- By CNI
- Category: အားကစား
- Hits: 434
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၈
စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက နည်းပြဟောင်း ပိုစတီကိုဂလူးကို ထုတ်ပယ်ခဲ့တာဟာ စိတ်ပိုင်းဆိုင်ရာ ခက်ခဲခဲ့ ပေမယ့် ကလပ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
လီဗိုင်းက “ကျနော်ဟာ သူ့ကို အလွန်ကျေးဇူးတင်ပါတယ်။ သူဟာ ပထမရာသီမှာ အဆင့် ၅ နဲ့ရာသီ အဆုံးသတ် ခဲ့ပြီး ဒုတိယမြောက်ရာသီမှာ ဆုဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင် နိုင်ဖို့ လိုအပ်တာကြောင့် အပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ ခံစားခဲ့ရပါတယ်။ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး သူဟာ ကလပ်ရဲ့သမိုင်းမှာ အစိတ်အပိုင်းအဖြစ် အမြဲတမ်းရှိနေမှာပါ။ ဒါက စုပေါင်း ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကလပ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။
အသက် ၅၉ နှစ်အရွယ်ရှိ ပိုစတီကိုဂလူးဟာ စပါးအသင်းကို နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်အောင် ကိုင်တွယ်ပေးနိုင် ခဲ့ပါ တယ်။

စပါးအသင်း အောင်ပွဲခံနေကြစဉ်
စပါးအသင်းဟာ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၁၇ နဲ့ ရာသီ အဆုံးသတ်ခဲ့တာပါ။
အဲဒါကြောင့် စပါးအသင်း တာဝန်ရှိသူတွေဟာ ယူရိုပါလိဂ်ဖလား ရယူအပြီး ၁၆ ရက်အကြာမှာ ပိုစတီကိုဂလူးကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
စပါးအသင်း ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ပိုစတီကိုဂလူးကို ထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။
စပါးအသင်း အကြီးအကဲ လီဗိုင်းကတော့ ယူရိုပါလိဂ်ဖလား ရယူနိုင်တာဟာ အသင်းအတွက် မလုံလောက်ဘဲ ပြိုင်ပွဲတိုင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်တာကြောင့် ပိုစတီကိုဂလူးကို နည်းပြရာထူးကနေ ထုတ်ပယ် ခဲ့တာလို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ဘရန်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့ပါတယ်။
လီဗိုင်းဟာ စပါးအသင်းဥက္ကဋ္ဌအဖြစ် ၂၀၀၁ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သောမတ်စ်ဖရန့်ခ် ဟာ သူ့ရဲ့လက်ထက်မှာ အသင်းရဲ့ ၁၃ ဦးမြောက် အမြဲတမ်းနည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 456
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ် အပေါ်မှာ စိတ်ပျက်လာတာကြောင့် အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး ဝက်ကင်စ်ကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုအသစ် ပြုလုပ်ဖို့ စဉ်းစားနေ ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ ယိုကီရက်စ်အတွက် ယူရိုသန်း ၈၀ ကျော် လိုချင်နေပြီး အာဆင်နယ်အသင်းက ယူရိုသန်း ၆၀ နီးပါးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာကြောင့် ဆွေးနွေးမှုတွေဟာ အောင်မြင်မှု မရရှိသေးတာပါ။
နွေရာသီမှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး စာရင်းထဲမှာ ယိုကီရက်စ်နဲ့ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကိုတို့ ပါဝင်နေတာဖြစ်ပါတယ်။
အခုအချိန်မှာ အာဆင်နယ်အသင်းဟာ ဝက်ကင်စ်ဘက်ကို စိတ်ဝင်စားမှု ပြန်ရောက်ရှိလာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဝက်ကင်စ်ကို ခေါ်ယူဖို့ နောက်ကျ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

ဝက်ကင်စ်ကို တွေ့ရစဉ်
၂၀၂၀ ခုနှစ်က ဘရန်ဖို့ဒ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၅ ရာသီကြာ ပါဝင်ကစားထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇၅ ဂိုး သွင်းယူထားတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဝက်ကင်စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိ နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီက တိုက်စစ်မှူး ဒူရန်ကို လက်လွှတ်ခဲ့ရတာကြောင့် ဝက်ကင်စ်ကို အာဆင်နယ်အသင်းထံ ရောင်းချဖို့ ငြင်းဆန်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်း အနေနဲ့ နွေရာသီမှာ ဝက်ကင်စ်အတွက် အာဆင်နယ်အသင်းက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာရင် စဉ်းစားဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အသင်းလိုအပ်တဲ့ နေရာတွေကို အားဖြည့်ဖို့ စီစဉ်နေပြီး ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 416
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာဟာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။
ဝေါ်လ်ကာဟာ ပြီးခဲ့တဲ့ရာသီက နည်းပြဂွာဒီယိုလာရဲ့လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ အစောပိုင်းက ဝေါ်လ်ကာကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ရဲ့စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့တာပါ။

ဝေါ်လ်ကာကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ဝေါ်လ်ကာကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ပြီး နွေရာသီမှာ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီအချိန်မှာ The Sun က ဝေါ်လ်ကာဟာ အဲဗာတန်အသင်းထံ တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြထားတာပါ။
ဝေါ်လ်ကာကို ခေါ်ယူဖို့ ဖီနာဘာချီအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့် အဲဗာတန်အသင်း ဟာ ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။
အဲဗာတန်အသင်းဟာ ဝေါ်လ်ကာကို အပြီးသတ် ဒါမှမဟုတ် အငှားနဲ့ ခေါ်ယူဖို့ မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
ဝေါ်လ်ကာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၀၀ ပြည့်ဖို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်း အတွက် ပါဝင်ကစားဖို့ ဆန္ဒရှိနေတာပါ။
အဲဒါကြောင့် ဝေါ်လ်ကာက အဲဗာတန်အသင်းကို ပြောင်းရွှေ့ပြီး နည်းပြဒေးဗစ်မိုယက်စ် လက်အောက်မှာ တစ်ရာသီလုံး ပုံမှန်ပါဝင်ကစားခွင့် ရမယ်ဆိုရင် အင်္ဂလန်အသင်းအတွက် ပါဝင်ချင်တဲ့ အခွင့်အရေးကို ရရှိမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 402
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
ရီးရယ်လ်နဲ့ ဝေးလ်စ်ကြယ်ပွင့်ဟောင်း ဂါရတ်ဘေးလ်ဟာ လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းကို ဝယ်ယူဖို့ အမေရိကန်အခြေစိုက် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစုရဲ့ကြိုးပမ်းမှုမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။
ပလိုင်းမောက်အသင်းကို ဝယ်ယူဖို့အတွက် ဆွေးနွေးမှုတွေဟာ အစောပိုင်းအဆင့်မှာသာ ရှိနေသေးတာပါ။
ပလိုင်းမောက်အသင်းဟာ ကလပ်အသင်းရဲ့ ရှယ်ယာတွေကို ရောင်းချဖို့အတွက် အရင်သဘောတူညီမှုဟာ ပြီးခဲ့တဲ့လက ပျက်ပြယ်သွားခဲ့တဲ့အတွက် အသင်းပိုင်ရှင် ဆိုင်မွန်ဟာ ရင်းနှီးမြုပ်နှံမှုအသစ်အတွက် လမ်းဖွင့်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဂါရတ်ဘေးလ်ရဲ့ ရီးရယ်လ်အသင်းဖော်ဟောင်း မိုဒရစ်ဟာ အခုနှစ် ဧပြီထဲမှာ ဆွမ်ဆီးအသင်းရဲ့ အစုရှယ်ယာ အနည်းစုကို ရယူနိုင်ခဲ့ပြီး ပူးတွဲပိုင်ရှင်နဲ့ ရင်းနှီးမြုပ်နှံသူဖြစ်လာခဲ့တာပါ။
အဲဒါကြောင့် ဂါရတ်ဘေးလ်ဟာ အသင်းဖော်ဟောင်း မိုဒရစ်လို အင်္ဂလန် အောက်တန်းလိဂ် အသင်းတစ်သင်းရဲ့ ပိုင်ရှင်အစိတ်အပိုင်းထဲမှာ ပါဝင်ဖို့ လုပ်ဆောင်နေတာပါ။
ပလိုင်းမောက်အသင်းကို ဝယ်ယူမှု အောင်မြင်ခဲ့ရင် ဂါရတ်ဘေးလ်ဟာ လိဂ်ဝမ်းအသင်းရဲ့ ဘယ်အခန်းကဏ္ဍမှာ ပါဝင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပလိုင်းမောက်အသင်းကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရယူနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ၂၀၂၃ ခုနှစ်က ကစားသမားဘဝ ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
ပလိုင်းမောက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအစပိုင်းက ယူနိုက်တက်အသင်းဂန္ထဝင် ဝိန်းရွန်နီကို နည်းပြအဖြစ် ခန့်အပ်ကာ အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခဲ့တာပါ။
ပလိုင်းမောက်အသင်းဟာ ဝိန်းရွန်နီရဲ့ နေရာမှာ မူစလစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်းဟာ ရာသီကုန်မှာ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းထံ တန်းဆင်းခဲ့တာကြောင့် သူဟာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါ တယ်။
ပလိုင်းမောက်အသင်းဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း ကလီဗာလေကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 367
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ LAFC အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ ပြီးနောက် နည်းပြမာရက်စ်ကာက ဒါဟာကောင်းမွန်တဲ့ ရလဒ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “အလွန်ကောင်းမွန်တဲ့ရလဒ်ပါ။ ရာသီရဲ့ဒီအဆင့်မှာ မတူညီတဲ့အရာတွေကို စီမံခန့်ခွဲရတာဟာ ပုံမှန်ပါပဲ။ ခြုံပြီးပြောရမယ်ဆိုရင် စွမ်းဆောင်ရည် ကောင်းမွန်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပြီးတော့ ပွဲကိုအနိုင်ရခဲ့ပြီး ပေးဂိုးလည်း မပေးခဲ့ရပါဘူး။ ဒီလပ်ဟာ ကျနော်တို့ရဲ့ကစားပုံကို သိတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့အချက်ပါ။ ကစားသမားသစ်ဖြစ်တဲ့ အက်ဆူဂိုကိုလည်း အခွင့်အရေးပေးခဲ့ပြီး နှစ်ဦးစလုံးအတွက် အလွန်ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကို နက်တိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်က သွင်းယူခဲ့ပြီး လူစားဝင်အဖြစ် ပါဝင်ခဲ့တဲ့ ကစားသမားသစ် ဒီလပ်ဟာ အသင်းအတွက် ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်နေစဉ်
တိုက်စစ်မှူးဒီလပ်က ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးပွဲကို ပါဝင်ကစားခွင့်ရခဲ့တဲ့ ခံစားချက်က ကောင်းမွန်ခဲ့ ပြီး အသင်းကိုကူညီဖို့က အရေးပါပေမယ့် သွင်းဂိုးသွင်းယူချင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ချယ်လ်ဆီးနဲ့ LAFC အသင်းတို့ကစားခဲ့တဲ့ Mercedes-Benz အားကစားကွင်းဟာ ပရိသတ်ပေါင်း ၇ သောင်းကျော် ဝင်ဆံ့ပေမယ့် ဒီပွဲကို ပရိသတ် ၂၂,၁၃၇ ဦးသာ တက်ရောက် ကြည့်ရှုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အားကစားကွင်းဟာ အလွတ်နီးပါး ဖြစ်နေပေမယ့် သူတို့ဟာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်တဲ့အတွက် အခြေအနေ၊ ပတ်ဝန်းကျင်တို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ PSG နဲ့ အသလက်တီကိုအသင်းတို့ ပွဲစဉ်မှာတော့ ပရိသတ်ပေါင်း ၈ သောင်းကျော် ကြည့်ရှုပြီး စံချိန်တင် ထားတာပါ။
LAFC အသင်းနည်းပြစတိဗ်က LA က အတ္တလန်တာထက် ဘောလုံးကို ပိုပြီးနှစ်သက်တာ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားအုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် ဖလာမင်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပြီး LAFC အသင်းက တူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Skysports
- By CNI
- Category: အားကစား
- Hits: 577
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
အမေရိကန်အသင်းဟာ ကွန်ကာကပ်ဖ် ရွှေဖလားအုပ်စု အဖွင့်ပွဲစဉ်မှာ ထရီနီဒတ်နှင့် တိုဘာဂိုအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် နည်းပြပိုချက်တီနိုက ကောင်းမွန်တဲ့ ခံစားချက်နဲ့ ပြိုင်ပွဲကို စတင်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “ပြိုင်ပွဲကို အခုလို စတင်နိုင်ဖို့က အခုအချိန်မှာ ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကစားသမားတွေ၊ ကောင်လေးတွေအတွက် အလွန်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဘာမှမပြီးဆုံးသေး ပေမယ့် အနိုင်ရလဒ်ကို ခံစားပြီး လာမယ့် ရက်အနည်းငယ်အတွင်းမှာ ခံစားချက်တွေ ပိုပြီးကောင်းမွန်လာမှာပါ”လို့ ပြောခဲ့တာပါ။
အမေရိကန်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ၄ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာကြောင့် ရွှေဖလားပြိုင်ပွဲမတိုင်မီ နည်းပြပိုချက်တီနိုနဲ့ အသင်းအတွက် ဖိအားတွေကို ခံစားခဲ့ရတာဖြစ်ပါတယ်။
ရွှေဖလားပြိုင်ပွဲကို ပါဝင်လိုခြင်း မရှိတာကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ နည်းပြပိုချက်တီနိုနဲ့ အသင်း ခေါင်းဆောင် ပူလီဆစ်တို့ အကြားမှာ တင်းမာမှုတွေ ရှိနေတာကြောင့် အသင်းအပေါ် ထိခိုက်မှာကို စိုးရိမ်မှုတွေ လည်း ရှိနေကြတာပါ။

အမေရိကန်အသင်းကို တွေ့ရစဉ်
အမေရိကန်အသင်းနည်းပြ ပိုချက်တီနိုက ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အဆိုးမြင်မှုတွေကြောင့် ပွဲက ခက်ခဲခဲ့ပေမယ့် ကစားသမားတွေအပေါ်မှာ ယုံကြည်မှုရှိဖို့က အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
ကွန်ကာကပ်ဖ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၇ ကြိမ် ရရှိထားတဲ့ အမေရိကန်အသင်းဟာ အခုပြိုင်ပွဲမှာ ထရီနီဒတ်နှင့် တိုဘာဂို၊ ဆော်ဒီ၊ ဟေတီအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
လက်ရှိအချိန်မှာ အမေရိကန်နဲ့ ဆော်ဒီအသင်းတို့ဟာ အဖွင့်ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီ ရရှိထားကြပါတယ်။
အဖွင့်ပွဲစဉ်မှာ နိုင်ပွဲရရှိထားတဲ့ အမေရိကန်နဲ့ ဆော်ဒီအသင်းတို့ဟာ ဇွန်လ ၁၉ ရက်မှာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 462
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
ရီးရယ်လ်အသင်းဟာ လာမယ့်နှစ် ဘောလုံးရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ပြင်သစ် နောက်ခံလူ ကိုနာတေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီနွေရာသီမှာ လီဗာပူးလ်အသင်းကနေ အာနိုးလ်ကို ခေါ်ယူခဲ့သလိုမျိုး ကိုနာတေးကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြထားတာပါ။
လီဗာပူးလ်အသင်းကတော့ ကိုနာတေးကို အာနိုးလ်လို အခြေအနေမျိုးနဲ့ ထပ်ပြီးဆုံးရှုံးရမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ကိုနာတေးတို့အကြားမှာ စာချူပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သဘောတူညီမှု ရရှိခြင်းမရှိသေးတာပါ။
ရီးရယ်လ်အသင်းဟာ ဒီနွေရာသီမှာ ဘုန်းမောက်အသင်း နောက်ခံလူ ဟိုက်ဆန်ကို ခေါ်ယူထားပြီး သူတို့ရဲ့ ဗဟိုခံစစ်ကို စတင်ပြီး အားဖြည့်နေတာ ဖြစ်ပါတယ်။

ကိုနာတေးကို တွေ့ရစဉ်
ရီးရယ်လ်အသင်းရဲ့ ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ၊ မီလီတာအိုနဲ့ အလာဘာတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာတွေကြောင့် အနားယူခဲ့ရတဲ့အတွက် အသင်းဟာ လူငယ်ရွေးချယ်ခွင့်တွေကို ပစ်မှတ်ထားနေတာပါ။
ကိုနာတေးကို ခေါ်ယူဖို့ PSG အသင်းကလည်း စိတ်ဝင်စားနေပါတယ်။
ကိုနာတေးဟာ လီဗာပူးလ်အသင်းကို ၂၀၂၁ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၁၃၂ ပွဲ ပါဝင်ကစားကာ ၅ ဂိုး သွင်းယူထားတာပါ။
ကိုနာတေးဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရရှိထားပါတယ်။
ကိုနာတေးဟာ ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ လီဗာပူးလ်အသင်းနဲ့ မပူးပေါင်းမီ အနားယူနေပြီး လာမယ့် ရာသီမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။
Soruce: Goal
- By CNI
- Category: အားကစား
- Hits: 510
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အော်ကလန်စီးတီးအသင်းကို ၁၀ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ အော်ကလန်စီးတီးအသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားပြီး ဂိုးပေါက် ကန်သွင်းမှု အများအပြား ပြုလုပ်နိုင်ခဲ့ကာ အော်ကလန်စီးတီးအသင်း ဂိုးသမားသာ ကာကွယ်မှုအချို့ မပြုလုပ်နိုင် ရင် ဒီထက်ပြတ်သားတဲ့ ဂိုးရလဒ် ထွက်ပေါ်မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ သွင်းဂိုးရလဒ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ကျင်းခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ၁၀ ဂိုးပြတ် အနိုင်ရရှိမှု မတိုင်မီ အကြီးမားဆုံး ဂိုးပြတ်နိုင်ပွဲက ၂၀၂၂ ခုနှစ်မှာ အယ်လ်ဟီလယ်အသင်းက အယ်လ်ဂျာဇီးယားအသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်း ယှဉ်ပြိုင်နေစဉ်
အော်ကလန်စီးတီးအသင်းရဲ့ ကစားသမား အများစုဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား အစစ်တွေ မဟုတ်ကြ ဘဲ အလုပ်တွေလုပ်ပြီး အချိန်ပိုင်း ကစားနေကြတာဖြစ်ပါတယ်။
အော်ကလန်စီးတီးအသင်းရဲ့ ကစားသမားအချို့ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားဖို့အတွက် သူတို့ရဲ့ အလုပ်တွေကနေ ခွင့်ယူပြီး လာရောက် ကစားနေကြတာပါ။
အော်ကလန်စီးတီးအသင်းနည်းပြ အိုင်ဗန်က ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ဂုဏ်ယူမိပြီး ဒီလို ပတ်ဝန်းကျင်မှာ ကစားဖို့ အပျော်တမ်းအဆင့်ကနေ လာရတဲ့ အိပ်မက်တစ်ခုပါပဲလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက လာမယ့် ဘိုကာဂျူနီယာအသင်းနဲ့ ပွဲစဉ်က ဒီအုပ်စုအဆင့်ကို မီးမောင်း ထိုးပြမယ့် ပွဲဖြစ်ပြီး အထူးပွဲဖြစ်လာမယ်လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဘိုကာဂျူနီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အော်ကလန်စီးတီး အသင်းက ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 584
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
ချန်ပီယံလိဂ်ဖလားကို ရရှိထားတဲ့ PSG အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ အသလက်တီကိုအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီးနောက် အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ဆာလောင်နေတယ်လို့ နည်းပြလူးဝစ်အင်းနရစ်က ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ကျနော်တို့ဟာ ဒီရာသီမှာ သမိုင်းကြောင်းတွေကို ဖန်တီးဖို့ ရည်ရွယ်ထားပြီး ဒီကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲက ကဏ္ဍသစ်တစ်ခုပါ။ ဒါက အောင်မြင်မှုတွေကို ဆက်ပြီးရယူချင်တဲ့ ကစားသမားတွေနဲ့ အသင်းအတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှုပါ။ ကလပ်၊ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ အသင်းက ဆာလောင်နေ ပြီး ဒါက ကောင်းမွန်တဲ့ ခံစားမှုဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ တခြားပြိုင်ပွဲတွေလို တူညီတဲ့ ရည်မှန်းချက် ရှိတဲ့အတွက် အကောင်းဆုံးကြိုးစားသွားမယ်”လို့ ပြောခဲ့တာပါ။
PSG အသင်းဟာ ဒီပွဲမှာ အသလက်တီကိုအသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး သွင်းဂိုးတွေကို ဖေဘီယန်ရုပ်ဇ်၊ ဗီတင်ညာ၊ မာယူလူနဲ့ လီကန်အင်တို့က သွင်းယူခဲ့ပါတယ်။
အသလက်တီကိုအသင်းဟာ ဒီပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပေမယ့် ပယ်ဖျက်ခြင်းခံခဲ့ရသလို နောက်ခံလူ လန်ဂလန့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

ပီအက်စ်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်
Rose Bowl ကွင်းမှာကျင်းပခဲ့တဲ့ ဒီပွဲစဉ်ကို ပရိသတ်ပေါင်း ၈ သောင်းကျော် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီဟာ ဒီပွဲက အသင်းရဲ့ စွမ်းဆောင်ရည်အတွက် အပူဒဏ်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး အပူဒဏ်ကို ၂ သင်းစလုံး ခံစားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဆီမြွန်နီဟာ သူတို့ရရှိတဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး လာမယ့် ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ဖို့ အသင်းမှာ တာဝန်ရှိသွားပြီလို့ ပြောခဲ့တာပါ။
အသလက်တီကိုအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဆီတဲလ်ဆောင်းဒါးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး PSG အသင်း က ဘိုတာဖိုဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 401
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄
ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာက ချယ်လ်ဆီးအသင်းကနေ ဂျာအိုဖီးလစ်ကို ခေါ်ယူချင်ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ပြုလုပ်ဖို့ ငွေကြေး မတတ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ရူအီကော်စတာက “ဂျာအိုဖီးလစ်လို အရည်အသွေးရှိပြီး ထင်ပေါ်ကျော်ကြားတဲ့ ကစားသမားကို အသင်းထံ ပြန်ခေါ်နိုင်ရင် အားလုံးက နှစ်သက်ကြမှာဖြစ်ပြီး ဘင်ဖီကာ ပရိသတ်တွေလည်း နှစ်သက်ကြမှာပါ။ ဒါပေမယ့် ကစားသမားတွေဟာ အလွတ်မဟုတ်တဲ့အတွက် သူတို့ရဲ့ကလပ်အသင်းတွေနဲ့ အလွန်မြင့်မားတဲ့ စာချုပ်၊ အလွန် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေရှိ ပါတယ်။ အပြောင်းအရွှေ့နဲ့ လစာနှစ်ခုစလုံးမှာ ပါဝင်တဲ့ ပမာဏဟာ အလွန် မြင့်မားပါတယ်။ ဂျာအိုဖီးလစ်ဟာ ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပေမယ့် သူ့ကိုမခေါ်ယူနိုင်မချင်း ဒါကဝေးကွာ နေမှာပါ”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းကနေ ပေါင် ၄၆.၃ သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြန်ပြောင်းရွှေ့လာ ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ လန်ဒန်ကလပ်မှာ ဖလားပြိုင်ပွဲတွေသာ အဓိက ပါဝင်ကစားခဲ့ရပါတယ်။

ဂျာအိုဖီးလစ်ကိုတွေ့ရစဉ်
အဲဒါကြောင့် ဂျာအိုဖီးလစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ တာပါ။
ပေါ်တူဂီကစားသမားဟာ အေစီမီလန်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် အီတလီကလပ်ဟာ သူ့ကိုအပြီးသတ် မခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဂျာအိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရသလို အသင်းဟာ သူ့ရဲ့ကျောနံပါတ် ၁၄ ကို ကစားသမားသစ်ထံ လွှဲပြောင်းပေးခဲ့တာပါ။
အဲဒါကြောင့် ဂျာအိုဖီးလစ်ရဲ့ ချယ်လ်ဆီးအသင်း ကစားသမားဘဝဟာ ပြီးဆုံးသွားခဲ့ပြီလို့ သုံးသပ်နေကြပါတယ်။
ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဘင်ဖီကာအသင်းထံ ပြန်သွားဖို့ ချိတ်ဆက်မှုတွေ ရှိနေတာပါ။
ဂျာအိုဖီးလစ်ဟာ ဘင်ဖီကာအသင်းမှာ တစ်ရာသီကြာ ကစားပြီးနောက် ၂၀၁၉ ခုနှစ်မှာ အသလက်တီကိုအသင်း ထံ ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘင်ဖီကာအသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ ကစားသမားကို ပြန်ခေါ်ချင်နေပေမယ့် ငွေကြေး မတတ်နိုင်ဘူးလို့ ပြောခဲ့တာပါ။
ဂျာအိုဖီးလစ်ကိုခေါ်ယူဖို့ တူရကီကလပ် အသင်းအချို့က စိတ်ဝင်စားနေပြီး ကစားသမားဟာ အနားယူအပန်းဖြေမှု ပြုလုပ်ပြီးရင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Metro
