CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂

ယူနိုက်တက်အသင်း တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ စီးရီးအေချန်ပီယံ နာပိုလီအသင်းထံ ရာသီကုန်အထိ အငှား စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး တောင်ပံကစားသမား အန်တိုနီဟာ ဘက်တစ်အသင်းထံ ပေါင် ၂၁.၆၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဟော့ဂျ်လန်းရဲ့ အငှားစာချုပ်ထဲမှာ နာပိုလီအသင်းဟာ သူ့ကိုလာမယ့် နွေရာသီမှာ ပေါင် ၃၈ သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် အချက် ပါဝင်တာပါ။

ဘရာဇီးလ်တောင်ပံ ကစားသမားဟာ အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ အငှားကစားချိန် ခြေစွမ်း ပြသ နိုင်ခဲ့တာကြောင့် ဘက်တစ်အသင်းက သူ့ကို ၅ နှစ် စာချုပ်နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဘက်တစ်အသင်းဟာ အန်တိုနီကို ပြန်လည် ရောင်းချခဲ့ရင် ရရှိမယ့် ပြောင်းရွှေ့ကြေးထဲက အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို ယူနိုက်တက်အသင်းထံ ပေးချေရမယ့် အချက်လည်း ပါဝင်နေတာပါ။ 

အန်တိုနီကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ အန်တိုနီကို ၂၀၂၂ ခုနှစ်နွေရာသီမှာ အေဂျက်စ်အသင်းကနေ ခေါ်ယူခဲ့ချိန်က ပေါင် ၈၁ သန်းကျော်အထိ ကုန်ကျခဲ့ပေမယ့် အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အန်တိုနီဟာ ယူနိုက်တက်အသင်းရဲ့ ဈေးအကြီးဆုံး ကစားသမား ခေါ်ယူမှု စာရင်းမှာ နံပါတ် ၂ နေရာ ရပ်တည် နေပေမယ့် ခြေစွမ်းအပေါ် ဝေဖန်မှု အများအပြား ခံခဲ့ရပြီး အသင်းကြီးနဲ့ အဝေးမှာ သီးခြား လေ့ကျင့်မှုတွေ ပြုလုပ် ခဲ့ရပါတယ်။ 

အန်တိုနီအတွက် ယူနိုက်တက်အသင်းနဲ့ ဘက်တစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ဖို့ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ သဘောတူညီမှု ရရှိခဲ့တာပါ။ 

၂၀၂၃ ခုနှစ်က အတ္တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေဖို့ ဆန္ဒ္ဒရှိခဲ့ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဆက်စ်ကို၊ ကွန်ညာနဲ့ အမ်ဘူမိုတို့ကို ခေါ်ယူပြီး အသင်းရဲ့တိုက်စစ်ကို အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲစုံ ၄ ပွဲစလုံးမှာ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

အဲဒါကြောင့် ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့ပြီး နာပိုလီအသင်းထံ ပြောင်းရွှေ့ကာ စီးရီးအေပြိုင်ပွဲထံ ပြန်လာခဲ့တာဖြစ်ပါတယ်။ 

Source: BBC