
- By CNI
- Category: အားကစား
- Hits: 787
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းမှာ ကစားနေတဲ့ အကယ်ဒမီထွက် ဝေါလ်ကာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၆ ကြိမ် ရယူထားနိုင်ခဲ့တဲ့ ဝေါလ်ကာဟာ ဒီရာသီမှာ ပုံစံ ကောင်းတွေ ပျောက်ဆုံးနေပြီး ရုန်းကန်နေရတာပါ။
မန်စီးတီးအသင်းဟာ လာမယ့် နွေရာသီမှာ အသင်းရဲ့လူစာရင်းကို ပြန်လည်အားဖြည့်မှုတွေ ပြုလုပ်ဖို့ရှိနေတာ ကြောင့် ဝေါလ်ကာဟာ အသင်းကနေ ထွက်ခွာရဖို့ရှိနေတာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဝေါလ်ကာဟာ ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ပြိုင်ပွဲတွေဆီကနေ ငွေကြေး အများအပြားနဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရဖို့ရှိနေတာပါ။
ဒါပေမယ့် ဝေါလ်ကာဟာ ရှက်ဖီးယူနိုက်တက် အသင်းနဲ့အတူ အင်္ဂလန်မှာ ဆက်ရှိနိုင်မယ့် အခွင့်အရေးတွေလည်း ရှိနေပါတယ်။
ဝေါလ်ကာကို တွေ့ရစဉ်
talkSPORT က ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒီရာသီအကုန်မှာ ဝေါလ်ကာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင် စားနေတယ်လို့ ဖော်ပြထားတာပါ။
ရှက်ဖီးယူနိုက်တက် အသင်းအနေနဲ့ ဝေါလ်ကာကို ခေါ်ယူနိုင်ဖို့ဆိုရင် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ရမှာဖြစ်ပါတယ်။
ဝေါလ်ကာက သူဟာ ငယ်ဘဝကလပ် ရှက်ဖီးယူနိုက်တက်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ ပြောထားဖူးပါတယ်။
ဝေါလ်ကာဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ လူငယ်ကစားသမားအဖြစ် ၁၉၉၇ ကနေ ၂၀၀၈ ခုနှစ်အထိရှိခဲ့ပြီး အသင်းကြီး ကစားသမားအဖြစ် တစ်ရာသီကြာသာ ကစားကာ စပါးအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဝေါလ်ကာဟာ ၂၀၁၇ ခုနှစ်မှာ စပါးအသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း ၃၀၀ ကျော် ပါဝင် ကစားထားကာ ဆုဖလား အများအပြား ရယူထားပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၈ ပွဲ ကစားထားပြီး ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 1064
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က နယူးကာဆယ်အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ၂ ဂိုးသွင်းယူခဲ့တဲ့ တောင်ပံကစားသမား ဆာလက် ဆက်ရှိနေဖို့ အသင်းဘက်က မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
အာနီဆလော့က “ကျနော်တို့လိုအပ်တဲ့ အချိန်တိုင်း ဆာလက်က ဂိုးတွေ သွင်းယူပါတယ်။ သူဒီလိုမျိုးကို အချိန် အကြာကြီး ဆက်ပြီးလုပ်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ သူဟာ ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်ပြီး ကျနော်တို့အတွက် ထူးခြားတဲ့ အရာတွေ အများကြီးလုပ်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပေမယ့် သူနဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
ဆာလက်က လီဗာပူးလ်အသင်းဟာ သူ့ကို အခုအချိန်ထိ စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးတာကြောင့် စိတ်ပျက်မိပြီး ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့က ပိုပြီးဖြစ်နိုင်တယ်လို့ ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။
ဆာလက်ကို တွေ့ရစဉ်
ဒါအပြင် ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာလည်း ဒီပွဲက လီဗာပူးလ်အသင်း ကစားသမားဘဝ အန်ဖီးလ် မှာ ကစားတဲ့ မန်စီးတီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က အသင်းဟာ ဆာလက်ကို ဆက်ပြီးရှိနေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၃ ဂိုးနဲ့ ဂိုးသွင်း အများဆုံးစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ မကြာသေးခင်က ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်ကို စာချုပ်သစ် ကမ်းလှမ်းထားပြီး ဆာလက်ကိုလည်း စာချုပ်သစ် ကမ်းလှမ်းလာဖို့ ရှိနေတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရမှတ် ၇ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 639
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တည်ကန်ဘောတွေက အရာအားလုံးကို ပြောင်းလဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ကျနော်တို့အလွန်ကြိုးစားခဲ့ပါတယ်။ ကျနော်တို့လေ့ကျင့်မှုတွေ ပိုပြီးပြုလုပ်ဖို့လိုအပ်ပါတယ်။ တည်ကန်ဘောတွေက အရာအားလုံးကိုပြောင်းလဲခဲ့ပြီး အရှိန်အဟုန်ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။ ကျနော်တို့လည်း ကြိုးစားခဲ့ပြီး တည်ကန်ဘော ၂ ကြိမ်ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ သူတို့ကတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ မိနစ်တိုင်းကို တိုးတက်အောင်လုပ်ပြီး ပွဲတွေကို တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက်ဂိုးတွေကို တင်ဘာနဲ့ ဆာလီဘာတို့က ထောင့်ကန်ဘောတွေကနေ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အာမိုရင်အတွက်တော့ ယူနိုက်တက်အသင်းနည်းပြဘဝမှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ ခဲ့သလို အမှတ်ပေးပြိုင်ပွဲမှာ တစ်နှစ်ကြာရှုံးပွဲမရှိတဲ့ သူ့ရဲ့မှတ်တမ်းကောင်းလည်း ရပ်တန့်သွားခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ထောင့်ကန်ဘော ၁၃ ကြိမ်အထိရရှိခဲ့ပြီး ယူနိုက်တက်အသင်းက တစ်ကြိမ်မှ ရခဲ့ခြင်း မရှိပါဘူး။
အချက်အလက်တွေအရ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအစကတည်းကနေ အခုအချိန်ထိ ထောင့်ကန်ဘောကနေ ၂၂ ဂိုးအထိသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အားသာချက်ကို ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အသုံးချသွားနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၇ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းက အဆင့် ၁၁ နေရာအထိ ပြန်ကျ-ဆင်းသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅
ရီးရယ်လ်အသင်းက ဘီလ်ဘာအိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီဟာ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ပင်နယ်တီကို အခြေခံပြီး ကစားသမားတစ်ဦးရဲ့ ကစားပုံကို ကျနော်တို့ မသုံးသပ်သင့်ပါ ဘူး။ ဘတ်ပီဟာ ဝမ်းနည်းပြီး စိတ်ပျက်နေတယ်ဆိုတာ သိသာပါတယ်။ ဘတ်ပီဟာ သူ့ရဲ့အကောင်းဆုံး အဆင့်ကို မရောက်သေးတဲ့အတွက် သူ့ကိုလိုက်လျောညီထွေဖြစ်စေဖို့ ကျနော်တို့ အချိန်ပေးရမှာပါ။ ဘတ်ပီဟာ ပိုပြီး ကောင်းအောင် လုပ်နိုင်ဖို့အတွက် အလုပ်ကို ပိုပြီးကြိုးစားနေပါတယ်”လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။
အဲဒီနောက် ရီးရယ်လ်အသင်း ကစားသမားဘဝမှာ ဒုတိယမြောက် ပင်နယ်တီ လွဲချော်မှုအဖြစ် ဘီလ်ဘာအိုအသင်း နဲ့ ပွဲစဉ်မှာလည်း လွဲချော်ခဲ့ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားထားပြီး ၁၀ ဂိုး သွင်းယူထားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။
ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ပြီးနောက် ဘတ်ပီဟာ ဒီရလဒ်အတွက် အပြည့်အဝ တာဝန်ယူ ကြောင်း ပြောခဲ့ပါတယ်။
ဘတ်ပီက “ဆိုးရွားတဲ့ ရလဒ်ပါ။ အသေးစိတ် အချက်အလက်တိုင်းကို ထည့်တွက်တဲ့ ပွဲတစ်ပွဲမှာ ဒါကကြီးမားတဲ့ အမှားပါ။ ဒီအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ ခက်ခဲတဲ့ အခိုက်အတန့် ဖြစ်ပေမယ့် ဒီအခြေအနေ တွေကို အကောင်းဆုံးပြောင်းလဲပြီး ကျနော် ဘယ်သူလဲဆိုတာကို ပြသွားမယ်”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါအဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းထက် ၁ ပွဲ လျော့ ကစားထားပြီး ရမှတ် ၄ မှတ်အကွာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 783
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄
အယ်လ်ဟီလယ်အသင်းဟာ တောင်ပံကစားသမား နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ စာရင်းသွင်းနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်း နောက်ခံလူဟောင်း ကူလီဘာလီကို လူစာရင်းကနေ ဖယ်ရှားဖို့ စီစဉ်နေပါတယ်။
အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ နေမာဟာ လက်ရှိအချိန်မှာ လည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။
ဘရာဇီးလ် တောင်ပံကစားသမား နေမာဟာ လက်ရှိအချိန်ထိ အယ်လ်ဟီလယ်အသင်းအတွက် ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားထားနိုင်တာ ဖြစ်ပါတယ်။
ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး ၁ နှစ်ကြာ အနားယူခဲ့ရတဲ့ နေမာဟာ မကြာသေးခင်ကမှ အယ်လ်ဟီလယ်အသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ထပ်ပြီးကုသမှုတွေ ခံယူနေရတာပါ။
အစောပိုင်း သတင်းတွေမှာ အယ်လ်ဟီလယ်အသင်းဟာ နေမာရဲ့ ဒဏ်ရာအခြေအနေကို စိတ်ပျက်ပြီး သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖွယ်ရှိနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
နေမာကို တွေ့ရစဉ်
ဒါပေမယ့် နေမာဟာ ဒီရာသီ လက်ကျန်ပွဲစဉ်တွေအတွက် အယ်လ်ဟီလယ်အသင်း လူစာရင်းမှာ ပါဝင်လာမယ်လို့ နောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ နေမာကို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ လူစာရင်းထဲ ထည့်သွင်းဖို့ဆိုရင် အသင်းမှာရှိနေတဲ့ နိုင်ငံခြားသား ကစားသမားတစ်ဦးကို လူစာရင်းကနေ ဖယ်ရှားရမှာပါ။
အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ ၂၀၂၃ ခုနှစ်နွေရာသီက ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီး ရောက်ရှိ လာခဲ့တဲ့ ကူလီဘာလီကို လူစာရင်းကနေ ဖယ်ရှားသွားဖို့ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကူလီဘာလီဟာ ဒီရာသီမှာ အယ်လ်ဟီလယ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင် ကစားထားတာ အပါအဝင် ရောက်ရှိပြီးကတည်းက ပွဲပေါင်း ၆၇ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူကာ အသင်းကို ဆုဖလားတွေရရှိအောင် ကူညီပေးထားနိုင်ခဲ့တာပါ။
နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် နောက်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။
နေမာဟာ ကြံ့ခိုင်မှုနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်နေရပေမယ့် အင်တာမိုင်ယာမီနဲ့ ဆန်းတို့စ် အသင်းရဲ့ ချိတ်ဆက်မှုတွေကို ခံနေရတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1928
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄
လိုက်ပ်ဇစ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ မာကိုရို့စ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရင် ယူနိုက်တက် အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါ အိမ်ကွင်းပွဲစဉ်မှာ ဝုလ်ဖ်ဘတ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲ အပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ သရေကျပြီး ၅ ပွဲအထိ ရှုံးနိမ့်ခဲ့တာပါ။
လိုက်ပ်ဇစ်အသင်းဟာ နိုင်ပွဲပျောက်ဆုံးနေပေမယ့် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နည်းပြ မာကိုရို့စ်ဟာ လိုက်ပ်ဇစ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးရမှာဖြစ်ပြီး ဒီလိုမလုပ်နိုင်ရင် ရာထူးကနေ ထုတ်ပယ်ခံရနိုင်တာပါ။
Sky Germany က လိုက်ပ်ဇစ်အသင်းဟာ နည်းပြ မာကိုရို့စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် သူတို့ရဲ့ လျာထားတဲ့ နည်းပြစာရင်းထဲမှာ အဲရစ်တန်ဟတ် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းရဲ့ ရာသီအစ ရလဒ်ဆိုးတွေကြောင့် အောက်တိုဘာက နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
လိုက်ပ်ဇစ်အသင်းကိုတွေ့ရစဉ်
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို FA ဖလားနဲ့ ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့တဲ့ အရာတွေကြောင့် လေးစားဖို့ကောင်းတဲ့ နည်းပြတစ်ဦးအဖြစ် ဆက်ရှိနေပြီး လိုက်ပ်ဇစ်အသင်း နည်းပြရာထူးအတွက် ပစ်မှတ်ထားခံ နေရတာဖြစ်ပါတယ်။
လိုက်ပ်ဇစ်အသင်း နည်းပြရာထူးအတွက် ပြီးခဲ့တဲ့ သြဂုတ်ကမှ ဘင်ဖီကာအသင်းကနေ ထွက်ခွာခဲ့တဲ့ ရော်ဂျာရှမစ် လည်း ပစ်မှတ်ထားခံနေရပြီး သူကတော့ ရာသီအလယ်ပိုင်းမှာ နည်းပြလောထဲကို ပြန်ဝင်ဖို့ မသေချာသေးတာပါ။
လိုက်ပ်ဇစ်အသင်းဟာ နည်းပြမာကိုရို့စ်ကို ရာထူးကနေ ထုတ်ပယ်ပြီး သူ့ရဲ့နေရာမှာ အစားထိုး ဝင်ရောက်မယ့် နည်းပြကတော့ လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်နဲ့ လက်တွဲ အလုပ်လုပ်ရမှာဖြစ်ပါတယ်။
ကလော့ပ်ဟာ ဇန်နဝါရီ ၁ ရက်က စတင်ကာ လိုက်ပ်ဇစ်အသင်းကို ပိုင်ဆိုင်တဲ့ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီးအကဲရာထူးကို စတင်တာဝန်ယူတော့မှာပါ။
လိုက်ပ်ဇစ်အသင်းဟာ ဒီတစ်ပတ် ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဟိုလ်စတိန်းကီရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 533
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄
ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းခေါင်းဆောင် နူအာရဲ့ကစားသမားဘ၀ ပထမဆုံးအနီကတ်နဲ့အတူ လေဗာ ကူဆင်အသင်းကို အရေးနိမ့်ပြီး ဂျာမန်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အရေးနိမ့်ခဲ့တဲ့ ဂျာမန်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ရဲ့ ပွဲချိန် ၁၇ မိနစ်မှာ ဂိုးသမားနူအာဟာ ပြိုင်ဘက်ကစားသမား ဖရင်ပေါင်ကို ဂိုးစည်းအပြင်ဘက်မှာ ပြစ်ဒဏ် ကျူးလွန်ခဲ့တာပါ။
အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက နူအာကို တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီဂိုးသမားဟောင်း နူအာအတွက်တော့ သူ့ရဲ့ ကာလရှည်ကြာကစားသမားဘဝမှာ ပထမဆုံး အနီကတ်ပြသခြင်းကို ခံခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ တစ်ဦးလျော့နဲ့ ကစားခဲ့ရပြီးနောက် ပွဲချိန် ၆၉ မိနစ်မှာ လေဗာကူဆင်အသင်းဘက်ကို အနိုင်ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းဟာ ဒီသွင်းဂိုးနဲ့အတူ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းအတွက်တော့ ဂျာမန်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဆုဖလားတစ်လုံးကို စောစီးစွာလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက “ကျနော်တို့ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ဂျာမန်ဖလားကို မရယူနိုင်တော့ပါဘူး။ ဒါက ကျနော်တို့အတွက် ခါးသီးပေမယ့် ဒီလိုစွမ်းအင်တွေ ဆက်ပြီးကျန်ရှိနေသေးရင် နောက်ထပ်ပွဲတွေအများကြီး အနိုင်ရယူနိုင်မှာပါ။ ဘိုင်ယန်အသင်းဟာ ဒီထက်ပိုတိုးတက်နိုင်ပြီး ကျနော်တို့လိုချင်တဲ့ အခိုက်အတန့်တွေကို ရရှိမှာပါ” လို့ ပြောခဲ့တာပါ။
စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ကိုင်တွယ်ပြီးကတည်းက အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ၅ ပွဲစလုံးရှုံးပွဲမရှိ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 727
CNI Sport News
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄
လက်စတာအသင်းက ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာ အသင်းကို နည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ပထမဆုံးပွဲကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ လက်စတာအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ နစ္စတယ်ရွိုင်းဟာ ဘရန်ဖိုဒ့် အသင်းနဲ့ ပွဲစဉ်ကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရှုခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှ စတင်ကိုင်တွယ်ခဲ့တာပါ။
လက်စတာအသင်းဟာ နစ္စတယ်ရွိုင်းမကိုင်တွယ်ခင်က ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နစ္စတယ်ရွိုင်းစတင်ကိုင်တွယ်တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းက “အဆုံးမှာ ရလဒ်ကို ကြည့်ပြီး ၃ မှတ်ရရှိခဲ့ပေမယ့် ကျနော်တို့ ရပ်တည်နေတဲ့ နေရာက အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်ရဲ့အဆင့်အတန်းကို ကျနော်တို့သိတဲ့အတွက် ကစားတဲ့ပွဲတိုင်းက အရာအားလုံးကို မှန်ကန်အောင်လုပ်ရမယ်ဆိုတာလည်း သိပါတယ်။
ကျနော်တို့ဟာ ဒီထက်ပိုတိုးတက်အောင် လုပ်စရာအလုပ်တွေအများကြီးရှိနေပေမယ့် ၃ မှတ်ရယူနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာက ဒါက ပြီးပြည့်စုံတဲ့ စတင်မှုဖြစ်ပြီး ပရိသတ် တွေက နည်းပြသစ်အပေါ် ယုံကြည်မှုရှိဖို့က အလွန်အရေးကြီးတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
လက်စတာ အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာအထိ တက်နိုင်ခဲ့ပြီး တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၄ မှတ်ကွာဟနေတာပါ။
ဝက်စ်ဟမ်းအသင်းကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲ ဆက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး နည်းပြ လိုပီတီဂွီရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်လာခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲမှာ လက်စတာအသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၀ ကြိမ်အထိရှိခဲ့ပေမယ့် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှသာ ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းဟာ ဒီရှုံးပွဲကြောင့် လက်စတာအသင်းရဲ့အထက် အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် လက်စတာအသင်းက ဘရိုက်တန်၊ဝက်စ်ဟမ်းအသင်းက ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1234
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃
ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ကင်မစ်ရှ်က သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်ချဖို့ နွေရာသီအထိ စောင့်ဆိုင်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ကင်မစ်ရှ်က “ကျနော် နွေရာသီအထိ စောင့်ဆိုင်းမှာ မဟုတ်ပါဘူး။ ဆောင်းရာသီမှာထိုင်ပြီး ပိုကြီးမားတဲ့ပုံကို ကြည့်မှာပါ။ ဇန်နဝါရီမှာ ကျနော်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှာပါ”လို့ အနာဂတ်နဲ့ ပတ်သက်ပြီး ZDF ကို ပြောခဲ့တာပါ။
ကင်မစ်ရှ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လကျရင် ကုန်ဆုံးမှာဖြစ်လို့ ဂျာမန် ကစားသမားဟာ ရာသီအကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်တာဖြစ်ပါတယ်။
ဘာစီလိုနာ အပါအဝင် အသင်းအများအပြားက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကင်မစ်ရှ်ရဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာက ကင်မစ်ရှ်အနေနဲ့ အသင်းရဲ့ ဂန္ထဝင်အဖြစ် ဆက်ရှိချင်သလား ဒါမှမဟုတ် ထွက်ခွာပြီး အခြားအသင်းတစ်သင်းမှာ သွားကစားချင်လားဆိုတာ ဆုံးဖြတ်ရမယ်လို့ ပြောထား ပါတယ်။
ကင်မစ်ရှ်ကို တွေ့ရစဉ်
ဂျာမန်သတင်းတွေမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ကင်မစ်ရှ်ကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ကင်မစ်ရှ် ကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ်ကို နွေရာသီအထိ မစောင့်ဆိုင်းဘဲ ဇန်နဝါရီမှာ ဆုံးဖြတ်မယ်လို့ ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ကင်မစ်ရှ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို လိုက်ပ်ဇစ်အသင်းကနေ ၂၀၁၅ ခုနှစ် ကတည်းက ရောက်ရှိလာခဲ့ပြီး အခုအချိန်ထိ အသင်းအတွက် ပွဲပေါင်း ၄၀၀ ကျော် ပါဝင်ကစားထားကာ သွင်းဂိုး ၄၀ ကျော် သွင်းယူထားပါတယ်။
ကင်မစ်ရှ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်လီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 643
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃
ပြင်သစ်နောက်ခံလူ ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်း လူစာရင်းထဲ ပါဝင်လာဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က လိုင်လီအသင်းကနေ ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး အနားယူနေခဲ့ရတာပါ။
အသက် ၁၉ နှစ်အရွယ်ရှိ ယိုရိုဟာ မကြာသေးခင်ရက်သတ္တပတ်တွေမှာ ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပေမယ့် အသင်းရဲ့ပွဲတွေမှာ ပါဝင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်က ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်နိုင်တယ်လို့ ပြောခဲ့တာပါ။
အာမိုရင်က “ယိုရိုဟာ အသင်းလူစာရင်းထဲ ပါဝင်လာနိုင်ပါတယ်။ သူဟာ ကောင်းမွန်တယ်လို့ ခံစားနေရပြီး ကြံ့ခိုင်မှုကလည်း ကောင်းမွန်နေတာကြောင့် လူစာရင်းထဲ ပါဝင်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ ထူးခြားတဲ့အရည်အသွေးရှိပြီး မြန်ဆန်သလို ခေတ်မီနောက်ခံလူတစ်ဦးပါ။ ဒါပေမယ့် သူ့ကို ကျနော်တို့ ဂရုစိုက်ပြီး မိနစ်နဲ့ လုပ်အားကို စီမံခန့်ခွဲရမှာပါ။ ယိုရိုကစားတာကို မြင်တွေ့ရမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်”လို့ ပြောခဲ့ပါ တယ်။
ဒါ့အပြင် နည်းပြ အာမိုရင်က အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ကို ရေခဲအိတ်ပတ်ခံထားရတဲ့ အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ အတည်ပြု ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်က ပွဲထွက်လူ စာရင်းကို အပြောင်းအလဲပြုလုပ်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ အာမိုရင်လက်ထက်မှာ ရလဒ်ကောင်းတွေရရှိထားပြီး ၃ ပွဲကစားထားတာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေကျထားကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:DailyMail