- By CNI
- Category: အားကစား
- Hits: 481
ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ဆာနေးရရှိ
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၁
ဂျာမန်ကြယ်ပွင့် ဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ရရှိထားပေမယ့် စာချုပ် သက်တမ်းတိုးဖွယ် ရှိ/မရှိ မသေချာသေးဘူးလို့ ဂျာမန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
Sky Germany က ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ဆာနေးကို စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဆာနေးရဲ့အေးဂျင့် ဇဟာဗီနဲ့ ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ အီဘာတို့ဟာ ဒီရက်သတ္တပတ် ညစာ အတူစားနေကြတာကို မြင်တွေ့ခဲ့ရပြီးနောက် ဆွေးနွေးမှုတွေ အပြုသဘောဆောင်တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ဆာနေးရဲ့ စာချုပ်သက်တမ်းတိုးဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လာမယ့် ရက်အတွင်း ချနိုင်ဖို့ မျှော်လင့်နေကြတာပါ။

ပုံစာ- ဆာနေးကို တွေ့ရစဉ်
ဆာနေးရဲ့ စာချုပ် အခြေအနေကြောင့် အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ သူ့ကို နွေရာသီမှာ အလွတ်ပြောင်း ရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထား ကြပါတယ်။
မန်စီးတီးအသင်းမှာ ၄ ရာသီကြာ ကစားခဲ့ဖူးတဲ့ ဆာနေးဟာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အပြင် ကာရာဘောင်း ဖလား ၃ ကြိမ်နဲ့ FA ဖလားချန်ပီယံဆု ၁ ကြိမ် ရယူထားနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားတာ ၅ ရာသီကြာ ရှိပြီဖြစ်တဲ့ ဆာနေးဟာ အသင်းနဲ့ ဘွန်ဒက်လီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၈ ခု ရရှိထားပါတယ်။
ဆာနေးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး လာမယ့် ရက်ပိုင်းအတွင်း ကြီးမား တဲ့ ဆုံးဖြတ်ချက်ကို ချဖို့ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူစာရင်းထဲ ထည့်သွင်းဖို့အတွက် သူ့ရဲ့စာချုပ် အခြေအနေကို အမြန်ဆုံး ဖြေရှင်းစေချင်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 445
ဖီအိုရင်တီးနားနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဒီဂီယာ သဘောတူ
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၁
စပိန်ဂိုးသမားဟောင်း ဒီဂီယာဟာ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှာ ၂၀၂၈ ခုနှစ် နွေရာသီအထိရှိမယ့် ၃ နှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်းအတွက် ပထမဆုံး ကစားတဲ့ရာသီမှာ လက်စွမ်းပြသနိုင်ခဲ့ပြီး အသင်းကို စီးရီးအေ အမှတ်ပေးဇယားအဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့်လည်း ဖီအိုရင်တီးနားအသင်းဟာ ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ လာမယ့်ရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီ ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။

ပုံစာ- ဒီဂီယာကို တွေ့ရစဉ်
ဒီဂီယာဟာ ၂၀၂၄-၂၅ ရာသီ စီးရီးအေပြိုင်ပွဲမှာ ၁၁ ပွဲ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့ပြီး ပင်နယ်တီ ၂ ကြိမ်လည်း ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါအပြင် ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်းက ဗီရိုနာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာပါ။
ဒီဂီယာကို ခေါ်ယူဖို့ ပြင်သစ်ကလပ် မိုနာကိုအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူဟာ ဖီအိုရင်တီးနားအသင်းမှာ ဆက်ရှိတော့မှာ ဖြစ်ပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ နည်းပြ မရှိပေမယ့် ဒီဂီယာရဲ့ စာချုပ်သစ်ကို မကြာမီ ကြေညာဖွယ် ရှိနေတာပါ။
ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ပြန်လည် တွေ့ဆုံရာမှာဖြစ်ပြီး အိုးထရက်ဖို့ဒ် ကွင်းကြီးထဲ အသင်းဟောင်း ပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 520
ယူနိုက်တက်မှာ ဘရူနို ဆက်နေချင်တယ်လို့ အာမိုရင် ယုံကြည်
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၁
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေရှိနေပေမယ့် ဘရူနိုဖာနန်ဒက်စ်အသင်းမှာ ဆက်နေချင်တယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဘရူနို အသင်းအတွက် နောက်ဆုံးပွဲ ကစားခဲ့တယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်သေချာ မသိပေမယ့် သူဒီမှာ ဆက်နေချင်တယ်လို့ ကျနော်ထင်ပါတယ်။ ကလပ်အသင်းဟာ အခြားနည်းလမ်းတွေနဲ့လည်း ငွေကြေးရှာဖွေနိုင်ပါတယ်။ ကျနော်ကတော့ သူဒီမှာ သေချာပေါက် ဆက်နေချင်တယ်လို့ ခံစားရပါတယ်။ ဒါပေမယ့်လည်း ခင်ဗျားဘယ်တော့မှ မသိနိုင်ဘူး”လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ဆက်တိုက် ကြိုးစားနေပြီး ၃ နှစ် စာချုပ်အတွက် ပေါင်သန်း ၂၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူ ပင်ဟိုဟာ ဒီရက်သတ္တပတ်ထဲ ဆော်ဒီမှာ ၃ ရက်ကြာနေထိုင်ပြီး အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ပုံစာ- ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်
ဒါအပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်သာ အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိရရှိမှာပါ။
အယ်လ်ဟီလယ်အသင်းကတော့ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ကို အသင်းလူစာရင်းထဲ ထည့်သွင်း ချင်နေတာကြောင့် အပြောင်းအရွှေ့ အမြန်ဆုံးဖြစ်အောင် ကြိုးပမ်းနေတာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းက ဟောင်ကောင်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ပါဝင်ကစားခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်း အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ အချိန်တစ်ပတ် ပေးထားတယ်လို့ သိရပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 561
ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ဒမ်ဘီလီ ပြော
CNI Spore News
၂၀၂၅ ခုနှစ်၊ မေလ ၃၁
PSG အသင်းကြယ်ပွင့် ကစားသမား ဒမ်ဘီလီက တစ်ဦးချင်းဆုတွေထက် ချန်ပီယံလိဂ်ဖလားကို အသင်းနဲ့အတူ ရယူနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီ ပြောခဲ့ပါတယ်။
ဒမ်ဘီလီက “PSG ကစားသမား တစ်ဦးဖြစ်တဲ့ အချိန်မှာ အရေးကြီးတာက ချန်ပီယံလိဂ်ဖလားကို ရယူပြီး အိမ်ပြန် နိုင်ဖို့ပါ။ ကျနော်ဟာ တစ်ဦးချင်းဆုတွေထက် အသင်းကိုပဲ အာရုံစိုက်ထားပါတယ်။ ဘောလွန်းဒီအောက စိတ်ရဲ့ နောက်ကွယ်မှာရှိပေမယ့် ကျနော်ဟာ အသင်းကိုပဲ အာရုံစိုက်ချင်ပါတယ်။ အင်တာမီလန်အသင်းက အလွန် ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဗိုလ်လုပွဲ တက်ဖို့ထိုက်တန်ပါတယ်။ ဗိုလ်လုပွဲအတွက် ကောင်းမွန်စွာ ပြင်ဆင် ထားပြီး စွမ်းဆောင်ရည် ကောင်းတွေပြသနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဒမ်ဘီလီဟာ ဒီရာသီမှာ PSG အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ဂိုး သွင်းယူထားပြီး အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိတဲ့ လမ်းကြောင်းမှာ အဓိကအရေးပါတဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။

ပုံစာ- ဒမ်ဘီလီကို တွေ့ရစဉ်
ဒမ်ဘီလီဟာ PSG အသင်းအတွက် ပုံစံကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရယူဖို့ ရေပန်းစားနေတဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။
ဒါပေမယ့် ဒမ်ဘီလီဟာ PSG အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ကိုသာ အဓိက ဦးစားပေးထားတာ ဖြစ်ပါတယ်။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒမ်ဘီလီဟာ ဒီရာသီရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး သူဟာ ခေါင်းဆောင်တစ်ဦး စိတ်ဓါတ်ရှိတယ်လို့ ချီးကျူးခဲ့တာပါ။
PSG အသင်းဟာ ဒီရာသီမှာ ပြင်သစ်လီဂူး-၁၊ ပြင်သစ်ဖလားနဲ့ ပြင်သစ်စူပါဖလားတို့ကို ရရှိထားပြီး ချန်ပီယံလိဂ် ဖလားကို ရယူကာ ပြီးပြည့်စုံတဲ့ ရာသီအဖြစ် အဆုံးသတ်ချင်နေပါတယ်။
PSG နဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဇွန်လ ၁ ရက်မနက်ပိုင်း ဘိုင်ယန်မြူးနစ် အသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 335
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဆန်ချိုကို အသင်းမှာ ဆက်နေချင်ရင် လုပ်ခလစာ လျှော့ပြီးယူဖို့ လိုအပ်တယ်လို့ ပြောထားကြောင်း talkSPORT က ဖော်ပြထားပါတယ်။
ဆန်ချိုဟာ ချယ်လ်ဆီးအသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကွန်းဖရန့်လိဂ်ဖလား ရရှိအောင် ကူညီပေး ထားပေမယ့် အသင်းက သူ့ကို အပြီးသတ် ခေါ်ယူဖွယ်ရှိ/မရှိ စဉ်းစားနေတာပါ။
ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားနဲ့ခေါ်ယူခဲ့တုန်းက ရာသီကုန်ချိန်မှာ ပေါင်သန်း ၂၀ ကနေ ၂၅ သန်းကြား ပေးပြီး အပြီးသတ်ခေါ်ယူဖို့ ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မခေါ်ယူချင်ရင် ယူနိုက်တက်အသင်းကို လျော်ကြေးပေါင် ၅ သန်းပေးပြီး ပြန်ပို့နိုင်တာပါ။

ဆန်ချိုကို တွေ့ရစဉ်
Sky Sports က ချယ်လ်ဆီးအသင်းဟာ ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး သူ့ကိုအသင်းမှာ ဆက်ထိန်းထားဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားတာပါ။
ဆန်ချို ကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆန်ချိုအနေနဲ့ ချယ်လ်ဆီးအသင်းမှာ ဆက်နေချင်ရင် သူရရှိနေတဲ့ လုပ်ခလစာကို လျှော့ယူပြီး ကလပ် အသင်းရဲ့ လုပ်ခလစာပေးတဲ့ ပုံစံနဲ့ ကိုက်ညီတဲ့ သဘောတူညီမှုကို သဘောတူဖို့ လိုအပ်နေတာပါ။
ဆန်ချိုဟာ တစ်ပတ်လုပ်ခလစာပေါင် ၃ သိန်းဝန်းကျင် ရရှိနေတာကြောင့် ချယ်လ်ဆီးအသင်းမှာ ဆက်နေချင်ရင် လုပ်ခလစာ အအများအပြားကို လျှော့ယူရတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ၁ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဆန်ချိုကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ကစားသမားဟောင်း ဂျိုကိုးလ်ကလည်း တိုက်တွန်းမှုပြုလုပ်ထားတာပါ။
ဆန်ချိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 432
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
ဘရာဇီးလ်တိုက်စစ်မှူး နေမာက မရေမရာဖြစ်နေတဲ့ သူ့ရဲ့ ဆန်းတို့စ်အသင်း အနာဂတ်ကို ဇွန်လ ၁၂ ရက် နောက်ပိုင်းမှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောခဲ့ပါတယ်။
နေမာက “အနာဂတ်နဲ့ ပတ်သက်ပြီး ကျနော် မသိသေးဘူးလို့ ပြောပြီးပါပြီ၊ ဒါကြောင့် ကျနော်ဟာ ဒါကို စဉ်းစားမှုတွေ ပြုလုပ်နေဆဲပါပဲ။ နောက်ထပ်လာပြီး ထပ်မေးရင်လည်း အဖြေက အတူတူပဲ ဖြစ်မှာပါ။ ကျနော် ဒါကို ဇွန်လ ၁၂ ရက် နောက်ပိုင်းမှသာ ဆုံးဖြတ်သွားမယ်"လို့ လိုက်ပ်ဇစ်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီက ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်ပြောင်းရွှေ့လာခဲ့ပြီး ၅ လ စာချုပ်ချုပ်ဆိုခဲ့တဲ့ နေမာဟာ ဇွန်လ ၃၀ ရက်ကုန်ရင် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းကတော့ နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးထိန်းထားဖို့ ဆန္ဒရှိနေတာပါ။

နေမာကို တွေ့ရစဉ်
နွေရာသီမှာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမှာဖြစ်လို့ ဘရာဇီးလ် ထိပ်တန်းလိဂ်ပြိုင်ပွဲတွေကို ဇွန်လ ၁၂ ရက်ကနေ တစ်လကြာ ရပ်နားမှာဖြစ်ပါတယ်။
နေမာရဲ့ဖခင်နဲ့ အေးဂျင့်ဖြစ်သူ ဒါဆေးလ်ဗားက သူ့ရဲ့သားဟာ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရခြင်း မရှိသေးကြောင်းနဲ့ အခြားရွေးချယ်စရာတွေရှိတယ်လို့ ပြောထားတာပါ။
နေမာဟာ ကြွက်သားဒဏ်ရာကြောင့် ဆန်းတို့စ်အသင်းအတွက် ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ၃ ပွဲသာ ပါဝင် ကစားထားပြီး လက်ရွေးစင် အသင်းထံ ပြန်လာနိုင်ဖို့လည်း နှောင့်နှေးနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း နည်းပြသစ် အန်ဆယ်လော့တီဟာ နေမာကို ဇွန်လထဲမှာ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့တာပါ။
နေမာဟာ ဆန်းတို့စ်အသင်းကို ပြန်ရောက်လာပြီးကတည်းက ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 408
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်း နည်းပြအဖြစ် သူ့ရဲ့ပထမဆုံး အပြောင်းအရွှေ့မှာ အသင်းဟောင်း ယူနိုက်တက်အသင်းက အန်တိုနီနဲ့ ဂါနာချိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အဲရစ်တန်ဟတ်ဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တဲ့ ဇာဘီအလွန်ဆိုရဲ့ နေရာမှာ လေဗာကူဆင် အသင်းနည်းပြသစ်အဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခြင်းခံထားရတာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခြင်းခံရပြီးနောက် လေဗာကူဆင်အသင်းဟာ အဲရစ်တန်ဟတ်အတွက် ပထမဆုံးနည်းပြ အလုပ်အကိုင် ဖြစ်ခဲ့ပါတယ်။
အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကို အာရုံစိုက်နေတာပါ။
လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့အတွက် အဲရစ်တန်ဟတ်ဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ အန်တိုနီနဲ့ ဂါနာချိုကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Kicker က အန်တိုနီနဲ့ ဂါနာချိုတို့ဟာ လေဗာကူဆင်အသင်း အတွင်းပိုင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အန်တိုနီရဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ အလားအလာက ပိုပြီးများတယ်လို့ ဖော်ပြထားတာပါ။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး စပိန်ကလပ်အတွက် ၉ ဂိုးသွင်းကာ ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ ဘက်တစ်အသင်းမှာ အထင်ကြီးဖွယ်ကောင်းတဲ့ ပုံစံပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိနေတာပါ။
ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အန်တိုနီကို ခေါ်ယူဖို့ လေဗာကူဆင်အသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားနေကြပါတယ်။
ဂါနာချိုကလည်း နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး နည်းပြအာမိုရင်က သူ့ကို အသင်းသစ် ရှာဖွေဖို့ ပြောထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ဂါနာချိုဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်လူစာရင်း ချန်လှပ်ခံခဲ့ရသလို အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ လူစာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
ဂါနာချိုကို ခေါ်ယူဖို့ နာပိုလီအသင်းအပြင် အသင်းအချို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 393
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃၀
အာဂျင်တီးနား ကစားသမားဟောင်း ဒီမာရီယာဟာ သူ့ရဲ့ငယ်ဘဝကလပ် ရိုဆာရီယိုအသင်းထံ ပြန်လာ ကစားမယ်လို့ အာဂျင်တီးနား ပရီးမီးယားကလပ်က မေလ ၂၉ ရက်က ကြေညာခဲ့ပါတယ်။
“ကျနော်တို့ သမိုင်းကို အတူတူရေးဖို့ စာမျက်နှာတွေ အများကြီးရှိပါတယ်။ အိမ်ကနေ ကြိုဆိုပါတယ်”လို့ ရိုဆာရီယိုအသင်းက ဒီမာရီယာရဲ့ အပြောင်းအရွှေ့ကို သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားတာပါ။
ရိုဆာရီယို လူငယ်အသင်း စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်ရှိ ဒီမာရီယာဟာ အသင်းကြီး အတွက် ၂၀၀၅ ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့တာဖြစ်ပါတယ်။
ဒီမာရီယာဟာ ရိုဆာရီယိုအသင်းအတွက် ၃၉ ပွဲ ကစားခဲ့ပြီး ၆ ဂိုး သွင်းယူကာ ၂၀၀၇ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒီမာရီယာဟာ ဒီနောက်မှာ ဥရောပထိပ်သီး ကလပ်တွေဖြစ်တဲ့ ရီးရယ်လ်၊ ယူနိုက်တက်၊ PSG နဲ့ ဂျူဗင်တပ်စ် အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

ဒီမာရီယာကို တွေ့ရစဉ်
ဒီမာရီယာဟာ ၂၀၂၃ ခုနှစ်မှာ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး နွေရာသီဆိုရင် စာချုပ်ကုန်ဆုံးမှာပါ။
အာဂျင်တီးနား ဂန္ထဝင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ရိုဆာရီယိုအသင်းထံ ပြန်လာဖို့ နီးစပ်ခဲ့ပေမယ့် ဒေသတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေ တိုးလာပြီး သူနဲ့ သူ့မိသားစုအပေါ် အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိလာခဲ့တာကြောင့် သူ့အစီအစဉ်ကို ရပ်တန့်ခဲ့တာဖြစ်ပါတယ်။
ဒီမာရီယာဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘင်ဖီကာအသင်းအတွက် ပါဝင် ကစားပေးပြီးမှသာ ရိုဆာရီယိုအသင်းထံ ပြောင်းရွှေ့လာမှာပါ။
ဘင်ဖီကာအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်၊ ဘိုကာဂျူနီယာ၊ အော့ကလန်စီးတီး အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ဒီမာရီယာဟာ အာဂျင်တီးနားအသင်းနဲ့ ဆုဖလားအောင်မြင်မှု ၆ ခု အပါအဝင် သူ့ရဲ့ဥရောပ ကစားသမားဘဝမှာ ဆုဖလားပေါင်း ၃၀ ခုအထိ ရရှိထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 515
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
စပိန်ချန်ပီယံ ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ပြီး ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင် လက်ထက် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီက အက်စတွန်ဗီလာအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ ဆုံးရှုံးခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ကလပ်အသင်းမှာသာ ကစားဖို့ဆန္ဒရှိနေတာပါ။
Sport သတင်းက ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်တဲ့ အနေနဲ့ အားကစားဒါရိုက်တာ ဒေကိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့အေးဂျင့်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဦးစားပေး လုပ်ဆောင်နေပေမယ့် အန်ဖီးလ်ကလပ်ရဲ့ တောင်းဆိုမှု မြင့်မားမှုကြောင့် ခေါ်ယူဖို့ ခက်ခဲနိုင်တာပါ။
လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် ပြုလုပ်ဖို့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ကုန်ကျစရိတ်နည်းပါးတဲ့ ရွေးချယ်မှုအဖြစ် မြင်နေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို လာမယ့်နှစ်မှာ ဝယ်ယူဖို့ ရွေးချယ်မှု ပါဝင်တဲ့ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့သူဖြစ်တာကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က နှစ်သက်နေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားနေပြီး ရာသီကြို လေ့ကျင့်ခန်း အစီအစဉ် စတင်တဲ့အချိန်မှာ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 482
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၉
ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ကို အေဂျက်စ်အသင်းကနေ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ပြီးခဲ့တဲ့အပတ်က ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရပြီး ၈ နှစ်ကြာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ခဲ့တာပါ။
ဆန်းဒါးလန်းအသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နွေရာသီမှာ လူစာရင်း အင်အားကို တောင့်တင်းအောင်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အဲဒါကြောင့် ဆန်းဒါးလန်းအသင်းဟာ အေဂျက်စ်အသင်းကနေ ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စား နေတာပါ။
လီဗာပူးလ်အသင်း ခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ် အသင်း ကနေ ထွက်ခွာပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ အေဂျက်စ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်ကို တွေ့ရစဉ်
ဟန်ဒါဆန်ဟာ အေဂျက်စ်အသင်းနဲ့အတူ ၂၀၂၄-၂၅ ရာသီ ဒတ်ချ်အမှတ်ပေးဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် PSV အသင်းထံ ဆုဖလားပေးခဲ့ရတာပါ။
ဟန်ဒါဆန်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေသေးပေမယ့် သူဟာ ငယ်ဘဝကလပ် ဆန်းဒါးလန်းအသင်းထံ ပြန်လာဖို့ လမ်းဖွင့်ထားတယ်လို့ talkSPORT က ဖော်ပြထားပါတယ်။
ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဆန်းဒါးလန်းအသင်းကို ဝင်ဘလေကွင်းမှာ လာရောက် အားပေးခဲ့တာပါ။
ဆန်းဒါးလန်းအသင်း လူငယ်စီမံကိန်းက ထွက်ပေါ်လာခဲ့တဲ့ ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းအသင်းအတွက် ၇၉ ပွဲကစားခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
ဟန်ဒါဆန်ဟာ လက်ရှိအချိန်မှာ ဇွန်လထဲ ယှဉ်ပြိုင်မယ့် အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါ အသင်းနဲ့ ခြေစမ်းပွဲတွေအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။
Source: Goal
