CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁

အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဗင်နီဇွဲလားအသင်းနဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် မက်ဆီကို လာမယ့် ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

စကာလိုနီက “မက်ဆီကို ဒီပွဲမှာ မကစားစေဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ ပွာတိုရီကိုနဲ့ပွဲမှာ မက်ဆီ ရှိနေနိုင်ဖို့ မျှော်လင့်ပြီး လာမယ့် ရက်တွေမှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။ 

အာဂျင်တီးနားအသင်းဟာ အင်တာမိုင်ယာမီအသင်းရဲ့ Hard Rock Stadium မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဗင်နီဇွဲလားအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ကွင်းလယ်လူ လိုဆယ်ဆိုက တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်

မက်ဆီဟာ ဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် ပွဲကြည့်စင်ပေါ်ကနေ မိသားစုနဲ့အတူ ကြည့်ရှုအားပေးနေခဲ့တာပါ။ 

မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဒီပေါလ်ဟာ ဗင်နီဇွဲလားအသင်းနဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ မေဂျာလိဂ် ပွဲစဉ် ကစားဖို့ရှိနေတဲ့ အတွက် ဗင်နီဇွဲလားအသင်းနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ ရှိနေ တာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ဝင်ခွင့်ရထားပေမယ့် လိဂ်မှာ အဆင့် ရပ်တည်နိုင်မှု ကောင်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

အာဂျင်တီးနားအသင်းဟာ အောက်တိုဘာ ၁၄ ရက်မှာ ပွာတိုရီကိုအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါ တယ်။