CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဟာ ဒဏ်ရာရရှိနေတဲ့ မန်စီးတီးအသင်းကြယ်ပွင့် ချာကီရဲ့နေရာမှာ လီဗာပူးလ် အသင်း တိုက်စစ်မှူး အက်ကီတီကေကို ပြင်သစ်လက်ရွေးစင်အသင်းအတွက် အစားထိုး ခေါ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
နွေရာသီ အပြောင်းအရွှေ့က ဖရန့်ဖတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အက်ကီတီကေဟာ လီဗာပူးလ်အသင်း အတွက် ခြေစွမ်းပြသနေပြီး ပါဝင်ကစားထားတဲ့ ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
အက်ကီတီကေဟာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပေမယ့် စက်တင်ဘာထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ပြင်သစ်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်း တောင်ပံကစားသမား ချာကီဟာ ဒဏ်ရာကြောင့် ၂ လကြာ အနားယူရဖွယ်ရှိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ချာကီကို တွေ့ရစဉ်
အဲဒါကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ချာကီရဲ့နေရာမှာ အက်ကီတီကေကို အစားထိုးခေါ်ယူခဲ့တာပါ။
ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီ၊ အာဆင်နယ် အသင်း နောက်ခံလူ ဆာလီဘာနဲ့ လီဗာပူးလ်အသင်း နောက်ခံလူ ကိုနာတေးတို့ဟာ ပြီးခဲ့တဲ့ လိဂ်ပွဲစဉ်တွေမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
နည်းပြဒက်ချမ့်စ် အနေနဲ့ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် လူစာရင်း ရွေးချယ်တာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာပါ။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၅ ရက်မှာ ယူကရိန်းအသင်းနဲ့ အဝေး ကွင်း၊ စက်တင်ဘာ ၉ ရက်မှာ အိုက်စလန်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer