CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄

စပိန်အသင်းကွင်းလယ်လူ ပီဒရီက ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ လက်ရွေးစင် အသင်း တောင်ပံကစားသမား နီကိုဝီလီယံစ်ကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပီဒရီက “နီကိုဝီလီယံစ်ဟာ ဘာစီလိုနာမှာ ကျနော်တို့အတွက် အံ့မခန်း ခေါ်ယူမှုဖြစ်လာမှာပါ၊ ဒါက မယုံနိုင်စရာ ပါပဲ။ သူဟာ စွမ်းဆောင်နိုင်တဲ့ အရာတွေကို ပြသထားပြီးတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ ကျနော်တို့အသင်းဆီ ပြောင်းလာနိုင်ဖို့ မျှော်လင့်ပါတယ်။ နီကိုဝီလီယံစ်ကိုတော့ ဘာစီလိုနာအသင်းထံ ပြောင်းလာဖို့အကြောင်း အများ ကြီး မပြောဖြစ်ပါဘူး။ ဒါက ဘာစီလိုနာနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ဖြစ်လာနိုင်တဲ့ အရာတွေ အများကြီးရှိပါ တယ်”လို့ Mundo Deportivo ကို ပြောခဲ့တာပါ။

ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ နီကိုဝီလီယံစ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ဘီလ်ဘာအိုအသင်းကြယ်ပွင့် ကစားသမားဟာ ဂျော်ဂျီယာအသင်းကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာ ၁ ဂိုး သွင်းယူပြီး စပိန်အသင်းကို ကွာတားဖိုင်နယ် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ 

 နီကိုဝီလီယံစ်ကို တွေ့ရစဉ်

နီကိုဝီလီယံစ်နဲ့ ဘီလ်ဘာအိုအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၆.၅ သန်းသာ ရှိတာကြောင့် အသင်းကြီးတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အဲဒါကြောင့် ပီဒရီက ဘာစီလိုနာအသင်း အနေနဲ့ နီကိုဝီလီယံစ်ကို အခြားအသင်းတွေထက် လက်ဦးမှုရရှိအောင် ခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။ 

ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်ကလည်း နီကိုဝီလီယံစ်ကို သူနဲ့အတူ တွဲပြီးကစားဖို့ အသင်းထံ လာရောက်ဖို့ ပြောထားတာ ဖြစ်ပါတယ်။

နီကိုဝီလီယံစ်ကတော့ စာချုပ်သက်တမ်း ၂၀၂၇ ခုနှစ်အထိရှိနေတဲ့ ဘီလ်ဘာအိုအသင်းမှာပဲ ဆက်ရှိချင်တယ်လို့ ပြောထားပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး အပြောင်းအလဲ ဖြစ်သွားနိုင်တာပါ။ 

အသက် ၂၁ နှစ်အရွယ်ရှိ နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းအတွက် ၁၂၂ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူထားကာ စပိန်လက်ရွေးစင်အသင်းအတွက် ၁၇ ပွဲ ကစားထားပြီး ၃ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ 

Source: Metro