CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀
ဘန်လေအသင်းကနေ ထွက်ခွာခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူ ဂျိုအာမန်ဒက်စ်ဟာ ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ဂျိုအာမန်ဒက်စ်ဟာ Bishop Burton College မှာ အခြေစိုက်တဲ့ ဟားလ်စီးတီး ယူ-၂၁ အသင်းမှာ ပါဝင်မှာပါ။
ဂျိုအာမန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းမှာ ကစားခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်တစ်ခုကို စတင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။
သူဟာ ဘန်လေအသင်းနဲ့ ၂ နှစ် စာချုပ်ချုပ်ခဲ့ပေမယ့် နွေရာသီမှာ စာချုပ်ဖျက်သိမ်းဖို့ သဘောတူပြီး အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်ကလပ် အသင်းတွေရဲ့ လူငယ်အသင်းတွေမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မန်ဒက်စ်ဟာ သူ့ဖခင်ဖြစ်သူ ရော်နယ်ဒင်ဟိုရဲ့ ခြေရာကို လိုက်နင်းနိုင်ဖို့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဂျိုအာမန်ဒက်စ်ကို တွေ့ရစဉ်
ဂျိုအာမန်ဒက်စ်ဟာ ဘာစီလိုနာ လူငယ်အသင်းမှာ တစ်ရာသီကြာသာ ကစားပြီးနောက် ထွက်ခွာကာ ဘန်လေ အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဂျိုအာမန်ဒက်စ်က သူဟာ ဖခင်ဖြစ်သူနဲ့ နှိုင်းယှဉ်ခြင်း ခံရတာကနေ လွတ်မြောက်ဖို့အတွက် အင်္ဂလန်ထံ ပြောင်းရွှေ့ခဲ့တာလို့ အခုနှစ် အစောပိုင်းက ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ဂျိုအာမန်ဒက်စ်က “ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ဟာ ဂျိုအာပဲ ဖြစ်ချင်ပါတယ်။ ကျနော်ဟာ ကျနော့် အဖေလိုဖြစ်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို ဖြစ်လည်း မဖြစ်ချင်ပါဘူး။ ဒါကြောင့် သူကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဝေးကွာတာဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ စတင်မှုဖြစ်သလို ကောင်းမွန်တဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့သားဖြစ်ရတာနဲ့ သူ့ရဲ့အကြောင်း ပြောရတာဟာ ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
ဂျာအိုမန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းအတွက် ပရီးယားလိဂ်ဖလား ၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
Source: Goal