CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့ပေမယ့် အသင်းဟာ ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြသ နိုင်ခဲ့တယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပေမယ့် အဆုံးသတ်မှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ ကစားသမားတွေ ကွင်းထဲမှာ လုပ်ဆောင်ခဲ့တဲ့ အလုပ်အတွက် ကျနော်ဂုဏ်ယူမိပြီး ဒါကို ရှေ့ဆက်နိုင်ဖို့ အရေးကြီးပါတယ်။ ကျနော် တို့ဟာ ပရီးမီးယားလိဂ်မှာ ဘယ်ပွဲကိုမဆို အနိုင်ရယူနိုင်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ဒီလိုမျိုး လုပ်ဆောင်နိုင်တယ်ဆိုတာလည်း ဒီပွဲမှာ သက်သေပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ မနှစ်ကထက် ပိုမို ကောင်း မွန်လာခဲ့ပြီး ကွန်ညာနဲ့ အမ်ဘူမိုတို့က အသင်းကို အများကြီး အကူအညီပေးနိုင်ခဲ့တယ်”လို့ ပွဲအပြီးအင်တာဗျူး မှာ ပြောခဲ့တာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ယူနိုက်တက်အသင်း ဂိုးသမား ဘယင်ဒါရဲ့ အမှားကနေ နောက်ခံလူ ကာလာဖီအိုရီက သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့ပေမယ့် အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ်ရာယာ လက်စွမ်းပြသ နိုင်ခဲ့တာကြောင့် သွင်းဂိုး မရရှိခဲ့တာပါ။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
အဲဒါကြောင့်လည်း ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ်ကို ရှုံးပွဲနဲ့စတင်ခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နည်းပြ အာမိုရင်ဟာ ဂိုးသမား ဘယင်ဒါကို ကာကွယ်ခဲ့ပြီး အပြောင်းအရွှေ့ မပိတ်မီ ဂိုးသမားသစ် ခေါ်ယူဖို့လိုတယ်ဆိုတဲ့ ထင်ကြေးတွေကို ပယ်ချခဲ့တာပါ။
ဒါအပြင် အာမိုရင်က ယူနိုက်တက်အသင်းဟာ တိုးတက်မှုရှိလာခဲ့ပြီး ပရီးမီးယားလိဂ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်း နည်းပြ အာတီတာက သူတို့ဟာ ယူနိုက်တက်အသင်းကို အနိုင်ရခဲ့ပေမယ့် မပျော်ရွှင်နိုင်ခဲ့ တာက ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းနဲ့ အဝေးကွင်း၊ အာဆင်နယ် အသင်းက အိမ်ကွင်းမှာ လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
Source: CNA