
- By CNI
- Category: အားကစား
- Hits: 821
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ အသင်းသားတွေနဲ့ တစ်နာရီကြာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့လည်း တစ်ဦးချင်း တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားပါတယ်။
ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ဟာ လက်စ်ပါးမားစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ် အပြီးမှာ ဘာစီလိုနာအသင်းသားတွေနဲ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ လက်စ်ပါးမားစ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေမှာ ဆိုစီဒက် အသင်းကို အရေးနိမ့်ခဲ့ပြီး ဆယ်လ်တာဗီဂိုအသင်းနဲ့ သရေကျကာ ၃ ပွဲဆက်တိုက်နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေပေမယ့် နည်းပြ ဟန်ဆီဖလစ် ဟာ အသင်းသားတွေနဲ့အတူ လက်စ်ပါးမားစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကို ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ လေ့ကျင့်မှုပြုလုပ်မယ့်အချိန်ကို တစ်နာရီကြာ နောက်ကျပြီးမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကို တွေ့ရစဉ်
ဒါအပြင် နည်းပြဟန်ဆီဖလစ်ဟာ ဒီရာသီအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် လီဝန်ဒေါစကီးနဲ့ လေ့ကျင့်ရေးကွင်းမှာ တစ်ဦးချင်း စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။
လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါသွင်းဂိုး ၁၅ ဂိုး သွင်းယူထားပေမယ့် ဆိုစီဒက် နဲ့ လက်စ်ပါးမားစ် ပွဲစဉ်တွေမှာ ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရလဒ်တွေ ပြန်ဆိုးရွားမှုကြောင့် ရီးရယ်လ်အသင်းကို ရမှတ်အများကြီး ဖြတ်ထားနိုင် ခဲ့တာကနေ ၁ ပွဲပိုကစားထားပြီး ရမှတ် ၁ မှတ်သာ အသာရတော့တာပါ။
ရီးရယ်လ်အသင်းဟာ ပွဲကျန်ပွဲစဉ်မှာ အနိုင်ရခဲ့ရင် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်တော့မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် နည်းပြ ဟန်ဆီဖလစ်ဟာ အမှားအယွင်း ထပ်မဖြစ်ဖို့နဲ့ ရလဒ်ကောင်းတွေ ပြန်လည်ရယူဖို့အတွက် အသင်းသားတွေနဲ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီဇင်ဘာ ၄ ရက်မှာ လာလီဂါပွဲစဉ်အဖြစ် မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 485
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ ဒေါ့မွန်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူရဖွယ်ရှိနေပါတယ်။
ဟာရီကိန်းဟာ ဒေါ့မွန်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကို စကန်ဖတ် စစ်ဆေးမှုတွေ ခံယူအပြီးမှာ ကြွက်သား ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုခဲ့တာပါ။
အဲဒါကြောင့် အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူး ဟာရီကိန်း မပါဝင်ဘဲ အလုပ်လုပ်ရမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပေမယ့် ဘယ်လောက်ကြာကြာ အနားယူရ မလဲဆိုတာတော့ မပါဝင်ခဲ့ပါဘူး။
ဂျာမန်သတင်းစာ Bild က ဟာရီကိန်းဟာ ဒဏ်ရာကြောင့် ၂ ပတ်ကြာ အနားယူရမယ်လို့ ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ ပွဲစဉ် ၅ ပွဲကစားဖို့ ရှိနေပြီး ဟာရီကိန်းဟာ ဒီဇင်ဘာ ၂၀ ရက်မှာ ကစားမယ့် ဒီနှစ်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ပွဲစဉ်မှသာ ပြန်လည် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။
ဟာရီကိန်းကို တွေ့ရစဉ်
ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားထားတာမှာ ဂိုး ၂၀ အထိသွင်းပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်တဲ့ ဟာရီကိန်း ပွဲအချို့ လွဲချော်မှာက ဘိုင်ယန်မြူးနစ် အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ဖရန့်ဖတ်အသင်းကို ၄ မှတ်အသာနဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်မှာ လေဗာကူဆင်အသင်းနဲ့ ဂျာမန်ဖလားပွဲစဉ် ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲပြီးရင် ဟိုင်ဒမ်ဟိုင်းအသင်းနဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 938
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂
လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ ပြင်သစ်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပေမယ့် လီဗာပူးလ်အသင်းဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ရခြင်း မရှိသေးပါဘူး။
ဒါကြောင့် ဆာလက်ဟာ လာမယ့် နွေရာသီမှာ လီဗာပူးလ်အသင်းကနေ အလွတ်နဲ့ ထွက်ခွာရဖို့ရှိနေတာ ဖြစ်ပါတယ်။
ဆာလက်က လီဗာပူးလ်အသင်းဟာ သူ့ကို စာချုပ်သစ် ကမ်းလှမ်းရခြင်း မရှိသေးတာကြောင့် ဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုပြီးဖြစ်နိုင်တယ်လို့ ပြောထားတာပါ။
ဒါအပြင် ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာလည်း ဒီပွဲဟာ လီဗာပူးလ်အသင်း ကစားသမားဘဝ အန်ဖီးလ်မှာ ကစားတဲ့ မန်စီးတီးအသင်းနဲ့ နောက်ဆုံးပွဲစဉ်လို့ ပြောခဲ့ပါတယ်။
ဒီအချိန်မှာ ပြင်သစ်သတင်းစာ L'Equipe က ဆာလက်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် လာမယ့် နွေရာသီမှာ ပြင်သစ်ကလပ်ထံ ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အသင်းနဲ့ စာချုပ် ကုန်ဆုံးပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဘတ်ပီရဲ့ နေရာကို အစားထိုးဖြည့်ဖို့ ရှာဖွေမှုတွေပြုလုပ်နေတာပါ။
ဆာလက်ကို တွေ့ရစဉ်
ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်အသင်းက ဆန်ချိုနဲ့ နာပိုလီအသင်းက ကာဗီချာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘီလ်ဘာအိုအသင်း တောင်ပံကစားသမား နီကိုဝီလီယံစ်ကို စိတ်ဝင်စားကြောင်းလည်း ပြသခဲ့ပေမယ့် လာမယ့်နွေရာသီမှာ ဆာလက်ကိုခေါ်ယူနိုင်ဖို့က သူတို့အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်ဖို့ ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ နှစ်သစ် မစတင်ခင်မှာ ဆာလက်ကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ရင် သူဟာ အင်္ဂလန် ပြင်ပကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းလို့ ရရှိမှာဖြစ်ပါတယ်။
ဆာလက်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာရဖို့ရှိနေပေမယ့် ဒီရာသီမှာ အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ပြောထားတာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင် ကစားထားပြီး ၁၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1105
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အဲဗာတန်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ထက် အသင်းရဲ့စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်ဟာ ပရိသတ်တွေအပေါ် ရိုးသားချင်ပါတယ်။ ကျနော်က စွမ်းဆောင်ရည်ကို အာရုံစိုက်ပြီး ရလဒ် မဟုတ်တဲ့အတွက် အဆုံးမှာ ဒါကို မြင်တွေ့ရမှာပါ။ လာမယ့်ပွဲကို အာရုံစိုက်ပြီး စွမ်းဆောင်ရည်ကို ကြည့်ရ မှာပါ။ ပြီးခဲ့တဲ့ ဘိုဒိုဂီလင့်နဲ့ပွဲမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ကျနော်တို့ ပိုပြီးထိုက်တန်တယ်လို့ ထင်ပါတယ်။ ဒီပွဲ မှာတော့ ကျနော်တို့ ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် စွမ်းဆောင်ရည်ကို ဆက်ပြီးအာရုံစိုက်ကာ အာဆင်နယ်နဲ့ပွဲ အကြောင်းတွေးရမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနဲ့ပွဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ ဇက်ခ်ဇီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး နည်းပြ အာမိုရင်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တ်ကအသင်းကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၉ နေရာအထိ တက်လာနိုင်ခဲ့ပြီး အဆင့် ၄ နေရာ က ဘရိုက်တန်အသင်းနဲ့ ၄ မှတ်သာ ကွာဟတော့တာပါ။
ယူနိုက်တက်အသင်းဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ ရမှတ် ကွာဟချက် မများတော့ပေမယ့် နည်းပြ အာမိုရင်က စွမ်းဆောင်ရည်ကိုပဲ အာရုံစိုက်နေတာဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဇက်ခ်ဇီဟာ သြဂုတ်နောက်ပိုင်း အသင်း အတွက် ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။
ဒါအပြင် ရက်ရှ်ဖို့ဒ်ကလည်း နည်းပြ အာမိုရင်လက်ထက် ကစားခဲ့တဲ့ ၃ ပွဲမှာ ယူနိုက်တက်အသင်းအတွက် ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အာမိုရင်က ရက်ရှ်ဖို့ဒ်ဟာ အများကြီး လုပ်နိုင်တဲ့သူဖြစ်တဲ့အတွက် ဆက်ပြီး တိုးတက်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ တာပါ။
ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 2186
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူထုတ်ပယ်ခံရမယ်ဆိုပြီး လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့ သီဆိုမှုကို မမျှော်လင့်ခဲ့ဘူးလို့ လီဗာပူးလ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အန်ဖီးလ်မှာ ကျနော်ဒါကို မမျှော်လင့်ခဲ့ပါဘူး။ လီဗာပူးလ်မှာရှိတဲ့ လူတွေဆီကနေ ဒါကို ကျနော် မမျှော်လင့်ထားပေမယ့်လည်း အဆင်ပြေပါတယ်။ ဒါက ပွဲရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျနော် လုံးဝ နားလည်ပါတယ်။ ကျနော်တို့ဟာ မယုံနိုင်လောက်တဲ့ တိုက်ပွဲတွေမှာ အတူရှိခဲ့ကြပြီး ကျနော် သူတို့ကို လေးစားမှုရှိပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဂတ်ပို၊ ဆာလက်တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ပရိသတ်တွေဟာ ဒီပွဲစဉ်ပြီးခါနီးမှာ ဂွာဒီယိုလာကို တိုက်ရိုက်ရည်ရွယ်ကာ “မနက်ကျရင် အလုပ် ထုတ်ခံရတော့မယ်၊ မနက်ကျရင် ခင်ဗျားအလုပ်ကနေ ထုတ်ခံရတော့မယ်”လို့ သီဆိုမှုတွေ ပြုလုပ်ခဲ့ တာပါ။
ဒီအချိန်မှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကလည်း ပြုံးပြီး သူ့ရဲ့လက်ချောင်း ၆ ချောင်း ပြန်ထောင်ပြကာ လီဗာပူးလ်အသင်း ပရိသတ်တွေကို တုန့်ပြန်ခဲ့ပါတယ်။
မန်စီးတီးအသင်းကို တွေ့ရစဉ်
ဂွာဒီယိုလာဟာ သူ့ရဲ့လက်ထက်မှာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်အထိ ရယူပေးထားတာကို ရည်ရွယ်တဲ့အနေနဲ့ ပြသခဲ့တာပါ။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ၄ ပွဲ ဆက်တိုက် အရေးနိမ့်ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ကျဆင်းကာ ရလဒ်ဆိုးတွေကို ဆက်တိုက် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၇ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ဂွာဒီယိုလာ အတွက်လည်း သူ့ရဲ့နည်းပြ ဘဝမှာ အဆိုးရွားဆုံး မှတ်တမ်းတစ်ခုကို ကြုံတွေ့နေရတာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ ဂွာဒီယိုလာအတွက် ဘယ်သူမှ စိတ်မကောင်း ဖြစ်စရာမလိုဘဲ သူဟာ မန်စီးတီးအသင်းကို ရလဒ်ကောင်းတွေ ပြန်ရအောင် ယူပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပြီး လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 2393
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ငယ်ရွယ်တဲ့ သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ့် ပြိုင်ပွဲမှာ မပါဝင်ဘဲ ပွဲတိုင်းကို တိုးတက်မှုတွေ ရရှိဖို့အတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော်တို့ဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ့်ပြိုင်ပွဲမှာ မပါဝင်ဘူးဆိုတာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ကျနော်ဟာ ဖိအားတွေကို အလွန်ကြိုက်ပြီး ဒီနေရာမှာ ရှိချင်ပေမယ့် ကျနော်တို့ အဲ့ဒီနေရာမှာ မရှိပါဘူး။ အသင်း တိုးတက်လာတာက အရေးကြီးပြီး ကောင်းမွန်တဲ့ခံစားချက်ပါ။ တချိန်တည်းမှာ လက်တွေ့ကျဖို့ လိုအပ်ပြီး ကျနော်တို့နဲ့ အခြားအသင်းတွေအကြားက ခြားနားချက်ကို ခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်”လို့ ပြောခဲ့ တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကိုသာ အရေးနိမ့်ထားပေမယ့် ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၉ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးကစားသမားများကို တွေ့ရစဉ်
နည်းပြ မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို နွေရာသီကမှ စတင် ကိုင်တွယ်ခဲ့ပေမယ့် သူ့ရဲ့လက်ထက်မှာ အသင်းဟာ တိုးတက်မှုတွေ ရှိလာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ကွန်းဖရန့်လိဂ် ပြိုင်ပွဲမှာလည်း ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပိုပြီးအာရုံစိုက်လို့ရပြီဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ မာရက်စ်ကာက ဗီလာအသင်းမှာ ထိပ်တန်းနည်းပြရှိပြီး အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်တာကြောင့် ခက်ခဲတဲ့ပွဲဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁၉ မှတ်ရရှိကာ ချယ်လ်ဆီးအသင်းနဲ့ ၃ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1458
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀
လီဗာပူးလ်အသင်းရဲ့ အဓိကနောက်ခံလူ ကိုနာတေးဟာ ဒဏ်ရာကြောင့် မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြင်သစ်နောက်ခံလူ ကိုနာတေးဟာ အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ တွဲဖက်ပြီး ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်တာပါ။
ကိုနာတေးဟာ ရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းအတွက် ခြေစွမ်း ပြသနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ရီးရယ်လ်အသင်း တိုက်စစ်မှူး အန်းဒရစ်နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ကိုနာတေးဟာ ဒီဒဏ်ရာကြောင့် မန်စီးတီးအသင်းနဲ့ပွဲစဉ်ကို သူပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာပါ။
ကိုနာတေးဟာ ဒဏ်ရာကြောင့် ၅ ပတ်ကနေ ၆ ပတ်ကြာအထိ အနားယူရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ကိုနာတေး မပါဝင်နိုင်တဲ့ပွဲတွေမှာ ဗဟိုခံစစ် နေရာအတွက် ဗန်ဒိုက်နဲ့အတူ ကွမ်ဆက် ဒါမှမဟုတ် ဂိုးမက်ဇ်တို့ကို တွဲဖက်အသုံးပြုရတော့မှာပါ။
ကိုနာတေးကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဘရက်ဒလေလည်း မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းရဲ့ အဓိကညာနောက်ခံလူ အာနိုးလ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်ပြီး နည်းပြ အာနီဆလော့က သူဟာ ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားတာပါ။
ဒါကြောင့် အာနိုးလ်ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပြန်ပါဝင်လာဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်၊ တိုက်စစ်မှူး ဂျိုတာနဲ့ ဘယ်နောက်ခံလူ ဆီမီကတ်စ်တို့ဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်း ရရှိနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1785
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀
အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက ဒါမက်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးစလုံးသွင်းပြီး အယ်လ်နာဆာအသင်းကို ဆော်ဒီပရိုလိဂ်ဆုဖလား မျှော်လင့်ချက် ရှင်သန် စေခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၁ နေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၅ မှတ်အကွာ၊ အဆင့် ၂ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၃ မှတ် အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမားစာရင်းရဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး ၉၁၅ ဂိုးအထိ ရောက်ရှိလာခဲ့တာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ ပွဲအပြီး သူ့ရဲ့အင်စတာဂရမ်မှာ “၃ မှတ်၊၂ ဂိုးနဲ့ ကျနော်တို့ ဆက်ပြီးသွားမယ်”လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အယ်လ်နာဆာအသင်းနဲ့ အောင်မြင်မှု မရရှိသေးတာကြောင့် ဒီရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အယ်လ်နာဆာအသင်းဟာ ကြားရက်မှာ အာရှချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အယ်လ်ဆတ်ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်တာပါ။
အယ်လ်နာဆာအသင်းဟာ ဒီပွဲပြီးရင် ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်အစ်တီဟတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 1195
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀
ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။
လက်စတာအသင်းဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြ စတိဗ်ကူးပါးရဲ့ နေရာမှာ နစ္စတယ်ရွိုင်းကို ၂၀၂၇ ရာသီအကုန်ထိ ရှိမယ့် စာချုပ်ချုပ်ဆိုကာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းနဲ့ ဘရန်ဖို့ဒ်အသင်းတို့ ကစားမယ့်ပွဲကို တက်ရောက်ကြည့်ရှုမှာဖြစ်ပြီး ဒီပွဲအပြီးမှသာ လက်စတာအသင်းကို တရားဝင် စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းက “ကျနော်ဂုဏ်ယူပြီး စိတ်လှုပ်ရှားပါတယ်။ လက်စတာအသင်းရဲ့ သမိုင်းကြောင်းက အထင်ကြီးဖို့ ကောင်းပါတယ်။ လက်စတာအသင်းနဲ့အတူ စတင်ဖို့ ကျနော်စိတ်လှုပ်ရှားနေပြီး အသင်းအတွက် အရာအားလုံးကို ကျနော်ပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
နစ္စတယ်ရွိုင်းဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းထံ လက်ထောက်နည်းပြ ရာထူးနဲ့ ပြန်ရောက်လာခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ် ထုတ်ပယ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ရတာပါ။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲအနိုင်ရပြီး ၁ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်း ယာယီနည်းပြအဖြစ် အနိုင်ရရှိခဲ့တဲ့ ၃ ပွဲမှာ လက်စတာအသင်းကို ၂ ပွဲ အနိုင်ရရှိခဲ့တာပါ။
လက်စတာအသင်း နည်းပြရာထူးဟာ နစ္စတယ်ရွိုင်းအတွက် PSV အသင်းပြီးနောက် ဒုတိယမြောက် အမြဲတမ်း နည်းပြရာထူးလည်း ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ လက်စတာအသင်းကို ဝက်စ်ဟမ်းအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပထမဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 974
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၉
မန်စီးတီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်းလယ်လူ ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့အတွက် ပဲလေ့စ်အသင်းက ဝါတန်နဲ့ ဆိုစီဒက်အသင်းက ဇူဘီမန်ဒီတို့ကို ပစ်မှတ်ထားနေပါတယ်။
မန်စီးတီးအသင်းဟာ အစောပိုင်းက လာမယ့် နွေရာသီမှသာ ကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထား ပေမယ့် အဓိက ကွင်းလယ်လူ ရိုဒရီကို ကာလရှည်ကြာ ဆုံးရှုံးရမှာဖြစ်လို့ ဇန်နဝါရီမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ စဉ်းစားလာခဲ့တာပါ။
ဒေးလီးမေးလ်က မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမားသစ် စာရင်းထဲမှာ ဝါတန်နဲ့ ဇူဘီမန်ဒီတို့ ပါဝင်တယ် လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီကမှ ဘလက်ဘန်းအသင်းကနေ ပဲလေ့စ်အသင်းထံ ပြောင်းလာခဲ့တဲ့ ဝါတန်ဟာ ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။
မန်စီးတီး ပစ်မှတ်ထားနေတဲ့ ကစားသမား ၂ ဦးကို တွေ့ရစဉ်
ဝါတန်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းအပြင် လီဗာပူးလ်အသင်းကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ ဇူဘီမန်ဒီကို မန်စီးတီးအသင်းက ပစ်မှတ်ထား နေသလို လီဗာပူးလ်အသင်းကလည်း ထပ်ကြိုးပမ်းဖို့ လုပ်ဆောင်နေတာပါ။
ရိုဒရီဟာ စက်တင်ဘာ ၂၂ ရက်က အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ် ဒဏ်ရာကြောင့် ခွဲစိတ် ကုသမှုခံယူခဲ့ရပြီး ရာသီမကုန်ခင်မှာ မန်စီးတီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး ရလဒ်တွေ ဆိုးနေတာကြောင့် အသင်းရဲ့လိုအပ်တဲ့ နေရာတွေကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်နေတာပါ။
မန်စီးတီးအသင်းဟာ ဒီဇင်ဘာ ၁ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal