CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
အာဂျင်တီးနားအသင်း နည်းပြ စကာလိုနီဟာ စက်တင်ဘာလထဲ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲတွေအတွက် ပဏာမလူစာရင်း ထုတ်ပြန်ခဲ့တာမှာ အသင်းခေါင်းဆောင် မက်ဆီ ပါဝင်ခဲ့ပါတယ်။
ကစားသမား ၃၁ ဦးပါဝင်တဲ့ အာဂျင်တီးနား ပဏာမလူစာရင်းမှာ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ ရီးရယ်လ် အသင်းက မာစတန်တူအိုနို၊ မန်စီးတီးအသင်းက အီချီဗာရီ၊ ဘုန်းမောက်အသင်းက ဆိုလာ၊ ပါလ်မီးရပ်စ်အသင်းက လိုပက်ဇ်တို့လည်း ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း မရှိတော့တဲ့ ဂါနာချိုကတော့ အာဂျင်တီးနားအသင်းရဲ့ ပဏာမ လူစာရင်းထဲမှာ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရရှိဖို့ ခြေစစ်ပွဲ အောင်မြင်ထားပါ တယ်။
ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ မက်ဆီဟာ LA ဂလက်ဇီ အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ပြန်ပါဝင်နိုင်ခဲ့ပြီး ၁ ဂိုးသွင်းယူခဲ့သလို ဆွာရက်ဇ်ရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။
အာဂျင်တီးနားအသင်း လူစာရင်းကိုတွေ့ရစဉ်
အင်တာမိုင်ယာမီအသင်း နည်းပြ မာရှေယာနိုက မက်ဆီဟာ အပြည့်အဝ ကောင်းမွန်မှု မရှိသေးဘူးလို့ ပြောထားပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ မကြာခဏ ဆိုသလို ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အာဂျင်တီးနားအသင်းရဲ့ ပြီးခဲ့တဲ့ ခြေစစ်ပွဲတွေမှာလည်း မိနစ်အကန့်အသတ်နဲ့သာ ပါဝင်ကစားခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ လာမယ့်ခြေစစ်ပွဲတွေမှာလည်း မက်ဆီကို ပွဲချိန်မိနစ် အနည်းငယ်သာ အသုံးပြုပြီး လူငယ်ကစားသမားတွေကို နေရာပေးသွားဖို့ ရှိနေတာပါ။
အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲတွေအဖြစ် စက်တင်ဘာ ၄ ရက်မှာ ဗင်နီဇွဲလားအသင်းကို အိမ်ကွင်း၊ စက်တင်ဘာ ၉ ရက်မှာ အီကွေဒေါအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN