CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄
စပါးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဥရောပစူပါဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ပွဲမှာ PSG အသင်း အလွန်ကံကောင်းခဲ့ပြီး စပါးအသင်း ဆုဖလားရရှိဖို့ ထိုက်တန်တယ်လို့ နည်းပြ လူးဝစ်အင်းနရစ်က ဝန်ခံခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “မိနစ် ၈၀ အထိ ကျနော်တို့နဲ့ ဒီဆုဖလားဟာ ထိုက်တန်မှု မရှိပါဘူး။ စပါးအသင်းက ဒီပွဲကို အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့လဲဆိုရင် သူတို့ဟာ ပုံစံကောင်းတွေ ရရှိနေသလို ၆ ပတ်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ထားတယ်လို့ ခံစားရပါတယ်။ သူတို့က အလွန်ကောင်းမွန်တဲ့ ပွဲတစ်ပွဲကစားခဲ့ပြီး ကျနော်တို့ဟာ လေ့ကျင့်မှုပြုလုပ်တာ ၆ ရက်ပဲ ရှိပါသေးတယ်။ တစ်ခါတစ်ရံမှာ ဘောလုံးဟာ တရားမျှတမှု မရှိ သလို နောက်ဆုံး ၁၀ မိနစ်အတွင်း ၂ ဂိုး သွင်းနိုင်ခဲ့တာက ကျနော်တို့ အလွန်ကံကောင်းခဲ့တယ်ဆိုတာ ကျနော် ပြောရမှာပါ”လို့ ပွဲအပြီး TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ချန်ပီယံလိဂ်ချန်ပီယံ PSG အသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံ စပါးအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပစူပါဖလား ပွဲစဉ်မှာ စပါးအသင်းဟာ နောက်ခံလူ ဗန်ဒီဗန်၊ ရိုမဲရိုးတို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲချိန် ၈၄ မိနစ်အထိ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့စပါးအသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ လီကန်အင်နဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၄ မိနစ်မှာ ဂွန်ကာလိုရာမို့စ်တို့က PSG အသင်းအတွက် အဖိုးတန် ချေပဂိုးတွေ သွင်းယူပြီး ၂ ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့တာပါ။
ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ PSG အသင်းက စပါးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဥရောပစူပါဖလား ကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
PSG အသင်းဟာ ဥရောပစူပါဖလား ရယူနိုင်ခဲ့တာကြောင့် တစ်နှစ်အတွင်း ဆုဖလား ၅ ခုအထိ ရယူနိုင်ခဲ့ပြီး နည်းပြ လူးဝစ်အင်းနရစ်အတွက်လည်း သူ့ရဲ့နည်းပြဘဝမှာ ဒုတိယအကြိမ်မြောက် တစ်နှစ်အတွင်း ဆုဖလား ၅ ခုအထိ ရယူနိုင်ခဲ့တာပါ။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဆေးပညာအရ ပြောရရင် ခွဲစိတ်မှု အောင်မြင်ခဲ့ပေမယ့် လူနာသေဆုံး သွားခဲ့တာကြောင့် အဆုံးသတ်က မကောင်းခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
TNT Sports မှာ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ စပါးအသင်း ဂန္ထဝင်ဂလင်းဟော်ဒယ်လ်က အသင်းဟာ ဒီပွဲမှာ အပြုသဘောဆောင်တဲ့ အရာတွေ အများအပြား ရယူနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက်မှာ ဘန်လေအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail