- By CNI
- Category: အားကစား
- Hits: 435
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄
အဲဗာတန်အသင်းဟာ ယူနိုက်တက်အသင်းမှာ ၅ ရာသီကြာ ကစားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖရက်ဒ်ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
လာမယ့်ရာသီမှာ ကွင်းသစ် Hill Dickinson ကွင်းကို ပြောင်းရွှေ့ပြီး ကစားမယ့် အဲဗာတန်အသင်းဟာ သူတို့ရဲ့ လူစာရင်း အင်အားကို တောင့်တင်းအောင် ပြုလုပ်ဖို့အတွက် ဖရက်ဒ်ကို ခေါ်ယူချင်နေတာပါ။
ဖီနာဘာချီအသင်းဟာ ဖရက်ဒ်ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေပြီး ပေါင် ၁၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ရင် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။
ဖရက်ဒ်ဟာ တူရကီလိဂ်ထံ မပြောင်းရွှေ့မီ ယူနိုက်တက်အသင်းအတွက် ၂၁၃ ပွဲကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုရဲ့လက်အောက်မှာ ကစားနေတဲ့ ဖရက်ဒ်ဟာ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ပြီး ကတည်းက ပွဲပေါင်း ၈၀ ကစားထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားပါတယ်။
ဖရက်ဒ်နဲ့ ဖီနာဘာချီအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေတာပါ။ အဲဗာတန်အသင်းဟာ နွေရာသီမှာ နည်းပြ ဒေးဗစ်မိုယက်စ် လိုချင်နေတဲ့ ကစားသမားအချို့ကို ခေါ်ယူပေးဖို့ရှိနေပြီး ဖရက်ဒ်ဟာ သူတို့ရဲ့ ဦးစားပေး ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

ဖရက်ဒ်ကိုတွေ့ရစဉ်
အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ကယ်လ်ဗတ်လီဝန်ဟာ အသင်းနဲ့စာချုပ်သစ် သဘောတူညီမှု မရရှိတာကြောင့် ထွက်ခွာဖွယ်ရှိနေတာပါ။
အင်္ဂလန်တိုက်စစ်မှူးဟာ အီတလီကလပ် အသင်းတွေထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့် ရွေးချယ်စရာ အားလုံးကို စဉ်းစားမှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။
အဲဗာတန်အသင်းဟာ အသင်းခေါင်းဆောင် ကိုးလ်မန်းနဲ့ ဂွီယီတို့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပြီး ကယ်လ်ဗတ်လီဝန်၊ မိုက်ကယ်ကိန်းတို့ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ချိတ်ဆက်မှုတွေပြုလုပ်နေတာပါ။
အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄
ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ပြင်သစ်ကလပ် မိုနာကိုအသင်းနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
တားမြစ်ဆေးသုံးစွဲမှုကြောင့် ပွဲကစားခွင့် ပိတ်ပင်ခြင်းခံထားရတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်တဲ့ ပေါ့ဘာ ဟာ ဘောလုံးလောကထဲကို ပြန်လည်ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းနေတာပါ။
ပေါ့ဘာဟာ ဆော်ဒီပရိုလိဂ်ကလပ် အသင်းတွေအပြင် အသင်းအချို့ရဲ့ ချိတ်ဆက်မှုတွေကိုလည်း ရရှိခဲ့ပါတယ်။
BBC Sport က မိုနာကိုအသင်းဟာ ပေါ့ဘာကို ၂ နှစ် စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှု ပြုလုပ်နေပြီး လာမယ့် ရက်ပိုင်း အတွင်း ဒီအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖော်ပြထားတာပါ။
ပေါ့ဘာဟာ ၂၀၂၃-၂၄ ရာသီအဖွင့် ပွဲစဉ်ဖြစ်တဲ့ အူဒီးနီးစ်အသင်းနဲ့ပွဲစဉ်မှာ ကျပန်းဆေးစစ်မှုကို ခံယူခဲ့ရပြီးနောက် တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ခဲ့ရတဲ့အတွက် အစောပိုင်းက ၄ နှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါ တယ်။

ပေါ့ဘာကိုတွေ့ရစဉ်
ဒါပေမယ့် ပေါ့ဘာဟာ ဒီပွဲပယ်ပြစ်ဒဏ်ကို အားကစားခုံရုံးထံ အယူခံဝင်ခဲ့ပြီးနောက် ၁၈ လပွဲပယ်သာ ကျခံခဲ့ရ တာပါ။ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ ဂျူဗင်တပ်စ်အသင်းဟာ သူ့ကို စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးခဲ့ပါတယ်။
ပေါ့ဘာဟာ မတ်လကတည်းက ပွဲပယ်ပြစ်ဒဏ် လွတ်မြောက်သွားပြီဖြစ်လို့ တစ်ဦးတည်း လေ့ကျင့်မှု အစီအစဉ်တွေ ပြုလုပ်ကာ ကြံ့ခိုင်မှုပိုင်းအကောင်းဆုံး ရရှိအောင် လုပ်ဆောင်နေတာပါ။
မိုနာကိုအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပေါ့ဘာအနေနဲ့ ဒီအပြောင်းအရွှေ့ကို အပြီးသတ်ပြီးရင် ဥရောပရဲ့အမြင့်ဆုံးအဆင့်မှာ ပြန်ကစားချင်နေတဲ့ သူ့ရဲ့ရည်မှန်းချက်တွေ ပြည့်ဝသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 459
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီက ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီက “ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ မျှော်လင့်ချက်တွေက ကျနော် အခြားအသင်းတွေအတွက် ကစားခဲ့တာနဲ့ မတူညီ ပါဘူး။ ဒါပေမယ့် ကျနော်ဟာ စိတ်အားထက်သန်နေပြီး အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ကာကောင်းမွန်စွာ လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ FIFA ကို ပြောခဲ့တာပါ။
မက်ဆီဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းဟောင်း ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၀၉၊ ၂၀၁၁ နဲ့ ၂၀၁၅ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွက် ကျင်းပမယ့် ပြိုင်ပွဲဟာ ပုံစံအသစ်နဲ့ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

အင်တာမိုင်ယာမီအသင်းကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ အုပ်စုတွင်းမှာ ပါလ်မီးရပ်စ်၊ ပေါ်တို၊ အယ်လ်အာလီ အသင်းတို့နဲ့ အုပ်စု A မှာ ကျရောက် နေပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၅ ရက်မှာ အယ်လ်အာလီအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။
အင်တာမိုင်ယာမီအသင်းဟာ အဖွင့်ပွဲစဉ်မှာ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲ အတွေ့အကြုံရှိတဲ့ မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း အယ်လ်ဘာ မပါဝင်ဘဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်း နည်းပြ မာရှေယာနိုက အယ်လ်ဘာ၊ ဘရိုက်နဲ့ ဂွန်ဇာလိုတို့ဟာ ဒဏ်ရာကြောင့် အုပ်စု အဖွင့်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်မှာ ပါဝင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောထားတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ မေဂျာလိဂ် ၂ ပွဲစလုံး ဂိုးပြတ်နိုင်ပွဲ ရရှိထားတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 553
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ အာဆင်နယ်နဲ့ ဘာစီလိုနာအသင်း နောက်ခံလူဟောင်း ဗန်ဘရွန်ခရော့စ်ကို သူ့ရဲ့လက်ထောက် နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းမှာ နည်းပြအာနီဆလော့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဟိုက်တင်ဂါဟာ အေဂျက်စ်အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ဖို့ ထွက်ခွာခဲ့တာပါ။
ဟိုက်တင်ဂါရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ဖို့ ချိတ်ဆက်မှုတွေ အများအပြား ရှိခဲ့ပေမယ့် လီဗာပူးလ်အသင်း နည်းပြ အာနီဆလော့ရဲ့ ရှာဖွေမှုဟာ အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။
The Times က ဗန်ဘရွန်ခရော့စ်ဟာ လီဗာပူးလ်အသင်းမှာ နည်းပြအာနီဆလော့ရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရဖို့ နီးစပ်နေပြီလို့ ဖော်ပြထားတာပါ။
ဗန်ဘရွန်ခရော့စ်ဟာ နည်းပြအဖြစ် ထိပ်တန်းကလပ်အချို့ကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် လီဗာပူးလ်အသင်း အတွက် ကောင်းမွန်တဲ့ ခန့်အပ်မှုဖြစ်လာဖို့ ရှိနေပါတယ်။

အာနီဆလော့နဲ့ ဗန်ဘရွန်ခရော့စ်ကို တွေ့ရစဉ်
ဗန်ဘရွန်ခရော့စ်ဟာ ဖီယင်နု၊ ဂွမ်ကျိုး၊ ရိန်းဂျားစ်နဲ့ ဘက်ဆစ်တပ်အသင်းတွေကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။
ဗန်ဘရွန်ခရော့စ်ဟာ ကစားသမားဘဝမှာလည်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ပရီးမီးယား လိဂ်ဖလား၊ ဘာစီလိုနာအသင်းနဲ့ လာလီဂါ၊ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
ဒါအပြင် နယ်သာလန် နောက်ခံလူဟာ ရိန်းဂျားစ်နဲ့ ဖီယင်နုအသင်း တွေမှာလည်း ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီး လက်ရွေးစင်အသင်းနဲ့ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှုတွေ ပိုပြီးရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
လီဗာပူးလ်အသင်းဟာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အာနိုးလ်ရဲ့နေရာမှာ လေဗာကူဆင်အသင်း နောက်ခံလူ ဖရင်ပေါင်ကို အစားထိုး ခေါ်ယူထားပြီး လေဗာကူဆင်အသင်း ကြယ်ပွင့် ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 559
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျက်ကိုနဲ့ ဇီယက်ချ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာ ဖလား ရယူနိုင်ခဲ့တဲ့ ဘိုလော့ဂ်နာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။
ဘိုလော့ဂ်နာအသင်းဟာ ဂျက်ကိုနဲ့ တစ်ပတ်ကျော်ကြာ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီရက်သတ္တပတ်ထဲမှာ တိကျသေချာတဲ့ အဖြေတစ်ခုကို ရရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့ Gazzetta dello Sport က ဖော်ပြထားပါတယ်။
စီးရီးအေကလပ်ဟာ ဇီယက်ချ်ကို ကမ်းလှမ်းဖို့လည်း စဉ်းစားမှု ပြုလုပ်နေပေမယ့် ဆုံးဖြတ်ချက်တော့ မချရသေး ပါဘူး။
အင်တာမီလန်အသင်း တိုက်စစ်မှူးဟောင်း ဂျက်ကိုဟာ ဖီနာဘာချီအသင်းနဲ့ ဒီလကုန်ရင် စာချုပ်ကုန်ဆုံးပြီ ဖြစ်သလို ဇီယက်ချ်နဲ့ အယ်လ်ဒူဟေးအသင်းတို့ရဲ့ စာချုပ်ကလည်း ကုန်ဆုံးတော့မှာပါ။
ဘိုလော့ဂ်နာအသင်းဟာ ဂျက်ကို,ကို တစ်နှစ် ယူရို ၁.၅ သန်းနဲ့ ၁ နှစ် စာချုပ် ကမ်းလှမ်းထားပြီး နောက်ထပ် တစ်နှစ်ရွေးချယ်ခွင့် ပါဝင်မှာဖြစ်ပါတယ်။

ဂျက်ကို,ကို တွေ့ရစဉ်
ဘိုလော့ဂ်နာအသင်းဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ဂျက်ကိုနဲ့ ဇီယက်ချ်တို့ နှစ်ဦးစလုံး အသင်းထံ လာရောက်အောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဘိုလော့ဂ်နာအသင်းဟာ ပြီးခဲ့တဲ့ရာသီက နှစ်ပေါင်း ၅၀ အတွင်း သူတို့ရဲ့ ပထမဆုံး ဆုဖလားအဖြစ် ကိုပါအီတာလီယာဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဘိုလော့ဂ်နာအသင်း ဒါရိုက်တာ ဂျီယိုဗန်နီဟာ အသင်းရဲ့ လူစာရင်းကို ပိုအင်အားကောင်းဖို့အတွက် အတွေ့အကြုံ ရှိတဲ့ ကစားသမားတွေကို ထည့်သွင်းချင်နေတာကြောင့် ဂျက်ကိုနဲ့ ဇီယက်ချ်တို့ကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ မျှော်လင့် နေပါတယ်။
ဂျက်ကိုနဲ့ ဇီယက်ချ်တို့အတွက်လည်း ဘိုလော့ဂ်နာအသင်းထံ ပြောင်းရွှေ့ခဲ့ရင် ဥရောပရဲ့ အမြင့်ဆုံးအဆင့်မှာ ဆက်ပြီး ကစားနိုင်ဖို့ အခွင့်အရေးရရှိမှာပါ။
ဘိုလော့ဂ်နာအသင်းဟာ အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြအီတလီယာနိုကို မေလက စာချုပ်သက်တမ်း တိုးထားခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 528
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
အီတလီအသင်းရဲ့ ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ဂတ်တူဆိုဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ စပယ်လက်တီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိနေပါတယ်။
နာပိုလီအသင်း နည်းပြဟောင်း စပယ်လက်တီဟာ မော်လ်ဒိုဗာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်)ပွဲစဉ်မှာ အီတလီအသင်းကို သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်ခဲ့တာပါ။
အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဟာ လက်ရွေးစင်အသင်း နည်းပြရာထူးနဲ့ပတ်သက်ပြီး ဂတ်တူဆိုနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
လက်စတာအသင်း နည်းပြဟောင်း ရာနီရေးရီဟာ အီတလီအသင်း နည်းပြသစ်ဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် သူဟာ ငြင်းပယ်ပြီး ရိုးမားအသင်းမှာ ဆက်ရှိခဲ့တာပါ။
အဲဒါကြောင့် ဂတ်တူဆိုဟာ အီတလီအသင်း နည်းပြသစ် ခန့်အပ်ခံရဖို့ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ဦးစားပေး ဖြစ်လာခဲ့ပါတယ်။

ဂတ်တူဆိုကို တွေ့ရစဉ်
ဆွေးနွေးမှုတွေမှာ ဂတ်တူဆိုကို နည်းပြသစ် ခန့်အပ်ရုံတင် မဟုတ်ဘဲ အီတလီအသင်းဂန္ထဝင် ၄ ဦး ပါဝင်မယ့် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်ကိုလည်း ဖွဲ့စည်းသွားဖို့ရှိနေတာပါ။
La Gazzetta dello Sport က FIGC ဟာ ဂတ်တူဆိုနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဂတ်တူဆို ဟာ သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ကာလရှည်ကြာ လက်တွဲခဲ့တဲ့ ရီစီယိုကို ခေါ်ယူချင်နေပါတယ်။
ဘူဖွန်ဟာ အီတလီအသင်းရဲ့ ကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် ဆက်ရှိဖို့ မျှော်လင့်ပြီး ဘိုနူချီဟာ နည်းစနစ် အဖွဲ့ဝင်အဖြစ် ပူးပေါင်းလာနိုင်တာပါ။
FIGC ဟာ အသင်းကြီးနဲ့ လူငယ်အသင်းတွေကြားမှာ ချိတ်ဆက်မှု အားကောင်းနိုင်ဖို့အတွက် ဘာဇာဂလီနဲ့ ဇမ်ဘရောတာတို့အတွက်လည်း ရာထူးစဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။
ဆွေးနွေးမှုတွေကို မကြာမီ ပြုလုပ်ဖို့ ရှိနေတာကြောင့် ဂတ်တူဆိုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ အီတလီအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိနေတာပါ။
၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိတဲ့ အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 427
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
စပါးအသင်းဟာ ဘရန်ဖို့ဒ်အသင်း နည်းပြ သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ် ကာ ခန့်အပ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိ သောမတ်စ်ဖရန့်ခ်ဟာ ယူရိုပါလိဂ်ဖလား ရယူပေးပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူသွားမှာပါ။
ဒိန်းမတ်လူမျိုးနည်းပြ သောမတ်စ်ဖရန့်ခ်ဟာ ဘရန်ဖို့ဒ်အသင်းကို ၂၀၂၁ ခုနှစ်က ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းတက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီး အသင်းမှာ ၇ ရာသီကြာရှိခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ အစောပိုင်းက နည်းပြဟောင်း ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဖူလ်ဟမ်အသင်း နည်းပြ မာကိုဆေးလ်ဗားနဲ့ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာတို့ကို စဉ်းစားမှုတွေ ပြုလုပ်ခဲ့ပေမယ့် သောမတ်စ်ဖရန့်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

သောမတ်စ်ဖရန့်ခ်ကို တွေ့ရစဉ်
သောမတ်စ်ဖရန့်ခ်ဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လ နောက်ပိုင်း စပါးအသင်းရဲ့ ၄ ဦးမြောက် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ရယူကာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးခဲ့ပြီး ရှုံးပွဲ ၂၂ ပွဲနဲ့ အဆင့် ၁၇ နေရာ ရပ်တည်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၉ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းက ကလပ်ရဲ့ သမိုင်းကြောင်းအပေါ်မှာ မယုံနိုင်လောက်တဲ့ သက်ရောက်မှုတွေအတွက် နည်းပြ သောမတ်စ်ဖရန့်ခ်ကို ကျေးဇူး တင်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်ဟာ ဘရန်ဖို့ဒ်အသင်းကို ပွဲပေါင်း ၃၁၇ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၁၃၂ ပွဲ အနိုင်ရပြီး ၇၇ ပွဲသရေနဲ့ ၁၀၈ ပွဲအရေးနိမ့်ကာ အနိုင်ရာခိုင်နှုန်း ၄၁.၆၄ ရှိခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 445
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
ဂျာမန်လူမျိုးနည်းပြ တူချယ်လ်ဟာ အင်္ဂလန်အသင်း နည်းပြအဖြစ်၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျော်လွန်ပြီး ယူရို ၂၀၂၈ ပြိုင်ပွဲအထိ ဆက်ရှိမယ့် စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိတယ်လို့ အကြံပြုခဲ့ပါတယ်။
တူချယ်လ်က “ကျနော်ဟာ ဒီအစုအဖွဲ့နဲ့ အခွင့်အရေးကို နှစ်သက်တာကြောင့် ဆက်ပြီးရှိနေဖို့ အမြဲတမ်း ဆွဲဆောင် ခံရပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဖြစ်ရတာကို ကျနော်ဂုဏ်ယူပါတယ်။ ဆီနီဂေါအသင်းနဲ့ပွဲမှာ စိတ်ပျက်စရာ ဖြစ်ခဲ့တာတောင် ကျနော်ဒါကို ပြောလို့ရပါတယ်။ ကျနော်ဒီမှာ ပျော်ရွှင်နေပြီး FA ကလူတွေရဲ့ ပံ့ပိုးပေးမှု၊ ယုံကြည် မှုနဲ့ လေးစားမှုကို ခံစားရပါတယ်။ ကျနော်ဟာ စိန်ခေါ်မှုအသစ်နဲ့ ပတ်ဝန်းကျင်ကို လိုချင်ပါတယ်”လို့ Talksport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းကို ၂၀၂၅ ခုနှစ်အစပိုင်းမှာ နည်းပြသစ်အဖြစ် စတင်တာဝန်ယူခဲ့တဲ့ တူချယ်လ်နဲ့ အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(FA)ရဲ့ စာချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ကုန်ဆုံးမှာဖြစ်ပါတယ်။
တူချယ်လ်ကတော့ အင်္ဂလန်အသင်းမှာ ပျော်ရွှင်နေတာကြောင့် စာချုပ်သက်တမ်းကိုတိုးဖို့ ဆန္ဒရှိနေတာပါ။

တူချယ်လ်ကိုတွေ့ရစဉ်
တူချယ်လ်ဟာ အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃ ပွဲစလုံး အနိုင်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာ ဆီနီဂေါအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး နည်းပြ တူချယ်လ် လက်ထက်မှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။
အင်္ဂလန်အသင်းဟာ အန်ဒိုရာအသင်းနဲ့ ခြေစစ်ပွဲ၊ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲက စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။
တူချယ်လ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဝေးကွာနေသေးတာကြောင့် ထိတ်လန့်စရာမလိုဘူးလို့ ပြောထား တာပါ။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေစတင်ဖို့ လာမယ့် ရက်သတ္တပတ်ထဲ အမေရိကန်နိုင်ငံကို သွားမှာဖြစ်ပြီး အပူဒဏ်ကို လိုက်လျောညီထွေ ဖြစ်စေမယ့် အကြောင်းရင်း တွေကို ကြည့်ရှုမယ်လို့ သိရပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 521
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
လေဗာကူဆင်အသင်းက ဖရင်ပေါင်နဲ့ ဖလော်ရီယန်ဗစ်ဇ်တို့ကို ခေါ်ယူထားတဲ့ လီဗာပူးလ်အသင်းဟာ PSG အသင်း ကြယ်ပွင့် ဘာကိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဖရင်ပေါင်ကို ပေါင် ၂၉.၅ သန်းနဲ့ ခေါ်ယူထားပြီး ဖလော်ရီယန်ဗစ်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၂၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ ကျော် သုံးစွဲထားပေမယ့် နောက်ထပ် ပြောင်းရွှေ့ကြေး အများအပြားသုံးစွဲပြီး ကစားသမား သစ်တွေကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။
The Sun က PSG အသင်းကြယ်ပွင့် ဘာကိုလာဟာ လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်အဖြစ် ရှိနေတယ်လို့ ဖော်ပြထား တာပါ။
ဘာကိုလာကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် လီဗာပူးလ်အသင်းဟာ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူနိုင်ခဲ့တုန်းကလို ဂျာမန်ကလပ်ကို အနိုင်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ဘာကိုလာကို တွေ့ရစဉ်
ဘာကိုလာဟာ PSG အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရပေမယ့် သူ့ရဲ့တန်ကြေးက ပေါင်သန်း ၁၀၀ အထိရှိနေတာပါ။
PSG အသင်းမှာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဘာကိုလာဟာ ဒမ်ဘီလီ၊ ဒူအီ၊ ကာဗီချာတို့ရဲ့ ရှေ့တန်း ၃ ဦး အတွဲအဖက်ကြောင့် သူ့ကို နွေရာသီမှာ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုပြုလုပ်လို့ ရရှိနိုင်တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပေမယ့် သူ့ကိုခေါ်ယူဖို့ ခက်ခဲနိုင်တာကြောင့် အခြားပစ်မှတ်တွေကို ရှာဖွေနေတာပါ။
လီဗာပူးလ်အသင်းဟာ ဘာကိုလာနဲ့ အစ်ဆက်တို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားအချို့ ကို ရောင်းချမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေသလို တိုက်စစ်မှူး ဂျိုတာအတွက် ကမ်းလှမ်းမှုတွေကိုလည်း စဉ်းစားမှုတွေ ပြုလုပ်နိုင်တာပါ။
ဒါ့အပြင် တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး လီဗာပူးလ် အသင်းက ပယ်ချထားပေမယ့် အခြေအနေတွေက ပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 411
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
မြောက်ဗဟိုအမေရိကနဲ့ ကာရေဘီယံဘောလုံးအဖွဲ့ချုပ် ကွန်ကာကပ်ဖ်ဟာ လော့စ်အိန်ဂျလိစ်မှာ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် Gold Cup အဖွင့် ပွဲစဉ်မတိုင်မီ ဒီအခြေအနေကို စောင့်ကြည့်ကာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နီးကပ်စွာ ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။
၂၀၂၅ Gold Cup ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်မှာ စတင်တော့မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနဲ့ ဒိုမီနီကန်အသင်းတို့ဟာ ကယ်လီဖိုးနီးယားရှိ SoFi အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။
အမေရိကန် လူဝင်မှုနဲ့အကောက်ခွန် အရာရှိတွေက တရားမဝင် ရွှေ့ပြောင်းနေထိုင်တဲ့ သူတွေကို ဝင်ရောက် စီးနင်းမှုတွေ ပြုလုပ်ပြီးနောက် လော့စ်အိန်ဂျလိစ်မြို့တွင်းရှိ နေရာအများအပြားမှာ တင်းမာမှုတွေ ဆက်ပြီး ဖြစ်နေပါတယ်။
မက္ကဆီကိုအသင်းဟာ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကြောင့် ဟိုတယ်တွေကို ပြောင်းလဲခိုင်းခဲ့ရတယ်လို့ အေပီသတင်းမှာ ဖော်ပြထားတာပါ။

လော့စ်အိန်ဂျလိစ်မှာ ဆန္ဒပြနေကြစဉ်
ကွန်ကာကပ်ဖ်က “ပါဝင်တဲ့သူတွေ၊ ပရိသတ်တွေနဲ့ သက်ဆိုင်တဲ့သူတွေ အားလုံးဘေးကင်းဖို့က အဖွဲ့ချုပ်ရဲ့ အမြင့်ဆုံး ဦးစားပေးမှု ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက် လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်မယ့် အဖွင့်ပွဲကနေ စတင်ပြီး ဘေးကင်းလုံခြုံစွာနဲ့ အားလုံးပါဝင်ကာ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲကို ပေးဖို့ လုပ်ဆောင်နေတာကြောင့် အခြေအနေ တိုးတက်မှုတွေကို စောင့်ကြည့်သွားမယ်”လို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။
လော့စ်အိန်ဂျလိစ်ဟာ PSG နဲ့ အသလက်တီကို အသင်းတို့ရဲ့ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ် တစ်ပွဲကို ကယ်လီဖိုးနီးယားရှိ Rose Bowl အားကစားကွင်းမှာ ကျင်းပဖို့ ပြင်ဆင်မှုတွေ ပြုလုပ် နေတာပါ။
အမေရိကန်နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် မကျင်းပမီ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်၊ ၂၀၂၅ Gold Cup ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source:CNA
