CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉
ပြီးခဲ့တဲ့ရက်ပိုင်းက စီးရီးအေကလပ် ကိုမိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်း ဒယ်လီအလီကို ခေါ်ယူဖို့ ကလပ်အသင်း ၃ သင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။
ဗြိတိန်မီဒီယာတွေက ချန်ပီယံရှစ် ကလပ်အသင်းတွေဖြစ်တဲ့ ရက်စ်ဟမ်း၊ ဘာမင်ဂမ်နဲ့ ဝက်စ်ဘရွမ်းအသင်းတို့ဟာ ဒယ်လီအလီကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက်နေတယ်လို့ ဖော်ပြထားတာပါ။
ဟောလီးဝုဒ် နာမည်ကြီးတွေဖြစ်တဲ့ ရေနိုးလ်စ်နဲ့ မက်အယ်ဟန်နေတို့ ပိုင်ဆိုင်ထားတဲ့ ရက်စ်ဟမ်းအသင်းဟာ ဒယ်လီအလီရဲ့ ကစားသမားဘဝကို ပြန်လည်ရှာဖွေနိုင်အောင် ကူညီပေးနိုင်ဖွယ်ရှိနေပါတယ်။
ဒါအပြင် NFL ဂန္ထဝင် တွမ်ဘရာဒီအစုရှယ်ယာပိုင်ဆိုင်တဲ့ ဘာမင်ဂမ်အသင်းကလည်း လူစာရင်းအင်အား ပိုကောင်းအောင် ဒယ်လီအလီကို ခေါ်ယူချင်နေတာပါ။
ဒယ်လီအလီကို တွေ့ရစဉ်
ရက်စ်ဟမ်းအသင်းနဲ့ ဘာမင်ဂမ်အသင်းတို့ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန် တက်ခဲ့ပြီးနောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဝက်စ်ဘရွမ်းအသင်းကတော့ ဒီရာသီ ချန်ပီယံရှစ် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာကြောင့် သူတို့ဟာ ဒယ်လီအလီကို ခေါ်ယူချင်နေတဲ့ ရက်စ်ဟမ်းနဲ့ ဘာမင်ဂမ်အသင်းတို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပစ်နိုင် တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
ဝက်စ်ဘရွမ်းအသင်းကို ဒယ်လီအလီရဲ့ စပါးအသင်းဖော်ဟောင်း ရိုင်ယန်မေဆန်က ကိုင်တွယ်နေပြီး သူဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် စပါးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သလို အသင်းရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။
ဒယ်လီအလီဟာ စပါးအသင်းထံ မပြောင်းရွှေ့မီ အင်္ဂလန်ထိပ်တန်းလိဂ် အပြင်မှာရှိတဲ့ MK ဒွန်းစ်အသင်းမှာ ကစားခဲ့ဖူးတာကြောင့် ချန်ပီယံရှစ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို စဉ်းစားဖွယ်ရှိနေတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောထား တာကြောင့် ဘယ်အသင်းမှာ ကစားဖို့ ရွေးချယ်မလဲဆိုတာ မကြာမီမြင်တွေ့ရဖို့ ရှိနေတာဖြစ်ပါတယ်။
Source: Thesun