
- By CNI
- Category: အားကစား
- Hits: 399
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ဂါလာတာစာရေးအသင်းဟာ အေစိမီလန်အသင်း တိုက်စစ်မှူး မိုရာတာကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအထိ ယူရို ၆ သန်းနဲ့ အငှားခေါ်ယူခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ မိုရာတာကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်ရှိတယ်လို့ အေစီမီလန်အသင်း က သူတို့ရဲ့တရားဝင် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
မိုရာတာဟာ ဂါလာတာစာရေးအသင်းကနေ ဒီရာသီရဲ့ ဒုတိယရာသီဝက်အတွက် လုပ်ခလစာ ယူရို ၃ သန်းနဲ့ လာမယ့်ရာသီ ပထမရာသီဝက်အတွက် ယူရို ၃ သန်းရရှိမှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ မိုရာတာဟာ ပြီးခဲ့တဲ့နွေရာသီကမှ အသလက်တီကိုအသင်းကနေ အေစီမီလန်အသင်းထံ ယူရို ၁၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုကာ ရောက်ရှိလာခဲ့တာပါ။
မိုရာတာဟာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မိုရာတာကို တွေ့ရစဉ်
ဂါလာတာစာရေးအသင်းအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိုရာတာကို အပြီးသတ် ဝယ်ယူဖို့ အေစီမီလန်အသင်းထံ အကြောင်းကြားခဲ့ရင် ယူရို ၈ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ရှိတယ်လို့ တူရကီ ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။
ဂါလာတာစာရေးအသင်း အနေနဲ့ မိုရာတာကို အပြီးသတ် မဝယ်ယူဘူးဆိုရင်လည်း အငှားကာလကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးခွင့် ရှိနေပါတယ်။
ဒါအပြင် ဂါလာတာစာရေးအသင်းဟာ နောက်ထပ် သက်တမ်းတိုးမယ့် အငှားကာလ မကုန်ခင်မှာ မိုရာတာကို ဝယ်ယူမယ်ဆိုရင် ယူရို ၉ သန်းပေးချေကာ အပြီးသတ်ခေါ်ယူနိုင်မယ့် ဒုတိယရွေးချယ်ခွင့်ရှိနေတာပါ။
ဂါလာတာစာရေးအသင်း အနေနဲ့ ဒီပမာဏကို ၆ လ အရစ်ကျပေးချေရမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မိုရာတာဟာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ အသလက်တီကိုနဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့တာပါ။
ဂါလာတာစာရေးအသင်းဟာ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 515
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ရီးရယ်လ်အသင်းနောက်ခံလူ ရူဒီဂါဟာ အက်စပန်ညိုအသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် အသလက်တီကိုအသင်းနဲ့ လာလီဂါ၊ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ရူဒီဂါဟာ ရီးရယ်လ်အသင်းက အက်စပန်ညိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစားလဲခံခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ ရူဒီဂါရဲ့ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
COPE သတင်းက ရူဒီဂါဟာ ဒဏ်ရာကြောင့် ရက်ပေါင်း ၂၀ ကြာ အနားယူရမယ်လို့ ဖော်ပြထားတာပါ။
ရူဒီဂါအနေနဲ့ ဒဏ်ရာကနေ အချိန်မီ ပြန်မလာနိုင်ခဲ့ရင် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ကိုပါ လွဲချော်နိုင်တာ ဖြစ်ပါတယ်။
ရူဒီဂါဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲ ပါဝင်ကစားထားပြီး အားထားရတဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ဒဏ်ရာ အခြေအနေဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ရူဒီဂါကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ခံစစ်ပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝတဲ့ ဗဟိုခံစစ် ကစားသမားတစ်ဦးမှ မရှိတာဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ လာမယ့်ပွဲတွေမှာ လူငယ်ကစားသမား အဆန်စီယိုနဲ့ ကွင်းလယ်လူ ချူအာမန်နီတို့ကို ဗဟိုခံစစ်မှာ တွဲဖက်ပြီး အသုံးပြုသွားဖို့ ရှိနေတာပါ။
ချူအာမန်နီဟာ အသင်းဖော်တွေရဲ့ ဒဏ်ရာတွေကြောင့် မကြာခဏဆိုသလို ဗဟိုခံစစ်မှာ ကစားနေရတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ ကိုပါဒယ်ရေးဖလား ပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် အသလက်တီကိုအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အသလက်တီကို အသင်းကို ၁ မှတ်သာ အသာရပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 546
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းထံ ရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
အငှားစာချုပ်ထဲမှာ အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ချိန်မှာ ပေါင်သန်း ၄၀ နဲ့ ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် ပါဝင်တာပါ။
အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာ ၇၅ ရာခိုင်နှုန်းကို ပေးချေရမှာ ဖြစ်ပေမယ့် ယူနိုက်တက် အသင်းထံ အငှားခေါ်ယူကြေး ပေးခဲ့ရခြင်း မရှိဘူးလို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ ဥရောပထိပ်တန်း ကလပ်တွေနဲ့ သတင်းတွေ ထွက်ခဲ့ပြီး နောက်ဆုံးမှာ အက်စတွန်ဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်က “ဒီအငှား အပြောင်းအရွှေ့ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာ အသင်းတို့ကို ကျနော် ကျေးဇူးတင်ပါတယ်။ အသင်းအနည်းငယ်ရဲ့ ချဉ်းကပ်မှုကိုရတာ ကံကောင်းပေမယ့် အက်စတွန်ဗီလာက လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါ။ အက်စတွန်ဗီလာအသင်းရဲ့ ဒီရာသီကစားပုံနဲ့ နည်းပြရဲ့ ရည်မှန်းချက်ကို ကျနော် နှစ်သက်ပါတယ်။ ကျနော်ဟာ ဘောလုံးကစားချင်ပြီး စတင်နိုင်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ယူနိုက်တက်မှာရှိတဲ့ လူတိုင်းအတွက် ဒီလက်ကျန်ရာသီမှာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုကြောင်း”သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါ တယ်။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာ ၁၂ ရက်က ဗစ်တိုးရီးယားပါလ်ဇန်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံး ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် စိန်ခေါ်မှု အသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာပါ။
၂၀၀၅ ခုနှစ်ကတည်းက ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို အက်စတွန်ဗီလာအသင်းက အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သူ့ရဲ့မန်ချက်စတာကလပ် ကစားသမားဘဝဟာ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ စပိန်ကွင်းလယ်တောင်ပံ ကစားသမား အဆန်စီယိုကို ပီအက်စ်ဂျီအသင်းကနေ အငှားနဲ့ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၈ နေရာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ FA ဖလားစတုတ္ထအဆင့် ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာ ဖြစ်ပါ တယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃
အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က အသင်းဟာ ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းကို ဆက်တွန်းအား ပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “လီဗာပူးလ်အသင်းနဲ့ ဝေးကွာနေသေးပြီး သူတို့ဟာ ပွဲကျန်ကစားဖို့ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ပွဲမှာ သူတို့နိုင်ပွဲ ရခဲ့တဲ့အတွက် ကျနော်တို့လည်း အနိုင်ရယူရမယ်ဆိုတာ သိပါတယ်။ ကျနော်တို့ဟာ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းတို့လိုပွဲတွေမှာ ရမှတ်တွေ ပြန်လျော့ခဲ့တာက စိတ်ပျက်စရာ ကောင်းပါ တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ လီဗာပူးလ်အသင်းနဲ့ ပိုနီးကပ်နိုင်လို့ပါ။ ကျနော်တို့ဟာ ဒီနေရာမှာ ဆက်ရှိနေမှာ ဖြစ်သလို ဆက်ပြီးလည်း တွန်းအားပေးသွားမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးတွေကို အိုဒီဂတ်၊ ပါတေး၊ စကယ်လီ၊ ဟာဗက်ဇ်နဲ့ ဝမ်နရီတို့က သွင်းယူခဲ့ပြီး မန်စီးတီးအသင်းအတွက် ချေပဂိုးကို ဟာလန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၆ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့ ဒီကလန်ရိုက်စ်ကတော့ သူတို့ဟာ ချန်ပီယံဆုအတွက် ဆက်တွန်းအားပေးနေမှာဖြစ်သလို လီဗာပူးလ်အသင်းကို ဖိအားပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်း နည်းပြအာတီတာက သူတို့အတွက် ကြီးကျယ်တဲ့နေ့ဖြစ်ခဲ့ပြီး ပွဲကိုအနိုင်ရဖို့ လိုအပ်သလို ဒီပွဲမှာလုပ်ခဲ့တဲ့ အရာတွေအတွက် ကျေနပ်တယ်လို့ ပွဲအပြီး မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ဒါအပြင် နည်းပြအာတီတာက မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်း ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက် စကယ်လီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီးအသင်း နောက်ခံလူ ဂျွန်စတုန်းစ်က ဒီပွဲစဉ်ရဲ့ နောက်ဆုံးမိနစ် ၃၀ မှာ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ခဲ့ပြီး အသင်းပရိသတ်တွေကို တောင်းပန်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲရှုံးနိမ့်မှုကြောင့် အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၁၅ မှတ်အထိကွာဟပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အာဆင်နယ်အသင်း နည်းပြအာတီတာက မန်စီးတီးအသင်းနဲ့ပွဲမှာ အနိုင်ရလဒ် ရယူနိုင်ခဲ့ရင် သူတို့ရဲ့ ပရီးမီးယားလိဂ် ဆုဖလား မျှော်လင့်ချက် ပိုပြီးအားကောင်းလာမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “မန်စီးတီးအသင်းကို အနိုင်ရယူနိုင်တာက ကျနော်တို့အတွက် ဆုဖလား ပြေးလမ်းကြောင်းမှာ ကြီးမားတဲ့ အားကောင်းမှုကို ဖြစ်မှာပါ။ ပွဲကြီးပွဲကောင်းတွေကို အနိုင်ရတာက အမြဲတမ်း ထူးခြားတဲ့အရာပါ။ ကျနော်တို့ဟာ ပြိုင်ဘက်အသင်းတွေနဲ့ ပွဲကြီးပွဲကောင်း ကစားတဲ့အချိန်တိုင်း အပိုတစ်ခုခုကို ယူဆောင်လာပါ တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့ ၂ မှတ်သာကွာဟပြီး ပရီးမီးယားလိဂ် ဆုဖလားကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာတော့ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခက်ခဲသွားပြီး အာဆင်နယ်အသင်းက အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်ကာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်း ကို ဖိအားပေးနိုင်ဖို့ ကြိုးစားနေတာပါ။
မန်စီးတီးအသင်းနဲ့အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တွေ့ဆုံခဲ့တုန်းက အာဆင်နယ်အသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရပြီး မိနစ် ၉၀ အထိ အနိုင်ရနေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ သွင်းဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲစလုံး ရှုံးပွဲမရှိခဲ့သလို မန်စီးတီးအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအနိုင်ရပြီး ၁ ပွဲသရေကျခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ အဓိကဂိုးသမားဖြစ်တဲ့ ဒေးဗစ်ရာယာဟာ ကြံ့ခိုင်မှုပိုင်းကြောင့် ပြီးခဲ့တဲ့ ဂျီရိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့သလို မန်စီးတီးအသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖို့မသေချာဘူးလို့ နည်းပြအာတီတာက ပြောထားပါတယ်။
အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် အခုအချိန်ထိ အဆင်ပြေမှု မရှိသေးတာဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အင်္ဂလန်နောက်ခံလူ လုပ်ခ်ရှောဟာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်ပါဝင်နေပေမယ့် အသင်းအတွက် ပါဝင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ယူနိုက်တက်အသင်း နည်းပြအာမိုရင်က အတည်ပြုခဲ့ပါ တယ်။
အာမိုရင်က “လုပ်ခ်ရှောဟာ အချိန်အနည်းငယ် ယူရဦးမှာပါ။ သူဟာ လေ့ကျင့်မှုတွေ ပိုပြီးပြုလုပ်ဖို့လိုသလို သူရဲ့ အသင်းဖော်တွေနဲ့လည်း အချိန်တွေ အများကြီးပေးရမှာပါ။ သူ့ကိုအသုံးပြုဖို့ မှန်ကန်တဲ့အချိန်လို့ ကျနော် ခံစားရရင်တော့ ပွဲတွေမှာ မိနစ်အနည်းငယ် အသုံးပြုပြီး စတင်သွားမယ်”လို့ ပြောခဲ့တာပါ။
ဒီဇင်ဘာလ အစောပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသင်းဖော်တွေနဲ့အတူ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ လုပ်ခ်ရှောဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၃ ပွဲသာ ပါဝင်ကစားထား နိုင်တာပါ။
လုပ်ခ်ရှောကို တွေ့ရစဉ်
လုပ်ခ်ရှောရဲ့ဒဏ်ရာ မှတ်တမ်းဆိုးကြောင့် နည်းပြအာမိုရင်ဟာ သူပြန်လာချိန်မှာ သတိထားပြီး ကိုင်တွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
နည်းပြအာမိုရင်ဟာ လုပ်ခ်ရှောကို ပွဲပြန်ပါဝင်နိုင်ဖို့ထက် လေ့ကျင့်ရေး အစီအစဉ် အများအပြားကို လုပ်ဆောင်နိုင် ဖို့ ဦးစားပေးဖို့ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှောရဲ့ အခြေအနေကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ လက်ချီအသင်း နောက်ခံ လူ ဒေါဂူကို ခေါ်ယူပြီး အားဖြည့်မှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ မာလာစီယာဟာ ကာလရှည်ကြာ အနားယူခဲ့ရတာကနေ အသင်းအတွက် ပြန်ပါဝင်ကစားနေပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေတာပါ။
မာလာစီယာဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေကို ခံနေရပါ တယ်။
ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 519
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် ဆုံးရှုံးနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အငှားနဲ့ခေါ်ယူချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာ ၁၂ ရက်က မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံရပြီးကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိတော့ပါ။
ယူနိုက်တက်အသင်း နည်းပြအာမိုရင်က အသင်းဟာ ရက်ရှ်ဖို့ဒ် ပါဝင်မယ်ဆိုရင် ပိုပြီးကောင်းမှာ ဖြစ်ပေမယ့် သူဟာ အသင်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောထားပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့လအတွင်းမှာ အပြောင်းအရွှေ့အတွက် ဥရောပထိပ်တန်း ကလပ်တွေ နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်အထိ အပြောင်းအရွှေ့အတွက် သဘောတူညီမှု မရရှိသေးပေမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်အတွင်းမှာ အငှားနဲ့ ထွက်ခွာနိုင်ဖို့ရှိနေတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်းဟာ တိုက်စစ်မှူး ဒူရန်ကို အယ်လ်နာဆာအသင်းထံ ရောင်းချခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ရက်ရှ်ဖို့ဒ် အပါအဝင် ကစားသမားအချို့ကို ပစ်မှတ်ထားနေတာပါ။
အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူချင်နေပေမယ့် ကစားသမားဘက်က ပြောင်းရွှေ့လိုခြင်း ရှိ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သတင်းတွေမှာ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားပေမယ့် စပိန်ကလပ်ရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် ရှုပ်ထွေးမှုတွေရှိနေတာပါ။
ယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ ရက်ရှ်ဖို့ဒ် တစ်ပတ်လုပ်ခလစာ ပေါင် ၃၀၀,၀၀၀ ကျော်ဟာ အပြောင်းအရွှေ့ အတွက် ဆုံးဖြတ်ချက်ချတာမှာ အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ ရက်ရှ်ဖို့ဒ် အငှားထွက်ခွာခဲ့မယ်ဆိုရင် သူရရှိနေတဲ့ လုပ်ခလစာထဲက အစိတ်အပိုင်း ကို ပေးချေဖို့ ရှိနေတာပါ။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ ယူနိုက်တက်အသင်းမှာ ဆက်ပြီး ရှိနေမလား ဒါမှမဟုတ် ဘယ်အသင်းတွေထံ အငှားနဲ့ ပြောင်းရွှေ့သွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 334
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က တိုက်စစ်မှူး ဆာလက်ကို အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိနေသလို ဆော်ဒီနိုင်ငံက ဆာလက်ကို စိတ်ဝင်စားတဲ့အပေါ် အံ့သြစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “ဆာလက်ကို မလိုချင်ဘူးလို့ တစ်ဦးဦးက ပြောလာခဲ့ရင် ဒါက အံ့သြစရာကောင်းမှာပါ။ သူဟာ နှစ်ပေါင်းများစွာ ကောင်းမွန်စွာလုပ်ခဲ့ပြီး လူတိုင်းက သူ့ကို လိုချင်ကြပါလိမ့်မယ်။ ကျနော်တို့ အပါအဝင် လူတိုင်း က သူ့ကိုလိုချင်ပါတယ်။ ကျနော်တို့ဟာ သူ့ကို သက်တမ်း တိုးစေချင်တယ်ဆိုတာ ရှင်းပါတယ်။ တစ်ဦးဦးက သူ့ကို လိုချင်နေတာက အံ့သြစရာမကောင်းပါဘူး။ သူဟာ သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့နဲ့ ကျနော်တို့ အတွက်လည်း ဆုံးဖြတ်ချက် ချနိုင်ဖို့မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းနဲ့ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဆာလက်က စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိဖို့က ဝေးကွာတယ်လို့ ပြောထားပါတယ်။
ဆာလက်ကို တွေ့ရစဉ်
ဆာလက်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်က ကာလရှည်ကြာ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး နိုင်ငံရဲ့ အားကစား ဝန်ကြီးဖြစ်တဲ့ မင်းသားအယ်လ်ဖိုင်ဆဲလ်က ဆော်ဒီပရိုလိဂ်မှာ ဆာလက်ကို မြင်တွေ့ရမှာ နှစ်သက်တယ်လို့ ထုတ်ပြောထားတာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ဂိုးသွင်းယူထားပြီး အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရောက်ရှိအောင် ပို့ဆောင်ပေးထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဆာလက်အပြင် ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ညာနောက်ခံလူ အာနိုးလ်တို့ကိုလည်း စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးတာကြောင့် အလွတ်နဲ့ ဆုံးရှုံးရဖွယ်ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေ ရရှိနေတဲ့ ဘုန်းမောက်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 370
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁
နယူးကာဆယ်အသင်း တောင်ပံကစားသမား အယ်လ်မီရွန်ဟာ အသင်းဟောင်း မေဂျာလိဂ်ကလပ် အက်လန်တာ ယူနိုက်တက်အသင်းထံ ပေါင် ၈ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။
နယူးကာဆယ်အသင်းဟာ ၂၀၁၉ ခုနှစ်က အယ်လ်မီရွန်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ အက်လန်တာယူနိုက်တက် အသင်းကနေ ခေါ်ယူခဲ့တာပါ။
အသက် ၃၀ နှစ်အရွယ်ရှိ အယ်လ်မီရွန်ဟာ နယူးကာဆယ်အသင်းမှာ ရှိခဲ့တဲ့အချိန်အတွင်း ပွဲပေါင်း ၂၂၃ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၃၀ သွင်းယူခဲ့ပါတယ်။
အယ်လ်မီရွန်ဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းအတွက် လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး ပွဲအပြီးမှာ အသင်းပရိသတ်တွေကို နှုတ်ဆက်မှုပြုလုပ်ခဲ့တာပါ။
အယ်လ်မီရွန်ဟာ ၂၀၂၂-၂၃ ရာသီက နယူးကာဆယ်အသင်း ကာရာဘောင်းဖလား ဗိုလ်လုပွဲ ရောက်ရှိတာနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
အယ်လ်မီရွန်ကို တွေ့ရစဉ်
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက သူတို့ အတူတူရှိခဲ့တဲ့ အချိန်အတွင်းမှာ အသင်းအတွက် အယ်လ်မီရွန် ပေးခဲ့တဲ့ အရာအားလုံးအတွက် အသင်းကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
အယ်လ်မီရွန်ကတော့ သူ့ရဲ့နှလုံးသားထဲမှာ အထူးနေရာ တစ်ခုအဖြစ် အမြဲတမ်းရှိနေတဲ့ အက်လန်တာ ယူနိုက်တက်အသင်းထံ ပြန်လာရလို့ ပျော်ရွှင်ပြီး ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ထပ်ဖန်တီးပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
အယ်လ်မီရွန်ဟာ အက်လန်တာယူနိုက်တက်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ပြိုင်ပွဲစုံပွဲပေါင်း ၇၀ ပါဝင်ကာ သွင်းဂိုး ၂၂ ဂိုးသွင်းပြီး ၂၀၁၈ ခုနှစ်က မေဂျာလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် မေဂျာလိဂ် ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အက်လန်တာယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၂ ရက်မှာ မေဂျာလိဂ်အဖွင့်ပွဲစဉ်အဖြစ် မွန်ထရီရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 489
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁
ရီးရယ်လ်အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်ဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မက္ကဆီကို ကလပ် မွန်တာရေးအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
RG Deportiva က ရာမို့စ်ဟာ တစ်နှစ်လုပ်ခလစာဒေါ်လာ ၄ သန်းရရှိမယ့် မက္ကဆီကိုကလပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ လမ်းဖွင့်ထားတယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် ရာမို့စ်ဟာ စာချုပ်ထဲမှာ ထည့်သွင်းချင်နေတဲ့ စွမ်းဆောင်မှုအပေါ်မူတည်တဲ့ အပိုဆုကြေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်တာမှာ အနည်းငယ် အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ရာမို့စ်ရဲ့ကိုယ်စားလှယ်တွေဟာ သူ့ရဲ့ကစားသမားကို ၂ နှစ် စာချုပ်ချုပ်ဖို့ တွန်းအားပေးနေပေမယ့် မွန်တာရေးအသင်းက ၁ နှစ်စာချုပ်သာချုပ်ဖို့ ဆန္ဒရှိနေတာပါ။
မွန်တာရေးအသင်းအကြီးအကဲ အန်တိုနီယိုနိုရီဂါက ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ကလပ်အသင်းစဉ်းစားနေတဲ့ ရွေးချယ်စရာတွေထဲမှာ တစ်ဦးအနေနဲ့ပါဝင်တယ်လို့ အတည်ပြုထားပါတယ်။
မွန်တာရေးအသင်းနည်းပြ ဒီမစ်ချယ်လစ်ကတော့ ရာမို့စ်အသင်းထံလာရင် ကြိုဆိုသွားမှာဖြစ်ပြီး မက္ကဆီကိုလိဂ်အတွက်ရော အသင်း အတွက်ဂုဏ်ယူစရာဖြစ်မယ်လို့ ပြောထားတာပါ။
ရာမို့စ်အတွက်တော့ ဥရောပပြင်ပမှာရှိနေတဲ့ ကလပ်အသင်း တွေရဲ့ချိတ်ဆက်မှုကိုခံရတာက ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
ရာမို့စ်ဟာ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂိုအသင်းနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် အပြောင်းအရွှေ့မဖြစ်ခဲ့သလို ဆော်ဒီကလပ်အသင်းတွေရဲ့ ချိတ်ဆက်မှုတွေကိုလည်း ရရှိခဲ့တာပါ။
ရာမို့စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ငယ်ဘဝ ကလပ် ဆီဗီလာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးကတည်းက အသင်းသစ်မရရှိသေးတာဖြစ်ပါတယ်။
စပိန် နောက်ခံ လူဟောင်းဟာ ရီးရယ်လ်အသင်းရဲ့ခံစစ်ဒဏ်ရာအကျပ်အတည်းကြောင့် အသင်းဟောင်းထံ ပြန်လာချင်ပေမယ့် ရီးရယ်လ်အသင်းက သူ့ကိုခေါ်ယူခဲ့ခြင်းမရှိတာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၅ ကနေ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး စပိန်လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရရှိခဲ့ပါတယ်။
ရာမို့စ်ဟာ ရီးရယ်လ် အသင်းကနေ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကြာကစားခဲ့ကာ မနှစ်ကရာသီက ဆီဗီလာ အသင်းအတွက် တစ်ရာသီကြာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
Source:Goal