- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က သူဟာ အိမ်မှာရှိနေသလို ခံစားရပြီး အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က “ကျနော် အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဘာစီလိုနာအသင်းဟာ ကြီးမားတဲ့ ဆုဖလားတွေရရှိပြီး ကလပ်ရဲ့ ရပ်တည်မှုက ကျနော့်အတွက် အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်။ အိမ်မှာရှိနေတယ်လို့ ခံစားရပြီး ဒီကိုလာဖို့ ကျနော့်ရဲ့ ရွေးချယ်မှုမှာ ကြီးမားတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘာစီလိုနာအသင်းဟာ မိသားစုကလပ်ဖြစ်ပြီး လူတွေက ဒီမှာအဆင်ပြေသလို သူတို့ရဲ့ အရည်အချင်းတွေကို ပြသဖို့နေရာကောင်း ဖြစ်လို့ပါ။ နောက်တစ်ချက်ကတော့ နည်းပြနဲ့ စကားပြောခဲ့ရာမှာ အပြုသဘောဆောင်ခဲ့လို့ပါ။ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့ ဆန္ဒပြင်းပြနေတယ်”လို့ Barca TV ကို ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ် ကုန်ဆုံးမယ့် ရာသီကုန်ချိန်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဂယ်ရီလိုင်နီကာနောက်ပိုင်း ဘာစီလိုနာအသင်းအတွက် ကစားမယ့် ပထမဆုံး အင်္ဂလန် ကစားသမားလည်း ဖြစ်လာတာပါ။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့နိုင်ဖို့အတွက် လုပ်ခလစာ လျှော့ယူဖို့ သဘောတူခဲ့ပြီး စပိန် ကလပ်ဟာ သူ့ရဲ့ကျန်ရှိတဲ့ လုပ်ခလစာ အပြည့်အဝကို ပေးချေရမှာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်သွားမှာဖြစ်ပြီး အာရှကို ထွက်ခွာမယ့် အသင်းရဲ့ ရာသီကြိုခရီးစဉ်ကို လိုက်ပါသွားမှာပါ။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ဦးစားပေး ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အက်စတွန်ဗီလာ အသင်းထံ အငှားသွားရောက် ကစားခဲ့ရပြီး ကောင်းမွန်တဲ့ အချိန်တွေ ရရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်ကြယ်ပွင့် ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အကြောင်းအရာတွေ ပြောစရာမရှိဘဲ အနာဂတ်မှာ သူတို့အောင်မြင်မှုရရှိဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် တောင်ကိုရီးယားကလပ် FC ဆိုးလ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပါဝင်ဖို့ရှိပြီး ဒီပွဲမှာ ယူနိုက်တက်အသင်း ဖော်ဟောင်း လင်ဂတ်နဲ့ ပြိုင်ဘက်အဖြစ် ပြန်လည် တွေ့ဆုံရမှာဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 451
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
ရီးရယ်လ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ကျောနံပါတ် ၉ ဝတ်ဆင်ခဲ့တဲ့ ဘတ်ပီဟာ ရာသီသစ်မှာ ကျောနံပါတ် ၁၀ ပြောင်းလဲ ဝတ်ဆင်ဖွယ် ရှိနေတယ်လို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ အသင်းကနေ ထွက်ခွာပြီး အေစီမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းရဲ့ ကျောနံပါတ် ၁၀ ဟာ လစ်လပ်နေတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်တာကြောင့် ရီးရယ်လ်အသင်းမှာ ဒီနံပါတ် ကို ဝတ်ဆင်ဖို့ သူ့ရဲ့အမြဲတမ်း အစီအစဉ်ထဲမှာ ရှိခဲ့တာပါ။
ဘတ်ပီဟာ မိုဒရစ်သာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ်ချုပ်ပြီး အသင်းမှာ ဆက်ရှိမယ်ဆိုရင် ကျောနံပါတ် ၉ ကို ဆက်ပြီး ဝတ်ဆင်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ ကျောနံပါတ် ၁၀ ကိုရယူဖို့ အဆင့်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၉ ပွဲမှာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ လာလီဂါပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့သလို ဥရောပဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆု ကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီက ပြည်တွင်း ပြိုင်ပွဲတွေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရရှိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစာအိမ်ရောဂါ ခံစားခဲ့ရလို့ ဆေးရုံတက်ခဲ့ရပြီး ရီးရယ်လ် အသင်းရဲ့ အုပ်စုပွဲတွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဘတ်ပီဟာ ရှုံးထွက်အဆင့်တွေမှာ ရီးရယ်လ်အသင်းအတွက် ပြန်ပါဝင်နိုင်ခဲ့ပေမယ့် အသင်းဟာ ဆီမီးဖိုင်နယ်မှာ PSG အသင်းကို အရေးနိမ့်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း ရာသီကြိုပြင်ဆင်မှုတွေကို ပြန်လည် စတင်မှာဖြစ်ပြီး လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၉ ရက်မှာ အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 403
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
လေဗာကူဆင်အသင်း ကွင်းလယ်လူ ရှာခါရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ကစားသမားဟာ အခြားနေရာတွေက ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီးနောက် ပရီးမီးယားလိဂ် တန်းတက်ကလပ် ဆန်းဒါးလန်းအသင်းကို ပြောင်းရွှေ့ မယ်လို့ အတည်ပြုခဲ့ပါတယ်။
ရှာခါရဲ့အေးဂျင့်နိုဂွီရာက “ကျနော်တို့ ဆန်းဒါးလန်းနဲ့ အခြေခံ သဘောတူညီမှု ရှိခဲ့ပါတယ်။ လေဗာကူဆင် အသင်း က သူထွက်ခွာချင်တဲ့ ဆန္ဒကိုလေးစားဖို့နဲ့ ကလပ်အသင်းတွေ မကြာမီမှာ သဘောတူညီမှု ရရှိဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ရှာခါဟာ ပရီးမီးယားလိဂ်ကို ပြန်လာချင်နေပြီး ဆန်းဒါးလန်းအသင်းအတွက် ကစားရမှာကို စိတ်လှုပ်ရှားနေသလို ဒီစိန်ခေါ်မှုကို ရယူချင်နေတယ်”လို့ Sky နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ရှာခါဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေပေမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ရှာခါဟာ ဥရောပကလပ် အများအပြားရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ပြန်ပြီး ကစားချင်တာကြောင့် ဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာပါ။
ရှာခါဟာ စီးရီးအေထိပ်သီး ကလပ်တွေဖြစ်တဲ့ အင်တာ၊ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

ရှာခါကိုတွေ့ရစဉ်
ဆော်ဒီပရိုလိဂ်ကလပ်ရဲ့ ချဉ်းကပ်မှုကို ပယ်ချခဲ့တဲ့ ရှာခါဟာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းရဲ့ ပစ်မှတ်ထဲမှာလည်း ပါဝင်နေတာပါ။
ရှာခါနဲ့ ဆန်းဒါးလန်းအသင်းတို့ဟာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဆန်ဒါးလန်းနဲ့ လေဗာကူဆင်အသင်းတို့ သဘောတူညီမှု ရရှိဖို့ လိုအပ်နေပါတယ်။
ရှာခါဟာ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ မျှော်လင့်နေပြီး ဆေးစစ်မှုခံယူဖို့ ပြင်ဆင်နေတာပါ။
ရှာခါအနေနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင် ၈ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းပြန် တက်လာတဲ့ ဆန်းဒါးလန်းအသင်းကို လိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် ကူညီပေးရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 412
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ သူတို့ကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ကွန်းဖရန့်လိဂ်ပြိုင်ပွဲထံ ဆင်းပြီးကစားဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာခုံရုံးထံ အယူခံဝင်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပိုင်ရှင်တစ်ဦးတည်းက ကလပ်အသင်း အများအပြားကို ပိုင်ဆိုင်တဲ့ စည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး UEFA ရဲ့ အရေးယူမှုကို ခံခဲ့ရတာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အစုရှယ်ယာ ပိုင်ဆိုင်ထားတဲ့ အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျွန်တက်စ်တာဟာ ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားတဲ့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းမှာ အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိထားတာကြောင့် အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရရှိထားတာပါ။
ဒါပေမယ့် UEFA က သူတို့ကို ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဆင်းပြီးကစားဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် တရားမျှတမှု မရှိဘူးလို့ ယူဆတာကြောင့် အားကစားဆိုင်ရာခုံရုံးထံ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်တွေဟာ UEFA ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြမှုတွေလည်း ပြုလုပ်ခဲ့ ကြတာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းကို တွေ့ရစဉ်
UEFA ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နေရာမှာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၇ နေရာ ရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ယူရိုပါလိဂ်ဝင် ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အယူခံဝင်မှုမှာ UEFA ဘဏ္ဍာရေး ထိန်းချုပ်မှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့နဲ့ နော်တင်ဟမ်ဖောရက်စ် ဒါမှမဟုတ် လိုင်ယွန်အသင်းအစား သူတို့ကို ယူရိုပါလိဂ်ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာပါ။
အားကစားဆိုင်ရာခုံရုံးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အယူခံဝင်မှုကို သြဂုတ် ၁၁ ရက်မတိုင်မီ ဆုံးဖြတ်ချက် ချလာဖွယ် ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ သူတို့ရဲ့ အယူခံဝင်မှုအောင်မြင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 457
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
အင်္ဂလန်အသင်းဟာ ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီတလီအသင်းကို အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် နည်းပြဝီဂ်မန်းက သူတို့ရဲ့ ဗိုလ်လုပွဲ တက်နိုင်မှုက ရုပ်ရှင်နဲ့တူတယ် လို့ ပြောခဲ့ပါတယ်။
ဝီဂ်မန်းက “ဒါက ရုပ်ရှင်လိုဖြစ်ပြီး မယုံနိုင်စရာ ကောင်းပါတယ်။ ဗိုလ်လုပွဲ ထပ်ပြီး ရောက်ရှိခဲ့တဲ့အတွက် အလွန် ထူးခြားပါတယ်။ ဒီလိုပွဲပြီးဆုံးသွားတဲ့အတွက် ပျော်ရွှင်ရပေမယ့် အနည်းငယ်တော့ ဒရာမာဆန်ဖို့ ကောင်းပါတယ်။ ဒီပွဲမှာ အသင်းဟာ ကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေ အချို့လည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ် ရမယ့် ထိချက်တွေက ပျောက်ဆုံးနေခဲ့တဲ့အတွက် ဒါကို စောင့်ဆိုင်းခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ယူရိုဆီမီးဖိုင်နယ်ပွဲစဉ်မှာ အီတလီအသင်းကို ပွဲချိန်မိနစ် ၉၀ ပြည့်ပြီးတဲ့အထိ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပို ၅ မိနစ်မှာ အက်ဂ်ယီမန်က အဖိုးတန်ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
အချိန်ပိုပွဲပြီးခါနီးမှာ အင်္ဂလန်အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး ကယ်လီရဲ့ ကန်သွင်းမှုကို အီတလီအသင်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ကယ်လီက ထပ်ပြီးပိတ်သွင်းယူခဲ့တာပါ။
အဲဒါကြောင့် အင်္ဂလန်အသင်းဟာ အီတလီအသင်းကို အနိုင်ရရှိပြီး ၂၀၂၅ အမျိုးသမီး ယူရိုပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ အီတလီ ယှဉ်ပြိုင်နေစဉ်
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်သလို အဓိကပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို ၃ ကြိမ် ဆက်တိုက် တက်နိုင်ခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း ပြိုင်ပွဲကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ ပေမယ့် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့သလို အီတလီအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှ ချေပဂိုး ရရှိခဲ့ တာကြောင့် ကံကောင်းခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း နည်းပြဝီဂ်မန်းက အင်္ဂလန်အသင်းရဲ့ ယူရိုဗိုလ်လုပွဲ တက်နိုင်မှုဟာ မယုံနိုင်စရာဖြစ်ပြီး ရုပ်ရှင်နဲ့ တူတယ်လို့ ပြောခဲ့တာပါ။
အီတလီအသင်းနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ အက်ဂ်ယီမန်ဟာ အသင်းရဲ့ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့် မရသေးပေမယ့် ပြီးခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ပွဲစဉ်မှာလည်း လူစားဝင်ပြီး ချေပဂိုး သွင်းယူခဲ့ ပါတယ်။
အင်္ဂလန်အသင်း နည်းပြ ဝီဂ်မန်းက အက်ဂ်ယီမန်ကို ချီးကျူးခဲ့ပြီး သူမမှာ အလွန်တောက်ပတဲ့ အနာဂတ်ရှိတယ် လို့ ပြောခဲ့ပါတယ်။
အီတလီအသင်းနည်းပြ ဆွန်စင်က ပွဲပြီးဖို့ ၁ မိနစ်လောက် အလိုမှာ ယူရိုဗိုလ်လုပွဲ တက်ခွင့်ကို လက်လွှတ် ခဲ့ရတဲ့အတွက် နာကျင်ပေမယ့် သူတို့လုပ်နိုင်ခဲ့တဲ့ အရာအတွက် ဂုဏ်ယူရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 417
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
အယ်လ်ဟီလယ်အသင်းဟာ သူတို့ရဲ့ များပြားတဲ့ ပွဲစဉ်အချိန်ဇယားတွေကြောင့် ဆော်ဒီစူပါဖလားပြိုင်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး နုတ်ထွက်ခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်အစ်တီဟတ် အသင်းရဲ့နောက် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို သရေကစားနိုင်ခဲ့သလို ၁၆ သင်းအဆင့်မှာ မန်စီးတီးအသင်းကို အနိုင်ယူကျော်ဖြတ် နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အယ်လ်ဟီလယ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်ကလပ် ဖလူမီနန့်စ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာပါ။

အယ်လ်ဟီလယ်အသင်းကို တွေ့ရစဉ်
ဆော်ဒီစူပါဖလားပြိုင်ပွဲကို သြဂုတ် ၁၉ ရက်ကနေ ၂၃ ရက်အထိ ဟောင်ကောင်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို သြဂုတ်နှောင်းပိုင်းထဲ ကျင်းပသွားမှာဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့အတွက် ကစားသမား တွေကို အနားပေးထားရတာပါ။
အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ သူတို့ရဲ့ ရာသီကြိုပြင်ဆင်မှုတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဆော်ဒီစူပါဖလားပြိုင်ပွဲကနေ အယ်လ်ဟီလယ်အသင်း နုတ်ထွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာရခဲ့တဲ့ အယ်လ်အာလီအသင်းက သူ့ရဲ့နေရာ အစားထိုး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ဒီနှစ် ဆော်ဒီ စူပါဖလားပြိုင်ပွဲကို အယ်လ်အစ်တီဟတ်၊ အယ်လ်ကတ်ဒ်ဆီယာ၊ အယ်လ်အာလီနဲ့ အယ်လ်နာဆာ အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီ စူပါဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဆုဖလား ၅ ကြိမ်အထိ ရရှိကာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 397
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းက ဂိုးသမား ကယ်ပါနဲ့ တောင်ပံ ကစားသမား မာဒူကီတို့ကို ခေါ်ယူခဲ့ပြီးနောက် နည်းပြအာတီတာက သူ့ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းက ကစားသမားတွေကို ခေါ်ယူတဲ့အကြောင်းရင်း ပြောခဲ့ပါတယ်။
အာတီတာက “သူတို့အသင်းမှာ ကစားသမားကောင်းတွေနဲ့ ကစားသမားတွေ အများကြီး ရှိတဲ့အတွက် ခေါ်ယူတာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကလပ်အသင်း မခွဲခြားဘဲ ခေါ်ယူချင်တဲ့ ကစားသမားတွေကို အာရုံစိုက်ဖို့ ကြိုးစားပါ တယ်။ မာဒူကီနဲ့ ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားနေပါတယ်။ သူဟာ အသင်းအတွက် ဘာတွေ ယူဆောင်ပေး လာ နိုင်မလဲဆိုတာကို မကြာမီမှာ ပြသသွားမှာဖြစ်တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မာဒူကီကို ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ရာသီသစ်မစတင်မီ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းအောင် အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။
မာဒူကီဟာ အာဆင်နယ်အသင်းကို နည်းပြအာတီတာ ကိုင်တွယ်ပြီးနောက် ရောက်ရှိလာတဲ့ ၆ ဦးမြောက် ချယ်လ်ဆီးအသင်း ကစားသမားဖြစ်ခဲ့တာပါ။
အာတီတာဟာ မာဒူကီနဲ့ ကယ်ပါမတိုင်မီ သူ့ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်း ကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဟာဗက်ဇ်၊ ဂျော်ဂျင်ဟိုနဲ့ ဝီလီယံစ်တို့ကို အာဆင်နယ်အသင်းအတွက် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးကစားသမားတွေကိုတွေ့ရစဉ်
မာဒူကီကို ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အာဆင်နယ် ပရိသတ်တွေဟာ အသင်းနဲ့ နည်းပြ အာတီတာကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာတီတာကတော့ သူတို့ဟာ ခေါ်ယူချင်တဲ့ ကစားသမားတွေကိုသာ အာရုံစိုက်ပြီး သူတို့ဘယ်အသင်းမှာ ကစားလဲဆိုတာကို မစဉ်းစားဘူးလို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ ကျော်သုံးစွဲပြီး ကစားသမားသစ်တွေကို ခေါ်ယူထားပေမယ့် နောက်ထပ် ခေါ်ယူမှုတွေ ထပ်ပြုလုပ်ဦးမယ်လို့ နည်းပြအာတီတာက ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ် မတိုင်မီ ခြေစမ်းပွဲတွေအဖြစ် အေစီမီလန်၊ နယူးကာဆယ်၊ စပါး၊ ဗီလာ ရီးရယ်လ်၊ ဘီလ်ဘာအိုအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 473
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
ကိုလံဘီယာကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကိုခေါ်ယူနိုင်ဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း လီဗာပူးလ်အသင်း ထံ ကမ်းလှမ်းမှုအသစ် ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လူးဝစ်ဒီယက်ဇ်အတွက် ယူရို ၆၇.၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ဦးစားပေး ခေါ်ယူမှုအဖြစ် သတ်မှတ်ထားတာကြောင့် add-ons အပြင် ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ၁၇ ဂိုး သွင်းယူခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။

လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
အသက် ၂၈ နှစ်အရွယ်ရှိ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်းကို အသင်း တာဝန်ရှိသူတွေထံ အသိပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ လူးဝစ်ဒီယက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးဆိုပြီး ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားတာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှု ကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာကြောင့် သူတို့ဟာ တိုက်စစ်ပိုင်းအတွက် အခြားရွေးချယ်စရာတွေကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နောက်ဆုံးမှာ ယူနိုက်တက်အသင်းက ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုအချိန်ထိ လူးဝစ်ဒီယက်ဇ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲသေး ပေမယ့် အပြောင်းအရွှေ့ မပိတ်မီမှာ ပြောင်းလဲသွားနိုင်ဖွယ် ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ဖော်ပြထား ပါတယ်။
လီဗာပူးလ်အသင်းနဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးတာပါ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၄၈ ပွဲကစားထားပြီး ၄၁ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 407
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
ဘရန်ဖို့ဒ်အသင်းကနေ ယူနိုက်တက်အသင်းထံ ပေါင် ၆၅ သန်း၊ add-ons ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကင်မရွန်း လက်ရွေးစင် အမ်ဘူမိုက မန်ချက်စတာကလပ်ထံ ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့တာကို ရယူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အမ်ဘူမိုက “ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို သိတာနဲ့ ကျနော့်ရဲ့ အိပ်မက်တွေထဲက အသင်းအတွက် လက်မှတ်ထိုးဖို့ အခွင့်အရေးကို အရယူခဲ့ပါတယ်။ ကျနော်ဟာ ယူနိုက်တက်အသင်း ဂျာစီကို ဝတ်ဆင်ပြီး ကြီးပြင်းလာခဲ့တာပါ။ ကျနော့်ရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ကတော့ မနေ့ကထက် အမြဲတမ်းပိုပြီး ကောင်း နေဖို့ပါ။ နည်းပြအာမိုရင် ဆီကနေ သင်ယူပြီး ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တွဲဖက်ကစားကာ နောက်ထပ် အဆင့်ကို ရောက်နိုင်တဲ့ စိတ်ဓါတ်နဲ့ စရိုက်လက္ခဏာတွေ ကျနော့်မှာ ရှိနေပါတယ်။ ကြီးမားတဲ့ ကလပ်အသင်းနဲ့ အတူ ကြီးမားတဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ အမ်ဘူမိုဟာ ယူနိုက်တက်အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့်ပါဝင်မှာပါ။
အမ်ဘူမိုဟာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၁၉ ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

အမ်ဘူမိုကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းက ကွန်ညာကို ခေါ်ယူပြီးကတည်းက အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ကာလ ရှည် ကြိုးပမ်းခဲ့တာဖြစ်ပြီး မကြာသေးမီက ဘရန်ဖို့ဒ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ဘရန်ဖို့ဒ်အသင်းရဲ့ လုပ်ဆောင်မှုတွေကို မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က ထရိုယက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အမ်ဘူမိုဟာ ဘရန်ဖို့ဒ်အသင်းအတွက် ၂၄၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၇၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
အမ်ဘူမိုဟာ လာမယ့် အမေရိကန် ရာသီကြို ခရီးစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင် ကစားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်ဘူမိုနဲ့ ကွန်ညာတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ယူနိုက်တက်အသင်းဟာ အမေရိကန်ရာသီကြို ခရီးစဉ်မှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 378
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁
အီတလီတောင်ပံ ကစားသမား ချီယေဆာဟာ အာရှကို ရာသီကြို ခြေစမ်းခရီးစဉ်အဖြစ် ထွက်ခွာမယ့် လီဗာပူးလ် အသင်းရဲ့ ကစားသမား ၂၉ ဦးစာရင်းမှာ မပါဝင်တာကြောင့် သူ့ရဲ့အနာဂတ် သတင်းတွေဟာ ထပ်ပြီး ထွက်ပေါ် လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ချီယေဆာဟာ နည်းပြအာနီဆလော့ လက်အောက် လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရနိုင်ဖို့ ရုန်းကန်နေရတာပါ။
ချီယေဆာဟာ လီဗာပူးလ်အသင်းက စတုတ်စီးတီးအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာ ထုတ်ပြန်တဲ့ အာရှခရီးစဉ်အတွက် လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ချီယေဆာကို တွေ့ရစဉ်
Liverpool Echo က ချီယေဆာဟာ ဆေးအဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အသေးစား ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့တာလို့ ဖော်ပြထားတာပါ။
လီဗာပူးလ်အသင်း လူစာရင်းထဲမှာ မပါဝင်ခဲ့ပြီးနောက် ချီယေဆာရဲ့စီးရီးအေပြိုင်ပွဲထံ ပြန်သွားမယ့် ထင်ကြေး သတင်းတွေဟာ ပိုပြီးတိုးလာခဲ့ပါတယ်။
ချီယေဆာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ပွဲကစားချိန် မိနစ်တွေ နည်းခဲ့ပေမယ့် သူ့ကိုခေါ်ယူဖို့ နာပိုလီနဲ့ အခြားအီတလီကလပ်တွေက စိတ်ဝင်စားခဲ့ကြတာပါ။
ချီယေဆာကတော့ သူဟာ လီဗာပူးလ်အသင်းမှာ ဆက်ရှိချင်တယ်လို့ ပြောထားပေမယ့် အန်ဖီးလ်ကလပ်ဟာ သူ့ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အီတလီကစားသမားဟာ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးစင်တာမှာ သူ့ရဲ့အကောင်းဆုံးပုံစံရရှိဖို့ လေ့ကျင့်မှု တွေကို ဆက်ပြီး ပြုလုပ်သွားဖို့ ရှိနေပါတယ်။
ချီယေဆာဟာ လီဗာပူးလ်အသင်းကို ရောက်ရှိလာပြီးကတည်းက ၁၄ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူ ထားတာပါ။
လီဗာပူးလ်အသင်းဟာ အာရှရာသီကြို ခြေစမ်းပွဲတွေအဖြစ် ဇူလိုင် ၂၆ ရက် ဟောင်ကောင်မှာ အေစီမီလန်၊ ဇူလိုင် ၃၀ ရက် ဂျပန်မှာ ယိုကိုဟားမား မာရီနိုစ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Goal
