CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄
ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ်မာစတာက ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် စွဲချက်ပေါင်း ၁၁၅ ခုနဲ့ စွဲချက်တင်ခြင်း ခံထားရတဲ့ မန်စီးတီးအသင်းကို အရေးယူမှု နှောင့်နှေးနေတဲ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး စိတ်ရှည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရစ်ချတ်မာစတာက “ဒါက အခြေခံအားဖြင့် လွတ်လပ်တဲ့ တရားစီရင်မှုပါ။ သူတို့တွေဟာ ဒီအမှုကို ကြားနာပြီး ရလဒ်တွေကို ဆုံးဖြတ်ပါတယ်။ ကျနော်တို့ဟာ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာ လွှမ်းမိုးမှုမရှိပါဘူး။ စိတ်ပျက်မှု တွေက ဘာမှလုပ်လို့ မရဘဲ စောင့်ဆိုင်းရမှာပါ။ တရားရေးလုပ်ငန်းစဉ်တွေဟာ ခင်ဗျားတို့ မျှော်မှန်းထားတာထက် အချိန်ပိုပြီး ယူရနိုင်ပါတယ်။ ကျနော်တို့ စိတ်ရှည်ဖို့လိုပါတယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက်ပေါင်း ၁၁၅ ခုကို ပြီးခဲ့တဲ့နှစ် ကတည်းက စတင် စစ်ဆေးကြားနာမှုတွေ ပြုလုပ်နေပေမယ့် အခုအချိန်ထိ တိကျတဲ့ အဖြေ ထွက်ပေါ်လာခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်မှုတွေ အများအပြားရှိနေပြီး ရစ်ချတ်မာစတာကတော့ လိဂ်ရဲ့တရားစီရင်ရေး လုပ်ငန်းစဉ်ကို ကာကွယ်ခဲ့ပြီး စိတ်ရှည်ဖို့ပြောခဲ့တာပါ။
ရစ်ချစ်မာစတာကို တွေ့ရစဉ်
ဒါအပြင် ရစ်ချတ်မာစတာက ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြည်ပမှာ ကျင်းပဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ပြောခဲ့ပါတယ်။
စပိန်လာလီဂါနဲ့ အီတလီစီးရီးအေတို့ဟာ သူတို့ရဲ့လိဂ်ပြိုင်ပွဲ အချို့ကို ပြည်ပမှာကျင်းပဖို့ စီစဉ်နေတာကြောင့် ပရီးမီးယားလိဂ် အနေနဲ့လည်း ပြည်ပမှာ ကျင်းပမယ့် အလားအလာနဲ့ပတ်သက်ပြီး ထင်ကြေးတွေ ထွက်ပေါ်လာ ခဲ့တာပါ။
ရစ်ချတ်မာစတာကတော့ သူတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြည်ပမှာ ကျင်းပမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅-၂၆ ရာသီပရီးမီးယား လိဂ်ပြိုင်ပွဲကို သြဂုတ် ၁၆ ရက်ကျရင် စတင်မှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံ လီဗာပူးလ်နဲ့ ဘုန်းမောက်အသင်းတို့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: CNA