
- By CNI
- Category: အားကစား
- Hits: 462
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ရော့စီက သူ့ရဲ့နှုတ်ဆက်ပွဲမှာ ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြအဖြစ် ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။
ရော့စီက “ကျနော့်ရဲ့ပထမဆုံး ပရော်ဖက်ရှင်နယ်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် လာမှာကိုပြောရတာ အလွန် ဂုဏ်ယူမိပါတယ်။ သူက ကျနော့်ရဲ့ပထမဆုံးနည်းပြပါ။ ကျနော်ဟာ သူ့အတွက် ၃ နှစ်အတွင်းမှာ ပွဲအနည်းငယ်ပဲ ကစားခဲ့ရပေမယ့် သူ့ကို ကျနော်ခေါ်ယူခဲ့တဲ့အချိန်မှာ သူ့ဘက်က လာမယ်လို့ ချက်ချင်းပြန်ပြောခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ဆက်ဆံမှုတွေအတွက် ကျနော်အလွန်လေးစားပြီး သူ့ကိုမြင်တွေ့ရမှာ အလွန် ပျော်ရွှင်တယ်”လို့ နှုတ်ဆက်ပွဲကို ကြေညာချိန်မှာ ပြောခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော့စီဟာ ၂၀၂၃ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၂ ရက် ဖီအိုရင်တီးနားအသင်းအိမ်ကွင်းမှာ ကစားမယ့်နှုတ်ဆက်ပွဲအတွက် ရော့စီဟာ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ဘာတစ္စတူတာ၊လူကာတိုနီ၊ကာဆာနို၊ဖရေးနဲ့ ဗယ်လာရိုတို့ကိုလည်း ဖိတ်ကြားထားတာပါ။
၂၀၁၉ ခုနှစ်က ယူနိုက်တက် 99 ဂန္ထဝင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ အိုးထရက်ဖိုဒ့် မှာကစားခဲ့တဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့ပြီးနောက် ဒီပွဲဟာ ဖာဂူဆန်အတွက် နည်းပြခုံတန်းကို ပြန်လည်ဝင်ရောက်မယ့် ပထမဆုံးပွဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ ရော့စီဟာ ပွဲပေါင်း ၁၄ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့ကာ နယူးကာဆယ်၊ပါးမားအသင်းတွေထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ရော့စီဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာ ပြီးနောက် ဗီလာရီးရယ်လ်၊ဖီအိုရင်တီးနား၊လီဗန်တေး၊ဆယ်လ်တာဗီဂို၊ဂျီနိုအာ၊ရီးရယ်လ်ဆော့လိတ်နဲ့ စပယ်လ် အသင်းတို့မှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ရောစီဟာ အမေရိကန်မှာ မွေးဖွားခဲ့ပေမယ့် အီတလီလက်ရွေးစင်အသင်းကို ကိုယ်စားပြုခဲ့ပြီး နိုင်ငံအသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားကာ ၇ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 408
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်က မတ်လထဲကစားမယ့် နိုင်ငံတကာပွဲတွေအတွက် နိုင်ငံအသင်းလူစာရင်းမှာ ရီးရယ်လ်အသင်းကြယ်ပွင့် ဘတ်ပီ ပြန်ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အောက်တိုဘာနဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ မပါဝင်ခဲ့ပေမယ့် အခုအချိန်မှာ နိုင်ငံအသင်း လူစာရင်းထဲ ပြန်ပါဝင်နိုင်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်တာပါ။
ဘတ်ပီဟာ ပြင်သစ်အသင်း နိုင်ငံတကာပွဲတွေ ယှဉ်ပြိုင်ချိန် ဆွီဒင်မှာ ပါတီပွဲ ကျင်းပနေမှုတွေကြောင့် ဝေဖန်မှု တွေလည်း အများအပြား ခံခဲ့ရပါတယ်။
ပြင်သစ်ဂျာနယ်လစ် မိုလီနာက ဘတ်ပီဟာ နိုင်ငံတကာပွဲတွေ မပါဝင်နိုင်ချိန် ရရှိခဲ့တဲ့ တုန့်ပြန်မှုတွေကြောင့် လက်ရွေးစင်အသင်းကနေ အနားယူဖို့ စဉ်းစားခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ဒါပေမယ့် ဘတ်ပီဟာ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ပြင်သစ်အသင်းထက် ပိုပြီးအရေးကြီးတာ ဘာမှမရှိဘူးလို့ ပြောခဲ့ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဒါအပြင် ဘတ်ပီက သူဟာ နိုဝင်ဘာနိုင်ငံတကာပွဲတွေ ကစားချိန်မှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် နည်းပြက သူ့ကိုလူစာရင်းထဲမခေါ်ယူခဲ့ဘူးလို့ ပြောခဲ့တာပါ။
အခုအချိန်မှာတော့ နည်းပြဒက်ချမ့်က သူ့ကို ပြင်သစ်အသင်း လူစာရင်းထဲ ပြန်လည်ခေါ်ယူမယ်လို့ L'Equipe ရဲ့မေးမြန်းမှုကို အတည်ပြုခဲ့ပါတယ်။
ပြင်သစ်အသင်းအတွက် ၈၆ ပွဲ ကစားထားပြီး ၄၈ ဂိုးသွင်းယူထားတဲ့ ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ ခြေစွမ်းပြသ နေပြီး သူ့ရဲ့အကောင်းဆုံး ပုံစံတွေကို ပြန်လည် ရရှိနေပြီဖြစ်ပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာ အပါအဝင် ရီးရယ်လ်အသင်းအတွက် ကစားထားတဲ့ ၃၆ ပွဲမှာ ၂၄ ဂိုး သွင်းယူထားတာပါ။
ပြင်သစ်အသင်းဟာ မတ်လထဲမှာ နေးရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 400
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ယူနိုက်တက်အသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီဟာ ဘက်တစ်အသင်း အတွက် ဥရောပပွဲဦးထွက်ခဲ့တဲ့ ဂျန့်အသင်းနဲ့ ကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဘက်တစ်အသင်းက ဂျန့်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ အန်တိုနီဟာ အသင်းအတွက် ပွဲချိန် ၄၇ မိနစ်မှာ လှပတဲ့သွင်းဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဘက်တစ်အသင်းအတွက် နောက်ထပ် သွင်းဂိုးတွေကို ဘာကမ်ဘူနဲ့ အယ်လ်တီမီရာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ ဆယ်လ်တာဗီဂိုအသင်းနဲ့ လာလီဂါ ပွဲစဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဘက်တစ် အသင်းအတွက် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
အန်တိုနီကို တွေ့ရစဉ်
အန်တိုနီဟာ ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘက်တစ်အသင်းအတွက် ၃ ပွဲ ကစားထား ပြီး ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ အန်တိုနီကို အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။
ဒါပေမယ့် အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာကြောင့် ကစားသမားဟာ ရာသီကုန်ချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်သွားရမှာဖြစ်ပါတယ်။
အန်တိုနီကတော့ သူဟာ ဘက်တစ်အသင်းမှာ အလွန်ပျော်ရွှင်နေပြီး ဂျန့်အသင်းနဲ့နိုင်ပွဲက သူတို့ကို ဘယ်တော့မှ မရပ်တန့်ဘဲ အားပေးနေတဲ့ ပရိသတ်တွေအတွက်လို့ ပြောခဲ့တာပါ။
ဘက်တစ်အသင်းဟာ ဂျန့်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး လိဂ်မှာ ၂ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 444
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ၁၀၀ စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်ထဲမှာ ဝင်ငွေပေါင် ၂၀၈ သန်းနဲ့ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တယ်လို့ Sportico က ဖော်ပြထားတာပါ။
ရော်နယ်ဒိုရဲ့ ဝင်ငွေအများစုဟာ အယ်လ်နာဆာအသင်းကနေ ရရှိခဲ့တာဖြစ်ပြီး သူဟာ ဆော်ဒီပရိုလိဂ်ကလပ်မှာ တစ်နှစ်ကို ပေါင် ၁၇၅ သန်း ရရှိနေတာဖြစ်ပါတယ်။
Golden State Warriors အသင်းမှာ ကစားနေတဲ့ NBA ကြယ်ပွင့် ကာရီက ပေါင် ၁၂၃ သန်းနဲ့ ရော်နယ်ဒိုရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်ကို အရေးနိမ့်ပြီးနောက် လက်ဝှေ့ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာထားတဲ့ တိုင်ဆန်ဗျူရီက ပေါင် ၁၁၇ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီက ပေါင် ၁၀၈ သန်းနဲ့ စတုတ္ထ၊ NBA နာမည်ကြီး လီဘရွန်ဂျိမ်းစ်က ပေါင် ၁၀၆ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်ခဲ့တာပါ။
၂၀၂၄ ခုနှစ်အတွင်း ဆော်ဒီမှာ လုပ်ခလစာ အများအပြား ရရှိခဲ့တဲ့ နေမာ၊ ဘန်ဇီမာနဲ့ ရီးရယ်လ်အသင်းကြယ်ပွင့် ဘတ်ပီတို့ဟာ ထိပ်ဆုံး ၁၀ ဦးထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
Sportico ဟာ ထိပ်တန်း အားကစားနယ်ပယ်ထဲက ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ၁၀၀ ဦး စာရင်းပြုစုပြီး ထုတ်ပြန်ခဲ့တာပါ။
ဖော်မြူလာဝမ်းက နာမည်ကြီးတွေဖြစ်တဲ့ ဟာမီလ်တန်နဲ့ ဗာစတန်ပန်တို့လည်း ဝင်ငွေအများဆုံးရရှိတဲ့ ထိပ်ဆုံး ၁၀၀ ဦး စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ထိပ်ဆုံး ၁၀၀ ဦးစာရင်းထဲမှာ NBA က ၃၆ ဦးအထိ ပါဝင်တာကြောင့် ဘတ်စကတ်ဘော အားကစားသမားတွေ ဟာ အခြားအားကစားနည်းက အားကစားသမားတွေထက် ဒီစာရင်းမှာ ပိုပြီးပါဝင်ခဲ့တာပါ။
၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး အားကစားသမားထိပ်ဆုံး ၁၀၀ ဦးစာရင်းထဲမှာ အမျိုးသမီး အားကစားသမား တွေ မပါဝင်ခဲ့ပါဘူး။
အမေရိကန်အိုးပန်း ချန်ပီယံဟောင်း ကိုကိုကပ်ဖ်က ပေါင် ၂၄.၃ သန်းနဲ့ အမျိုးသမီး အားကစားသမားတွေထဲမှာ ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 371
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ဆော်ဒီနိုင်ငံမှာကျင်းပမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်အားပေးမယ့် ပရိသတ်တွေကို အရက် သောက်သုံးခွင့်ပိတ်ပင်ထားတယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်က ပြောခဲ့ပါတယ်။
သံအမတ်ဖြစ်တဲ့ မင်းသားခါလစ်က “အခုအချိန်မှာ အရက်ကိုခွင့်မပြုထားပါဘူး။ အရက်မပါဝင်ဘဲ ပျော်စရာတွေ အများကြီးရှိပါတယ်။ ဒါက ၁၀၀ ရာခိုင်နှုန်းမလိုအပ်ပါဘူး။ အရက်ကင်းစင်ရမှာဖြစ်ပြီး ဒါက ကျနော်တို့ရဲ့ ရာသီဥတုလို ခြောက်သွေ့နိုင်ငံပါ။ လူတိုင်းမှာ ယဉ်ကျေးမှုကိုယ်စီရှိကြပြီး ကျနော်တို့ရဲ့နယ်နိမိတ်အတွင်းမှာ လူတိုင်းနဲ့လိုက်လျောညီထွေဖြစ်အောင်နေရတာကို ပျော်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ တခြားသူတွေ အတွက် ကျနော်တို့ရဲ့ယဉ်ကျေးမှုကို မပြောင်းလဲချင်ပါဘူး”လို့ LBC ကိုပြောခဲ့တာပါ။
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်ဖို့လျှောက်ထားတဲ့ တစ်နိုင်ငံတည်းသောနိုင်ငံဖြစ်တဲ့ ဆော်ဒီနိုင်ငံကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အိမ်ရှင်အဖြစ်အတည်ပြုထားတာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တုန်းကလည်း အရက်သောက်သုံးခြင်းကို ခွင့်မပြုခဲ့ပေမယ့် ပြိုင်ပွဲနီးမှ ဆုံးဖြတ်ချက်ပြန်ပြောင်းသွားခဲ့တာပါ။
ကာတာနိုင်ငံဟာ ပရိသတ်တွေကို ဟိုတယ်တွေနဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ အရက်ဝယ်ယူပြီးသောက်သုံးဖို့ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ဆော်ဒီသံအမတ်ဖြစ်တဲ့ မင်းသားခါလစ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြမယ့် သူတွေအနေနဲ့ ဆော်ဒီနိုင်ငံရဲ့ယဉ်ကျေးမှုကို လေးစားသင့်ပြီး ဟိုတယ်အပါအဝင် ပြိုင်ပွဲကျင်းပတဲ့ ဘယ်နေရာမှာမှ အရက်ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
ဒါ့အပြင် ပရိသတ်တွေအနေနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အရက်မပါဝင်ဘဲ ပျော်ရွှင်စွာဖြတ်သန်းရမယ်လို့ ပြောခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ဆော်ဒီနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့်အပေါ် စိုးရိမ်မှုတွေ အများကြီးရှိနေကြတာပါ။
ဆော်ဒီနိုင်ငံဟာ လိင်တူဆက်ဆံတာတွေကို ခွင့်ပြုထားခြင်းမရှိလို့ လိင်တူချစ်သူ တွေအနေနဲ့ ဒီပြိုင်ပွဲကို ဘေးကင်းစွာလာရောက်ကြည့်ရှုနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
မင်းသားခါလစ်ကတော့ ဒါက ဆော်ဒီပွဲမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာနဲ့ သက်ဆိုင်တဲ့ပွဲဖြစ်တဲ့အတွက် အားလုံးကို ကြိုဆိုသွားမယ်လို့ ပြောခဲ့ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 310
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ခန့် အနားယူရဖွယ် ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဂျက်ဆန်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နည်းပြ မာရက်စ်ကာက ဆိုးဆိုးရွားရွား မဖြစ်ဖို့မျှော်လင့်ခဲ့တာပါ။
ဒါပေမယ့် ဂျက်ဆန်ရဲ့ ဒဏ်ရာအခြေအနေကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ထင်ထားတာထက် ပိုပြီးဆိုးရွားနေတာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဆီနီဂေါတိုက်စစ်မှူးဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၉ ဂိုး သွင်းယူထားပြီး ၁၄ ဂိုး သွင်းယူထားတဲ့ ကိုးလ်ပါလ်မာပြီးရင် အသင်းရဲ့ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည် နေတာပါ။
ဂျက်ဆန်ဟာ ဒဏ်ရာကြောင့် မတ်လအကုန်ထိ ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါ တယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ဂျက်ဆန်အပြင် နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ မာခ့်ဂီအူကလည်း ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လာမယ့်ပွဲတွေမှာ တိုက်စစ်ပိုင်း အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တဲ့ FA ဖလားစတုတ္တအဆင့်မှာ ကိုးလ်ပါလ်မာနဲ့ အန်ကွန်ကူတို့ကို တိုက်စစ်ပိုင်းမှာထားပြီး အသုံးပြုသွားခဲ့တာပါ။
ဘရိုက်တန်အသင်းနဲ့ ထပ်ပြီးရင်ဆိုင်ရမယ့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ချယ်လ်ဆီးအသင်းဟာ သူတို့နှစ်ဦးကိုပဲ တိုက်စစ်ပိုင်းမှာ ထပ်ပြီး အသုံးပြုသွားနိုင်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၄ ပွဲ ကစားအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 306
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ ဆဲလ်တစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် တိုက်စစ်မှူး ဟာရီကိန်းက အသင်းဟာ လာမယ့်ပွဲမှာ ပိုပြီးကောင်းအောင်လုပ်ဖို့ လိုအပ်တယ် လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “ကျနော်တို့ဟာ ပွဲထဲမှာ ဒီထက်ပိုပြီးကောင်းမွန်အောင် လုပ်နိုင်မယ့် နေရာတွေရှိနေပြီး လာမယ့် ပွဲမှာ ပိုပြီးကောင်းအောင် လုပ်သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ မှန်ကန်တဲ့ အချိန်တွေမှာ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ သူတို့ဟာ ပွဲပြီးခါနီးမှာ ကျနော်တို့ကို ဖိအားတွေပေးခဲ့ပြီး ကျနော်တို့ လုပ်ခဲ့သလို သန်မာအောင် နေရမှာပါ။ ဒီနေရာဟာ လွယ်ကူတဲ့နေရာ မဟုတ်တဲ့အတွက် ဒီလိုပွဲမျိုး အနိုင်ရတဲ့အချိန်တိုင်း အမြဲတမ်း ကျေနပ် နေရမှာပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို အိုလီဆီနဲ့ ဟာရီကိန်းတို့က သွင်းယူခဲ့ပြီး ဆဲလ်တစ်အသင်း အတွက် ချေပဂိုးကို မာအီဒါက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာရီကိန်းဟာ UEFA က ကျင်းပတဲ့ပြိုင်ပွဲတွေမှာ သွင်းဂိုး ၆၀ ပြည့်တဲ့ ပထမဆုံး အင်္ဂလိပ် ကစားသမားဖြစ်ခဲ့တာပါ။
ဟာရီကိန်းကို တွေ့ရစဉ်
ဆဲလ်တစ်အသင်းဟာ ပွဲပြီးခါနီးမှာ ချေပဂိုးရရှိဖို့ ဘိုင်ယန်မြူးနစ်အသင်းကို ဖိအားပေးခဲ့ပေမယ့် သွင်းဂိုးမရခဲ့တာ ကြောင့် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဆဲလ်တစ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ်က သူတို့ဟာ ပွဲပြီးခါနီး ၂၅ မိနစ်မှာ ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒုတိယအကျော့ကစားဖို့ ကျန်ရှိနေသေးတာကြောင့် ၁၆ သင်းအဆင့် တက်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးတယ်လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပွဲရဲ့ပထမပိုင်းမှာပဲ ရှိသေးတာကြောင့် ဒုတိယအကျော့မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 292
CNI Sport New
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အဲဗာတန်နဲ့ လီဗာပူးလ်အသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်အပြီးမှာ ဖြစ်ခဲ့တဲ့ရန်ပွဲအတွက် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ပွဲကိုထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “သူတို့ဟာ သွင်းဂိုးအတွက် ဘယ်လိုအောင်ပွဲခံကြလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ကြမှာဖြစ်ပြီး သူတို့ ဒီလိုလုပ်ခွင့်ရှိပါတယ်။ အဆုံးသတ်မှာ ဒိုကိုရေးက ကျနော်တို့ရဲ့ ပရိသတ်တွေကို ရန်စချင်တယ်လို့ ထင်ပြီး ကာတစ်ဂျုံးစ်က ဒါကလုပ်သင့်တဲ့အရာလို့ မထင်တဲ့အတွက် ပြဿနာတက်ခဲ့ကြတာပါ။ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တဲ့အချိန် ဘာတွေဖြစ်မလဲဆိုတာ သိသာပါတယ်။ ကျနော်ကတော့ ဒိုင်လူကြီးက ဒီပွဲကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ ထင်ပါတယ်။ နှစ်သင်းစလုံးဟာ ဒါကိုကိုင်တွယ်ဖြေရှင်းရမှာပါ”လို့ TNT Sports ကို ပြောခဲ့တာပါ။
ဂွတ်ဒီဆင်ပါ့ခ်မှာ နောက်ဆုံးကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ပွဲချိန်မိနစ် ၉၀ အထိ အဲဗာတန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နာကျင်အချိန်ပို ၈ မိနစ်မှာ အဲဗာတန်အသင်းက အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ပွဲအပြီးမှာ အဲဗာတန်အသင်းကွင်းလယ်လူ ဒိုကိုရေးဟာ လီဗာပူးလ်အသင်း ပရိသတ်တွေ အရှေ့သွားရောက် အောင်ပွဲခံခဲ့တာ ကြောင့် လီဗာပူးလ်အသင်း ကွင်းလယ်လူ ကာတစ်ဂျုံးစ်က ဒေါသထွက်ပြီး သူတို့နှစ်ဦး ထိပ်တိုက်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီအဖြစ်အပျက်အပြီးမှာ နှစ်ဖက်အသင်းကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ကြတာပါ။
အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက အဝါကတ် ပြသခံထားရပြီးဖြစ်တဲ့ ဒိုကိုရေးနဲ့ ကာတစ်ဂျုံးစ်တို့ကို နောက်ထပ် အဝါကတ်ထပ်ပြပြီး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။
ဒါအပြင် သူနဲ့ထိပ်တိုက်တွေ့ဖို့ကြိုးပမ်းခဲ့တဲ့ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့နဲ့ လက်ထောက်နည်းပြ တို့ကိုလည်း ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက အနီကတ်ပြသခဲ့တာပါ။
အဲဗာတန်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်က ဂွတ်ဒီဆင်ပါ့ခ်မှာကစားတဲ့ မာဆေးဆိုဒ်ဒါဘီနောက်ဆုံးပွဲ ဖြစ်တာကြောင့် ကွင်းအတွင်း စိတ်ခံစားမှုတွေ ပြင်းထန်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရမှတ် ၇ မှတ် အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အဲဗာတန်အသင်းက အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 427
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ ဒူဘိုင်းလေ့ကျင့်ရေး စခန်းမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရပြီး ကြားရက်ထဲမှာလည်း ပွဲကစားရခြင်းမရှိလို့ ဒူဘိုင်းကို သွားရောက်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ဒါပေမယ့် လေ့ကျင့်ခန်း အစီအစဉ်တစ်ခုမှာ ဟာဗက်ဇ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး အာဆင်နယ်အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ဟာဗက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေ အတိအကျကို မသိရသေးပေမယ့် တံကောက်ကြော ဒဏ်ရာကြောင့် သူဟာ ပွဲအများအပြားကို လွဲချော်နိုင်တာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ဂျီးဆပ်စ်နဲ့ မာတင်နယ်လီတို့ကို ဒဏ်ရာကြောင့် အနားပေးထားရပါတယ်။
ပုံစာ- ဟာဗက်ဇ်ကို တွေ့ရစဉ်
ဟာဗက်ဇ်ရဲ့ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး နေရာအတွက် ကစားသမား မရှိတော့ဘဲ တောင်ပံကစားသမားတွေဖြစ်တဲ့ ထရော့ဆာ့ဒ်နဲ့ စတာလင်တို့ကိုသာ တိုက်စစ်မှူးအဖြစ် အသုံးပြုရဖို့ရှိနေတာပါ။
ဆာကာဟာ အာဆင်နယ်အသင်းရဲ့ ဒူဘိုင်း လေ့ကျင့်ရေးစခန်းကို လိုက်ပါခဲ့ပြီး အပေါ့စား လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဆာကာဟာ မတ်လအစပိုင်းမှသာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာထားရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထား ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ လက်စတာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 511
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
စပိန်လာလီဂါကလပ် ဘက်တစ်အသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူဖွယ်ရှိနေပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းမှာ လျင်မြန်စွာ အသားကျပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းအတွက် ၁ ဂိုး သွင်းယူထားတဲ့ အန်တိုနီဟာ စပိန်ကလပ်အတွက် ကစားခဲ့တဲ့ ၂ ပွဲစလုံး အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာပါ။
အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ ဘက်တစ်အသင်းဟာ နွေရာသီမှာ သူ့ကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် မပါဝင်ပါဘူး။
ပုံစာ- အန်တိုနီကို တွေ့ရစဉ်
ဒါပေမယ့် ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ် ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းထံ ဖြစ်နိုင်ဖွယ် ရှိတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ချဉ်းကပ်ဖို့ ပြင်ဆင်နေတာပါ။
ဒါအပြင် ဘက်တစ်အသင်း အကြီးအကဲဖြစ်သူကလည်း အန်တိုနီကို ကလပ်မှာ ရေရှည်ဆက်ထိန်းဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။
ရာမွန်အယ်လာကွန်က “အန်တိုနီရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေအားလုံးကို ယူနိုက်တက်အသင်းထံ ပေးပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ ယူနိုက်တက် အသင်းနဲ့ရော ကစားသမားနဲ့ပါ ဆက်ဆံရေး အလွန်ကောင်းပါတယ်။ လာမယ့်ရာသီ သူဒီမှာဆက်ရှိနေဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် မဖြစ်နိုင် ရမှာလဲ” လို့ Cadena Ser ကို ပြောခဲ့တာပါ။
ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီကလည်း အန်တိုနီရဲ့ ပွဲဦးထွက် စွမ်းဆောင်ရည်တွေကို ချီးကျူးမှု ပြုလုပ် ထားပါတယ်။
ဘက်တစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။
ဘက်တစ်အသင်းဟာ ဒီအပတ် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro