- By CNI
- Category: အားကစား
- Hits: 264
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းပြဿနာ ဖြေရှင်းဖို့အတွက် ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကေးလ်မန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး နွေရာသီမှာ ဝယ်ယူမယ့်စာရင်းထဲ ထည့်သွင်းခဲ့တယ်လို့ The Times က ဖော်ပြ ထားပါတယ်။
ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေပြီး ဒီရာသီမှာ ကေးလ်မန်းရဲ့ ခြေစွမ်းကို ကြည့်ရှုဖို့ ကင်းထောက်တွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့တာပါ။
ကလပ်အသင်း ၂ သင်းကြားမှာ ဘယ်လိုဆက်သွယ်မှုမှ မပြုလုပ်ရသေးပေမယ့် ကေးလ်မန်းဟာ ယူနိုက်တက် အသင်းခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ခံစစ်ပိုင်းက ဒဏ်ရာပြဿနာ အများအပြား ကြုံတွေ့နေရတာပါ။
ကေးလ်မန်းကို တွေ့ရစဉ်
မကြာသေးခင်ကမှ ဗဟိုနောက်ခံလူ ၂ ဦးဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လင်ဒီလော့ဖ်တို့ဟာ ကြွက်သားဒဏ်ရာ တွေကြောင့် အနည်းဆုံး ၁ လကြာ အနားယူရမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုထားတာ ဖြစ်ပါတယ်။
ကေးလ်မန်းဟာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိသေးပေမယ့် ယူနိုက်တက်အသင်း မတိုင်ခင် ကတည်းက အသင်းကြီးအချို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာပါ။
နာပိုလီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကင်မင်ဂျေးနေရာမှာ အစားထိုးဖို့ ကေးလ်မန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ကေးလ်မန်းဟာ ဒီရာသီမှာ ဝုလ်ဗ်စ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်း ပွဲထွက် လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲပါဝင်ကစားကာ ၂ ဂိုးသွင်းယူထားတာပါ။
ဝုလ်ဗ်စ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၃ မှတ် ကွာဟနေပါတယ်။
ဝုလ်ဗ်စ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 270
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
အာဆင်နယ်အသင်း ကစားသမားဟောင်း ရောဘတ်ပီရက်ဇ်က ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို ရီးရယ်လ်အသင်းထက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ပြီးကစားဖို့ ပြောလိုက်ပါတယ်။
ရောဘတ်ပီရက်စ်က “ဘတ်ပီအနေနဲ့ နောက်ဆုံးမှာ ဘာဆုံးဖြတ်မလဲဆိုတာ မသိပေမယ့် ကျနော်ကတော့ သူ့ကို လီဗာပူးလ်မှာ မြင်တွေ့ချင်ပါတယ်။ လီဗာပူးလ်အသင်းဟာ ကြီးမားတဲ့ မိသားစုကလပ်ဖြစ်ပြီး ကောင်းမွန်တဲ့ ဖွဲစည်းမှုနဲ့ ဖိအားလည်း မရှိပါဘူး။ ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း တကယ်ကောင်းမွန်ပါတယ်။ ပြီးတော့ ဆာလက်-ဘတ်ပီ အတွဲဖက်က ပေါက်ကွဲထွက်သွားနိုင်တယ်လို့ ထင်ပါတယ်။ သူဟာ ရီးရယ်လ်ကို ငြင်းပယ် နိုင်စွမ်း ရှိတယ်လို့ ကျနော်ထင်ကြောင်း”ပြောပါတယ်။
ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘတ်ပီကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်မှာ သူ့ရဲ့အနာဂတ်ကို ကြေညာသွားမယ်လို့ ပြောထားတာပါ။
ဘတ်ပီကို တွေ့ရစဉ်
ပြင်သစ်အသင်းခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ရောက်ရှိလာပြီးကတည်းက ပီအက်စ်ဂျီ အသင်းအတွက် ၂၅၁ ဂိုး သွင်းယူထားပြီး ပြည်တွင်းပြိုင်ပွဲမှာ ဆုဖလားအများအပြားနဲ့ တစ်ဦးချင်း အောင်မြင်မှု တွေလည်း အများအပြား ရယူထားတာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဘတ်ပီဟာ ၂၀၂၂ ခုနှစ်ကတည်းက ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ခဲ့တာပါ။
အခုအချိန်မှာတော့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်း ကစားသမားဘဝ နောက်ဆုံးရာသီမှာ အသင်းနဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ကိုသာ အာရုံစိုက်နေတာပါ။
ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၂ နေရာက ဘရက်စ်အသင်းကို ၁၂ မှတ်ဖြတ်ပြီး အဆင့် ၁ နေရာက ဦးဆောင်နေသလို ပြင်သစ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။
ဒါအပြင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် ရောက်ရှိနေကာ ဒီရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 290
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
အာဆင်နယ်အသင်းနည်းပြ အာတီတာက လူတန်အသင်းဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး သူတို့ကို အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “အနိုင်ရခဲ့လို့ ပျော်ပါတယ်။ ဒီပွဲဟာ အလွန်ခက်ခဲခဲ့ပြီး လူတန်အသင်းကို အသိအမှတ်ပြုပါတယ်။ သူတို့ဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ခဲ့ပြီး ကျနော်တို့ကို အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံကြောင့် စည်းချက်မှန်ကို မရရှိခဲ့ဘူး”လို့ ပြောပါတယ်။
လူတန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို အိုဒီဂတ်နဲ့ လူတန်အသင်း နောက်ခံလူ ဟာရှီအိုကာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်း ပွဲမကစားခင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
အာဆင်နယ်နဲ့လူတန်အသင်းတို့ ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ ဒီပွဲ အပါအဝင် ၂၀၂၄ ခုနှစ်ထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲစလုံး ရှုံးပွဲမရှိဘဲ ၉ ပွဲ အနိုင်ရရှိကာ ၁ ပွဲသရေကျထားတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာပါ။
အာဆင်နယ်အသင်းဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၅ ဦး အထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ခဲ့ပြီး လာမယ့်ပွဲစဉ်မှာ ပြန်လည် ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ နည်းပြ အာတီတာက ပြောခဲ့တာပါ။
အာတီတာက “ဆာကာဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ နီးစပ်ခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ပွဲက တူညီတဲ့ နေရာမှာပဲ တစ်ခုခုကို သူခံစားခဲ့ရပါတယ်။ အဲဒါကြောင့် သူ့ကို ကျနော်တို့ အသုံးမပြုခဲ့တာပါ။ မနက်ဖြန်မှာ သူပြန်လေ့ကျင့်နိုင်ဖို့နဲ့ ဒီအပတ်ကစားမယ့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ကျနော်မျှော်လင့်တယ်”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဧပြီ ၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 338
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၄
အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖိုဒန်ကို နည်းပြ ဂွာဒီယိုလာက ထိပ်တန်းကစားသမားတစ်ဦးလို့ ချီးကျူးသွားခဲ့ပါတယ်။
ဂွာဒီယိုလာက “သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်ကတော့ အံ့အားသင့်ဖို့ ကောင်းပါတယ်။ သူဟာ အလယ်မှာ ကစားပြီး မယုံနိုင်လောက်အောင် ဂိုးသွင်းနိုင်စွမ်းရှိတဲ့သူပါ။ သူ့ရဲ့သွေးကြောထဲမှာ သွင်းဂိုးတွေရှိနေပါတယ်။ ဖိုဒန် အနေနဲ့ သူလုပ်ချင်တဲ့ အရာမှန်သမျှကို လုပ်လို့ရပါတယ်။ သူက ထိပ်တန်း ကစားသမားဖြစ်ပြီး ဒါကို ကျနော်တို့ သိတယ်”လို့ ပြောပါတယ်။
အက်စတွန်ဗီလာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဖိုဒန်က ၃ ဂိုးနဲ့ ရိုဒရီက ၁ ဂိုးသွင်းယူခဲ့ပြီး အက်စတွန်ဗီလာအသင်းအတွက် ဂိုးကို ဒူရမ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဖိုဒန်ကို တွေ့ရစဉ်
ဒီပွဲမှာ ဟက်ထရစ် ဂိုးသွင်းယူခဲ့တဲ့ ဖိုဒန်ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ ဟက်ထရစ် ၃ ကြိမ်အထိ ရယူပြီးပြီလည်း ဖြစ်တာပါ။
ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး ၂၁ ဂိုးအထိသွင်းယူကာ ၁၀ ဂိုး ဖန်တီးထားတာ လည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်လို့ နည်းပြ ဂွာဒီယိုလာဟာ အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဟာလန်းတို့ကို ဒီပွဲမှာအသုံးမပြုဘဲ အနားပေးခဲ့တာပါ။
ဂွာဒီယိုလာက “ကျနော်တို့ဟာ ၃ ရက်ကို ၁ ပွဲနှုန်း ကစားနေရတာဖြစ်လို့ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်ပါ တယ်။ ပွဲစဉ် အချိန်ဇယားတွေကြောင့် ကျနော်တို့ ဒီလိုလုပ်ဖို့လိုပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို အနားပေး ဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။
မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဧပြီ ၆ ရက်မှာ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 288
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
ဖီနာဘာချီအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ဘဲ ဆက်ရှိနေမယ်လို့ ဥက္ကဋ္ဌဖြစ်သူ အလီကော့က အစ္စတန်ဘူလ်ရှိ သူတို့ရဲ့ အားကစားကွင်းထဲမှာ စုရုံးနေကြတဲ့ ကွန်ဂရက်အဖွဲ့ဝင်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ ဖီနာဘာချီအသင်း ကစားသမားတွေဟာ ထရက်ဇွန်စပေါ်အသင်း ပရိသတ်တွေရဲ့ ကွင်းအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ဖီနာဘာချီအသင်း တာဝန်ရှိသူတွေဟာ လိဂ်ပြိုင်ပွဲ ကနေ နုတ်ထွက်ဖို့ စဉ်းစားခဲ့တာပါ။
ဖီနာဘာချီအသင်း အဖွဲ့ဝင်တွေဟာ တူရကီစူပါလိဂ်ကနေ နုတ်ထွက်မယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ခဲ့တာ မှာတော့ ကန့်ကွက်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖီနာဘာချီအသင်းက ထရက်ဇွန်စပေါ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထရက်ဇွန်စပေါ် အသင်း ပရိသတ်အများအပြားဟာ ကွင်းအတွင်း ဝင်ရောက်ကာ လုံခြုံရေးတွေနဲ့ ဖီနာဘာချီအသင်း ကစားသမား တွေကို တိုက်ခိုက်ခဲ့ကြတာပါ။
ဖီနာဘာချီအသင်းနဲ့ ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားနေစဉ်
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဘတ်ရှုအာယီက ပွဲချိန် ၈၇ မိနစ်မှာ အနိုင်ဂိုး သွင်းယူပြီးနောက် ထရက်ဇွန်စပေါ် အသင်း ပရိသတ်တွေဟာ ကွင်းအတွင်း အရာဝထ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် တင်းမာမှုတွေ မြင့်တက်လာ ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ရှုအာယီဟာ ပွဲအပြီးမှာ သူ့ဆီ ဦးတည်လာခဲ့တဲ့ ပရိသတ်တစ်ဦးကို ကန်ခဲ့သလို ဖီနာဘာချီအသင်းဖော် အိုဆာရီဟာ ပရိသတ်တစ်ဦးကို ကွင်းအတွင်း လဲကျအောင် ပြုလုပ်ခဲ့တာပါ။
တူရကီဘောလုံးအဖွဲ့ချုပ်ကတော့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဖီနာဘာချီအသင်း ကစားသမား ၃ ဦးနဲ့ ကလပ် အသင်း တာဝန်ရှိသူ ၂ ဦးကို နိုင်ငံရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးစည်းကမ်းထိန်းသိမ်းရေး ဘုတ်အဖွဲ့ထံ အစီရင်ခံ တင်ပြထားတယ်လို့ သိရပါတယ်။
တူရကီစူပါလိဂ်ဖလားကို ၁၉ ကြိမ် ရရှိထားတဲ့ ဖီနာဘာချီအသင်းဟာ ဒီရာသီ ပွဲစဉ်ပေါင်း ၃၀ ကစားအပြီးမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ဖီနာဘာချီအသင်းဟာ ဧပြီ ၇ ရက်မှာ တူရကီစူပါဖလား ဗိုလ်လုပွဲအဖြစ် ဂါလာတာစာရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 339
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
ယူနိုက်တက်အသင်း နောက်ခံလူ ဗာရန်းက ဘောလုံးခေါင်းတိုက်မှုတွေကို ဆက်တိုက် ပြုလုပ်နေရတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရလို့ ဘောလုံးကို ခေါင်းနဲ့မတိုက်ဖို့ သားဖြစ်သူကို အကြံပေးထားတယ်လို့ ပြောခဲ့ပါတယ်။
ဗာရန်းက “ကျနော့်ရဲ့ ၇ နှစ်အရွယ်သားက ဘောလုံးကစားပါတယ်။ ဘောလုံးကို ခေါင်းမတိုက်ဖို့ အကြံပေးထား ပါတယ်။ ဒါက ချက်ချင်းကြီး သက်ရောက်မှု မရှိရင်တောင် ရေရှည်မှာ သိသာလာပါတယ်။ ကျနော် အသက် ၁၀၀ အထိ နေရမလားဆိုတာ မသိပေမယ့် ကျနော့်ရဲ့ ခန္ဓာကိုယ်ပျက်ဆီးသွားပြီဆိုတာ ကျနော်သိပါတယ်။ ခေါင်းတိုက် ခြင်းရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အပျော်တမ်းဘောလုံးပွဲတွေနဲ့ လူငယ်တွေကို သင်ကြားဖို့လိုတယ်”လို့ ပြောခဲ့တာ ပါ။
ဗာရန်းဟာ ခေါင်းတိုက်မှုတွေကြောင့် ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခေါင်မူးပြီး ကစားခဲ့ရတဲ့အတွက် ဒီအဖြစ်အပျက်တွေကို ပိုပြီးသိရှိလာအောင်နဲ့ ပိုအကာကွယ်ပေးနိုင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဗာရန်းကို တွေ့ရစဉ်
အသက် ၃၀ နှစ်အရွယ်ရှိ ဗာရန်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းက ဂျာမနီအသင်းကို ကွာတား ဖိုင်နယ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ ၂၀၂၀ ခုနှစ်က အသင်းဟောင်း ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခေါင်းထိခိုက်ခဲ့ပေမယ့် ပါဝင်ကစားခဲ့တာပါ။
ဗာရန်းဟာ ဂျာမနီအသင်းနဲ့ ပွဲစဉ်မတိုင်ခင် ၁၆ သင်းအဆင့် ပွဲစဉ်ဖြစ်တဲ့ နိုင်ဂျီးရီးယားအသင်းနဲ့ပွဲစဉ်မှာ ခေါင်း ထိခိုက်ခဲ့ပေမယ့် အရဲစွန့်ပြီး ပါဝင်ကစားသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်က ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်မှု အသစ်တွေအရ အင်္ဂလန်ရှိ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တွေဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ တစ်ပတ်ကို ၁၀ ကြိမ်ထက် ပိုပြီးပြင်းထန်တဲ့ ခေါင်းတိုက်မှုမပြုလုပ်ဖို့ ညွှန်ကြားထားတာပါ။
ဗာရန်းဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၉၂ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းရဲ့ ဝေဖန်မှုခံခဲ့ရတဲ့ တိုက်စစ်မှူး ဟာလန်းကို ကာကွယ်တဲ့ စကားပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်ကတော့ ဟာလန်းနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းပြောခဲ့တဲ့ မှတ်ချက်ကို လုံးဝသဘော မတူနိုင်ပါဘူး။ ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးပါ။ ပြီးခဲ့တဲ့ရာသီက ကျနော်တို့ ဆုဖလားတွေ ရရှိအောင် သူကူညီပေးခဲ့ပြီး သူဟာ ထူးခြားတဲ့ကစားသမားပါ။ သူ့ရဲ့ လုပ်ဆောင်မှုအချို့ဟာ လွဲချော်မှုတွေ ရှိခဲ့သလို ပြိုင်ဘက်တွေက အလွန်ကောင်းမွန်တဲ့အရာတွေလည်း ရှိပါတယ်။ ဘောလုံးမှာ အကြောင်းပြချက်တွေ အများကြီးရှိပြီး ဒါက အသင်းလိုက်ကစားရတဲ့ အားကစားတစ်ခုပါ” လို့ ပြောခဲ့တာပါ။
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက အာဆင်နယ်အသင်းနဲ့ပွဲမှာ ဟာလန်းရဲ့ ကစားပုံဟာ အလွန်ညံ့ဖျင်းပြီး လိဂ်တူးမှာ ကစားနေတဲ့ ကစားသမားတစ်ဦးလိုပဲလို့ ပွဲအပြီးမှာ ဖေဝန်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၅၂ ဂိုးသွင်းယူပြီး အသင်းကို ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာလည်း မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၂၉ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် မန်စီးတီးအသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းလိဂ်ပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီပွဲရလဒ်ကြောင့်လည်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဟာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ အဖြစ် ဧပြီ ၄ ရက် မနက်ပိုင်းမှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 290
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၃
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အက်ဘာအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ဂိုး သွင်းယူနိုင်ပြီး နောက် ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းက အက်ဘာအသင်းကို ၈ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပွဲချိန် ၄၂ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။ အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ ပြစ်ဒဏ်ဘောကနေ ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက် သွင်းယူတဲ့ ဂိုးအရေအတွက်ဟာ ၆၃ ဂိုးအထိရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာသွင်းယူခဲ့တဲ့ ဟက်ထရစ် ဂိုးဟာ ရော်နယ်ဒိုအတွက် ကစားသမားဘဝမှာ သွင်းယူနိုင်ခဲ့တဲ့ ၆၅ ကြိမ်မြောက် ဟက်ထရစ်လည်း ဖြစ်လာ ခဲ့တာပါ။
အက်ဘာအသင်းနဲ့ပွဲမှာ ဟက်ထရစ်ဂိုးအပြင် ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ရော်နယ်ဒိုကို အယ်လ်နာဆာ အသင်းဟာ ပထမပိုင်းအပြီးမှာ လူစားလဲအနားပေးခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၉ ဂိုးအထိ ရှိလာခဲ့ပြီး ဒုတိယနေရာက အယ်လ်ဟီလယ်အသင်းတိုက်စစ်မှူး မီထရိုဗစ်ကို ၇ ဂိုးအသာရရှိကာ ဦးဆောင်နေတာပါ။ မီထရိုဗစ်ဟာ ဒဏ်ရာကြောင့် ဒီရာသီလက်ကျန်ပွဲစဉ်တွေမှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်နိုင်တော့မှာမဟုတ်လို့ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိဖို့ သေချာသွားပြီလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံတွေနဲ့အတူ သူတို့ အရှိန်လျှော့သွားမှာမဟုတ်ဘူးလို့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့တာပါ။
မကြာသေးခင်ကမှ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ မတ်လအတွက် အကောင်းဆုံး ကစားသမားဆု ရရှိထားတဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၄၁ ပွဲ ကစားထားပြီး ၄၂ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ ဧပြီ ၆ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် ဒါမက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အယ်လ်နာဆာအသင်းဟာ ဒီပွဲအပြီး ဧပြီ ၉ ရက်မှာ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဟီလယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 270
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်ခင်မှာ ရီးရယ်လ် အသင်းက သူတို့ထက် နားချိန်ပိုပြီးရရှိနေတဲ့ ပွဲအချိန်ဇယားကို မကျေနပ်တဲ့အပေါ် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက တုန့်ပြန်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်ကတော့ မန်စီးတီးအသင်းနဲ့ပွဲကို ပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်ပိုပြီး ရရှိတာကြောင့် ပျော်ရွှင်ပါတယ်။ နားချိန်ပိုပြီးရရှိတာက ကျနော်တို့အတွက် အားသာချက် အနည်းငယ်ရှိတယ်ဆိုတာ ဟုတ်ပါ တယ်။ ဒါပေမယ့် ဒါက ပွဲရဲ့ ရလဒ်အပေါ်မှာ လွှမ်းမိုးမှုရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ပွဲကိုပြင်ဆင်ဖို့ အချိန်ရ တဲ့အတွက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ဟာ လာမယ့်အပတ်ထဲမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒီအပတ်ထဲမှာ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် စပိန်လာလီဂါပွဲစဉ်တွေကို အနားပေး ခဲ့တာပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် နားချိန်ပိုပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ကြားရက်နဲ့ ဒီအပတ်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲယှဉ်ပြိုင် ကစားရမှာပါ။
ဒီအချက်ကြောင့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် သူတို့ထက် ရီးရယ်လ် အသင်း နားချိန်ပိုပြီး ရရှိခဲ့တဲ့ ပွဲအချိန်ဇယားကို မကျေမနပ် ဖြစ်နေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ရီးရယ်လ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ အဓိက ကစားသမားအချို့ ဒဏ်ရာ ထပ်ပြီး ရရှိမှာကိုလည်း စိုးရိမ်မှုရှိနေတာပါ။
ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာ နောက်ခံလူ အကီဟာ ပွဲချိန်အစောပိုင်းမှာတင် ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းကတော့ ဂိုးသမား ကော့တွိုက်စ်နဲ့ နောက်ခံလူ အလာဘာကလွဲပြီး အဓိက ကစားသမားတွေ အားလုံး ဒဏ်ရာကင်းစင်နေတာပါ။
မန်စီးတီးနဲ့ ရီးရယ်လ် အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့တုန်းက မန်စီးတီး အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 287
CNI Sport News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂
လီဗာပူးလ်အသင်း နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ နည်းပြ အေမိုရင်မ်က စပို့တင်းလစ္စဘွန်း အသင်းအတွက် ဆုဖလားတွေ ရယူပေးနိုင်ဖို့ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
အေမိုရင်မ်က “ကျနော်ဟာ စပို့တင်းအသင်းရဲ့ နည်းပြဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ကစားသမားတွေက သူတို့ ဘယ်လောက် အနိုင်ရယူချင်လဲဆိုတာသိသလို ကျနော်ကလည်း စပို့တင်းအသင်းအတွက် ဆုဖလားတွေ ရယူပေး ချင်ပါတယ်။ လူတိုင်းက ဆုဖလားတွေရယူနိုင်ဖို့ အာရုံစိုက်နေတယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလော့ပ်နေရာမှာ အစားထိုးဖို့ အသက် ၃၉ နှစ် အရွယ်ရှိ အေမိုရင်မ်ကို သူတို့ရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲထည့်သွင်းထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဦးစားပေး ကြိုးစားခဲ့ပေမယ့် ဇာဘီအလွန်ဆိုဟာ ဂျာမနီကလပ်မှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အေမိုရင်မ်နဲ့ ဘရိုက်တန် အသင်းနည်းပြ ဒီဇာဘီတို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။
နည်းပြ အေမိုရင်မ်ကို တွေ့ရစဉ်
ဒီအချိန်မှာ စပို့တင်းလစ္စဘွန်းအသင်းဟာ နည်းပြ အေမိုရင်မ်နေရာမှာ အစားထိုးဖို့ နည်းပြသစ် စီစဉ်ပြီးပြီလို့ သတင်းတွေ ထွက်လာခဲ့တာပါ။
အေမိုရင်မ်ကတော့ ဒါဟာ သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်ခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဘောလုံးဒါရိုက်တာ ဟူဂိုဗီယာနာက ဒီသတင်းတွေက မဟုတ်တဲ့အတွက် စိတ်အေးအေးထားဖို့ ပြောခဲ့ကြောင်း မီဒီယာသမားတွေကို ဖြေခဲ့ပါတယ်။
အေမိုရင်မ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေး တာပါ။
အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ၂၀၂၀ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ အသင်းဟာ ပေါ်တူဂီလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားသလို ပေါ်တူဂီဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ကို ရောက်ရှိနေပါတယ်။
အေမိုရင်မ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့အတူ ပေါ်တူဂီလိဂ်ဖလား အပါအဝင် ဆုဖလား ၄ ခု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN