- By CNI
- Category: အားကစား
- Hits: 581
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၆
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးမှာ ဆိုးရွားတဲ့ရာသီအတွက် တောင်းပန်ခဲ့ပြီး ကောင်းမွန်တဲ့ နေ့ရက်တွေ ရောက်လာမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။
အာမိုရင်က “ပထမဆုံးအနေနဲ့ ဒီရာသီအတွက် ကျနော် တောင်းပန်ချင်ပါတယ်။ ပွဲအများအပြားမှာ ကျနော်တို့ကို အားပေးရတာ အလွန်ခက်ခဲမှန်းသိပါတယ်။ ဒီရာသီက ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် ကျနော်တို့ အတူလက်တွဲပြီး ရှေ့ကိုဆက်ရမှာပါ။ လွန်ခဲ့တဲ့ ၆ လတုန်းက မုန်တိုင်းတွေ လာတော့မယ်လို့ ခင်ဗျားတို့ကို ကျနော် ပြောခဲ့ဖူးပါ တယ်။ အခုဒီဆိုးရွားတဲ့ ရာသီအပြီးမှာ ခင်ဗျားတို့ကို ပြောချင်တာက ကောင်းမွန်တဲ့ နေ့ရက်တွေ ရောက်လာမယ် ဆိုတာပါ။ ဘယ်လို အခြေအနေမျိုးကိုမဆို ကျော်လွှားနိုင်တယ်ဆိုတာ အတိတ်မှာ သက်သေပြခဲ့ပြီးဖြစ်တဲ့ ကမ္ဘာ ပေါ်မှာရှိတဲ့ အသင်းတစ်သင်းဟာ ယူနိုက်တက်အသင်းပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်ကာ ရာသီအဆုံး သတ်ခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းကို အရေးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်အဆင့် ရပ်တည်မှုကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့်ကို ဆုံးရှုံးခဲ့ရတာပါ။

အာမိုရင်ကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်လက်ထက်မှာ အဆိုးရွားဆုံးရာသီနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နည်းပြအာမိုရင်ဟာ အက်စတွန်ဗီလာအသင်းနဲ့ပွဲအပြီးမှာ ပရိသတ်တွေကို တောင်းပန်ရင်းနဲ့ ကတိပေးမှု ပြုလုပ်ခဲ့တာပါ။
ဒါအပြင် အာမိုရင်ဟာ တခါတလေမှာ မမျှမတလုပ်ခဲ့တဲ့ အရာတွေကြောင့် ကစားသမားတွေကို တောင်းပန်မှု လည်း ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီနောက်ဆုံးပွဲစဉ်အပြီးမှာ အာရှခြေစမ်းခရီးစဉ်အတွက် ထွက်ခွာခဲ့ပြီး အသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ ဂါနာချိုနဲ့ အိုနာနာတို့ကိုလည်း အသင်းလူစာရင်းထဲ ထည့်သွင်းခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ မေလ ၂၈ ရက်မှာ အာဆီယံ All-Stars အသင်းနဲ့ မလေးရှားနိုင်ငံမှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီပွဲပြီးရင် ဟောင်ကောင်နိုင်ငံမှာ ဟောင်ကောင်အသင်းနဲ့ မေလ ၃၀ ရက်မှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 629
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၅
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အခုလအကုန်မှာ ယူနိုက်တက်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ပြောခဲ့ပါတယ်။
နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်းက ပစ်မှတ်ထားနေတာပါ။
ဘရူနိုဖာနန်ဒက်စ်က သူဟာ ယူနိုက်တက်အသင်းမှာ ဆက်ရှိချင်ပေမယ့် နွေရာသီမှာ ရောင်းချခံရနိုင်တယ်လို့ ဝန်ခံထားတာဖြစ်ပါတယ်။
MailOnline က အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို တစ်ပတ်လုပ်ခ ပေါင် ၇ သိန်း၊ လက်မှတ် ထိုးကြေးနဲ့ အပိုဆုကြေးတွေ အပါအဝင် တစ်ရာသီကို ပေါင် ၆၅ သန်းအထိ ရရှိမယ့် ၃ နှစ် စာချုပ် ကမ်းလှမ်းဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားတာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းကို ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီမှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ခေါ်ယူခဲ့ချိန်က ပေါင် ၄၇ သန်းသာ ပေးခဲ့ရတဲ့အတွက် ဒီအပြောင်းအရွှေ့ကို လက်ခံရင် အကျိုးအမြတ် အများအပြား ရရှိမှာပါ။

မန်ချက်စတာကလပ်ဟာ ဘရူနိုဖာနန်ဒက်စ်ကို ရောင်းချဖို့ စီစဉ်မထားပေမယ့် ဒီပြောင်းရွှေ့ကြေး ပမာဏကို ရရှိရင် အသင်းရဲ့လူစာရင်း အင်အားကို ပြန်ဖြည့်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရတဲ့အတွက် ဝင်ငွေ အများအပြား လျော့ပြီးရမှာဖြစ်လို့ ကစားသမား အများအပြားကို ရောင်းချဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့တဲ့အတွက် လက်မှတ်ရောင်းချမှု၊ ရုပ်သံဝင်ငွေ၊ စပွန်ဆာ အပိုဆုကြေးတွေကနေ ဝင်ငွေပေါင်သန်း ၁၀၀ ခန့်ဆုံးရှုံးသွားနိုင်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထား တဲ့အတွက် ဒီပြိုင်ပွဲမတိုင်မီမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 502
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၄
မန်စီးတီးအသင်း နည်းပြဂွာဒီယိုလာက ဒီရာသီကွင်းအတွင်းနဲ့ ကွင်းပြင်ပမှာ ရုန်းကန်ရမှုတွေရှိနေတဲ့ ကွင်းလယ်လူ ဖိုဒန်ကို သူ့ရဲ့ အကောင်းဆုံးပုံစံ ပြန်ဖြစ်အောင် ကူညီချင်တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ သူ့ကို ကူညီချင်ပါတယ်၊ ဒါက အရေးကြီးဆုံးပါပဲ။ သူဟာအနားယူဖို့တော့ လိုအပ် နေပေမယ့် တနင်္ဂနွေနေ့ ပွဲပြီးရင်တော့ ဒါကဖြစ်လာမှာပါ။ တဆင့်ပြီး တဆင့် သူပြန်လာမှာဖြစ်ပြီး ဒါကို ကျနော် တို့ လိုချင်ပါတယ်။ ကျနော်သူ့ကို ကူညီချင်ပါတယ်။ သူ့ရဲ့ကွင်းထဲက စွမ်းဆောင်ရည်ကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနော်သူ့ကို ကောင်းမွန်တဲ့ ခံစားချက်ကို ရရှိစေချင်ပြီး ကျန်တာတွေက လွယ်လွယ်ကူကူနဲ့ ရောက်ရှိလာမယ်”လို့ ပြောခဲ့တာပါ။
ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၄ ရာသီဆက် ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုတွေ အပါအဝင် တစ်ဦးချင်းဆုတွေ အများအပြား ရရှိခဲ့တာဖြစ်ပါတယ်။

ဖိုဒန်ကို တွေ့ရစဉ်
ဒါပေမယ့် ဖိုဒန်ဟာ ဒီရာသီမှာ ဒဏ်ရာတွေအပြင် စွမ်းဆောင်ရည်ပိုင်း ကျဆင်းပြီး ပြိုင်ပွဲစုံ ၁၀ ဂိုးသာ သွင်းယူ နိုင်ခဲ့တာပါ။
ဖိုဒန်ဟာ အင်္ဂလန်နဲ့ မန်စီးတီးအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၁၉ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ သူ့အတွက် ဆိုးရွားတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။
ဖိုဒန်ဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့အတွက် ဇွန်လထဲမှာ ယှဉ်ပြိုင်မယ့် နိုင်ငံတကာပွဲတွေ အတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဖိုဒန်ကို အနားယူချိန် လိုတယ်လို့ ပြောခဲ့ပေမယ့် နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းလူစာရင်းထဲမှာ ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဝိုင်ဒတ်၊ အယ်လ်အိန်း၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
မန်စီးတီးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ မော်ရိုကိုကလပ် ဝိုင်ဒတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 527
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၄
စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ဦးဆောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြပိုစတီကိုဂလူးက လာမယ့် ရာသီမှာ အသင်းကို ဆက်ပြီးကိုင်တွယ်ဖွယ်ရှိတယ်လို့ ဆုဖလားအောင်ပွဲခံ အခမ်းအနားမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ကျနော်တို့ဟာ ဂန္ထဝင် ဆွန်ဟောင်မင်၊ ရိုမဲရိုး၊ မက်ဒီဆန်၊ ဗီကာရီယိုတို့ရဲ့ ဦးဆောင်မှု၊ မယုံနိုင် စရာကောင်းတဲ့ လူအစုအဖွဲ့၊ ဝန်ထမ်းတွေ၊ သူရဲကောင်းတွေကြောင့် ဒီမှာရှိနေခဲ့တာပါ။ သူတို့တွေ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့တွေအားလုံးဟာ ခင်ဗျားတို့အတွက် လုပ်ခဲ့ပြီး ခင်ဗျားတို့အတွက် ထိုက်တန်သလို အသင်းအတွက်လည်း ထိုက်တန်ပါတယ်။ ခင်ဗျားတို့ကို ကျနော်တစ်ခု ပြောပြမယ်၊ အကောင်းဆုံး TV စီးရီးတွေ အားလုံးဟာ Season 2 ထက် Season 3 က ပိုပြီးကောင်းတယ်”လို့ ပရိသတ်တွေကို ပြောခဲ့တာပါ။
စပါးအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၇ နှစ်ကြာ ဆုဖလား လက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

စပါးအသင်း အောင်ပွဲခံနေကြစဉ်
ပိုစတီကိုဂလူးဟာ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ဦးဆောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး စပါးအသင်းအကြီးအကဲ လီဗိုင်းက သူ့ကို ထုတ်ပယ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။
ဒါပေမယ့် ပိုစတီကိုဂလူးဟာ စပါးအသင်းရဲ့ အောင်ပွဲအတွက် အမိုးဖွင့် ဘတ်စ်ကားနဲ့ လှည့်ပတ်အောင်ပွဲခံတဲ့ အခမ်းအနားမှာ အသင်းကို သူ့ရဲ့တတိယမြောက် ရာသီအဖြစ် ထပ်မံကိုင်တွယ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
စပါးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ ပေမယ့် ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ရလဒ်နဲ့ ရာသီအဆုံးသတ်ဖို့ ရှိနေတာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးဖို့ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗား၊ အိုင်းယက်စ်အသင်းနည်းပြဟောင်း ဖာရီအိုလီတို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပိုစတီကိုဂလူးဟာ အသင်းကို ဆုဖလားရရှိအောင် ကိုင်တွယ်ပေး နိုင်ခဲ့တဲ့ နည်းပြဖြစ်တဲ့အတွက် အသင်းမှာဆက်ရှိဖို့ ထိုက်တန်တယ်လို့ ပြောထားတာပါ။
စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲအဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 704
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၄
နာပိုလီအသင်းကို စီးရီးအေဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ တိုမီနေးဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား(Most Valuable Player)ဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုမီနေးဟာ သူ့ရဲ့ပွဲဦးထွက် ရာသီမှာ နာပိုလီအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦး ဖြစ်ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ်ရှိ တိုမီနေးဟာ ချန်ပီယံဆုအတွက် အင်တာမီလန်အသင်းနဲ့ အပြိုင် ယှဉ်ပြိုင်ခဲ့ရတဲ့ ကာဂလီယာရီအသင်းနဲ့ စီးရီးအေနောက်ဆုံးပွဲစဉ်မှာ နာပိုလီအသင်းအတွက် လှပတဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင် ခဲ့ပါတယ်။
ဒီပွဲမှာ နာပိုလီအသင်းဟာ ကာဂလီယာရီအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အင်တာမီလန်အသင်းကို ရမှတ် ၁ မှတ်အသာနဲ့ စီးရီးအေဖလားကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

နာပိုလီအသင်း အောင်ပွဲခံနေစဉ်
တိုမီနေးဟာ နာပိုလီအသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ကာ အသင်းကို ဆုဖလား ရရှိစေခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
နာပိုလီအသင်းနည်းပြ ကွန်တီက တိုမီနေးဟာ အလုပ်ကို ကြိုးစားတဲ့သူ ဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်နေပြီလို့ အခုလအစောပိုင်းက ချီးကျူးမှုပြုလုပ်ထားတာပါ။
ကွန်တီဟာ နာပိုလီအသင်းကို စီးရီးအေဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် ဒီရာသီစီးရီးအေ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ပါတယ်။
ကွန်တီအတွက်တော့ သူ့ရဲ့နည်းပြဘဝမှာ မတူညီတဲ့ စီးရီးအေကလပ်အသင်း ၃ သင်းနဲ့ ချန်ပီယံဆု ၅ ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။
ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ဆုဖလား ၃ ကြိမ်၊ အင်တာမီလန်၊ နာပိုလီအသင်းတို့နဲ့ ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စီးရီးအေ နောက်ဆုံးပွဲစဉ်ရဲ့ လက်ကျန်ပွဲတွေ မယှဉ်ပြိုင်ခင်မှာ ချန်ပီယံ နာပိုလီ၊ အင်တာမီလန်နဲ့ အတ္တလန်တာ အသင်းတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့ပြီး လက်ကျန် တစ်နေရာအတွက် ဂျူဗင်တပ်စ်၊ ရိုးမားနဲ့ လာဇီယိုအသင်း တို့ ယှဉ်ပြိုင်ရမှာပါ။
စီးရီးအေကနေ စီးရီးဘီကို တန်းဆင်းဖို့အတွက် မွန်ဇာတစ်သင်းတည်းသာ အဖြေထွက်ပေါ်သေးပြီး ကျန် ၂ နေရာ အတွက် နောက်ဆုံးပွဲစဉ်မှသာ အဖြေထွက်မှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 601
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဟန်ဒါဆန်နဲ့ ထရက်ဖို့ဒ်တို့ကို နေရာပေးဖို့ ရှိနေတာကြောင့် အဲဗာတန် အသင်းဂိုးသမား ပစ်ဖို့ဒ်ဟာ လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ဆုံးရှုံး ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။
The Telegraph က အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဂိုးသမားနေရာအတွက် အခြားရွေးချယ်စရာတွေကို ထည့်သွင်း စဉ်းစားနေတာကြောင့် ပစ်ဖို့ဒ်အတွက် နံပါတ်တစ်နေရာဟာ အန္တရာယ်ရှိနိုင်တယ်လို့ ဖော်ပြထား တာပါ။
တူချယ်လ်ဟာ ပဲလေ့စ်အသင်း ဂိုးသမား ဟန်ဒါဆန်နဲ့ ဘန်လေအသင်းဂိုးသမား ထရက်ဖို့ဒ်တို့ကို အင်္ဂလန် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာအတွက် သူတို့ကို သက်သေပြဖို့ အခွင့်အရေးပေးဖို့ ရှိနေတာဖြစ်ပါတယ်။
ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ ပဲလေ့စ်အသင်း ချန်ပီယံဖြစ်အောင် လက်စွမ်းပြသနိုင်ခဲ့သလို တစ်ရာသီလုံး အကောင်းဆုံးပုံစံတွေကို ပြသနေတာပါ။

အင်္ဂလန်ဂိုးသမားကိုတွေ့ရစဉ်
အဲဒါကြောင့် ဟန်ဒါဆန်ဟာ ပစ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး အင်္ဂလန်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာမယ့် သူအဖြစ် သတ်မှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။
ဘန်လေအသင်း ဂိုးသမား ထရက်ဖို့ဒ်ဟာ လာမယ့်ရာသီအသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်နိုင်အောင် လက်စွမ်းပြသနိုင်ခဲ့သလို အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ဥရောပချန်ပီယံရှစ် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာပါ။
၂၀၁၇ ခုနှစ်မှာ အင်္ဂလန်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ပစ်ဖို့ဒ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး လက်ရွေးစင်အသင်းရဲ့ ပွဲထွက်နေရာကို အခိုင်အမာ ရယူထားတာဖြစ်ပါတယ်။
ပစ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်အသင်းအတွက် ၇၅ ပွဲ ပါဝင်ကစားထားပြီး ဂျိုးဟတ်၊ ဒေးဗစ်ဆီးမန်းတို့နဲ့ ပွဲအရေအတွက်ချင်း တူညီနေတာပါ။
အင်္ဂလန်အသင်းဟာ ဇွန်လထဲမှာ အန်ဒိုရာအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပါတယ်။
နည်းပြတူချယ်လ်အနေနဲ့ ဒီပွဲတွေမှာ အင်္ဂလန်အသင်းရဲ့ ပွဲထွက် ဂိုးသမားစာရင်းကို အပြောင်းအလဲ ပြုလုပ် မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: goal
- By CNI
- Category: အားကစား
- Hits: 534
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ညာဟာ ဘာစီလိုနာအသင်းမှာ ၂၀၂၈ ခုနှစ် နွေရာသီအထိရှိမယ့် စာချုပ်သစ် ချုပ်ပြီးနောက် အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ကစားပြီး အနားယူဖို့ ဆန္ဒရှိနေပါတယ်။
ရာဖင်ညာက “ဒါက ကျနော့်အတွက် အလွန်ထူးခြားပြီး ဘာစီလိုနာ မိသားစုရဲ့ အစိတ်အပိုင်းအဖြစ် နောက်ထပ် တစ်နှစ် ထပ်ပြီးခံစားရတာက ကျနော့်ကို အလွန်ပျော်ရွှင်စေပါတယ်။ ကျနော့်ရဲ့အိပ်မက်က ကျနော့်ရဲ့ ကစားသမားဘဝ ကုန်ဆုံးတဲ့အချိန်ထိ ဒီမှာရှိနေဖို့ဆိုတာ မိသားစုကို ပြောခဲ့ပါတယ်။ ပြီးတော့ ကျနော်ဟာ အကောင်းဆုံးအဆင့်မှာ ဆက်ပြီးလုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ်”လို့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ပြောခဲ့တာပါ။
ရာဖင်ညာဟာ ဒီရာသီမှာ ဘာစီလိုနာအသင်း ပြည်တွင်းဖလား ၃ ခုဖြစ်တဲ့ လာလီဂါ၊ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ရာဖင်ညာဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားထားပြီး ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားတာပါ။

ရာဖင်ညာကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်က လိဒ်စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ရာဖင်ညာဟာ ဘာစီလိုနာအသင်း ကစားသမားဘဝ ပထမဆုံး ၂ ရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ရာဖင်ညာဟာ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ရောင်းချခံရဖို့ နီးစပ်ခဲ့ပေမယ့် နည်းပြဟန်ဆီဖလစ်က သူ့ကိုအသင်းမှာ ဆက်ထိန်းသိမ်းခဲ့တာပါ။
ဘရာဇီးလ်ကစားသမားရဲ့ ဒီရာသီမှာပြသနေတဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ ရာဖင်ညာကို ၂၀၂၈ ခုနှစ်အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။
ရာဖင်ညာဟာ ၂၀၂၅ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရရှိဖို့ ဘာစီလိုနာအသင်းဖော် ယာမဲလ်၊ PSG အသင်းက ဒမ်ဘီလီတို့နဲ့အတူ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 665
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
ယူနိုက်တက်အသင်းဟာ အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ရရင် နွေရာသီမှာ ရောင်းချသွားဖွယ်ရှိနေတယ်လို့ The Telegraph က ဖော်ပြထားပါတယ်။
ဂါနာချိုဟာ ယူနိုက်တက်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် အသင်းမှာ သူ့ရဲ့အနာဂတ် မရေမရာဖြစ်လာခဲ့တာပါ။
ဂါနာချို ကိုယ်တိုင်က ဗိုလ်လုပွဲမှာ မိနစ် ၂၀ ပဲ ကစားခွင့်ရတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ နွေရာသီကို ပျော်ရွှင်စွာ ဖြတ်သန်းဖို့ ကြိုးစားပြီးရင် ဘာတွေဖြစ်မလဲဆိုတာ ကြည့်တာပေါ့လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောထားခဲ့တာဖြစ်ပါတယ်။
ဂါနာချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီက ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့က စိတ်ဝင်စားခဲ့ကြပေမယ့် သူ့အတွက် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ခြင်းမရှိလို့ အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။
နာပိုလီအသင်းဟာ နွေရာသီမှာ တောင်ပံကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေပြီး ဂါနာချိုက သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဂါနာချိုကိုတွေ့ရစဉ်
The Telegraph က ယူနိုက်တက်အသင်းဟာ ဂါနာချိုအတွက် နွေရာသီမှာ ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ရရင် ရောင်းချဖို့ သဘောတူညီထားတယ်လို့ ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် မရတဲ့အတွက် ပြောင်းရွှေ့ကြေး အကန့်အသတ်နဲ့သာ ရရှိမှာဖြစ်လို့ နွေရာသီမှာ ကစားသမားအချို့ကို ရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေဖို့ ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ အန်တိုနီတို့ကို ရောင်းချပြီး ပေါင်သန်း ၁၀၀ ဝန်းကျင်ရရှိနိုင်ဖို့ မျှော်လင့်နေတာပါ။
ဂါနာချိုနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ နောက်ထပ် ၃ နှစ် ကျန်ရှိနေသေးပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 503
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
ရီးရယ်လ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ ကွင်းလယ်လူ မိုဒရစ်ဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အသင်းကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။
မိုဒရစ်က “ဒီလိုအချိန်မျိုးကို ဘယ်တော့မှ မရောက်ရှိချင်ခဲ့ပေမယ့် အခုရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ဘဝမှာ အရာအားလုံးက အစနဲ့အဆုံးရှိပါတယ်။ ရီးရယ်လ်အသင်းမှာ ကစားခဲ့တာက ဘောလုံး သမားတစ်ဦး အနေနဲ့ရော၊ လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ပါ ကျနော့်ရဲ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ သမိုင်း တစ်လျှောက် အကောင်းဆုံးကလပ်ရဲ့ အအောင်မြင်ဆုံး ခေတ်တွေထဲက တစ်ခုမှာ အစိတ်အပိုင်း ဖြစ်ခဲ့ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ထွက်ခွာမှာဖြစ်ပေမယ့် ကျနော်ဟာ အမြဲတမ်း အသင်းပရိသတ်ဖြစ်နေမှာပါ”လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်ဆိုရင် ကုန်ဆုံးမှာဖြစ်ပေမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ထွက်ခွာဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါ တယ်။
၂၀၁၂ ခုနှစ်ကတည်းက ရီးရယ်လ်အသင်းမှာရှိခဲ့တဲ့ မိုဒရစ်ဟာ မေလ ၂၄ ရက်မှာ ကစားမယ့် ဆိုစီဒက်အသင်းနဲ့ လာလီဂါ ရာသီပိတ်ပွဲစဉ်မှာ ရီးရယ်လ်အသင်း ကစားသမားဘဝ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် ပါဝင်ကစား သွားမှာဖြစ်ပါတယ်။

မိုဒရစ်ကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဒီပွဲစဉ်မှာ မိုဒရစ်ကို နှုတ်ဆက်ဂုဏ်ပြုမှုတွေ ပြုလုပ်သွားမှာပါ။
၂၀၁၈ ဘောလွန်းဒီအောဆုကို ရရှိခဲ့တဲ့ မိုဒရစ်ဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်၊ လာလီဂါဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၂၈ ခု ရယူနိုင်ခဲ့ပြီး အသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်း အကြီးအကဲ ပီရက်ဇ်က မိုဒရစ်ဟာ အသင်းနဲ့ အသင်းပရိသတ်တွေရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာဖြစ်သလို သူ့ရဲ့အမွေအနှစ်ဟာ အမြဲတမ်းရှင်သန်နေမယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၅၆ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူနိုင်တာ အပါအဝင် အသင်းအတွက် ကစားခဲ့တဲ့ ၁၃ ရာသီမှာ ပြိုင်ပွဲစုံ ၅၉၀ ပါဝင်ကစားပြီး ၄၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 621
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၂
ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ရီးရယ်လ်အသင်း တိုက်စစ်မှူး အန်းဒရစ်ဟာ နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ အန်းဒရစ် ပြန်လာနိုင်မယ့် အချိန်ကို သတ်မှတ်ထားခြင်း မရှိပေမယ့် စပိန်မီဒီယာတွေက ဘရာဇီးလ် ကစားသမားဟာ အနည်းဆုံး ၂ လကြာ အနားယူရနိုင်တယ်လို့ ဖော်ပြထားတာပါ။
အဲဒါကြောင့် အန်းဒရစ်ဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက် လွဲချော်သွားတာ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်မယ့် ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကိုလည်း ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။
ရီးရယ်လ်အသင်းဟာ ဗီနီစီးယက်စ်၊ ဗက်ဇ်ကွက်ဇ်၊ ကာဗာဂျဲလ်၊ မီလီတာအို၊ ကာမာဗင်ဂါ၊ ရူဒီဂါ၊ ဖာလန်းမန်ဒီနဲ့ အလာဘာတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရပြီး အခုဒဏ်ရာ ရစာရင်းထဲမှာ အန်းဒရစ်ကိုပါ ထပ်ပြီး ထည့်ခဲ့ရတာပါ။

အန်းဒရစ်ကိုတွေ့ရစဉ်
ရီးရယ်လ်အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘယ်လင်ဂမ်ဟာ ကာလရှည် ခံစားနေရတဲ့ ပခုံးဒဏ်ရာကို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခွဲစိတ်ကုသမှုခံယူဖို့ စီစဉ်ထားပါတယ်။
အဲဒါကြောင့် ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းရဲ့ လာမယ့်ရာသီအစ ပွဲစဉ်အချို့ကို လွဲချော်မှာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါ နောက်ဆုံးပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်း နည်းပြဘဝ နောက်ဆုံးပွဲစဉ်အဖြစ် တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင် ရက်ပိုင်းအတွင်းမှာ တရားဝင် ကြေညာသွားဖို့ ရှိနေတာပါ။
ရီးရယ်လ်အသင်းဟာ ဇွန်လထဲမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source:CNA
