
- By CNI
- Category: အားကစား
- Hits: 378
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ပဲလေ့စ်အသင်း ကြယ်ပွင့်ဟောင်း ဇာဟာဟာ လာမယ့်အပြောင်းအရွှေ့မှာ မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ခံနေရတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်နွေရာသီက ပဲလေ့စ်အသင်းကနေ ထွက်ခွာပြီး ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဇာဟာဟာ တူရကီကလပ်မှာ အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့နွေရာသီက လိုင်ယွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ တာပါ။
ဒါပေမယ့် ဇာဟာဟာ လိုင်ယွန်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့အတွက် အငှားစာချုပ်ကို ဖျက်ပြီး ဂါလာတာစာရေးအသင်းထံ ပြန်ပို့ခံရနိုင်တာ ဖြစ်ပါတယ်။
ပဲလေ့စ်အသင်းကလည်း ဇာဟာကို ဆောင်းရာသီ အပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ဒါပေမယ့် ကစားသမားတစ်ဦးဟာ ရာသီတစ်ခုတည်းမှာ ကလပ်အသင်း ၃ သင်းအတွက် တရားဝင်ပွဲတွေ ကစားခွင့်မပြုတဲ့ ဖီဖာရဲ့ စည်းမျဉ်းတွေကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်နိုင်ဖို့ မရှိပါဘူး။
ဒေးလီးမေးလ်ကတော့ ဇာဟာဟာ ဖေဖော်ဝါရီကနေ နိုဝင်ဘာအထိ ပွဲတွေကစားနေရတဲ့ မေဂျာလိဂ်ကလပ် အများအပြားရဲ့ အာရုံစိုက်မှုကို ရရှိထားတယ်လို့ ဖော်ပြထားတာပါ။
ဇာဟာကိုတွေ့ရစဉ်
မေဂျာလိဂ်ကလပ် အသင်းတွေဟာ ဇာဟာရဲ့ ကြီးမားတဲ့ လုပ်ခလစာကို ပေးချေနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ ဟာ ဖြစ်မြောက်ဖို့ ကြီးမားတဲ့ အလားအလာရှိနေတာ ဖြစ်ပါတယ်။
ဇာဟာအနေနဲ့ လိုင်ယွန်အသင်းကသာ သူ့ကို အငှားစာချုပ် ဖျက်သိမ်းခဲ့ရင် ဥရောပဘောလုံးရဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာ အခြေအနေတွေကြောင့် မက်ဆီ၊ ဆွာရက်ဇ်၊ မာကိုရူးစ်တို့ရှိတဲ့ မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ တွန်းအားပေး ခြင်း ခံရနိုင်တာပါ။
ဇာဟာဟာ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် ၆ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။
၂၀၂၅ ခုနှစ် မေဂျာလိဂ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် ကျရင် စတင်တော့မှာဖြစ်တဲ့အတွက် ကလပ်အသင်းတွေဟာ ကစားသမားသစ်တွေ အားဖြည့်မှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 661
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေးပွဲစဉ်မှာ ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးပေးခဲ့ရပြီးနောက် နည်းပြအာမိုရင်ဟာ ဂိုးသမား အိုနာနာကို ကာကွယ်ခဲ့ ပါတယ်။
အာမိုရင်က “သူဟာ ဘောလုံးဆီကို မသွားနိုင်ခဲ့ဘူးလို့ ကျနော်ထင်ပါတယ်။ သူဟာ ဘောလုံးဆီ ရောက်ရှိဖို့ ကြိုးစားခဲ့ပေမယ့် တချို့သူတွေက ဘောလုံးကိုတောင် မကြည့်ကြပါဘူး။ ဒါပေမယ့် ကျနော်ဟာ ဒီအရာကို အာရုံ မစိုက်ချင်ပါဘူး။ ကျနော်တို့အတွက် ကောင်းတဲ့အရာက အသင်းဟာ ၁၀ ဦးတည်းနဲ့ ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့တာပါ။ ဒါက ကောင်းတဲ့အရာဖြစ်ပေမယ့် ကျနော်တို့ရှုံးနိမ့်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ တည်ကန်ဘောတွေ ကနေတဆင့် ဂိုးတွေပေးခဲ့ရပေမယ့် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာတော့ ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်တုန်းကလည်း ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးသွင်းယူခြင်းကို ခံခဲ့ရတာပါ။
ထောင့်ကန်ဘောကနေ အိုနာနာ ဂိုးပေးလိုက်ရစဉ်
ဒါပေမယ့် နည်းပြအာမိုရင်က ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်မှာ ပေးခဲ့ရတဲ့ဂိုးနဲ့ ပတ်သက်ပြီး ဂိုးသမား အိုနာနာကို ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းအစမှာတင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် နှစ်ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ၁၀ ဦးတည်းနဲ့ ကစားခဲ့ရပြီး ဝုလ်ဗ်စ်အသင်းကို သွင်းဂိုးတွေ ခွင့်ပြုခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၄ နေရာအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
နည်းပြအာမိုရင်အတွက် ယူနိုက်တက်အသင်း နည်းပြဘဝမှာ ရလဒ်ဆိုးတွေကို ဆက်တိုက် ကြုံတွေ့နေရတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲတွေမှာလည်း နယူးကာဆယ်၊ လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်တိုက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
အီဂျစ်တောင်ပံကစားသမား ဆာလက်က ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်း ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ လက်စတာအသင်းကို အနိုင်ရရှိခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
ဆာလက်က “အရေးကြီးဆုံးအရာက အသင်းအနိုင်ရရှိဖို့ဖြစ်ပြီး ကျနော်တို့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက အလွန်ကောင်းမွန်မှာ ဖြစ်ပေမယ့် ကျနော်တို့ ပွဲတိုင်းကို အာရုံစိုက်ပြီး ဒီအတိုင်း ဆက်သွား နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနှစ်က ကွဲပြားမှုတွေရှိတယ်လို့ ခံစားရပေမယ့် အရေးကြီးဆုံးအရာက ကျနော်တို့ နှိမ့်ချ နေဖို့ လိုပါတယ်။ ကလပ်အသင်းအတွက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးဖို့က ကျနော် အိပ်မက်မက်တဲ့ အရာ ပါ”လို့ Amazon Prime ကိုပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ လက်စတာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်းထက် ၁ ပွဲ လျော့ကစားကာ ရမှတ် ၇ မှတ်အသာနဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ဆာလက်ဟာ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ ဂိုး ရှိသွားပြီဖြစ်သလို လီဗာပူးလ်အသင်း ကစားသမားဘဝ အိမ်ကွင်းသွင်းဂိုး ၁၀၀ ပြည့်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် နည်းပြ အာနီဆလော့က မန်စီးတီးအသင်း ဖြစ်ပျက်ခဲ့တာတွေကို သင်ခန်းစာယူဖို့ ပြောခဲ့ပါတယ်။
အာနီဆလော့က “လွန်ခဲ့တဲ့ ၂ လက ကျနော်တို့ဟာ မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာမှာရှိခဲ့ပေမယ့် အခုဘာတွေ ဖြစ်သွားလဲဆိုတာ ကြည့်လိုက်ပါ။ ဒီလိုမျိုးက ဘယ်အသင်း မဆိုဖြစ်လာနိုင်တာကြောင့် အောင်ပွဲခံဖို့က စောလွန်း ပါသေးတယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲမှာ နောက်ဆုံး ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၉ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 545
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ အခြေအနေကြောင့် ဂါလာတာစာရေးအသင်းမှာ အငှားကစားနေတဲ့ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင် စားနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ယူနိုက်တက်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်း ခံရပြီးနောက် စိန်ခေါ်မှုအသစ် အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောထားခဲ့တာပါ။
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
Sky Sports သတင်းတွေမှာ ယူနိုက်တက်အသင်းဟာ အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်ရဲ့ အလားအလာရှိတဲ့ ထွက်ခွာမှုက အိုဆီမန် ရောက်ရှိလာဖို့အတွက် တံခါးဖွင့်ပေးတာ ဖြစ်နိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိုဆီမန်ကို တွေ့ရစဉ်
အိုဆီမန်ဟာ ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ဂါလာတာစာရေး အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားအပြီးမှာ ၁၂ ဂိုးအထိ သွင်းယူထားတာပါ။
ယူနိုက်တက်အသင်းဟာ အိုဆီမန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ်ရှိနေပြီး သူတို့ရဲ့ နောက်ထပ်အဆင့်က ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အိုဆီမန်ကို ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ ခက်ခဲနိုင်ပြီး သူတို့ဟာ အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း သတ်မှတ်ထားတာပါ။
အိုဆီမန်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းအပြင် ဥရောပထိပ်သီး အချို့ကလည်း စိတ်ဝင်စားနေပေမယ့် နာပိုလီ အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေတာ ဖြစ်ပါတယ်။
ဂါလာတာစာရေး အသင်းကလည်း ခြေစွမ်းပြသနေတဲ့ အိုဆီမန်ကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေတာပါ။
အိုဆီမန်နဲ့ နာပိုလီအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 686
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
တောင်ကိုရီးယားကလပ် ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ ပရီးမီးယားလိဂ် ကစားသမားဟောင်းဖြစ်တဲ့ ပိုယက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ ကေလိဂ်-၁ အမှတ်ပေးဖလားကို စံချိန်တင် ၉ ကြိမ်အထိ ရယူနိုင်ခဲ့ ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီက ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ အသင်း ၁၂ သင်းရှိတဲ့ ကေလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်ခဲ့တာကြောင့် တန်းဆင်းရမယ့် အခြေအနေကနေ ရှောင်နိုင်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ ပလေးအော့ဖ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ကေလိဂ်-၁ ပြိုင်ပွဲမှာ ဆက်ပြီးရှိနေခဲ့တာပါ။
ကေလိဂ်အသင်းဟာ လာမယ့် ရာသီသစ် မတိုင်ခင်မှာ နည်းပြ အတွေ့အကြုံ အများအပြားရှိတဲ့ ပိုယက်ကို နည်းပြ သစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းကို တွေ့ရစဉ်
ပိုယက်ဟာ ဂရိလက်ရွေးစင်အသင်းကို မတ်လက နောက်ဆုံး တာဝန်ယူပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ် ရခြင်းမရှိသေးတာပါ။
ချယ်လ်ဆီးနဲ့ စပါးအသင်း ကွင်းလယ်လူဟောင်း ပိုယက်ဟာ နည်းပြဘဝမှာ ဘရိုက်တန်၊ ဆန်းဒါးလန်း၊ အေအီကေအေသင်၊ ဘက်တစ်၊ ရှန်ဟိုင်းရှန်ဟွာ၊ ဘော်ဒိုး၊ ကာတိုလီကာနဲ့ ဂရိအသင်းတွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ပိုယက်ဟာ နည်းပြဘဝမှာ အင်္ဂလန်၊ ဂရိ၊ စပိန်၊ တရုတ်၊ ပြင်သစ်၊ ချီလီတို့မှာ နည်းပြခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံဟာ သူနည်းပြမယ့် ၇ နိုင်ငံမြောက် ကလပ်အသင်းလည်း ဖြစ်ခဲ့တာပါ။
ကေလိဂ်ရာသီသစ်ကို မတ်လမှ ပြန်လည် စတင်မှာဖြစ်ပြီး ပိုယက်အနေနဲ့ ဂျောင်ဘွတ်ဟွန်ဒိုင်း မော်တာစ်အသင်း ကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်ပေးရတော့မှာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 420
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ချယ်လ်ဆီးအသင်း ကစားသမားဟောင်း အော်စကာဟာ အသင်းဟောင်း ဆော်ပေါ်လိုအသင်းထံ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ ဘရာဇီးလ် စီးရီးအေကလပ်က အတည်ပြုခဲ့ပါတယ်။
အော်စကာဟာ ၈ ရာသီကြာ ကစားခဲ့တဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပေါ့အသင်းကနေ ထွက်ခွာပြီးနောက် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဆော်ပေါ်လိုအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ အော်စကာဟာ ရှန်ဟိုင်းပေါ့အသင်းအတွက် ပွဲပေါင်း ၂၄၈ ပွဲ ကစားခဲ့ပြီး ၇၇ ဂိုး သွင်းယူ ကာ တရုတ်စူပါလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အော်စကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ရှန်ဟိုင်းပေါ့အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ တာပါ။
အော်စကာကို တွေ့ရစဉ်
အော်စကာက “ကျနော်ဟာ ဘရာဇီးလ်ကိုပြန်လာပြီး ကစားသမားဘဝ စတင်ခဲ့တဲ့ ဆော်ပေါ်လိုအသင်းမှာ ကစားခွင့်ရမှာဖြစ်လို့ ပျော်ရွှင်ပါတယ်။ ဆော်ပေါ်လိုဟာ ကျနော်အခြေချခဲ့တဲ့ နေရာနဲ့ ကြီးပြင်းလာခဲ့တဲ့ နေရာ”လို့ ပြောခဲ့ပါတယ်။
အော်စကာဟာ ရှန်ဟိုင်းပေါ့အသင်းထံ မပြောင်းရွှေ့ခင် ချယ်လ်ဆီးအသင်းမှာ ၄ ရာသီခွဲကြာ ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရရှိခဲ့တာပါ။
ဆော်ပေါ်လိုအသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အော်စကာဟာ ဆော်ပေါ်လို အသင်းကြီးအတွက် ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၁၄ ပွဲကစားကာ ၂၀၁၀ ခုနှစ်မှာ အင်တာနေစီယွန်နယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
အော်စကာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ ၄၈ ပွဲပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူကာ ဖီဖာကွန်ဖက်ဒရေးရှင်းဆုဖလား တစ်ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 687
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အရင်က ကျနော်ပြောခဲ့တုန်းက လူတွေက ရယ်မောခဲ့ကြပြီး ချန်ပီယံလိဂ်ဝင်ခွင့်က ကြီးကြီး မားမား အောင်မြင်မှု မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာရှိနေတဲ့ ကလပ်အသင်းတွေဟာ ဒီလိုမျိုး တွေ ဖြစ်ပျက်နေတာကြောင့် ကျနော်သိပါတယ်။ သူတို့တွေဟာ နှစ်ပေါင်းများစွာ ကြီးစိုးထားနိုင်ခဲ့ပေမယ့် နှစ်ပေါင်းများစွာလည်း ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ပါဘူး။ အခုအချိန်မှာ ကျနော်တို့ အတွက်လည်း အန္တရာယ်ရှိနေ တယ်ဆိုတာ သေချာပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် ကျနော်တို့နဲ့ မထိုက်တန်လို့ပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၄ ရာသီ ဆက်တိုက် ယှဉ်ပြိုင်ခွင့် ရရှိထားပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ ကစားအပြီးမှာ အမှတ်ပေးဇယားအဆင့် ၇ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အဆင့် ၄ နေရာက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၄ မှတ်၊ အဆင့် ၅ နေရာက ဘုန်းမောက်အသင်းနဲ့ ၁ မှတ်ကွာဟနေတာပါ။
မန်စီးတီးအသင်း ကစားသမားတွေကို တွေ့ရစဉ်
အင်္ဂလန်ဟာ UEFA ရဲ့ ဥရောပစွမ်းဆောင်ရည် အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့် ၅ နေရာကို ရရှိနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်မှာ မဟုတ် ပါဘူး။
မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ၉ ပွဲ အရေးနိမ့်ခဲ့တဲ့အထိ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ မှတ်တမ်းတွေရှိတာကြောင့် မန်စီးတီးအသင်းလည်း လွဲချော်နိုင်တယ်လို့ ဂွာဒီယိုလာက ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် ဒီဇင်ဘာ ၂၉ ရက်မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 554
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
နယ်သာလန်ကစားသမား ဒီပိုင်းဟာ နေမာကို ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပေမယ့် နေမာ ကတော့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုမရှိတာဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး အနာဂတ်မရေမရာဖြစ်နေတဲ့ နေမာဟာ ဘရာဇီးလ်ထံ ပြန်လည်ပြောင်းရွှေ့ဖို့ ကာလရှည်ကြာချိတ်ဆက်မှုတွေခံနေရတာပါ။
နေမာဟာ ဆန်းတို့စ်အသင်းမှာ ပရော် ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တာကြောင့် ဘရာဇီးလ်မှာ ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ရင် ဆန်းတို့စ်အသင်း ထံသာ ပြန်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီပိုင်းက နေမာနဲ့ ကိုရင်သီယန် အသင်းမှာ အတူတွဲကစားချင်တယ်လို့ ပြောခဲ့တာကြောင့် ကိုရင်သီယန်အသင်းဟာ နေမာအတွက် နောက်ထပ် ရွေးချယ်စရာအသင်းအဖြစ် ရှိလာခဲ့တာပါ။
နေမာက “ဆန်းတို့စ်အသင်းဟာ အရာအားလုံးထက်ကြီးပါတယ်။ ကျနော်ဟာ ကိုရင်သီယန်အသင်းကို လေးစားမှု ရှိပါတယ်။ ဒါပေမယ့် ဆန်းတို့စ်အသင်းကိုတော့ အများကြီးလေးစားရမှာပါ။ ဆန်းတို့စ်က ကျနော့်ရဲ့ အနှစ် သက်ဆုံးအသင်းပါ”လို့ ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့မယ့် သတင်းတွေနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
နေမာဟာ ဒဏ်ရာကနေအမြန်ဆုံးသက်သာအောင်လုပ်ဆောင်နေပြီး ဒုတိယရာသီဝက်တစ်လျှောက်လုံးမှာ ကြံ့ခိုင်မှုအပြည့်ရှိနေဖို့ မျှော်လင့်နေတာပါ။
နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နေမာကို ခေါ်ယူဖို့ ဘရာဇီးလ်ကလပ်အသင်းတွေအပြင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ချိတ်ဆက်မှု တွေပြုလုပ်နေတာပါ။
အားလပ်ရက်ရရှိနေတဲ့ အယ်လ်ဟီလယ်အသင်းဟာ ဇန်နဝါရီ ၈ ရက်မှာ ဘုရင့်ဖလားပွဲစဉ်အဖြစ် အယ်လ်အစ်တီ ဟတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 437
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
အီတလီအသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြမန်ချီနီဟာ ဆော်ဒီ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ အီတလီအသင်းကနေ ထွက်ခွာခဲ့တဲ့အတွက် နောင်တရတယ်လို့ ဝန်ခံခဲ့ပါ တယ်။
မန်ချီနီက “အနောက်ကို ပြန်သွားလို့ရရင် ကျနော် အီတလီအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အီတလီအသင်းကို ကိုင်တွယ်ရတာဟာ အလှပဆုံးပါပဲ။ ကျနော်နဲ့ အီတလီ FA အကြီးအကဲ တို့အကြား တစ်ဦးနဲ့တစ်ဦး နားမလည်ခဲ့တာ ဖြစ်နိုင်သလို ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့တာလည်း ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ကျနော်သူ့ကို ဆန့်ကျင်တာ ဘာမှမရှိဘူး”လို့ Rai ကို ပြောခဲ့တာပါ။
မန်ချီနီဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်မှာ အီတလီအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဆော်ဒီအသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ချီနီဟာ ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၄ လကြာ ကာလအတွင်းမှာ ရလဒ်တွေ ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
မန်ချီနီကို တွေ့ရစဉ်
မန်ချီနီဟာ ဆော်ဒီအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ တစ်နှစ်ကို ဒေါ်လာ ၂၅ သန်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ခဲ့တာ ဖြစ်ပါတယ်။
မန်ချီနီဟာ ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း ၂၀ မှာ ၈ ပွဲသာ အနိုင်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
အီတလီလူမျိုးနည်းပြ မန်ချီနီဟာ ရာသီအကုန်မှာ ရိုးမားအသင်းကို ကိုင်တွယ်ဖို့ ချိတ်ဆက်မှုတွေ ခံနေရတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မန်ချီနီကတော့ သူဟာ ဘယ်သူနဲ့မှ ဆက်သွယ်မှု ပြုလုပ်ထားခြင်း မရှိဘူးလို့ ပြောထားတာပါ။
မန်ချီနီဟာ သူ့ရဲ့နည်းပြဘဝမှာ ဖီအိုရင်တီးနား၊ လာဇီယို၊ အင်တာမီလန်၊ မန်စီးတီး၊ ဂါလာတာစာရေးနဲ့ ဇင်းနစ် အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 727
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ သည်းခြေခွဲစိတ်မှု အောင်မြင်ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ တူရကီကလပ် ဖီနာဘာချီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ် ကိုင်တွယ်ခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံကို ပြန်လာကာ ခွဲစိတ်မှုခံယူခဲ့တာပါ။
မော်ရင်ဟို ကိုယ်တိုင်ကလည်း ခွဲစိတ်မှုခံယူပြီးနောက်မှာ ကစားသမားတွေနဲ့ အလုပ်အတူ ပြန်တွဲလုပ်ဖို့အတွက် မကြာခင်မှာ တူရကီနိုင်ငံကို ပြန်လာမယ်လို့ အတည်ပြုပြီးသား ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းက နည်းပြမော်ရင်ဟို အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆုတောင်းကြောင်း သူတို့ရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားတာပါ။
ဖီနာဘာချီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ သရေကျခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုဟာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်ပြီး အားလပ်ရက်အတွက် မပျော်ရွှင်ဘူးလို့ ပြောခဲ့ပါတယ်။
မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်တဲ့ ပွဲဦးထွက်ရာသီမှာ သူ့ရဲ့ ကစားသမားတွေနဲ့ တူရကီရှိ ဒိုင်လူကြီး တာဝန်ရှိသူတွေမကြာခဏ ဝေဖန်မှုတွေ ပြုလုပ်နေခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၈ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဖီနာဘာချီအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၆ ပွဲ ကစားထားပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၂၁ နေရာမှာ ရပ်တည်နေ တာပါ။
ဖီနာဘာချီအသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နောက်တဆင့်ကို တိုက်ရိုက် တက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။
ဖီနာဘာချီအသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် ဇန်နဝါရီ ၅ ရက်မှာ ဟာတေစပေါ်အသင်းနဲ့ တူရကီလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal