- By CNI
- Category: အားကစား
- Hits: 371
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲကိုခြားနားမှုဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေကို ချီးကျူးမှု ပြုလုပ်ခဲ့ ပါတယ်။
အန်ဆယ်လော့တီက “ဒီပွဲမှာ လူငယ်ကစားသမားတွေ လုပ်နိုင်ခဲ့တဲ့အရာကို ကျနော်တို့အလွန် ကျေနပ်ရမှာ ဖြစ်သလို သူတို့ကို ဆက်ပြီးအားကိုးနေရမှာပါ။ သူတို့ဟာ အတွေ့အကြုံနည်းပေမယ့် အခြေခံအားဖြင့် သူတို့ကို လိုအပ်ပါတယ်။ ကျနော်ဟာ အသင်းတစ်သင်းကို ပေါင်းစည်းတဲ့အချိန်မှာ ပွဲကိုအနိုင်ရဖို့ကြိုးစားတဲ့အတွက် လူငယ်အကယ်ဒမီကိုမိနစ်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ဒဏ်ရာနဲ့အခြားအချက်တွေကြောင့် သူတို့အခွင့်အရေးရခဲ့ပြီး သူတို့ကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ အသလက်တီကို၊မန်စီးတီးအသင်းတို့နဲ့ အရေးကြီးပွဲတွေကစားဖို့ရှိတဲ့အတွက် လီဂါနက်စ် အသင်းနဲ့ပွဲစဉ်မှာ အဓိက ကစားသမားအများအပြားကို အနားပေးခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အသက် ၂၁ အရွယ်ရှိ အဆန်စီယို၊၂၀ နှစ်အရွယ်ရှိ ရာမွန်၊၁၉ နှစ်အရွယ်ရှိ ဂူလာနဲ့ ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်တို့ကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းအသုံးပြုခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ အန်းဒရစ်၊မိုဒရစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လီဂါနက်စ်အသင်းအတွက် ခရုဇ်က ချေပဂိုးတွေပြန်သွင်းယူနိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းအတွက် အနိုင်ဂိုးကို လူစားလဲဝင်ရောက်လာတဲ့ အသက် ၂၀ နှစ်အရွယ်ရှိ အကယ်ဒမီတိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာက မိနစ် ၉၀ ပြည့်ပြီးနာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာပါ။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ လီဂါနက်စ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရယ်လ် အသင်းဟာ လက်ရှိအချိန်မှာ ရူဒီဂါ၊အလာဘာတို့ရဲ့ ဒဏ်ရာတွေကြောင့် ခံစစ်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး လာမယ့်ပွဲတွေမှာ လူငယ်ကစားသမားအချို့ကို ခံစစ်မှာဆက်ပြီး အသုံးပြုသွားရမှာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက လီဂါနက်စ်အသင်းနဲ့ပွဲမှာ အဓိက ကစားသမားတွေကို ချန်လှပ်ထား ခဲ့တာကြောင့် သူတို့ဟာ လာမယ့်ပွဲမှာ အဆင်သင့်ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆင့် ၁ နေရာနဲ့ ၂ နေရာမှာရပ်တည်နေတဲ့ သူတို့နှစ်သင်းရဲ့အကြားမှာ ရမှတ် ၁ မှတ်သာကွာဟတာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်း ကို ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ နယူးကာဆယ်အသင်းအတွက် ဂိုးတွေကို မာဖီနဲ့ ဂေါ်ဒွန်တို့က သွင်းယူခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာလည်း အာဆင်နယ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို နောက်ဆုံး ၃ ရာသီအတွင်း ဒုတိယအကြိမ် မြောက် တက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်က ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်က FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးကတည်းက အဓိကပြိုင်ပွဲတွေမှာ ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့် ဒီနှစ် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပေမယ့် သူတို့အတွက် အလွန်ကောင်းမွန်တဲ့ ညဖြစ်ခဲ့ပြီး ဝင်ဘာလေကို ပြန်သွားရတာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
အက်ဒီဟိုဝီက “ဝင်ဘာလေကို ပြန်သွားရတာက အလွန်ကြီးမားပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တာ က ကျနော်တို့အတွက် မလွယ်ကူခဲ့ပါဘူး။ ပရီးမီးယားလိဂ် ၄ သင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ခက်ခဲခဲ့ပါတယ်။ ကျနော်တို့ ဟာ နောက်ဆုံးကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကနေ သင်ယူပြီး စွမ်းဆောင်ရည်ကို ပိုပြီးကောင်းအောင်လုပ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပေမယ့် နောက်ထပ် ဆုဖလား ပစ်မှတ်တွေအတွက် အားအင်တွေ ပြန်ဖြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရလို့ သူတို့အတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလား အဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသာ ရှိတော့တာပါ။
အာဆင်နယ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဒူဘိုင်းကို သွားရောက်ပြီး အသင်းလိုက် စုဖွဲ့လေ့ကျင့်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 268
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်ကထက် လက်ရှိနည်းပြ အာမိုရင်လက်ထက်မှာ ပိုပြီးဆိုးနေတယ်လို့ ပြောလိုက်ပါတယ်။
ဂယ်ရီနဗီးလ်က “အာမိုရင် ရောက်ရှိလာခဲ့တုန်းက ပိုပြီးကောင်းလာမယ်လို့ ကျနော်ထင်ခဲ့တာပါ။ စိတ်အား ထက်သန်မှုနဲ့ စနစ်သစ်ကိုတွေးခဲ့ပြီး သူတို့ဟာ ကစားသမားတွေ ဝယ်ယူကာ ပြန်လာနိုင်တာကို မြင်တွေ့ရမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အသင်းဟာ ပိုဆိုးရွားလာပြီး အံ့သြ စရာပါပဲ။ ဒီလိုသာ ဆက်သွားရင် ရာသီကုန်ခါနီးမှာ နာကျင်စရာတွေ အများကြီးရှိလာပြီး ထိခိုက်လာနိုင်တယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစပိုင်း ရလဒ်ဆိုးရွားမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြသစ်အဖြစ် စပို့တင်းလစ္စဘွန်းအသင်းကို ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီ လူမျိုးနည်းပြ အာမိုရင်ကို ခန့်အပ်ခဲ့တာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
မန်ချက်စတာကလပ်က အာမိုရင်ဟာ သူတို့ကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ သူတို့ရဲ့စွမ်းဆောင်ရည်ဟာ ကြီးကြီးမားမား ပြောင်းလဲမှုမရှိခဲ့တာ ဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို တာဝန်ယူပြီး ကတည်းက ပရီးမီးယားလိဂ် အိမ်ကွင်း ၇ ပွဲ ကိုင်တွယ် ထားတာမှာ ၂ ပွဲသာ အနိုင်ရလဒ် ရယူပေးထားတာပါ။
ယူနိုက်တက်အသင်းဟာ အာမိုရင် လက်ထက်မှာ ပရီးမီးယားလိဂ် နိုင်ပွဲ ၄ ပွဲသာရထားပြီး အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂယ်ရီနဗီးလ်က အာမိုရင် လက်ထက်မှာ ယူနိုက်တက်အသင်းဟာ ပိုပြီးဆိုးရွားနေတယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ဖေဖော်ဝါရီ ၇ ရက်မှာ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် လက်စတာ အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိချန်ပီယံဆုကို ဆက်ထိန်းသိမ်းချင်ရင် အနိုင်ရလဒ် ရယူဖို့လိုအပ်တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 289
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရယ်လ်အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်ဖြစ်နေတဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အသက် ၂၄ နှစ်အရွယ်ရှိ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ၂၀၃၀ ခုနှစ် ရာသီအကုန်ထိ စာချုပ် သက်တမ်းတိုးခဲ့တာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်ရှိမယ်ဆိုရင် ဂျာမနီကလပ်မှာ ကစားတာ ၁၁ နှစ်ကြာ ရှိသွားမှာဖြစ်ပါတယ်။
ကနေဒါနောက်ခံလူဟာ ၂၀၁၈ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့တာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်က “ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးခွင့်ရလို့ ကျနော် အလွန်ပျော်ပါတယ်။ ကျနော်ဟာ အသက် ၁၈ နှစ်အရွယ်မှာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့ပြီး ကျနော်ကစားတဲ့ နေရာမှာ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာဖို့ နေ့တိုင်း သင်ယူချင်ခဲ့ပါတယ်။ အခုနောက်ထပ် ၅ နှစ် အတူရှိရတော့မှာ ဖြစ်ပြီး အောင်မြင်မှု အများကြီး ရယူထားပေမယ့် နောက်ထပ်ရယူချင်သေးတယ်”လို့ ပြောခဲ့ပါတယ်။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ခေါ်ယူချင်ခဲ့ပေမယ့် အဆင်မပြေခဲ့ တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီနွေရာသီမှာ အလွတ်နဲ့ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးမှုကြောင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူချင်တဲ့ ရီးရယ်လ်အသင်းရဲ့ မျှော်လင့်ချက်တွေ ထိခိုက်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ နွေရာသီမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အာနိုးလ်ကို အလွတ်နဲ့ခေါ်ယူနိုင် ဖို့လည်း ထပ်ပြီးပစ်မှတ်ထားနေတာပါ။
အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၂၂၀ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ဘွန်ဒက်လီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၃ လုံး ရယူထားတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 406
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅
ချယ်လ်ဆီးအသင်း ကွင်းလယ်တိုက်စစ် ကစားသမား ဂျာအိုဖီးလစ်ဟာ ဒီရာသီအကုန်ထိ စီးရီးအေကလပ် အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဂျာအိုဖီးလစ်အတွက် ချယ်လ်ဆီးအသင်းကို အငှားခေါ်ယူကြေး ပေါင် ၅ သန်းပေးခဲ့ရပြီး သူ့ရဲ့လုပ်ခလစာကိုလည်း အပြည့်အဝ ပေးချေရမှာပါ။
ဒါပေမယ့် အေစီမီလန်အသင်းဟာ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်မရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ၇ နှစ် စာချုပ်ချုပ်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ လန်ဒန်ကလပ်မှာ ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။
ဂျာအိုဖီးလစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ရပြီး ဖလားပြိုင်ပွဲတွေမှာသာ အဓိက ကစားနေရတဲ့အတွက် ပွဲကစားချိန် ပိုပြီးလိုချင်ခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားဟာ အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ။
အေစီမီလန်အသင်းကို တွေ့ရစဉ်
အသက် ၂၅ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူထားပါတယ်။
အေစီမီလန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ် အပါအဝင် ကစားသမား ၅ ဦးအထိ ခေါ်ယူထားပြီး ပေါ်တူဂီကစားသမားဟာ မန်စီးတီးအသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဝေါ်လ်ကာနဲ့ တစ်သင်းတည်း အတူတွဲကစားရတော့မှာပါ။
ဘင်ဖီကာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ၂၀၁၉ ခုနှစ်က အသလက်တီကိုအသင်းထံ ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ ချယ်လ်ဆီး၊ ဘာစီလိုနာအသင်းတွေထံ အငှားနဲ့ကစားခဲ့ရတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာကြောင့် ဂျာအိုဖီးလစ်အနေနဲ့ အသင်းကို အမှတ်ပေးဇယား အထက်ပိုင်းတက်နိုင်အောင် ကူညီပေးရတော့မှာပါ။
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ်အဖြစ် ဖီယင်နုအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 470
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅
အာဆင်နယ်အသင်း နည်းပြအာတီတာက အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားတစ်ဦး မှ ခေါ်ယူနိုင်ခဲ့ခြင်းမရှိလို့ စိတ်ပျက်မိကြောင်း ပြောခဲ့ပါတယ်။
အာတီတာက “ကျနော်တို့ဟာ သက်ရောက်မှုရှိနိုင်တဲ့ ကစားသမားတွေနဲ့ လူစာရင်းကို ပိုပြီးတိုးတက်နိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေဖို့ အပြောင်းအရွှေ့ဖွင့်တဲ့အချိန်မှာ အမြဲတမ်းရှင်းလင်းတဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ဒါကို မလုပ်နိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အသင်းကို ပိုပြီး ကောင်းမွန်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ ကစားသမားမျိုးကိုသာ ခေါ်ယူချင်တယ်ဆိုတာ သိပါတယ်။
အချို့သော အကြောင်းပြချက်တွေနဲ့ မလုပ်နိုင်ခဲ့တာကို ကျနော်တို့ လက်ခံရမှာပါ။ ကျနော်တို့ဟာ ရှိနေတဲ့ အဖြစ်မှန်ကို ရင်ဆိုင်ရမယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ ဂျီးဆပ်စ်တို့ရဲ့ ဒဏ်ရာတွေကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
ဒါပေမယ့် အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ပိတ်ချိန်မှာ ကစားသမားတစ်ဦးမှ ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာပါ။
နည်းပြအာတီတာ ကိုယ်တိုင်က တိုက်စစ်ကစားသမားအသစ် ခေါ်ယူချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပေ မယ့် အသင်းဘက်က အပြောင်းအရွှေ့ဖြစ်အောင် လုပ်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
အာဆင်နယ်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ ပေမယ့် အက်စတွန်ဗီလာအသင်းဟာ တိုက်စစ်မှူး ဒူရန်ကို အယ်လ်နာဆာအသင်းထံ ရောင်းချခဲ့လို့ ဒီကမ်းလှမ်းမှု ကို ပယ်ချခဲ့ပါတယ်။
ဒါအပြင် အာဆင်နယ်အသင်းဟာ စပါးအသင်းထံ ရောက်ရှိသွားခဲ့တဲ့ မာသီးတဲလ်ကို ခေါ်ယူဖို့ ကြိုးစားမှုကနေ လည်း ထွက်ခွာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ တိုက်စစ်ကစားသမား မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့က ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဗိုလ်လုပွဲ တက်နိုင်ဖို့ဆိုရင် ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ဖို့လိုအပ်တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 429
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄
ယူနိုက်တက်အသင်းရဲ့အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲ(ACL)ဒဏ်ရာကြောင့် ၈ လကြာ အနားယူရဖွယ်ရှိနေပါတယ်။
အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဒဏ်ရာရရှိခဲ့ပြီး နောက် ငိုကြွေးကာ ထမ်းစင်နဲ့ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။
TyC Sports လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒူး အရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ခွဲစိတ်မှုခံယူရမှာဖြစ်တဲ့အတွက် ၈ လကြာ အနားယူရမယ်လို့ ဖော်ပြထားပါတယ်။
လီဆန်ဒရိုမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတွေကလည်း ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့် အသင်းရဲ့ပွဲအများအပြားကို လွဲချော်ခဲ့ဖူးတာပါ။
လီဆန်ဒရိုမာတီနက်ဇ်ဟာ သူ့ရဲ့ယူနိုက်တက်အသင်းကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာ ဒဏ်ရာကြောင့် နောက်ဆုံး ၉ ပတ်ခန့်လွဲချော်ခဲ့ပြီး မနှစ်ကရာသီမှာလည်း ဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ပါဝင်ကစား နိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲကစားထားပြီး အားထားနေရတဲ့ လီဆန် ဒရိုမာတီနက်ဇ်ကို ဆုံးရှုံးရမှာက ရလဒ်ဆိုးနေတဲ့ အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာရပ်တည်နေကာ တန်းဆင်းဇုန်နေရာနဲ့ ၁၂ မှတ်ကွာဟနေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် မှာ FA ဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းကိုင်တွယ်နေတဲ့ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 453
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄
မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ စပိန်ကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်ကို ပေါ်တိုအသင်း ကနေ ခေါ်ယူပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများကြီးသုံးစွဲတဲ့အသင်းအဖြစ် ထိပ်ဆုံး ရပ်တည်ခဲ့ပါတယ်။
Transfermarkt က မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူမှုအတွက် ပေါင်သန်း ၁၈၀ အထိအသုံးပြုခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။
ရလဒ်ဆိုးတွေကြောင့် ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်ဖို့ ကစားသမားသစ်တွေအားဖြည့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့အသုံးစရိတ်သုံးစွဲမှုဟာ ကျန်တဲ့ပရီးမီးယားလိဂ် ၁၉ သင်းပေါင်းရဲ့ အသုံးစရိတ်ထက် ပမာဏပိုပြီးများခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ စံချိန်တင် အသုံးစရိတ်သုံးစွဲတဲ့အသင်းအဖြစ် ချယ်လ်ဆီးအသင်းက ထိပ်ဆုံးရပ်တည်နေပြီး ၂၀၂၃ ခုနှစ်မှာ ပေါင် ၂၇၄ သန်း သုံးစွဲခဲ့တာပါ။
မန်စီးတီးအသင်းရဲ့ ဒီ ဇန်နဝါရီအသုံးစရိတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ၂၀၂၃ ခုနှစ်ကအသုံးစရိတ်ပြီးရင် ဒုတိယ မြောက်အများဆုံးအဖြစ်ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ နီကိုဂွန်ဇာလက်ဇ်အပြင် ခူဆာနော့ဗ်၊အိုမာမာမော့ရှ်၊ဗစ်တာရိုက်စ်နဲ့ ဂျူမာဘာတို့ကို ခေါ်ယူထားပြီး ဂျူမာဘာကိုတော့ လန်းစ်အသင်းထံ အငှားပြန်ချခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေကြေးသုံးစွဲခဲ့ပေမယ့် အမှတ်ပေး ဇယား ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းဟာ လူသစ်ခေါ်ယူခဲ့ခြင်းမရှိသလို အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်း ကိုအားဖြည့်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကတော့ ကစားသမားအများအပြားကို အငှားချခဲ့ပြီး ယူနိုက်တက်အသင်းက လက်ချီအသင်း နောက်ခံလူ ဒေါဂူနဲ့ အာဆင်နယ်အသင်းလူငယ် ဟီဗန်တို့ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။
ဒဏ်ရာထိုးနှက်ချက်တွေ ရှိနေတဲ့ စပါးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းက မာသီးတဲလ်ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး ရက်ရှ်ဖိုဒ့်ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ပီအက်စ်ဂျီအသင်းက အဆန်စီယိုနဲ့ ချယ်လ်ဆီးအသင်းက ဒီဆာဆီတို့ကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရန်ကို ပေါင် ၆၄ သန်းပေးပြီးခေါ်ယူခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ မန်စီးတီးအသင်းပြီးရင် ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးစရိတ်အများဆုံးသုံးစွဲတဲ့အသင်းအဖြစ် ဒုတိယနေရာ မှာရပ်တည်ခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 420
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ချယ်လ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနောက်ကနေ လိုက်ကစားကာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြမာရက်စ်ကာက အသင်းရဲ့ကြီးမားတဲ့ နိုင်ပွဲလို့ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကြီးမားတဲ့နိုင်ပွဲပါ။ စိတ်ပိုင်းဆိုင်ရာ ခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ခံစစ်ကိုအထိုင်ချကာ စောင့်ဆိုင်းနေတဲ့ အသင်းတွေနဲ့ ကစားရတာဟာ ဘယ်တော့မှ မလွယ်ကူပါဘူး။ စိတ်ရှည်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပြန်လာနိုင်ခဲ့ပြီး ပွဲကိုခြုံပြီးပြောရရင် ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ အမှားတွေကို စောင့်ဆိုင်းနေခဲ့ကြတာပါ။ ကျနော်တို့ဟာ ရခဲ့တဲ့ အခွင့်အရေးတွေကို ပိုပြီးအသုံးချနိုင်ဖို့ လိုအပ်ပါ တယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဘိုဝင်ရဲ့ သွင်းဂိုးနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် လူစားဝင် လာတဲ့ နက်တိုက ချေပဂိုး သွင်းယူပေးခဲ့ပြီး ဝမ်ဘစ်ဆာကာက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ဒီနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်တက်နိုင် ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အဆင့် ၄ နေရာကို ပြန်ရောက်ရှိခဲ့ပေမယ့် အနောက်မှာ ရပ်တည်နေတဲ့ မန်စီးတီး၊ နယူးကာဆယ်၊ ဘုန်းမောက်အသင်းတို့နဲ့ ရမှတ်ကွာဟမှု နည်းပါးနေတာပါ။
အဲဒါကြောင့် ဒီနေရာမှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ဆိုရင် လာမယ့်ပွဲတွေမှာလည်း နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်း နည်းပြမာရက်စ်ကာက သူတို့ဟာ ရာသီအကုန်ထိ ထိပ်ဆုံး ၄ သင်းထဲမှာ ဆက်ပြီးရှိနေနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်မှာ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 528
CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့ကလပ် ကစားသမားဘဝ ပွဲပေါင်း ၇၀၀ ပြည့် နိုင်ပွဲဖြစ်ခဲ့တဲ့ အယ်လ်နာဆာအသင်းက အယ်လ်ဝါဆယ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်မှာ အသက် ၄၀ နှစ်ပြည့်မယ့် ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝမှာ နောက်ထပ် သမိုင်း မှတ်တိုင်တစ်ခုကို ထပ်ပြီးစိုက်ထူနိုင်ခဲ့တာပါ။
အယ်လ်ဝါဆယ်အသင်းကို အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ဟာ ရော်နယ်ဒိုအတွက် အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက ဆော်ဒီကလပ်နဲ့အတူ ရယူနိုင်ခဲ့တဲ့ ၆၆ ပွဲမြောက်နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီအသင်းနဲ့နိုင်ပွဲ ၁၃ ပွဲရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ နှစ်ကြိမ်ကစားခဲ့တဲ့ ယူနိုက်တက်အသင်းမှာ နိုင်ပွဲ ၂၁၄ ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းမှာတော့ ရော်နယ်ဒိုဟာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို နိုင်ပွဲလည်း အများကြီး ရယူနိုင်ခဲ့တာပါ။
ရော်နယ်ဒိုကို တွေ့ရစဉ်
ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ ခုအထိ ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်အသင်းမှာ ရော်နယ်ဒို ဟာ နိုင်ပွဲ ၃၁၅ ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းထံ မပြန်ခင် ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့တဲ့ ၃ ရာသီမှာ ရော်နယ်ဒိုဟာ နိုင်ပွဲ ၉၂ ပွဲ ရယူနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီက ဘာစီလိုနာအသင်းမှာ ရယူနိုင်ခဲ့တဲ့ နိုင်ပွဲ ၅၄၂ ပွဲ အပါအဝင် ကလပ်ကစားသမားဘဝမှာ နိုင်ပွဲပေါင်း ၆၁၃ ပွဲ ရရှိထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်ဝါဆယ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုးဟာ ၉၂၃ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်တာပါ။
ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၂၃ ဂိုး သွင်းယူထားပါတယ်။
အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီး ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN