CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄

နော်ဝေအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နေပြီ ဖြစ်တာကြောင့် လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသွင်းရှင်ဟာ ဖာရိုးကျွန်းစုအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် စကော့တလန် အသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ နော်ဝေအသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။ 

ဟာလန်းရဲ့ ဒဏ်ရာက မပြင်းထန်ပေမယ့် သူနာကျင်နေတယ်လို့ နော်ဝေအသင်း ဆရာဝန်က ပြောထားပါတယ်။

ဟာလန်းဟာ အခုအပတ် အစပိုင်းမှာတင် ကုသမှုခံယူနိုင်ဖို့အတွက် မန်စီးတီးအသင်းဆီ ပြန်ရောက်လာခဲ့ပြီး အသင်းရဲ့ နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းကို တွေ့ရစဉ်

ESPN ကတော့ ဟာလန်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲကို ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ အကီလည်း မန်စီးတီးအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ 

အကီဟာ ချယ်လ်ဆီးအသင်းနဲ့ ၄ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် မန်စီးတီးအသင်း အတွက် မပါဝင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင့်မှု အပြည့်အဝ ပြုလုပ်နေတာပါ။

ကိုဗာဆစ်၊ ဂျွန်စတုန်းစ်နဲ့ မာသီးယက်စ်နူနက်စ်တို့ကတော့ ဒဏ်ရာတွေကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။ 

ဒီနေ့မှာ ကစားမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင်မှာ မန်စီးတီးအသင်းဟာ လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့ထက် ရမှတ် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ 

လီဗာပူးလ်အသင်းကလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂိုးမတ်ဇ်၊ ဂရာဗန်ဘတ်ချ်၊ ကာတစ်ဂျုံးစ်နဲ့ ကိုနာတေးတို့ဟာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ပြီးခဲ့တဲ့နှစ်က မန်စီးတီးအသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်အသင်းက ၄ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Source: Metro