- By CNI
- Category: အားကစား
- Hits: 462
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်း လူစာရင်းကို ပိုပြီးအားကောင်းအောင် လုပ်ဖို့အတွက် လီဗာပူးလ်အသင်း တောင်ပံကစားသမား ချီယေဆာကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းထားတယ်လို့ တူရကီမီဒီယာ A Spor က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ချီယေဆာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းအတွက် ၄ ပွဲသာ ပါဝင်ကစားထားရတာပါ။
ချီယေဆာဟာ ဒဏ်ရာပြဿနာအပြင် အသင်းဖော်ဆာလက်ရဲ့ မယုံနိုင်စရာကောင်းမွန်တဲ့ ပုံစံတွေကြောင့် လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် မော်ရင်ဟိုဟာ ချီယေဆာကို ဖီနာဘာချီအသင်းရဲ့ တောင်ပံရွေးချယ်မှုအတွက် ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းထားတာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ယူရို ၁၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ချီယေဆာကို ယူရို ၁၀ သန်းရရင် ထွက်ခွာခွင့် ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ချီယေဆာကို တွေ့ရစဉ်
ချီယေဆာကို ခေါ်ယူဖို့ စီးရီးအေကလပ် အသင်းအချို့ကလည်း စိတ်ဝင်စားနေတာကြောင့် ဖီနာဘာချီအသင်း အနေနဲ့ သူ့ကိုခေါ်ယူဖို့ဆိုရင် ကလပ်အသင်းအချို့နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
ချီယေဆာဟာ လီဗာပူးလ်အသင်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ပရီးမီးယားလိဂ် ချန်ပီယံဆုအောင်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ချန်ပီယံဆုတံဆိပ် ရနိုင်ဖို့ဆိုရင် လက်ကျန်ပွဲစဉ် ၄ ပွဲစလုံးမှာ ပါဝင်ကစားနိုင်ဖို့ လိုအပ်နေတာပါ။
အသက် ၂၇ နှစ်အရွယ်ရှိ ချီယေဆာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ ပဲလေ့စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
လီဗာပူးလ်အသင်းဟာ ပဲလေ့စ်အသင်းနဲ့ အန်ဖီးလ်မှာ ယှဉ်ပြိုင်မယ့် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ဆုဖလား ကိုင်မြှောက်သွားမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ကလပ်အသင်းသစ်ကို အချိန်ယူဆုံးဖြတ်ဖို့ရှိနေပြီး ဥရောပအသင်းတွေ ထံပြောင်းရွှေ့နိုင်ဖို့ အာရုံစိုက်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ပေါ့ဘာဟာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ရှိနေတာပါ။
ဒီစီယူနိုက်တက်အသင်းဟာ မေဂျာလိဂ် ကလပ်အသင်းတွေထဲမှာ ပေါ့ဘာကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နိုင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။
အဲဒါကြောင့် ဒီစီယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ မက်ကေးဟာ ပေါ့ဘာရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ထားတာပါ။
တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ခဲ့ရလို့ ပွဲကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက စာချုပ်ဖျက်သိမ်းခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ အနာဂတ်မှာ မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားပေမယ့် သူ့ရဲ့ဦးစားပေးက ဥရောပဘောလုံး လောကထဲကို ပြန်လည်ဝင်ရောက်ဖို့ပါ။
ပေါ့ဘာက သူဟာ ချန်ပီယံလိဂ် ကစားတဲ့အသင်းတွေမှာ ကစားနိုင်တယ်လို့ ယုံကြည်မှုတွေရှိနေတာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားချင်တာကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် သူ့အတွက် ဒီအခွင့်အရေးကို ရယူနိုင်ဖို့ရှိနေတာပါ။
ပေါ့ဘာဟာ ဥရောပလိဂ်တွေကနေလာတဲ့ ကမ်းလှမ်းမှုတွေအပြင် ဒီစီယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း စဉ်းစားနိုင်တာဖြစ်ပါတယ်။
ပေါ့ဘာဟာ ဆော်ဒီနဲ့ ဘရာဇီးလ်လိဂ်ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ရရှိထားပေမယ့် ပယ်ချထားတာပါ။
ပေါ့ဘာဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာက ဂျူဗင်တပ်စ်နဲ့ အမ်ပိုလီအသင်းတို့ပွဲစဉ်ကို သူ့ရဲ့နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားထားပြီး ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တဲ့ နောက်ဆုံးပွဲကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ယူနိုက်တက်အသင်းက စပါးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်နိုင်မယ့် အခွင့်အရေးကို ငြင်းပယ် ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီရာသီကုန်မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာမယ့် အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းကို ကိုင်တွယ်ဖို့ ချိတ်ဆက်မှုတွေ ရှိနေတာပါ။
စပိန်သတင်းစာ မာကာက အန်ဆယ်လော့တီဟာ တနင်္လာနေ့က လန်ဒန်ကို သွားရောက်ခဲ့ပြီး ဘရာဇီးလ်အသင်း ရဲ့စာချုပ်မှာ လက်မှတ်ထိုးဖို့ မျှော်လင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အန်ဆယ်လော့တီဟာ လက်မှတ် မထိုးဖြစ်ခဲ့ပေမယ့် အင်္ဂါနေ့က စပိန်ကို ပြန်လာချိန်မှာ နိုင်ငံတကာ ဘောလုံး လောကထဲကို ပြောင်းရွှေ့နိုင်ဖို့ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရတာပါ။
အခုအချိန်မှာတော့ အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်းရဲ့ အဆိုပြုမှုကို ငြင်းပယ်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းကြားဖို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အကြီးအကဲ အက်ဒ်နယ်ဒိုထံ ဆက်သွယ်ခဲ့ ပါတယ်။

အန်ဆယ်လော့တီကို တွေ့ရစဉ်
အီတလီလူမျိုးနည်းပြဟာ ဘရာဇီးလ်အသင်းမှာ သူ့ရဲ့နည်းပြရာထူးကို စတင်နိုင်မယ့် အချိန်နဲ့ပတ်သက်ပြီး မရေမရာမှုတွေ ဖြစ်လာတာကြောင့် ဆုံးဖြတ်ချက်ကို ပြောင်းခဲ့တာလို့ မာကာက ဖော်ပြထားတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကနေ ဇွန်မှာထွက်ခွာပြီး ဘရာဇီးလ် အသင်းကို လာရောက် ကိုင်တွယ်နိုင်ဖို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ သြဂုတ်အထိ ဘရာဇီးလ်အသင်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးဆိုပြီး အဖွဲ့ချုပ် ကို အသိပေးခဲ့တာပါ။
အဲဒါကြောင့် အန်ဆယ်လော့တီဟာ ဘရာဇီးလ်အသင်း နည်းပြသစ် ဖြစ်လာဖို့မရှိတော့ဘဲ နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းကို ဆက်ပြီးကိုင်တွယ်ဖို့ ရှိနေပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီဟာ နွေရာသီမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီး ဆော်ဒီမှာ နည်းပြဖို့ ကြီးမားတဲ့ကမ်းလှမ်းမှုတွေကို စဉ်းစားနေတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကတော့ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်မပြေတာကြောင့် အခြားရွေးချယ်စရာတွေကို ရှာဖွေနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ နည်းပြသစ်ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 616
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ PSG အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြအာတီတာက အသင်းအနေနဲ့ ဗိုလ်လုပွဲ တက်ချင်ရင် ထူးခြားမှု တစ်ခုခုလုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ချင်ရင် ဒုတိယအကျော့မှာ ထူးခြားမှုတစ်ခုခုကို လုပ်ပြရမှာပါ။ ဒါက ပထမပိုင်းဖြစ်ပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ပါရီကိုသွားပြီး ပွဲကိုအနိုင်ယူရမှာပါ။ PSG ဂိုးသမား ဒွန်နာရမ်မာဟာ အလွန်ကောင်းမွန်ခဲ့ပြီး ပွဲရလဒ်ကို ခြားနားမှုဖြစ်အောင် လုပ်နိုင်ခဲ့တယ်”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ PSG အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တောင်ပံကစားသမား ဒမ်ဘီလီက ပွဲချိန် ၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
PSG အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယအကျော့ အိမ်ကွင်းကစားရမယ့် ပွဲစဉ်မှာ အားသာချက်တွေ ရှိသွားခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် PSG အသင်းဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြသမှုတွေကြောင့် ဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ်
ပြီးခဲ့တဲ့ လီဗာပူးလ်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ လက်စွမ်းပြသနိုင်ခဲ့တဲ့ ဒွန်နာရမ်မာဟာ ဒီပွဲမှာ ဂိုးကာကွယ်မှု ၅ ကြိမ်နဲ့ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗိုလ်လုပွဲ တက်နိုင်ဖို့အတွက် ဒုတိယအကျော့မှာ ထူးခြားတဲ့အရာတွေ ပြုလုပ်ဖို့ အသင်းသားတွေကို ပြောခဲ့ပါတယ်။
ဒီပွဲမှာ PSG အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒမ်ဘီလီဟာ ဒဏ်ရာရရှိခဲ့ပြီး နည်းပြ လူးဝစ်အင်းနရစ်က ဒုတိယအကျော့ပွဲမှာ ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိတယ်လို့ ပြောခဲ့တာပါ။
ဒါအပြင် PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် ပွဲမပြီးသေးတာကြောင့် ဒုတိယအကျော့ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြုလုပ်ရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
PSG နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မေ ၈ ရက်မှာ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 528
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေ မီရိုဆလပ်ဗ်တန်ဂါက ဂျာမနီလူမျိုးနည်းပြဟာ ရီးရယ်လ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
မီရိုဆလပ်ဗ်တန်ဂါက “လီဗာပူးလ်အသင်းကနေ ထွက်ခွာချိန်မှာ ကလော့ပ်က ဂျာမနီနိုင်ငံအသင်းနဲ့ ရီးရယ်လ် အသင်းမှာ နည်းပြဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒနှစ်ခုကို ပြောခဲ့ပါတယ်။ ဒါတွေက အမှန်တကယ် ဖြစ်လာနိုင်မလား ဆိုတာ တော့ ကျနော်မသိပါဘူး။ သူဟာ ရီးရယ်လ်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေပေမယ့် အခုအချိန်မှာ ဒါတွေက ထင်ကြေးပေးမှု သက်သက်ပါပဲ။ လီဗာပူးလ်အသင်းကလွဲရင် သူဟာ အင်္ဂလန်မှာ ဘယ်အသင်းကိုမှ ကိုင်တွယ်မှာ မဟုတ်သလို စီးရီးအေ ဒါမှမဟုတ် ပြင်သစ်ကိုလည်း သူသွားမှာ မဟုတ်ပါဘူး။ တချိန်ချိန်မှာတော့ သူဟာ ဂျာမနီ နည်းပြဖြစ်လာမယ်လို့ ကျနော်ထင်ကြောင်း” AS ကို ပြောခဲ့တာပါ။
ကလော့ပ်ဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် အခုအချိန်မှာ ရက်ဘူးလ် အစုအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ နည်းပြရာထူးထဲကို ပြန်လည်ဝင်ရောက်ဖို့ မရှိသေးပေမယ့် သူ့ကိုခေါ်ယူဖို့ အသင်းအချို့က ချိတ်ဆက်မှုတွေရှိနေကြတာပါ။
ရီးရယ်လ်အသင်းဟာ ရာသီကုန်မှာ ထွက်ခွာမယ့် နည်းပြအန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်ထားတဲ့ နည်းပြစာရင်းထဲမှာ ကလော့ပ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ကလော့ပ်နဲ့ မိန့်ဇ်အသင်းမှာ အသင်းဖော်တွေအဖြစ် လက်တွဲခဲ့ဖူးတဲ့ တန်ဂါက သူ့ရဲ့မိတ်ဆွေဟာ ရီးရယ်လ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောလာခဲ့တာပါ။
ကလော့ပ်ဟာ နည်းပြရာထူးနဲ့ပတ်သက်ပြီး သတင်းတွေ ထွက်နေပေမယ့် သူ့ရဲ့အေးဂျင့်က ရက်ဘူးလ် အစုအဖွဲ့ မှာပဲ ဆက်ရှိမယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 473
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကို အသာရပြီး ဥရုဂွေးကွင်းလယ်လူ အူဂါတေးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပူပူနွေးနွေး ရရှိထားတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ် ခဲ့ပေမယ့် ကစားသမားက နောက်ဆုံးမိနစ်မှာ စိတ်ပြောင်းသွားပြီး ဆီုစီဒက်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ သူလိုချင်တဲ့ နံပါတ် ၆ ကစားသမားအသစ်ကို မရရှိခဲ့တာကြောင့် ဂရာဗန်ဘာ့ချ်ကို ဒီနေရာမှာ ထားအသုံးပြုခဲ့တာပါ။
ဂရာဗန်ဘာ့ချ်ဟာ နံပါတ် ၆ နေရာမှာ အကောင်းဆုံး ခြေစွမ်းပြသပြီး အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
The Athletic က လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီကို မခေါ်ယူနိုင်ခဲ့ပြီးနောက် PSG အသင်းကွင်းလယ်လူ အူဂါတေးကို ဝယ်ယူဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့ နည်းပြ အာနီဆလော့တို့ဟာ အူဂါတေးကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အူဂါတေးကို ပေါင် ၄၂ သန်းနဲ့ PSG အသင်းကနေ ခေါ်ယူခဲ့တာပါ။
အူဂါတေးဟာ စပို့တင်းလစ္စဘွန်းအသင်း နည်းပြဟောင်း အာမိုရင်နဲ့ ယူနိုက်တက်အသင်းမှာ အတူပြန်လက်တွဲခဲ့ ပေမယ့် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဂန္ထဝင် ဂရေမီဆောင်းနက်စ်က တိုမီနေးကို ရောင်းပြီး အူဂါတေးကို ခေါ်ယူခဲ့တဲ့ ယူနိုက်တက် အသင်းကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အူဂါတေးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
အက်စတွန်ဗီလာအသင်းဟာ တံကောက်ကြော ဒဏ်ရာကြောင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ရာသီကုန်အထိ အနားယူရမယ့် အခြေအနေကို စိုးရိမ်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် အက်စတွန်ဗီလာအသင်းက ပဲလေ့စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။
အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ရက်ရှ်ဖို့ဒ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြု ခဲ့ပြီး သူ့ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒဏ်ရာကို စစ်ဆေးမှုတွေအရ ရက်ရှ်ဖို့ဒ်ဟာ တစ်လခန့် အနားယူရနိုင်တယ်လို့ ဖော်ပြထားတာပါ။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ပြီး နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကနေ အချိန်မီ ပြန်ကောင်းလာရင်တောင် သူ့ရဲ့မိခင်ကလပ် ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံမယ့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ အက်စတွန်ဗီလာနဲ့ ယူနိုက်တက်အသင်း ဆေးအဖွဲ့ဝင်တွေဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာ အခြေအနေ အတွက် ချိတ်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ဇွန်လ နိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
အက်စတွန်ဗီလာအသင်းဟာ အငှားကစားချိန်မှာ ခြေစွမ်းပြသနေတဲ့ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ဆုံးချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် ရှိနေပါတယ်။
ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ ရာသီကုန်ချိန်မှသာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖွယ်ရှိ/မရှိ ဆုံးဖြတ်ဖွယ် ရှိနေတာပါ။
ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင် လက်အောက်မှာ ထပ်ကစားဖွယ်မရှိဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့်အသင်းထံ ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 544
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲ မတိုင်မီ အာဆင်နယ်အသင်းကို သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
လူးဝစ်အင်းရစ်က “ကျနော်တို့ အာဆင်နယ်နဲ့ ထပ်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနေ့မှာတော့ ကျနော်တို့က ပိုပြီးကောင်းတဲ့ အသင်းပါ။ PSG လည်း ချန်ပီယံလိဂ် မရဖူးသလို အာဆင်နယ်လည်း မရဖူးသေးပါဘူး။ ကျနော်တို့ဟာ အမြင့်ဆုံး အဆင့်မှာ စွမ်းဆောင်မှုတွေကို ရပ်တန့်သွားမှာ မဟုတ်သလို လုပ်စရာရှိတဲ့အရာတွေကို ဆက်ပြီး အာရုံစိုက်သွား မှာပါ။ အာဆင်နယ်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နည်းပြအာတီတာနဲ့ နှစ်အတော်ကြာ လက်တွဲပြီး ထူးခြားတဲ့အလုပ်ကို လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ PSV နဲ့ ရီးရယ်လ်အသင်းတို့ကို ကျော်ဖြတ် ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကာ PSG အသင်းက လီဗာပူးလ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကို အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်
နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားအောင်မြင်မှုကို ရယူနိုင်ခြင်းမရှိသေးလို့ ဒီရာသီမှာ ဆုဖလား ရယူကာ သူတို့ရဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ဖို့ ပစ်မှတ်ထားနေကြတာပါ။
အာဆင်နယ်နဲ့ PSG အသင်းတို့ဟာ ဒီရာသီချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဒီပွဲမှာ အာဆင်နယ် အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က သူတို့ဟာ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့တုန်းကထက် ပိုပြီးကောင်းတဲ့ အသင်းဖြစ်တယ်လို့ ပြောပြီး အာဆင်နယ်အသင်းကို သတိပေးမှုပြုလုပ်ခဲ့တာပါ။
ဒါအပြင် လူးဝစ်အင်းနရစ်က ချန်ပီယံလိဂ် ပွဲမတိုင်မီ သူတို့အပေါ်မှာ အဆိုးမြင်မှုတွေရှိနေတဲ့ ပြင်သစ်မီဒီယာတွေ ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ ဆီမီးဖိုင်နယ်ကို ကျော်လွန်နိုင်ဖို့ မျှော်လင့်ပြီး PSG အသင်းနဲ့ ပွဲစဉ်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားမယ့် အကြီးမားဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်နဲ့ PSG အသင်းရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီ ၃၀ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 550
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဘုန်းမောက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟော့ဂ်ျလန်းကို သွင်းဂိုး အများအပြားသွင်းယူဖို့ စိန်ခေါ်ခဲ့ပါ တယ်။
အာမိုရင်က “ဟော့ဂ်ျလန်း အနေနဲ့ အခုအချိန်မှာ နောက်ထပ်ဂိုးတွေ အများကြီးသွင်းဖို့ လိုအပ်ပါတယ်။ သူဟာ ဒီကလပ်မှာ သွင်းဂိုးတွေ ဘယ်လောက် သွင်းယူရမလဲဆိုတာကို သူသိပါတယ်။ ယူနိုက်တက်လို အသင်းကြီးမှာ ရှိချင်ရင် ကွင်းထဲကို ဝင်လိုက်တိုင်း တိုးတက်ဖို့လိုပါတယ်။ သူ့အပေါ် မျှော်မှန်းချက်တွေက မြင့်မားတဲ့အတွက် ဂိုးမသွင်းနိုင်ရင် ဂိုးသွင်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာကို အာရုံစိုက်ရမယ်”လို့ ပြောခဲ့တာပါ။
ဟော့ဂ်ျလန်းဟာ ဒီရာသီမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်ခံနေရပြီး ဒီရာသီကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာ ရဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟော့ဂျ်လန်းကို တွေ့ရစဉ်
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူထားတဲ့ ဟော့ဂ်ျလန်းဟာ စီးရီးအေထံ ပြန်ဖို့ ချိတ်ဆက်မှုတွေလည်း ခံနေရတာပါ။
နည်းပြအာမိုရင်ကတော့ ဟော့ဂ်ျလန်းကို သွင်းဂိုးတွေ ပိုသွင်းယူနိုင်ဖို့နဲ့ ပွဲအပေါ် အာရုံပိုပြီးစိုက်ဖို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းက သွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာပါ။
မန်ချက်စတာကလပ်ဟာ ဝုလ်ဖ်စ်အသင်း တိုက်စစ်မှူး ကွန်ညာ၊ အစ်စဝှစ်ခ်ျအသင်း တိုက်စစ်မှူး ဒီလပ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ကြားရက်မှာ ဘီလ်ဘာအိုအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ပွဲထွက် လူစာရင်းထဲ ပါဝင်လာဖို့ရှိနေတဲ့ ဟော့ဂ်ျလန်းဆီကနေ နောက်ထပ် သွင်းဂိုးတွေ ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 506
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဘရာဇီးလ် အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။
The Athletic က အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားတဲ့အကြောင်းကို အသင်းအဝတ်လဲခန်းထဲက အဖွဲ့ဝင်တွေအားလုံးကို အသိပေးထားပြီးဖြစ်တယ်လို့ ဖော်ပြထားတာပါ။
အန်ဆယ်လော့တီဟာ ဒီရာသီ ပြီးဆုံးတာနဲ့ ဇွန်လထဲမှာ ဘရာဇီးလ်အသင်း နည်းပြရာထူးကို ရယူမှာဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်တဲ့ ဒုတိယမြောက်သက်တမ်းမှာ ချန်ပီယံလိဂ်၊ လာလီဂါ ဖလား အပါအဝင် ဆုဖလားအများအပြား ရယူပေးနိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာကြောင့် အန်ဆယ်လော့တီလည်း ထွက်ခွာဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီကို တွေ့ရစဉ်
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေပေမယ့် သူထွက်ခွာမယ့် သတင်းတွေဟာ ပြီးခဲ့တဲ့လတွေကတည်းက ထွက်ပေါ်နေခဲ့တာပါ။
အန်ဆယ်လော့တီဟာ ရာသီကုန်ရင် ထွက်ခွာမှာဖြစ်လို့ ရီးရယ်လ်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုင်တွယ်ဖို့အတွက် နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
ရီးရယ်လ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ် အဖြစ်ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ဂျာမန်ကလပ်ကလည်း သူ့ရဲ့အသင်းဟောင်း တစ်သင်းသင်းက ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရင် ဆွေးနွေးမှုပြုလုပ် ကာ ထွက်ခွာခွင့်ပြုမယ်လို့ အတည်ပြုထားတာပါ။
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ လာလီဂါပြိုင်ပွဲ တစ်ခုတည်းကိုသာ အာရုံစိုက်ဖို့ရှိတော့ပြီး ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: goal
