆီတို့က ပြင်သစ်အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ ပြင်သစ်အသင်းက အီဂျစ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အိုလံပစ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ ၁၉၈၄ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရယူပြီးနောက် အောင်မြင်မှုနဲ့ ဝေးကွာခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာမှ ပထမဆုံးအကြိမ် ဗိုလ်လုပွဲကို ပြန်တက်နိုင်ခဲ့တာပါ။
ပြင်သစ်အသင်းဟာ ဗိုလ်လုပွဲမှာ မော်ရိုကို အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ပြင်သစ် အသင်းနည်းပြ အွန်နရီက အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရဖို့ သေချာနေပေမယ့် ရွှေတံဆိပ်ရယူနိုင်ဖို့အတွက် လုပ်ဆောင်ရဦးမယ်လို့ ပြောခဲ့ပါတယ်။
အွန်နရီက “ကစားသမားတွေအားလုံးကို အသိအမှတ်ပြုပါတယ်။ အီဂျစ်က ဒီပွဲမှာ အလွန်ကောင်းမွန်ခဲ့ပြီး ကျနော် တို့ကလည်း အနိုင်ရအပြီးမှာ ဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။ ပရိသတ်တွေက ကျနော်တို့ကို ဆက်သွားဖို့ တွန်းအား ပေးခဲ့ပါတယ်။ အခုအချိန်မှာ ဆုတံဆိပ်ရဖို့သေချာနေပေမယ့် နှစ်ပေါင်း ၄၀ အကြာမှာ ပထမဆုံးဘောလုံး ရွှေတံဆိပ်ရယူနိုင်ဖို့ နောက်ထပ်ခြေတစ်လှမ်းရှိပါသေးတယ်။ စပိန်က ဗိုလ်လုပွဲမှာ ကျနော်တို့ကို စောင့်နေပြီး ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ အီဂျစ်အသင်းကတော့ တတိယနေရာလုပွဲအဖြစ် မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
အိုလံပစ်အမျိုသားဘောလုံးပြိုင်ပွဲတတိယနေရာလုပွဲကို သြဂုတ်လ ၈ ရက်နဲ့ ဗိုလ်လုပွဲကိုတော့ သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 891
CNI Sport News
၂၀၂၄ခုနှစ်၊ သြဂုတ် ၅
ချယ်လ်ဆီးကစားသမား ဂယ်လာဂါဟာ အက်သလက်တီကို အသင်းကို ပြောင်းရွှေ့ဖို့ စပိန်မြေကို ထွက်ခွာတော့ မှာပဲ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဂယ်လာဂါအတွက် ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။
အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ တနင်္လာနေ့နံနက် အစောပိုင်းမှာ စပိန်ကိုထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဂယ်လာဂါဟာ ကိုယ်ရေးကိုယ်တာ စည်းကမ်းချက်တွေကို အပြီးသတ်ဖို့ အက်သလက်တီကိုနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး အားလုံးအဆင်ပြေပြီဆိုတာနဲ့ ကျန်းမာရေး ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဂယ်လာဂါအတွက် အက်စတွန်ဗီလာထံက ပိုမိုကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် ဗီလာပါ့ခ်ကို ပြောင်ရွှေ့ဖို့ ငြင်းပယ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဂယ်လာဂါ ကို တွေ့ရစဥ်(Fabrizio Romano)
စပါးအသင်းကလည်း ဂယ်လာဂါကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို ပရီးမီးယားလိဂ် ပြိုင်ဘက်ထက် ပြည်ပကလပ် အသင်းတစ်သင်းကိုဘဲ ရောင်းချချင်ခဲ့တာ ဖြစ်ပါတယ်။
Source: Sky Sports

- By CNI
- Category: အားကစား
- Hits: 896
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅
စပိန်ကြယ်ပွင့် မာ့ခ်ဂီအူက ရာသီသစ်မတိုင်ခင် အငှားချခံရမလားဆိုတာ သူမသိသေးပေမယ့် ချယ်လ်ဆီးအသင်း မှာ နေရာရဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
မာ့ခ်ဂီအူက “ပရီးမီးယားလိဂ်အတွက် ကျနော် အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ်။ ကွင်းအတွင်းရော ကွင်း အပြင်မှာပါ နေ့တိုင်းကြိုးစား လုပ်ဆောင်နေတာကြောင့် ကွင်းထဲမှာ အဆင်သင့်ဖြစ်ပြီလို့ ကျနော်ထင်ပါတယ်။ ဘာစီလိုနာက ထွက်ခဲ့တာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ အမြဲတမ်း ကစားချင်ခဲ့ပြီး ချယ်လ်ဆီးကလည်း သမိုင်းကြောင်းတွေ အများကြီးရှိတဲ့အသင်းပါ။ အစွမ်းကုန်ကြိုးစားပြီး အကောင်းဆုံးတွေကို ပေးသွားမယ်”လို့ ပြောခဲ့တာပါ။
လာမာစီယာ အကယ်ဒမီထွက် မာ့ခ်ဂီအူဟာ ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကနေ ယူရို ၆ သန်းနဲ့ ချယ်လ်ဆီးအသင်းထံ ၅ နှစ် စာချုပ်ချုပ်ကာ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
မာ့ခ်ဂီအူဟာ ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် ရာသီကြိုခရီးစဉ် ၄ ပွဲစလုံး ပါဝင်ကစားခွင့် ရထားတာပါ။
မာ့ခ်ဂီအူကို တွေ့ရစဉ်
စပိန်ကြယ်ပွင့်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ စွမ်းဆောင်ရည် ကောင်းတွေပြသခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်နိုင်ဖို့အတွက် တိုက်ပွဲဝင်ချင်နေတာ ဖြစ်ပါတယ်။
မာ့ခ်ဂီအူဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်အတွက် ဂျက်ဆန်၊ အန်ကွန်ကူတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
အသက် ၁၈ နှစ် အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ ကလပ် အမေရိကအသင်းနဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
မာ့ခ်ဂီအူဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ၇ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ရီးရယ်လ်၊ အင်တာမီလန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်ဖို့ရှိနေပြီး မာ့ခ်ဂီအူအနေနဲ့ အသင်းရဲ့ပွဲထွက် လူစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်ကြောင်း ဒီပွဲတွေမှာ သက်သေပြသဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 3373
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅
ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ဖို့အတွက် အသင်းကြီးက ကစားသမား ၈ ဦး ကို အရောင်းစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည်ခဲ့ပြီးနောက် ဘိုလော့ဂ်နာ အသင်းနည်းပြဟောင်း သီယာဂိုမော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်နေတာပါ။
အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဂျူဗင်တပ်စ်အသင်းဟာ ချီဆာ၊ ဆက်ဇနီ၊ မက်ကန်နီ၊ ဒီစီဂလီယို၊ မယ်လို၊ ကိုစတစ်၊ ကာဗီဂလီယာနဲ့ ရူဂါနီတို့ကို ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါ တယ်။
သီယာဂိုမော့တာက ဒီကစားသမားတွေဟာ သူတို့ရဲ့ပရောဂျက်ထဲမှာ မပါဝင်တာကြောင့် အသင်းသစ် ရှာဖွေရမှာ ဖြစ်ပြီး ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့တာပါ။
ဂျူဗင်တပ်စ်အသင်း တောင်ပံကစားသမား ချီဆာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အချို့က ကာလရှည်ကြာ စိတ်ဝင်စားနေတာကြောင့် အခုအချိန်ဟာ ကမ်းလှမ်းမှု ပြုလုပ်တာပိုပြီး လွယ်ကူနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းကို တွေ့ရစဉ်
အသက် ၂၆ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် ချီဆာကို ခေါ်ယူဖို့ ယူနိုက်တက်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါးနဲ့ နယူးကာဆယ်အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ချီဆာဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့ပြီး ပွဲပေါင်း ၃၇ ပွဲ ပါဝင်ကစားကာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အီတလီသတင်းစာ Corriere dello Sport က ဂျူဗင်တပ်စ်အသင်းဟာ ချီဆာကို လာမယ့်နှစ်မှာ အလွတ်နဲ့ မဆုံးရှုံးချင်တာကြောင့် သူ့အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ယူရို ၁၅ သန်းအထိ လျှော့ချခဲ့တာပါ။
အာဆင်နယ်အသင်း ဂိုးသမားဟောင်း ဆက်ဇနီဟာ ဆော်ဒီကလပ်တွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန် အထိ အပြောင်းအရွှေ့ ဖြစ်မြောက်ခြင်း မရှိသေးပါဘူး။
သတင်းတွေမှာတော့ ရမ်စဒေးလ်သာ ဒီနွေရာသီမှာ အာဆင်နယ်အသင်းက ထွက်ခွာခဲ့ရင် ဆက်ဇနီဟာ အသင်း ဟောင်းထံ ဒေးဗစ်ရာယာရဲ့ အရန်ဂိုးသမားအဖြစ် ပြန်ရောက်လာဖွယ်ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 1409
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က တောင်ပံကစားသမားဆန်ချိုကို တိုက်စစ်မှူးအဖြစ် ရာသီအစ ပွဲစဉ်တွေမှာ အသုံးပြုဖို့ရှိတယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဟော့ဂျ်လန်းကို အသုံးပြုလို့ မရတဲ့အတွက် ဆန်ချိုကို တိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်ပါ တယ်။ ဇာ့ခ်ဇီလည်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် သူဟာ အင်္ဂလိပ်ဘောလုံး၊ ကျနော်တို့ရဲ့ ကစားပုံနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူရပါမယ်။ ဆန်ချိုဟာ တိုက်စစ်မှူးအဖြစ် ကစားနိုင်သလို နေရာစုံမှာ လည်း ကစားနိုင်တဲ့သူပါ။ သူဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီအပတ်ထဲမှာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ဖို့ရှိနေပေမယ့် အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဟော့ဂျ်လန်းဟာ ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမှာဖြစ်သလို တိုက်စစ်မှူးသစ် ဇာ့ခ်ဇီကလည်း အသင်းနဲ့လေ့ကျင့်မှုတွေ ပြုလုပ်ရခြင်း မရှိသေးပါဘူး။
အဲဒါကြောင့် နည်းပြအဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ ဘက်တစ်၊ လီဗာပူးလ်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာ ဆန်ချိုကို တိုက်စစ်မှူးအဖြစ် အသုံးပြုကာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုကို တွေ့ရစဉ်
ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ဆွေးနွေး မှုတွေ ပြုလုပ်ပြီးနောက် အဆင်ပြေကာ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့်ရနေတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပွဲအချို့မှာ ဘရူနိုဖာနန်ဒက်ဇ်ကို တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့သလို ရက်ရှ်ဖို့ဒ်လည်း ရှိနေတာကြောင့် တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာရှိနေတာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်း အားနည်းခဲ့မှုအတွက် နည်းပြ အဲရစ်တန်ဟတ်ဟာ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲ ၅ ပွဲ ကစားခဲ့တာမှာ ဘက်တစ်နဲ့ ရိန်းဂျားစ်အသင်းကို အနိုင်ရခဲ့ပြီး အာဆင်နယ်၊ လီဗာပူးလ်နဲ့ ရိုစင်ဘော့အသင်းတို့ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 1214
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၅
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ အိုလံပစ်အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန် တင်းနစ်သမား အယ်လ်ကာရက်ဇ်ကို အနိုင်ယူပြီး ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံး အိုလံပစ် ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။
ဂရမ်းဆလမ်း ချန်ပီယံဆုကို စံချိန်တင် ၂၄ ကြိမ် ရရှိထားပြီး တင်းနစ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆု အများအပြား ရယူ ထားတဲ့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ အိုလံပစ်ပြိုင်ပွဲ ၅ ကြိမ်မြောက်မှာ ပထမဆုံးရွှေတံဆိပ်ကို ရရှိခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ဗိုလ်လုပွဲမှာ အယ်လ်ကာရက်ဇ်ကို ၇-၆၊ ၇-၆ နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ဟာ နိုင်ပွဲကြောင့် ငိုကြွေးခဲ့ပြီး ဆားဘီးယားအလံကို လွှင့်ထူကာ မိသားစု၊ သူ့ကို ပံ့ပိုးမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့နဲ့ အောင်ပွဲခံဖို့ ပွဲကြည့်စင်ပေါ်ကို သွားရောက်ခဲ့တာပါ။
ဂျိုကိုဗစ်ဟာ တစ်ဦးချင်းပြိုင်ပွဲရဲ့ Golden Slam လို့ခေါ်တဲ့ အဓိကပြိုင်ပွဲကြီး ၄ ခုနဲ့ အိုလံပစ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ၅ ဦးမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဂျိုကိုဗစ်ကို တွေ့ရစဉ်
ဒီလိုအောင်မြင်မှုကို ဂျိုကိုဗစ်ထက် အရင်ရယူနိုင်ခဲ့တဲ့ သူတွေကတော့ နာဒယ်လ်၊ ဆရီနာဝီလျံစ်၊ အက်ဂါဆီနဲ့ စတီဖီဂရပ်ဖ်တို့ ဖြစ်ပါတယ်။
ဒါအပြင် ဂျိုကိုဗစ်ဟာ အိုလံပစ်တင်းနစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ဂျိုကိုဗစ်က “ဒီအခိုက်အတန့်မှာ ကျနော် ခံစားခဲ့ရတဲ့ အရာတွေအားလုံးက ကျနော်ထင်ထားတာ ဒါမှမဟုတ် မျှော်လင့်ထားတာတွေကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ကွင်းထဲမှာ ဆားဘီးယား အလံကိုလွှင့်ပြီး နိုင်ငံတော်သီချင်း ကို ရွှေတံဆိပ်နဲ့အတူ သီဆိုရတာထက် ပိုကောင်းတဲ့ အရာရှိမယ်လို့ မထင်ပါဘူး။ ဒါဟာ ကျနော့်အတွက် အကြီး မားဆုံး အားကစားအောင်မြင်မှု တစ်ခုပါပဲ”လို့ ပြောခဲ့တာပါ။
ဂျိုကိုဗစ်ဟာ လက်ရှိအချိန်မှာ အနာဂတ်ကို မစဉ်းစားသေးဘဲ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ရတဲ့ ရွှေတံဆိပ် အတွက် ပျော်ရွှင်ပြီး အောင်ပွဲခံမှုတွေ ပြုလုပ်ချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီပွဲမှာ အရေးနိမ့်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်ရှိ အယ်လ်ကာရက်ဇ်ဟာ ပွဲအပြီးမှာ ငိုကြွေးခဲ့ပေမယ့် သူ့ရဲ့အိုလံပစ် ပွဲဦးထွက်မှာ ငွေတံဆိပ်ဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1422
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃
ဖူလ်ဟမ်အသင်း ကွင်းလယ်လူ ပါရဲရားက ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တာဟာ သူ့ဘဝရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်လို့ ပြောလိုက်ပါတယ်။
ပါရဲရားက “ယူနိုက်တက်က ထွက်ခဲ့တာဟာ ကျနော့်ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ထင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် ကစားဖို့၊ကစားသမားကောင်းတွေနဲ့အတူ နိုင်ငံအသင်းထဲဝင်ရောက်ဖို့၊ပရီးမီးယားလိဂ်မှာ ကျနော် ပျော်ပျော်ရွှင်ရွှင်ကစားဖို့အတွက်က ထွက်ခွာတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ ယူနိုက်တက်အသင်းမှာ ရှိခဲ့ချိန်က ကျနော် ပျော်ရွှင်ခဲ့ပါတယ်။ ဒါပေမယ့် ထွက်ခွာခဲ့တဲ့ အပေါ်မှာ နောင်တမရဘူး”လို့ The Evening Standard နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပါရဲရားဟာ ယူနိုက်တက်အသင်းကို ၂၀၁၁ ခုနှစ်ကတည်းက ရောက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ပုံမှန်ကစားခွင့်ရနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ပါရဲရားဟာ ယူနိုက်တက်အသင်းမှာရှိချိန်က ဂရန်နာဒါ၊ ဗလင်စီယာ၊ လာဇီယိုနဲ့ ဖလာဗင်ဂိုအသင်းတွေမှာ အငှားသွားရောက်ကစားခဲ့ရပါတယ်။
ပါရဲရားကို တွေ့ရစဉ်
အသက် ၂၈ နှစ်အရွယ်ရှိ ပါရဲရားဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၇၅ ပွဲကစားပြီး ၄ ဂိုးသွင်းယူခဲ့ကာ ၂၀၂၂ ခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ပါရဲရားဟာ ဖူလ်ဟမ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြသခဲ့ပြီး ပွဲထွက်ခွင့်တစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။
ပါရဲရားဟာ ဖူလ်ဟမ်အသင်းမှာ နှစ်ရာသီအတွင်း ပွဲပေါင်း ၈၂ ပွဲ ကစားခွင့်ရခဲ့ပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။
ပါရဲရားဟာ ဖူလ်ဟမ်အသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့လို့ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့တဲ့ ဘရာဇီးလ်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ယူနိုက်တက်ကစားသမားဟောင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ဘရာဇီးလ်အသင်းအတွက် ၇ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး မက္ကဆီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပထမဆုံးနိုင်ငံတကာသွင်းဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source:Dailymail

- By CNI
- Category: အားကစား
- Hits: 1565
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃
စပိန်တင်းနစ်ကြယ်ပွင့် အယ်လ်ကာရက်ဇ်က ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ရင် အိုလံပစ်တက်တူးထိုးဖို့ စိတ်ကူးရှိတယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်ကာရက်ဇ်က “တနင်္ဂနွေနေ့ပွဲမှာ ကျနော် အနိုင်ရခဲ့ရင် ခင်ဗျားတို့ မြင်တွေ့ပါလိမ့်မယ်။ ဒါက ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ခြေတစ်လှမ်းလှမ်းဖို့ ကျန်ရှိနေပါသေးတယ်။ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ပွဲရှိပါတယ်”လို့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ပြောခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ အယ်လ်ကာရက်ဇ်ဟာ အိုလံပစ်အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကနေဒါတင်းနစ်သမား ဖီးလစ်အူဂါကို ၆-၁၊၆-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် ၃ အယ်လ်ကာရက်ဇ်ဟာ သူ့ရဲ့ဘယ်ဘက်ခြေချင်းဝတ်မှာ ကြီးမားတဲ့ အီဖယ်လ်မျှော်စင်ကြီးကို တက်တူးထိုးခဲ့ပြီးနောက် ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဂရမ်းဆလမ်း ၃ ခုကို အမှတ်တရအနေနဲ့ တက်တူးထိုးထားခဲ့တာပါ။
အယ်လ်ကာရက်ဇ်ကို တွေ့ရစဉ်
အခုအချိန်မှာလည်း အယ်လ်ကာရက်ဇ်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရင် အိုလံပစ်တက်တူးထိုးဖို့ စိတ်ကူးရှိနေတာဖြစ်ပါတယ်။
အယ်လ်ကာရက်ဇ်ဟာ ဗိုလ်လုပွဲမှာ ဆားဘီးယားနာမည်ကြီးတင်းနစ်သမား ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီတလီနိုင်ငံသားတင်းနစ်သမား လိုရန်ဇိုကို ၆-၄၊၆-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အယ်လ်ကာရက်ဇ်နဲ့ ဂျိုကိုဗစ်တို့ဟာ နောက်ဆုံး ၆ ကြိမ်တွေ့ဆုံခဲ့တာမှာ ၃ ကြိမ်စီအနိုင်ရရှိထားတာပါ။
ပြီးခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲမှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တုန်းက အယ်လ်ကာရက်ဇ်က ဂျိုကိုဗစ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source:CNA

- By CNI
- Category: အားကစား
- Hits: 1129
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ အကယ်ဒမီထွက် စမစ်ရိုး အသင်းက ထွက်ခွာတာကို မြင်တွေ့ရတာ ဝမ်းနည်းမိတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဆီကနေ စမစ်ရိုးထွက်ခွာသွားတာကို မြင်တွေ့ရတာ ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် သူဟာ ပွဲတွေကိုစတင်ပြီး ပုံမှန် ကစားခွင့်လိုအပ်တဲ့အတွက် အခွင့်အရေးသစ်ကို ရယူနိုင်ခဲ့လို့ သူ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ သူ့ကို အာဆင်နယ်မှာရှိတဲ့လူတိုင်းက ချစ်ကြပြီး သူဟာ ကျနော်တို့ကို ကျေးဇူးတင်မှုတွေ၊လေးစားမှုတွေနဲ့ အကောင်းဆုံး ဆုတောင်းတွေထားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ စမစ်ရိုးဟာ ဖူလ်ဟမ်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အသက် ၁၀ နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ စမစ်ရိုးဟာ ၁၄ နှစ်အကြာမှာ ငယ်ဘဝကလပ်က ထွက်ခွာခဲ့တာပါ။
စမစ်ရိုးဟာ အာဆင်နယ်အသင်းအတွက် ၁၁၅ ပွဲကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူကာ ကွန်မြူနတီဒိုင်း ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။
စမတ်ရိုးကိုတွေ့ရစဉ်
စမစ်ရိုးဟာ ခြေစွမ်းပိုင်းကောင်းမွန်ပြီး အလားအလာရှိတဲ့သူ ဖြစ်ပေမယ့် ဒဏ်ရာတွေကြောင့် အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရတာပါ။
စမစ်ရိုးက ဖူလ်ဟမ်အသင်းရဲ့ ပရောဂျက်တွေအပေါ် စိတ်လှုပ်ရှားမိပြီး သူ့ရဲ့ကစားသမားဘဝအတွက် ပြီးပြည့်စုံတဲ့ ခြေလှမ်းဖြစ်တယ်ဆိုတာ သေချာတယ်လို့ အပြောင်းအရွှေ့အပြီးမှာ ပြောခဲ့ပါတယ်။
စမစ်ရိုးဟာ အင်္ဂလန်အသင်းကြီးအတွက် ၃ ပွဲပါဝင်ကစားထားပြီး လူငယ်အသင်းအဆင့်မှာ ၂၀၁၇ ယူ-၁၇ ကမ္ဘာ့ဖလား၊၂၀၂၃ ဥရောပယူ-၂၁ ဆုဖလားတို့ကို ရယူထားနိုင်ခဲ့ပါတယ်။
စမစ်ရိုးအနေနဲ့ ဖူလ်ဟမ်အသင်းမှာ သူ့ရဲ့အကောင်းဆုံး ပုံစံတွေကို ပြန်လည်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 947
CNI Sport News
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃
အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ပွဲအပြီးမှာ နှစ်ဖက်ကစားသမားတွေဟာ ကွင်းအတွင်း ရန်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ဒီပွဲစဉ်မှာ အွန်နရီ ကိုင်တွယ်နေတဲ့ ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းကို တိုက်စစ်မှူး မာတီတာရဲ့ သွင်းဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲပြီးကတည်းက တင်းမာမှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် အာဂျင်တီးနားကစားသမားအချို့ဟာ ပြင်သစ်လူမည်း ကစားသမားတွေကို လူမျိုးရေးခွဲခြားမှုတွေပြုလုပ်တဲ့ သီချင်းသီဆိုခဲ့ကြတာပါ။
အဲဒါကြောင့် နှစ်သင်းကြား ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အိုလံပစ်ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ဒီပွဲမစခင်မှာတင် ပြင်သစ်ပရိသတ်တွေဟာ အာဂျင်တီးနားအသင်းနိုင်ငံတော်သီချင်းသီဆိုချိန်မှာ ကျယ်လောင်စွာ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အာဂျင်တီးနားနဲ့ပြင်သစ် ရန်ပွဲကို တွေ့ရစဉ်
ပြိုင်ဘက်ပရိသတ်တွေကြား ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်နိုင်ဖို့အတွက် ပွဲကြည့်စင်ပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေချထားပေမယ့် ပွဲအပြီးကွင်းထဲမှာ နှစ်ဖက်ကစားသမားတွေ ရန်ပွဲဖြစ်ပွားခဲ့ကြတာပါ။
လူပေါင်း ၃၀ ပါဝင်တဲ့ ရန်ပွဲဖြစ်ခဲ့ပြီး ရုပ်ဆိုးတဲ့ မြင်ကွင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ပြင်သစ်ကစားသမားတွေဟာ သူတို့ရဲ့ပရိသတ်တွေရှေ့မှာ အောင်ပွဲခံမှုတွေပြုလုပ်နိုင်ခဲ့တာပါ။
ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ်အသင်းဟာ နိုင်ပွဲကြောင့် ၁၉၈၄ အိုလံပစ်ပြိုင်ပွဲနောက်ပိုင်း ရွှေတံဆိပ်ပြန်လည်ရယူနိုင်မယ့် မျှော်လင့်ချက်တွေဆက်ပြီးရှင်သန်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ အိုလံပစ်ပြိုင်ပွဲကို ၁၃ ကြိမ် ယှဉ်ပြိုင်ထားပြီး ၁၉၈၄ ပြိုင်ပွဲမှာသာ ရွှေတံဆိပ် ရယူနိုင်ခဲ့တာပါ။
အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပြင်သစ်နဲ့ အီဂျစ်၊စပိန်နဲ့ မော်ရိုကိုအသင်းတို့ တွေ့ဆုံနေပြီး သြဂုတ် ၅ ရက်မှာ ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
Source:Dailymail