
- By CNI
- Category: အားကစား
- Hits: 356
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဗယ်လက်ကာနိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်တွေအတွက် ဗယ်လက်ကာနိုအသင်းဟာ ဒေါသထွက်နေပေမယ့် သူကတော့ VAR အသုံးပြုမှုကို ထောက်ခံခဲ့ပါတယ်။
ဟန်ဆီဖလစ်က “အဖြစ်အပျက်တွေကို ကျနော်မကြည့်ရသေးပေမယ့် ကျနော်ဟာ အမြဲတမ်း VAR ဘက်ကနေ ရပ်တည်သွားမှာပါ။ VAR ကို ကျနော်ယုံကြည်ပါတယ်။ ဒီပွဲမှာ ပြိုင်ဘက်အသင်းကို အနိုင်ရယူဖို့ ခက်ခဲခဲ့တာ ကြောင့် ၃ မှတ်ရယူနိုင်ခဲ့တဲ့အတွက် ကျနော်တို့အလွန်ပျော်ပါတယ်။ ဗယ်လက်ကာနိုအသင်းဟာ ပုံစံကောင်းရှိပြီး ကစားပုံလည်းကောင်းမွန်ပါတယ်။ ကစားသမားတွေအတွက် ခက်ခဲတဲ့ပွဲဖြစ်ခဲ့လို့ ကျနော်ဂုဏ်ယူပါတယ်”လို့ Movistar Plus ကိုပြောခဲ့တာပါ။
ဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး လီဝန်ဒေါစကီးက ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဗယ်လက်ကာနိုအသင်းကစားသမား ပါသီဆစ်က ဘာစီလိုနာအသင်းနောက်ခံလူ မာတီနက်ဇ်ကို ဂိုးဧရိယာထဲဆွဲလှဲခဲ့တယ်ဆိုပြီး VAR က သုံးသပ်ခဲ့တာကြောင့် ဘာစီလိုနာအသင်း ပင်နယ်တီရရှိခဲ့တာပါ။
ဗယ်လက်ကာနိုအသင်းလည်း ဘာစီလိုနာအသင်းဂိုးဧရိယာထဲမှာ ဒီလိုတူညီတဲ့ အဖြစ်အပျက်ကြုံခဲ့ရပေမယ့် ပင်နယ်တီရခဲ့ခြင်းမရှိပါဘူး။
ဒါ့အပြင် ဗယ်လက်ကာနိုသွင်းယူခဲ့တဲ့ ချေပဂိုးကိုလည်း ခွင့်မပြုခဲ့တာကြောင့် ဗယ်လက်ကာနိုအသင်းဟာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်နေခဲ့တာပါ။
ရီးရယ်လ်အသင်းကလည်း ဒိုင်လူကြီးတွေနဲ့ VAR ရဲ့ ဆုံးဖြတ်ချက် တွေအတွက် လာလီဂါ၊စပိန်ဘောလုံးအဖွဲ့ချုပ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိနေပြီး ဒီအဖြစ်အပျက်တွေကြောင့် အငြင်းပွားမှုတွေဟာ ပိုပြီးတိုးလာခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကတော့ ဒီနိုင်ပွဲကြောင့် ရီးရယ်လ် အသင်း နဲ့ အမှတ်တူနေပေမယ့် ဂိုးကွာခြားချက်၊ထိပ်တိုက်တွေ့ဆုံမှုအသာနဲ့ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပြိုင်ပွဲပြီးဆုံးဖို့အဝေးကြီးကျန်ရှိနေသေးတာကြောင့် တစ်ပွဲချင်းကို အာရုံစိုက်ပြီး အဆုံးထိတိုက်ပွဲဝင်သွားဖို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါမားစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 464
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက တိုက်စစ်မှူး ဟာရီကိန်းဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ကွန်ပနီက “ဟာရီကိန်းဟာ ဆိုးဆိုးရွားရွား မရှိပေမယ့် ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ ကျနော်တို့မှာ အချိန် အနည်းငယ်ပဲရှိပါတယ်။ အချိန်တွေ ထပ်ပြီးလိုအပ်ပေမယ့် ဟာရီကိန်း ဘယ်လိုခံစားနေရလဲဆိုတာကို ကျနော်တို့ မြင်တွေ့ရမှာပါ။ ကျနော်ကတော့ သူ့ရဲ့အခြေအနေ မဆိုးဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။
ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတဲ့ ဟာရီကိန်းဟာ လေဗာကူဆင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ မျက်နှာဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေသလို လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ တာကြောင့် ဆဲလ်တစ်အသင်းနဲ့ပွဲကို လွဲချော်နိုင်တယ်ဆိုပြီး ထင်မြင်မှုတွေလည်း ရှိလာတာပါ။
ကွန်ပနီကိုတွေ့ရစဉ်
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဟာရီကိန်းရဲ့ ဒဏ်ရာအခြေအနေ မဆိုးရွားတဲ့အတွက် ဆဲလ်တစ်အသင်းနဲ့ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဒါအပြင် ကွန်ပနီက ဆဲလ်တစ်အသင်းနဲ့ ဒုတိယအကျော့ပွဲစဉ်ဟာ သူတို့အတွက်ရော အသင်းအတွက်ပါ အလွန် အရေးပါတဲ့ပွဲဖြစ်ပြီး စကော့တလန်ကလပ်ဟာ အမြဲတမ်း အန္တရာယ်ရှိအောင် လုပ်နိုင်တဲ့အတွက် ရာနှုန်းပြည့် ကစားနိုင်ဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။
ဆဲလ်တစ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ဘိုင်ယန်မြူးနစ်အသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာ ကစားမယ့် ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 447
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး အလွန်သတိထား နေရတယ်လို့ ပြောပါတယ်။
အာမိုရင်က “အဲရစ်ဆန်မှာ နှလုံးအခြေအနေရှိလို့ ဒါကို ကျနော်တို့ အလွန်သတိထားနေရပါတယ်။ အခုကတော့ နှလုံးနဲ့ပတ်သက်တဲ့ ကိစ္စမရှိပါဘူး။ အခုအချိန်မှာ သူဟာအဖျားရောဂါရှိနေလို့ သူ့ရဲ့နှလုံးခုန်နှုန်းကို ထိန်းရမယ်”လို့ ပြောခဲ့တာပါ။
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
အဲရစ်ဆန် မပါဝင်နိုင်တာနဲ့အတူ အရန်အင်အားနည်းနေတဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမား ၈ ဦးကို အရန်ကစားသမားအဖြစ် ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။
အဲရစ်ဆန်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အဲရစ်ဆန်ရဲ့ ကျန်းမာရေး အခြေအနေကို စွန့်စွားသွားမှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ကစားခဲ့တဲ့ ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီးနောက် နှလုံးထဲမှာ စက်ကိရိယာ တပ်ဆင်ပြီး ကစားနေရတာဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက သူ့ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။
အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာရဖို့ရှိနေပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေကောင်းမွန်ရင် အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 497
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
အယ်လ်အစ်တီဟတ်အသင်း တိုက်စစ်မှူး ဘန်ဇီမာဟာ ရီးရယ်လ်အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု ရယူနိုင်ဖို့ ပြိုင်ဆိုင်နေမှုကို တုန့်ပြန်ခဲ့ပါတယ်။
ဘန်ဇီမာက “ကျနော်ပြောချင်တာက ကျနော်ဟာ ဂိုးတွေသွင်းယူနိုင်ဖို့ စဉ်းစားနေတဲ့သူ မဟုတ်ဘူးဆိုတာပါ။ ရော်နယ်ဒိုနဲ့အတူ ဒီနေရာမှာ ရှိနေရတာက ကောင်းပေမယ့် ကျနော့်အတွက် ပိုပြီးအရေးကြီးတာက ပွဲတွေကို အနိုင်ရယူဖို့ပါ။ ဒါကြောင့် အသင်းအတွက် ကျနော်ထပ်ပြီး ဂိုးတွေသွင်းနိုင်ရင် ကျနော်ပျော်ရွှင်ပါတယ်”လို့ ဆော်ဒီပရိုလိဂ် တရားဝင် ဝက်ဘ်ဆိုက်ကို ပြောခဲ့တာပါ။
ဘန်ဇီမာဟာ ဒီရာသီမှာ အယ်လ်အစ်တီဟတ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၁၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဘန်ဇီမာရဲ့ ရီးရယ်လ်အသင်းဖော်ဟောင်း ရော်နယ်ဒိုကလည်း အယ်လ်နာဆာအသင်းအတွက် သွင်းဂိုးတွေ သွင်းယူနေပြီး ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာသွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ဘန်ဇီမာနဲ့ ရော်နယ်ဒိုကို တွေ့ရစဉ်
အဲဒါကြောင့် ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့အကြားမှာ သွင်းဂိုးကွာဟမှုက ၁ ဂိုးသာရှိတာဖြစ်ပါတယ်။
ဒါပေမယ့် ဘန်ဇီမာကတော့ ရွှေဖိနပ်ဆုထက် အယ်လ်အစ်တီဟတ်အသင်းကို နိုင်ပွဲတွေ ရယူပေးနိုင်ဖို့က သူ့အတွက် အရေးကြီးတယ်လို့ ပြောခဲ့တာပါ။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ် ၂၀ စီ ကစားအပြီးမှာ အယ်လ်အစ်တီဟတ်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်ဟီလယ်အသင်းကို ၄ မှတ် အသာရကာ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းကတော့ အယ်လ်အစ်တီဟတ်အသင်းနဲ့ ၈ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 400
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အိုဆာဆူနာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဒိုင်လူကြီးကို ဆဲဆိုမှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာကြောင့် ၁၂ ပွဲပယ်ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
အိုဆာဆူနာနဲ့ ရီးရယ်လ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ ပွဲချိန် ၃၉ မိနစ်မှာ ဘယ်လင်ဂမ်ဟာ ရိုင်းစိုင်းတဲ့ ဘာသာစကား အသုံးပြုခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက သူ့ကို တိုက်ရိုက် အနီကတ်ပြသပြီး ထုတ်ပယ်ခဲ့တာပါ။
ကွင်းလယ်ဒိုင်လူကြီးက ဘယ်လင်ဂမ်ဟာ သူ့ကို 'F*** you' လို့ပြောခဲ့တယ်လို့ စွပ်စွဲထားပေမယ့် အင်္ဂလန် ကစားသမားကတော့ ဒါကို ငြင်းဆန်ထားခဲ့ပါတယ်။
ဘယ်လင်ဂမ်က သူဟာ ကွင်းလယ်ဒိုင်လူကြီးကို ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ သူ့ကိုယ်သူ စိတ်ပျက်ခဲ့တာကြောင့် 'f*** off' လို့သာ အသုံးပြုခဲ့တာလို့ ပြောထားတာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကလည်း ကွင်းလယ်ဒိုင်လူကြီးဟာ ဘယ်လင်ဂမ်ရဲ့ အင်္ဂလိပ်စကားကို နားမလည်ခဲ့ဘဲ သူထင်မြင်ခဲ့တာနဲ့ ပြောခဲ့တာက မတူညီဘူးလို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဘယ်လင်ဂမ်ရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ဖွယ်ရှိတယ်လို့ သိရပြီး အယူခံမဝင်ခဲ့ရင် သူဟာ ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်တယ်လို့ သိရပါတယ်။
ဘယ်လင်ဂမ်ကို တွေ့ရစဉ်
စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး စည်းမျဉ်းတွေမှာ ကစားသမားအနေနဲ့ တာဝန်ရှိသူတွေကို စော်ကားတဲ့ အပြုအမူတွေပြုလုပ်မှုမှာ အပြစ်ရှိကြောင်းတွေ့ရရင် ၄ ပွဲကနေ ၁၂ ပွဲအထိ ပွဲပယ်ခံရမယ်လို့ ဖော်ပြထားတာပါ။
ဘယ်လင်ဂမ်အနေနဲ့ ၁၂ ပွဲသာ ပွဲပယ်ခံရမယ်ဆိုရင် ဒီရာသီ ရီးရယ်လ်အသင်းရဲ့ လက်ကျန်ပွဲ အများစုကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ကတော့ အိုဆာဆူနာအသင်းနဲ့ပွဲမှာ ပြသခံရတဲ့အတွက် အနီကတ်အတွက် ရီးရယ်လ်အသင်း ဖော်တွေကို တောင်းပန်ခဲ့ပြီး ဒိုင်လူကြီးကို စော်ကားတဲ့ စကားလုံး ပြောခဲ့ခြင်းမရှိဘူးဆိုတာ ဗွီဒီယိုထဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်တယ်လို့ ပြောခဲ့တာပါ။
အသက် ၂၁ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီက ဒေါ့မွန်အသင်းကနေ ရောက်ရှိလာပြီး ကတည်းက ရီးရယ်လ်အသင်းအတွက် ၇၆ ပွဲ ပါဝင်ကစားထားပြီး ၃၄ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source: Dailymail

- By CNI
- Category: အားကစား
- Hits: 443
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၂ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် နည်းပြအာမိုရင်က သူ့ရဲ့နည်းပြရာထူးအတွက် စိုးရိမ်မှုမရှိဘူးလို့ ပြောခဲ့ပါ တယ်။
အာမိုရင်က “ကျနော် စိုးရိမ်မှုမရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ပရိသတ်တွေနဲ့ မီဒီယာတွေရဲ့ ထင်မြင်မှုတွေ ကို ကျနော် နားလည်ပါတယ်။ ကျနော်ဟာ ရှုံးနိမ့်ရတာကို မုန်းတီးပြီး ဒီခံစားချက်က ဆိုးရွားလွန်းပါတယ်။ တခြား အရာတွေကို မစဉ်းစားဘဲ ကစားသမားတွေကို ကူညီဖို့ ကျနော် ရောက်ရှိနေတာပါ။ ကျနော့်ရဲ့ အခြေအနေ၊ ကျနော့်ရဲ့ အလုပ်ကိုနားလည်ပြီး ပွဲတွေကို အနိုင်ရယူချင်ပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှုက စိုးရိမ်စရာ ဖြစ်ပေမယ့် ကျနော့်အတွက်တော့ ကျနော်မစိုးရိမ်ဘူး”လို့ BBC ကိုပြောခဲ့တာပါ။
နည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ၁၄ ပွဲ ကိုင်တွယ်အပြီးမှာ ၈ ပွဲအထိ ရှုံးပွဲကြုံတွေ့ ထားတာကြောင့် သူ့ရဲ့နည်းပြရာထူးဟာ ဖိအားတွေရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာ ကို ရောက်ရှိသွားခဲ့ပြီး နှစ်ပေါင်း ၅၁ နှစ်အကြာမှာ အဆိုးရွားဆုံးအဆင့် ရပ်တည်မှုဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် အရန်ခုံတန်းပေါ်မှာ လူငယ်ကစားသမား အများအပြားကို ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြအာမိုရင်ဟာ တိုက်စစ်မှူး ချီဒိုအိုဘီ တစ်ဦးတည်းကိုသာ စပါးအသင်းနဲ့ပွဲမှာ လူစားလဲ အသုံးပြုခဲ့တာပါ။
နည်းပြအာမိုရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် လူငယ်ကစားသမားတွေကို သတိထားကိုင်တွယ်ဖို့ ကြိုးစားနေပြီး အပြောင်းအလဲ ပြုလုပ်ဖို့ မလိုဘူးလို့ ခံစားခဲ့ရကြောင်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားဖြစ်တဲ့ အာမတ်ကို ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားပေးရဖို့ ရှိနေပြီး ကိုဘီမိုင်နူးနဲ့ အူဂါတေးတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရလဒ်ကောင်းတွေရရှိနေတဲ့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 468
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းအနေနဲ့ နွေရာသီမှာ ကစားသမားသစ်တွေ ဝယ်ယူချင်ရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ရောင်းချဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ရိုးရိုးလေးပါ၊ တစ်ခုခုလုပ်ချင်ရင် ကစားသမားတွေ ရောင်းချဖို့လိုပါတယ်။ ကျနော်တို့ဟာ အခု အချိန်မှာ ကစားသမား ခေါ်ယူမှု မလုပ်နိုင်သလို အပြောင်းအရွှေ့ကလည်း ပိတ်သွားပါပြီ။ ကျနော်တို့ဟာ လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့လိုအပ်ပြီး နွေရာသီကျရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုကို ရှောင်ချင်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီက ကြယ်ပွင့်ကစားသမား ဂါနာချိုကို ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ဂါနာချိုကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အသင်းမှာ လုပ်ခလစာ အများကြီးရရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကိုလည်း အငှားချခဲ့ပါတယ်။
အာမိုရင်ကို တွေ့ရစဉ်
ဂါနာချိုကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက် အကယ်ဒမီထွက် ကိုဘီမိုင်နူးကို ခေါ်ယူဖို့ နွေရာသီမှာ ကြိုးပမ်းလာဖွယ်ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ကိုဘီမိုင်နူးကိုလည်း သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖွယ် ရှိနေပါတယ်။
မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက လက်ချီအသင်း နောက်ခံလူ ဒေါဂူနဲ့ အာဆင်နယ်အသင်းကြယ်ပွင့် ဟီဗန်တို့ကိုသာ ခေါ်ယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် လင်ဒီလော့ဖ်နဲ့ အဲရစ်ဆန်တို့ကို ထွက်ခွာခွင့် ပေးမှာဖြစ်ပြီး ဆန်ချိုကို ချယ်လ်ဆီးအသင်းထံ အပြီးသတ်ရောင်းချကာ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကိုလည်း ရောင်းချဖို့ စီစဉ်ထားပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့ကို အသင်းမှာ ဆက်ထိန်းသိမ်းချင်ပေမယ့် သူတို့ထဲက တစ်ဦးကို နွေရာသီမှာ ဆုံးရှုံးရဖွယ်ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 479
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ပီအက်စ်ဂျီအသင်းဟာ လီဗာပူးလ်အသင်း နောက်ခံလူ ကိုနာတေးကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လာမယ့် နွေရာသီအတွက် စီစဉ်မှုတွေ ပြုလုပ်နေပြီး လီဗာပူးလ်အသင်း နောက်ခံလူ ကိုနာတေးဟာ သူတို့ရဲ့ပစ်မှတ်တွေထဲက တစ်ဦးဖြစ်လာခဲ့တာပါ။
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်ဟာ ဗဟိုခံစစ်ကို ပိုပြီးအားကောင်းစေဖို့အတွက် ကိုနာတေးကို ခေါ်ယူအားဖြည့်ချင်နေတာ ဖြစ်ပါတယ်။
ကိုနာတေးဟာ လူငယ်ကစားသမားဘဝက ပဲရစ်အကယ်ဒမီမှာ ၅ နှစ်ကြာရှိခဲ့တာကြောင့် သူမွေးဖွားရာမြို့ကို ပြန်လာဖို့ ဆွဲဆောင်ခံနေရတာပါ။
ကိုနာတေးကလည်း ပီအက်စ်ဂျီအသင်းထံ အပြောင်းအရွှေ့ကို စိတ်ဝင်စားပေမယ့် လက်ရှိအချိန်မှာ လီဗာပူးလ် အသင်းနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ကိုနာတေးကို တွေ့ရစဉ်
ပြင်သစ်လက်ရွေးစင်အတွက် ၂၁ ပွဲ ပါဝင်ကစားထားတဲ့ ကိုနာတေးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့ပြီး သူဟာ လီဗာပူးလ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချထားတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီအကုန်မှာ ဗန်ဒိုက်ကို အလွတ်နဲ့ ဆုံးရှုံးရဖွယ် ရှိနေတာကြောင့် ကိုနာတေးကို စာချုပ်သက်တမ်းတိုးပြီး ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။
ကိုနာတေးဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် နည်းပြအာနီဆလော့ လက်ထက်မှာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာပါ။
၂၀၂၁ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကိုနာတေးဟာ လီဗာပူးလ်အသင်းအတွက် ၁၁၆ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။
လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 500
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရတဲ့ ဗီနီစီးယက်စ်ရဲ့ အနာဂတ်ထင်ကြေးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရတာ ငြီးငွေ့နေပြီလို့ ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “မေးခွန်းတွေက အများကြီးပါ၊ ဒီအကြောင်းအရာတွေအတွက် ငြီးငွေ့နေလားဆိုရင် ဟုတ်ပါ တယ်။ စိုးရိမ်မှုရှိလားဆိုရင် မရှိပါဘူး။ သူပျော်နေတာကို ကျနော်တို့ မြင်တွေ့ရပါတယ်။ ကျနော်တို့ဟာ ဒီအကြောင်းအရာကို ဒီနေရာမှာ မပြောချင်သလို သူကလည်း မပြောချင်ပါဘူး။ သူဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပါတယ်”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။
ဆော်ဒီပရိုလိဂ်ဟာ ဗီနီစီးယက်စ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အပြင်းထန် ကြိုးစားနေပေမယ့် ကစားသမားဟာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ်ထဲမှာ လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဗီနီစီးယက်စ်ကို တွေ့ရစဉ်
ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ဗီနီစီးယက်စ်က သူဟာ ရီးရယ်လ်အသင်းမှာ ကာလရှည်ကြာ ဆက်ရှိချင်နေပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ တိကျတဲ့အဖြေကို သိရမယ်လို့ ပြောထားပါတယ်။
ဗီနီစီးယက်စ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေသေးတာပါ။
၂၀၁၈ ခုနှစ်က ဖလာမင်ဂိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းအတွက် ၂၉၅ ပွဲ ပါဝင်ကစားထားပြီး ၁၀၁ ဂိုး သွင်းယူထားပါတယ်။
ရီးရယ်လ်အသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 489
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅
ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြမာရက်စ်ကာက ဒီပွဲဟာ သူ့ရဲ့လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “အရာအားလုံးကို စိတ်ပျက်မိပါတယ်။ ဒီပွဲကိုအားပေးဖို့ ရောက်လာခဲ့တဲ့ ပရိသတ်တွေအတွက် ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့ဟာ လက်ရှိအချိန်မှာ လွယ်လွယ်ကူကူနဲ့ သွင်းဂိုးတွေ ခွင့်ပြုနေရ သလို ဂိုးရဖို့ ရုန်းကန်နေရတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ ပိုပြီးကောင်းအောင် လုပ်ဖို့အတွက် အတူ လက်တွဲ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။ ကျနော်ဟာ အမြဲတမ်း ဖိအားတွေခံစားရပေမယ့် ဒီပွဲက ကျနော် ဒီကို ရောက်ပြီးကတည်းက အဆိုးရွားဆုံး စွမ်းဆောင်ရည်ပါ။ ကျနော်တို့ဟာ ဥရောပဝင်ခွင့်နေရာနဲ့ အဆုံးသတ်နိုင်ဖို့ ပြိုင်ဆိုင်မှုရှိနေဆဲပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဘရိုက်တန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့သာ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာဖြစ်ပါတယ်။
ဘရိုက်တန်အသင်းကတော့ ဂိုးပေါက်တည့်တဲ့ ၅ ကြိမ်မှာ သွင်းဂိုး ၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာလည်း ဘရိုက်တန်အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဘရိုက်တန်အသင်းကို တစ်ပတ်အတွင်း ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးနဲ့ဘရိုက်တန်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၂ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ် တွေဆိုးရွားနေတာပါ။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေ ပြီး မန်စီးတီးနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်မှာ တစ်သင်းသင်း အနိုင်ရခဲ့ရင် အဆင့် ၄ နေရာကနေ ဖယ်ပေးရ တော့မှာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN