CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁

ချီကာဂိုအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ LAFC အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ဆွန်ဟောင်မင်က သွင်းဂိုးတွေ အမြန်ဆုံးသွင်းယူနိုင်ဖို့ မျှော်လင့်တယ်လို့ Apple TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ဆွန်ဟောင်မင်က “ကျနော့်ရဲ့ ပွဲဦးထွက်အတွက် ပျော်ရွှင်ပြီး သွင်းဂိုးတွေ အမြန်ဆုံး သွင်းယူနိုင်ဖို့ ကျနော် မျှော် လင့်ပါတယ်။ လာမယ့် အပတ်အတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပြီး ကျနော့်ရဲ့ တိုးတက်မှု တွေကို မြင်တွေ့ရမှာပါ။ လာမယ့်ပွဲမှာ ကျနော်ပွဲထွက် လူစာရင်း ပါဝင်နိုင်ပြီး ကြီးမားတဲ့ သက်ရောက်မှုဖြစ်တာကို မြင်တွေ့ ရမလားဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောခဲ့တာပါ။ 

၁၀ နှစ်ကြာ ကစားခဲ့တဲ့ စပါးအသင်းကနေ ထွက်ခွာပြီး LAFC အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ချီကာဂိုအသင်းနဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အသင်းအတွက် လူစားလဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ကို တွေ့ရစဉ်

ဆွန်ဟောင်မင်ဟာ ချီကာဂိုအသင်း နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပြီး သူ့ကြောင့် ရရှိတဲ့ ပင်နယ်တီကနေ LAFC အသင်း ဒုတိယမြောက် ချေပဂိုးရရှိခဲ့တာပါ။

ဆွန်ဟောင်မင်ကတော့ ပွဲဦးထွက်အတွက် ပျော်ရွှင်ပေမယ့် နိုင်ပွဲမရတဲ့အပေါ်  အနည်းငယ် စိတ်ပျက်မိတယ်လို့ လည်း ပြောခဲ့ပါတယ်။ 

LAFC အသင်းနဲ့ ၂၀၂၇ ရာသီကုန်အထိ စာချုပ်ချုပ်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ လာမယ့် နယူးအင်္ဂလန် ရီဗော်လူးရှင်း အသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုင်တာပါ။

LAFC အသင်းဟာ ချီကာဂိုအသင်းနဲ့ သရေရလဒ်ကြောင့် မေဂျာလိဂ် အနောက်ပိုင်းဇုန် အမှတ်ပေးဇယားရဲ့အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဆန်ဒီယေဂိုအသင်းထက် ၃ ပွဲလျော့ကစားကာ ၁၀ မှတ် ကွာဟ နေတာ ဖြစ်ပါတယ်။ 

Source: Goal