- By CNI
- Category: အားကစား
- Hits: 501
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူကတော့ အသင်းမှာ နှစ်ပေါင်းများစွာကြာ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဟော့ဂျ်လန်းက “ကျနော်ဟာ ၂၀၂၈ အထိ စာချုပ်ရှိတာကြောင့် ယူနိုက်တက်အသင်းမှာ ဆက်ပြီးကစားဖို့ မျှော်လင့်ထားပါတယ်။ အခုနွေရာသီ အားလပ်ရက် ဖြတ်သန်းမှာဖြစ်ပြီး ဒါပြီးရင်တော့ လက်ရှိသွားနေတဲ့ ပရောဂျက်ကို ကျနော် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့နဲ့ ကောင်းမွန်တဲ့ ရာသီကြိုကို ရရှိဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့တာပါ။
ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပြီး သဘောတူညီမှုတောင် ရရှိခဲ့တယ်လို့ အီတလီသတင်းတွေက ဖော်ပြထားတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က အတ္တလန်တာအသင်းကနေ ပေါင်သန်း ၇၀ ကျော်နဲ့ ရောက်ရှိလာတဲ့ ဟော့ဂျ်လန်းဟာ ယူနိုက်တက် အသင်းကစားသမားဘဝ ပထမရာသီမှာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဟော့ဂျ်လန်းကို တွေ့ရစဉ်
ဒါပေမယ့် ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေ တာကြောင့် ဟော့ဂျ်လန်းဟာ အသင်းကနေ ထွက်ခွာရဖို့ ရှိလာခဲ့တာပါ။
ဒီအချိန်မှာ အင်တာမီလန်အသင်းဟာ ဟော့ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်ရာသီမှာ အငှားနဲ့ ခေါ်ယူကာ နောက်ရာသီမှာ ပေါင် ၃၈ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဒါပေမယ့် ဟော့ဂျ်လန်းကတော့ ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်နေတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့အတွက် ဘရာဇီးလ်ကြယ်ပွင့် ကွန်ညာကို ခေါ်ယူထား ပြီး ဘရန်ဖို့ဒ်အသင်း တောင်ပံကစားသမား အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 511
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
ပိုလန်စံချိန်တင်ဂိုးသွင်းရှင် လီဝန်ဒေါစကီးဟာ အသင်းခေါင်းဆောင်ရာထူး အစားထိုးခံခဲ့ရပြီးနောက် နည်းပြ ပရိုဘီယာ့ဇ် ကိုင်တွယ်နေချိန်မှာ ပိုလန်လက်ရွေးစင် အသင်းအတွက် မကစားဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ ပါတယ်။
လီဝန်ဒေါစကီးက “အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး နည်းပြအပေါ်မှာ ယုံကြည်မှု ဆုံးရှုံးသွားတဲ့အတွက် ပိုလန်လက်ရွေးစင်အသင်းမှာ သူတာဝန်ယူနေတဲ့ အချိန်အတွင်း ကစားတာကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ပရိသတ်တွေအတွက် ကျနော်နောက်ထပ် ပါဝင်ကစားဖို့ အခွင့်အရေးရှိဦးမယ်လို့ မျှော်လင့် ကြောင်း”သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးဟာ ပိုလန်လက်ရွေးစင်အသင်းအတွက် ၁၅၈ ပွဲ ကစားထားပြီး ၈၅ ဂိုး သွင်းယူထားကာ နိုင်ငံအသင်းရဲ့ ပွဲအရေအတွက် အများဆုံးနဲ့ သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေ တာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီးကို တွေ့ရစဉ်
ဒါပေမယ့် လီဝန်ဒေါစကီးဟာ ဒီလထဲ ယှဉ်ပြိုင်ကစားနေတဲ့ နိုင်ငံတကာပွဲတွေအတွက် ပိုလန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
လီဝန်ဒေါစကီးက သူဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာကြောင့် မပါဝင်နိုင်ခဲ့တာလို့ ပြောထားတာပါ။
ပိုလန် FA က နည်းပြ ပရိုဘီယာ့ဇ်ဟာ အင်တာမီလန်အသင်း ကွင်းလယ်လူ ဇီလင်စကီးကို အသင်း ခေါင်းဆောင် သစ် အဖြစ်ခန့်အပ်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လီဝန်ဒေါစကီးနဲ့ အသင်းတစ်သင်းလုံးကို အသိပေးခဲ့ တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီးမှာ လီဝန်ဒေါစကီးဟာ နည်းပြပြောင်းလဲမှု မပြုလုပ်မချင်း ပိုလန်အသင်း အတွက် ပါဝင်မကစားဖို့ ကြေညာခဲ့တာပါ။
ပိုလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားပြီး လာမယ့်ပွဲစဉ်အဖြစ် ဇွန်လ ၁၀ ရက်မှာ ဖင်လန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 517
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
ပေါ်တူဂီအသင်းဟာ ၂၀၂၄-၂၅ နေးရှင်းလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး နေးရှင်းလိဂ်ဖလားကို ဒုတိယအကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ပေါ်တူဂီနဲ့ စပိန်အသင်းတို့ဟာ ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး စပိန်အသင်းအတွက် ဂိုးတွေကို ဇူဘီမန်ဒီနဲ့ အိုယာဇာဘဲလ်က သွင်းယူခဲ့ကာ ပေါ်တူဂီအသင်းအတွက် ချေပဂိုးတွေကို နူနိုမန်ဒက်စ်နဲ့ ရော်နယ်ဒို တို့က သွင်းယူခဲ့တာပါ။
ပွဲချိန်အတွင်း သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်ယှဉ်ပြိုင်ခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။
ပင်နယ်တီမှာ ပေါ်တူဂီအသင်းက စပိန်အသင်းကို ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
အဲဒါကြောင့် ပေါ်တူဂီအသင်းဟာ ၂၀၂၄-၂၅ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ဂိုးသွင်းနေစဉ်
၄ ကြိမ်မြောက် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တဲ့ ၂၀၁၈-၁၉ မှာ ချန်ပီယံဆု ရရှိထားတာကြောင့် နေးရှင်းလိဂ် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ နောက်ထပ် ဆုဖလားတစ်ခုကို ရယူနိုင်ခဲ့ပြီးနောက် ငိုကြွေးနေခဲ့တာ ဖြစ်ပါ တယ်။
ရော်နယ်ဒိုက “ပေါ်တူဂီနဲ့အတူ ဆုဖလားရရှိတာက အမြဲတမ်းထူးခြားပါတယ်။ ကျနော်ဟာ ကလပ်အသင်းတွေနဲ့ ဆုဖလားတွေ အများကြီး ရရှိထားပေမယ့် ပေါ်တူဂီနဲ့ ဆုဖလားရတာထက် ပိုပြီးကောင်းတဲ့ အရာမရှိပါဘူး။ အလုပ် ပြီးမြောက်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။ ဒီမျိုးဆက်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ရတာ ဂုဏ်ယူဖို့ ကောင်းပါ တယ်”လို့ ပြောခဲ့တာပါ။
ပေါ်တူဂီအသင်းနဲ့ ဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့ပြီးနောက် အနားယူမှုတွေ ပြုလုပ်မယ့် ရော်နယ်ဒိုဟာ လာမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရရှိထားပေမယ့် ပါဝင်ကစားမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းတို့ဟာ ဒီလကုန်ရင် စာချုပ်ကုန်ဆုံးမှာဖြစ်ပေမယ့် ဆော်ဒီပရိုလိဂ် ကလပ်ဟာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးညှိနှိင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 516
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ဆိုစီဒက်အသင်းရဲ့ ဂျပန်ကွင်းလယ်လူ ကူဘိုကိုခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် သူ့ကို ခေါ်ယူဖို့အတွက်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကူဘိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို အသာစီးရရှိအောင် ကြိုးပမ်းတဲ့အနေနဲ့ ကစားသမားကို တိုက်ရိုက် ဆက်သွယ်ပြီး ပထမဆုံးခြေလှမ်းကို စတင်ခဲ့တာပါ။
ဆိုစီဒက်အသင်းကတော့ ကူဘိုကို ထွက်ခွာခွင့်ပေးဖို့ အစီအစဉ် မရှိပေမယ့် သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲ မှာပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ ပေးရင်တော့ လက်လွှတ်ရမှာဖြစ်ပါတယ်။
ဆိုစီဒက်အသင်းဟာ ကူဘိုကို ရောင်းချခဲ့ရင် ရရှိလာတဲ့ ပြောင်းရွှေ့ကြေးထဲက တစ်ဝက်ကို သူ့ရဲ့အသင်းဟောင်း ရီးရယ်လ်အသင်းထံ ပေးချေရမှာပါ။

ဒါအပြင် ကူဘိုဟာ ဆိုစီဒက်အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် နည်းပြသစ် ဆာဂျီယိုအတွက် သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားရှာဖွေရတာ ခက်ခဲနိုင်တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ကူဘိုဟာ ဆိုစီဒက်အသင်းကို ၂၀၂၂ ခုနှစ်က ရောက်ရှိလာခဲ့တာဖြစ်ပြီး ၁၃၇ ပွဲ ပါဝင်ကစားထားတာမှာ ၂၃ ဂိုး သွင်းယူထားတာပါ။
ကူဘိုဟာ လက်ရှိအချိန်မှာ ဂျပန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်း လေ့ကျင့်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ ဂျပန်အသင်းဟာ အင်ဒိုနီးရှားအသင်းနဲ့ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 464
ချာလိုဘာကို ခေါ်ယူဖို့ နာပိုလီအသင်း စိတ်ဝင်စား
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇
စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ ချယ်လ်ဆီးအသင်း နောက်ခံလူ ချာလိုဘာကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်အသင်း လူစာရင်းထဲမှာ ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံထားရတဲ့ ချာလိုဘာကို ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၂၅ သန်း ဈေးသတ်မှတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့သတင်းတွေမှာ ပေါင်သန်း ၄၀ လိုချင်နေ တယ်လို့ ဖော်ပြထားတာပါ။
ပဲလေ့စ်အသင်းမှာ အငှားနဲ့သွားကစားပြီး ဇန်နဝါရီက အသင်းထံ ပြန်ရောက်လာခဲ့တဲ့ ချာလိုဘာရဲ့ စွမ်းဆောင်ရည် တွေနဲ့ စိတ်နေသဘောထားကို ချယ်လ်ဆီးအသင်းက နှစ်သက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းနဲ့အတူ ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ချာလိုဘာဟာ နာပိုလီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံနေရတာပါ။

ပုံစာ- ချာလိုဘာကိုတွေ့ရစဉ်
The Telegraph က နာပိုလီအသင်းနည်းပြ ကွန်တီဟာ လာမယ့်ရာသီမှာ အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာရော ပြည်တွင်းပြိုင်ပွဲတွေမှာပါ စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ဖို့ ဆုံးဖြတ်ထားတာကြောင့် ချာလိုဘာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ချာလိုဘာကို ရောင်းချဖို့ အတင်းအကြပ် လုပ်ဆောင်နေတာ မရှိပေမယ့် လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အာမခံထားခြင်းတော့ မရှိပါဘူး။
ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ ဗဟိုနောက်ခံလူသစ် တစ်ဦးခေါ်ယူဖို့ အစီအစဉ်ရှိသလို ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပြင်သစ်နောက်ခံလူ ဖိုဖာနာပြန်ပါဝင်လာရင် ချာလိုဘာအတွက် ပွဲကစားချိန် အကန့်အသတ် နဲ့သာ ရရှိနိုင်တာပါ။
အဲဒါကြောင့် ချာလိုဘာအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ချင်တယ်ဆိုရင် ပုံမှန်ပွဲကစားခွင့်ရဖို့ လိုအပ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းရှိနေတဲ့ အကယ်ဒမီထွက် ချာလိုဘာဟာ အသင်းအတွက် ၉၉ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 759
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၇
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) ပွဲစဉ်ဖြစ်တဲ့ နော်ဝေအသင်းနဲ့ပွဲမှာ ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် ဂိုးသမားဖြစ်သူ ဒွန်မာရမ်မာက အသင်းရဲ့စွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒွန်နာရမ်မာက “ကျနော့်မှာ ပြောစရာစကားမရှိပါဘူး။ ကျနော်တို့ဟာ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပြီး ပရိသတ် တွေအတွက် ဒါကထိုက်တန်မှု မရှိပါဘူး။ ဒီပွဲက စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိတဲ့အတွက် ကျနော်တို့ အတူတကွ ရုန်းထွက်ဖို့လိုပါတယ်။ လူတိုင်းဒါကို တာဝန်ယူရမှာဖြစ်ပြီး အရင်ကထက် ပိုစည်းလုံးရမယ်”လို့ ပြောခဲ့တာပါ။
အီတလီအသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာကတည်းက နော်ဝေအသင်းကို ၃ ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ ချေပဂိုး မသွင်းယူနိုင်ခဲ့တာကြောင့် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အီတလီနဲ့နော်ဝေ ယှဉ်ပြိုင်နေစဉ်
အီတလီအသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၄ ကြိမ်အထိ ရရှိထားပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
အခုအချိန်မှာလည်း အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
အီတလီအသင်းနည်းပြ စပယ်လက်တီက ဒါဟာ အသင်းအတွက် ခက်ခဲတဲ့ အခိုက်အတန့်ဖြစ်ပေမယ့် ဒီလူစာရင်း ကို သူရွေးချယ်ထားပြီး ဖြစ်တဲ့အတွက် ဒါကိုဆက်ပြီး လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
နော်ဝေအသင်းဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲ ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စုထိပ်ဆုံးနေရာ ရပ်တည် နေပြီး အစ္စရေးအသင်းက ၆ မှတ်နဲ့ အဆင့် ၂ ၊ အက်စ်တိုးနီးယားအသင်းက ၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နေတာပါ။
အီတလီအသင်းဟာ လာမယ့် ခြေစစ်ပွဲအဖြစ် အုပ်စုတွင်း နောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ မော်လ်ဒိုဗာအသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 579
CNI International News
နယူးဒေလီ၊ ဇွန်လ ၇
တရုတ်က မြေရှားသတ္တုများနှင့် သံလိုက်များ တင်ပို့ရောင်းချမှုကို လျှော့ချလိုက်သဖြင့် အိန္ဒိယ၏ ကားထုတ်လုပ် သည့် ကုမ္ပဏီများသည် ဖိအားများနှင့်ရင်ဆိုင်လာရပြီး ကုန်ကြမ်းများ ပြတ်လပ်မှုကြောင့် မကြာမီအချိန်အတွင်း ကားထုတ်လုပ်မှုများ ရပ်နားသွားဖွယ်ရှိနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ကားထုတ်လုပ်သည့် လုပ်ငန်းများသည် ရောင်းအားနှေးကွေးမှုနှင့် ရင်ဆိုင်နေရချိန်တွင် မြေရှားသတ္တုများနှင့် သံလိုက်များ ရှားပါးလာမှုသည် ကံဆိုးသည့် တိုက်ဆိုင်မှုဖြစ်သည်။
မြေရှားသတ္တုများသည် ကားထုတ်လုပ်သူများအတွက် အလွန်အရေးကြီးသည့် ကုန်ကြမ်းပစ္စည်းများဖြစ်ပြီး ထိုမြေရှားသတ္တုများကို လျှပ်စစ်ထိုင်ခုံများ၊ စတီယာရင်များ၊ ဘရိတ်များ၊ အသံစနစ်များမှအစ ပစ္စည်းပေါင်းစုံ၊ စနစ်ပေါင်းစုံတွင် အသုံးပြုနိုင်သည်။
ထို့ပြင် မြေရှားသတ္တုများသည် မြင့်မားသည့် အပူချိန်ကို ခံနိုင်ရည်ရှိသဖြင့် ဆီကားများတွင် အသုံးပြုသော အင်ဂျင်များနှင့် လျှပ်စစ်ကားများ၌ အသုံးပြုသည့်မော်တာများတွင်လည်း အသုံးပြုသည်။

ကားထုတ်လုပ်နေစဉ်
ထို့ကြောင့် မြေရှားသတ္တုများ ပြတ်လပ်လာမှုကို တုန့်ပြန်ရန်အတွက် အိန္ဒိယအစိုးရသည် ပြည်တွင်းမှာသာ မြေရှားသတ္တုသံလိုက်များ ထုတ်လုပ်ရေးအစီအစဉ်အား ရေးဆွဲနေသည်။
အကြီးစားစက်ယန္တရား လုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာနက တရုတ်၏ မြေရှားသတ္တုများအပေါ် မှီခိုမှုလျှော့ချရန် နှင့် ပြည်တွင်းတွင် ထုတ်လုပ်မှုကို ထောက်ပံ့ပေးရန် ငွေကြေး အများအပြားသုံးစွဲမည့် အစီအစဉ်တစ်ခုအား မူကြမ်းရေးဆွဲနေခြင်းဖြစ်သည်။
ထို့ပြင် အိန္ဒိယအစိုးရသည် တရုတ်၏ စက်ယန္တရား တင်ပို့ရောင်းချမှုအတွက် ကုန်သွယ်ခွန် လျှော့ပေါ့မှုရရှိရန်နှင့် ကုန်စည်ထုတ်ယူခွင့်ဆိုင်ရာ အချက်အလက်များကို အသုံးပြုခွင့်ရရှိဖို့ တရုတ်နိုင်ငံသို့ စက်မှုလုပ်ငန်း ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် စီစဉ်နေသည်။
လက်ရှိတွင် Bajaj Auto နှင့် Maruti Suzuki ကားကုမ္ပဏီများ အပါအဝင် အိန္ဒိယ၏ ကားကုမ္ပဏီ ၁၇ ခုသည် တရုတ်ထံမှ မြေရှားသတ္တုများကို ပုံမှန်အတိုင်း တင်သွင်းဝယ်ယူခွင့်ရရှိရန် တရုတ်ထံမှ ခွင့်ပြုချက်အား စောင့်ဆိုင်းနေသည်။
Bajaj Auto ကုမ္ပဏီကမူ ကုန်ကြမ်းများ ပြတ်လပ်မှုကြောင့် ဇူလိုင်လတွင် လျှပ်စစ်ကား ထုတ်လုပ်မှုသည် ဆိုးဆိုးရွားရွား နှောင့်နှေးကြန့်ကြာ သွားနိုင်ကြောင်း ပြောကြားခဲ့ပြီး Maruti Suzuki ကုမ္ပဏီကမူ အိန္ဒိယအစိုးရနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: အားကစား
- Hits: 708
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်း ကြယ်ပွင့် မော်ဂန်ရော်ဂျာစ်ကို နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ဝယ်ယူမယ့် ကစားသမားစာရင်းထဲ ထည့်သွင်းထားခဲ့ပါတယ်။
The Times က အာဆင်နယ်အသင်းဟာ မော်ဂန်ရော်ဂျာစ်နဲ့ ဖီယင်နုအသင်းက အိုင်ဂေါတို့ကို ဒီနွေရာသီမှာ ဝယ်ယူဖို့ အလားအလာရှိတဲ့ တိုက်စစ် ပစ်မှတ်စာရင်း ထည့်သွင်းခဲ့တာလို့ ဖော်ပြထားတာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းအနေနဲ့ မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့အတွက်ဆိုရင် အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ကြေး အများအပြားနဲ့ ကမ်းလှမ်းမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်းဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ အားဖြည့်နိုင်ဖို့ လုပ်ဆောင်နေပြီး ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။

မော်ဂန်ရော်ဂျာစ်ကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ မော်ဂန်ရော်ဂျာစ်အတွက် ပေါင်သန်း ၅၀ ကျော် အသုံးပြုရဖွယ်ရှိနေပြီး အိုင်ဂေါကတော့ လန်ဒန်ကလပ်အသင်းအတွက် ဈေးသက်သာတဲ့ ရွေးချယ်မှုဖြစ်လာနိုင်တာပါ။
မန်စီးတီးအကယ်ဒမီထွက် မော်ဂန်ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ အက်စတွန်ဗီလာအသင်းမှာ ၂၀၃၀ ခုနှစ် အထိရှိမယ့် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
မော်ဂန်ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
မော်ဂန်ရော်ဂျာစ်ဟာ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက ဘယ်တောင်ပံနဲ့ ညာတောင်ပံ တွေမှာလည်း ကစားခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ မော်ဂန်ရော်ဂျာစ်အတွက် အက်စတွန်ဗီလာအသင်းကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
မော်ဂန်ရော်ဂျာစ်ဟာ လက်ရှိအချိန်မှာ အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲ အတွက် အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 331
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့ပြီးနောက် ကစားသမားက သူဟာ လီဗာပူးလ်အသင်းမှာ အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်က “ကျနော် လီဗာပူးလ်အသင်းမှာ ရှိရတာကို ပျော်ရွှင်ပြီး ဒါကို အမြဲတမ်း ပြောဖူးပါတယ်။ သူတို့ ကလည်း ကျနော့်ကို အလွန်ကြိုဆိုပါတယ်။ ကျနော်တို့ဟာ လီဗာပူးလ်အသင်းနဲ့ ဆက်သွယ်မှုရှိပါတယ်။ ဘာလို့လဲ ဆိုရင် ကျနော်တို့ဟာ အသင်းတွေနဲ့ စကားပြောနေတာ ထင်ရှားပြီး ဒါကလည်း ပုံမှန်ပါပဲ”လို့ ပြောခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တာမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
ကိုလံဘီယာကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၁၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီရက်သတ္တပတ်ထဲမှာ လူးဝစ်ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လီဗာပူးလ် အသင်းကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းကတော့ လူးဝစ်ဒီယက်ဇ်ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောကာ ဘာစီလိုနာအသင်းရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ လူးဝစ်ဒီယက်ဇ်တို့ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးပြီး စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။
လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေပေမယ့် စာချုပ်သစ်နဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်မယ့် အရာကို ကြည့်ကာ ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၄၈ ပွဲ ပါဝင်ကစားထားပြီး ၄၁ ဂိုးသွင်း ယူကာ ပရီးမီးယားလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူထားတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 355
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
ဇွန်လ ၅ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်း ၃ သင်း ထပ်မံထွက်ပေါ်လာခဲ့ပြီး ဒီအသင်းတွေကတော့ ဂျော်ဒန်၊ တောင်ကိုရီးယားနဲ့ ဥဇဘတ်ကစ္စတန်အသင်းတို့ ဖြစ်ပါတယ်။
ဂျော်ဒန်နဲ့ ဥဇဘတ်ကစ္စတန်အသင်းတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားအသင်းကတော့ ၁၁ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ဥဇဘတ်ကစ္စတန်အသင်းဟာ အဝေးကွင်းမှာ ယူအေအီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အုပ်စု A မှာ အီရန် အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းက အီရတ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ဂျော်ဒန်အသင်းက အိုမန်အသင်းကို ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာကြောင့် ၂ သင်းစလုံးဟာ အုပ်စု B ကနေ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့ကြတာပါ။

ဂျော်ဒန်အသင်းကို တွေ့ရစဉ်
အုပ်စု C မှာ ဂျပန်အသင်းက ခြေစစ်ပွဲ အောင်မြင်ထားပြီး တိုက်ရိုက်အောင်မယ့် ၁ နေရာအတွက် သြစတြေးလျနဲ့ ဆော်ဒီအသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ကာ သြစတြေးလျအသင်းက ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရဖို့အတွက် အာရှဇုန်ကနေ စတုတ္ထအဆင့်ခြေစစ်ပွဲကို ယူအေအီး၊ ကာတာ၊ အီရတ်၊ အင်ဒိုနီးရှားအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ၂ သင်းက နောက်ဆုံးပွဲစဉ်တွေ အပြီးမှသာ အဖြေထွက်မှာပါ။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ အသင်းတို့ နဲ့အတူ ဂျပန်၊ နယူးဇီလန်၊ အီရန်၊ အာဂျင်တီးနား၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်နဲ့ ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။
Source: ESPN
