- By CNI
- Category: အားကစား
- Hits: 444
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
လီဗာပူးလ်အသင်းဟာ PSG အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် နည်းပြအာနီဆလော့က PSG အသင်းကို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
အာနီဆလော့က “PSG က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်း မဟုတ်ပါဘူး။ ရေပန်းစားတဲ့ အသင်းတွေကို ကျနော် မပြောချင်ပါဘူး။ PSG က အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပေမယ့် ပြိုင်ပွဲမှာ အသင်းကောင်းတွေ အများကြီး ရှိနေပါသေးတယ်။ ပုံမှန်ဆိုရင် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဒီအသင်းတွေနဲ့ တွေ့ရမှာဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ PSG အသင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းက လီဗာပူးလ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။
အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပီအက်စ်ဂျီအသင်းက ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲကနေ စောစီး စွာ ထွက်ခွာခဲ့ရပြီး PSG အသင်းက ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ PSG အသင်းကို ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာ အဆင့်သတ်မှတ်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။
ဒါအပြင် ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့က ဒီပွဲဟာ သူပါဝင်ခဲ့ဖူးသမျှ ဘောလုံးပွဲတွေထဲမှာ အကောင်းဆုံးပွဲ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က ၂ သင်းစလုံးဟာ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ ထိုက်တန်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလား ရယူနိုင်ဖို့ ရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ မတ်လ ၁၆ ရက်မှာ ကာရာဘောင်းလိဂ် ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 487
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁
လာမယ့်နွေရာသီမှာ တိုက်စစ်မှူးခေါ်ယူပြီး တိုက်စစ် အခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့ အာဆင်နယ် အသင်းဟာ ဖရန့်ဖတ်အသင်း တိုက်စစ်မှူး ဟူဂို အီကီတီကီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
Sky Sports သတင်းထောက် ဆာချာက ဟူဂို အီကီတီကီကို ခေါ်ယူဖို့ အာဆင်နယ်အသင်းရဲ့ စိတ်ဝင်စားမှုကို ဖော်ပြခဲ့ပေမယ့် နယူးကာဆယ်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ထားတာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဟူဂို အီကီတီကီဟာ လာမယ့်နွေရာသီမှာ ဖရန့်ဖတ်အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပြီး ဂျာမန်ကလပ်ဟာ သူ့အတွက် ယူရိုသန်း ၈၀ တန်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဟူဂို အီကီတီကီဟာ ဒီရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ၃၅ ပွဲ ကစားထားပြီး ၁၈ ဂိုးသွင်း ယူထားတာပါ။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ထပ်ပြီး လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် လာမယ့်ရာသီအတွက် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဟူဂို အီကီတီကီကိုကို တွေ့ရစဉ်
ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဟာဗက်ဇ်တို့ဟာ ရာသီအကုန်ထိ အနားယူ ရမယ့် ဒဏ်ရာရရှိထားပြီး အဓိက တောင်ပံကစားသမား ဆာကာကိုလည်း ကာလရှည်ကြာ အနားပေးထား ရပါတယ်။
အဲဒါကြောင့် အရပ် ၆ ပေ ၃ လက်မရှိတဲ့ ဟူဂို အီကီတီကိုခေါ်ယူပြီး သူတို့ရဲ့ တိုက်စစ် အခက်အခဲတွေကို ဖြေရှင်းဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတာပါ။
ဒါပေမယ့် ဖရန့်ဖတ်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို အာဆင်နယ်အသင်းဘက်က ပေးဖို့တော့ မသေချာပါဘူး။
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်း တိုက်စစ်မှူး ယိုကီရက်စ်၊ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို,ကိုလည်း ခေါ်ယူမယ့် တိုက်စစ်မှူး စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာဆုဖလား မျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အာရုံစိုက်နေပြီး PSV အသင်းနဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့ပွဲစဉ်က PSV အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 696
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
နယူးကာဆယ်အသင်းက ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ အသင်း ခေါင်းဆောင် ဘရူနိုဂွီမာရေ့စ်က ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲမတိုင်ခင် လီဗာပူးလ်အသင်းကို သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
ဘရူနိုဂွီမာရေ့စ်က “ကျနော်တို့ လီဗာပူးလ်အသင်းကို အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ဒါက ဗိုလ်လုပွဲဖြစ်ပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့ဟာ ပရိသတ်တွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကို ပြုလုပ်နိုင်ပါတယ်။ ကျနော်တို့ဟာ ကလပ်သမိုင်းကြောင်းကို ဖန်တီးချင်တဲ့အတွက် ဒါက ကျနော်တို့အတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲ လိုပါပဲ။ ကျနော်တို့ဟာ ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်ပြီး ဝက်စ်ဟမ်းအသင်းနဲ့ ပွဲက နိုင်ပွဲဟာ ဗိုလ်လုပွဲ မတိုင်ခင် ယုံကြည်မှုတွေပြန်ရဖို့ ကောင်းမွန်တဲ့ နိုင်ပွဲဖြစ်ခဲ့တယ်”လို့ Sky Sports ကိုပြောခဲ့တာပါ။
ဘရူနိုဂွီမာရေ့စ်ဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နယူးကာဆယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းအသင်း ယှဉ်ပြိုင်နေစဉ်
နယူးကာဆယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာကို တက်နိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာပါ။
နယူးကာဆယ်အသင်းဟာ အခုလာမယ့်ပွဲအဖြစ် လီဗာပူးလ်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်က FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီးနောက်ပိုင်း အဓိကဆုဖလား တွေနဲ့ ဝေးကွာနေခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ ၂၀၂၂-၂၃ ရာသီက ကာရာဘောင်းလိဂ် ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားရယူနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရပါတယ်။
အဲဒါကြောင့် ဘရူနိုဂွီမာရေ့စ်က အခုတစ်ကြိမ် ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ် ဖလားဗိုလ်လုပွဲမှာ လီဗာပူးလ် အသင်းကို အနိုင်ယူပြီး နယူးကာဆယ်အသင်းအတွက် ချန်ပီယံဆုရယူပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ကာရာဘောင်းလိဂ် ဖလားဗိုလ်လုပွဲအတွက် ပွဲထွက်ဂိုးသမား နေရာကို အခုအချိန်မှာ မဆုံးဖြတ်ရသေးကြောင်းနဲ့ ဒီပွဲအတွက် အားလုံး အဆင်သင့်ဖြစ်နေဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 505
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အီရန် ကလပ် အက်စတီဂေါလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပထမအကျော့တုန်းက ဂိုးမရှိ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-ဂိုးမရှိနဲ့ အယ်လ်နာဆာ အသင်း အနိုင်ရရှိပြီး အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
အယ်လ်နာဆာအသင်းအတွက် ဂိုးတွေကို ဒူရမ်က ၂ ဂိုးနဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာရှချန်ပီယံလိဂ်ပြိုင်ပွဲဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်း ရယူနိုင်တဲ့ တစ်လုံးတည်းသော ဆုဖလား မျှော်လင့်ချက် ဖြစ်တာကြောင့် အယ်လ်နာဆာအသင်းဟာ ဒီပြိုင်ပွဲအပေါ် ပိုပြီးအာရုံစိုက်နေခဲ့တာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
အယ်လ်နာဆာအသင်း တောင်ပံကစားသမား မာနေးက “ကျနော်တို့ ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ဟာ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပြီး ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါက ကျနော် တို့နဲ့ ထိုက်တန်တဲ့ရလဒ်ပါ။ ကျနော်တို့ ပေးဂိုးမပေးရတဲ့ နိုင်ပွဲရယူနိုင်ခဲ့ပြီး ဒီထက်ပိုမမျှော်လင့်ထားပါဘူး”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက် ၁ ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၇ ဂိုး သွင်းယူထားပြီး ဂိုးသွင်း အများဆုံး ထိပ်ဆုံးစာရင်းထဲမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပွဲအပြီး သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ “ကွာတားဖိုင်နယ်ဆီ၊ ကျနော်တို့လာပြီ”လို့ ရေးသားထား တာပါ။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားထားပြီး ၂၇ ဂိုး သွင်းယူထားပါတယ်။
ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်နာဆာအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အယ်လ်ခိုလွတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 503
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁
ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က အသင်းရဲ့ ကစားသမားအချို့ဟာ လုံလောက်အောင် ကောင်းမွန်မှု မရှိသလို အချို့ကို ပိုပြီးပေးခဲ့ရတယ်လို့ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်က “ကျနော်တို့ အန်တိုနီ၊ ကတ်စီမီရို၊ အိုနာနာ၊ ဟော့ဂျ်လန်းနဲ့ ဆန်ချိုတို့ကို ဝယ်ယူခဲ့ပါ တယ်။ ဒီဝယ်ယူမှုတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေပါ။ ဆန်ချို ဆိုရင် ချယ်လ်ဆီးမှာ ကစားနေပေမယ့် ကျနော်တို့ဟာ သူ့ရဲ့လုပ်ခတစ်ဝက်ကို ပေးချေနေရပါတယ်။ နွေရာသီမှာ သူ့ကိုဝယ်ဖို့ ကျနော်တို့ဟာ ပေါင် ၁၇ သန်း ပေးချေနေရပါတယ်။ ကစားသမားအချို့ဟာ လုံလောက်အောင် ကောင်းမွန်မှု မရှိသလို အချို့ဆိုရင် ပိုပြီးပေးခဲ့ရပါတယ်။ ကျနော်တို့ဟာ အသင်းကို ပုံသွင်းနိုင်ဖို့အတွက် အချိန် ယူရပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်း၊ အန်တိုနီအတွက် ပေါင် ၈၁ သန်း၊ ကတ်စီမီရိုအတွက် ပေါင်သန်း ၇၀၊ ဟော့ဂျ်လန်းအတွက် ပေါင် ၇၂ သန်း၊ အိုနာနာအတွက် ပေါင် ၄၇ သန်းသုံးစွဲပြီး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ဆန်ချိုကို ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ချယ်လ်ဆီး အသင်းထံ အငှားချခဲ့ပြီး အန်တိုနီကို ဘက်တစ်အသင်းထံ အငှားချခဲ့တာပါ။
ဆာဂျင်ရက်ကလစ်ဖ် မရောက်လာခင်မှာ ဝယ်ယူခဲ့တဲ့ ဒီကစားသမားတွေ အားလုံးဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်က ယူနိုက်တက်အသင်းမှာ ဘရူနိုဖာနန်ဒက်စ်လို ကောင်းမွန်တဲ့ ကစားသမားအချို့ ရှိတယ်လို့လည်း ပြောခဲ့တာပါ။
ဒါအပြင် ဆာဂျင်ရက်ကလစ်ဖ်က ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ အသင်းမှာ အချိန်အကြာကြီး ရှိမယ်လို့ ထင်ကြောင်းလည်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ဟာ ကလပ်ရဲ့ရှယ်ယာ ၂၈.၉၄ ရာခိုင်နှုန်း အတွက် ပေါင် ၁.၃ ဘီလီယံ သုံးစွဲခဲ့ပြီးနောက် သူ့ရဲ့ INEOS ဟာ ကလပ်ရဲ့ ဘောလုံးလည်ပတ်မှုတွေကို ထိန်းချုပ်ခဲ့တာပါ။
ဆာဂျင်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ဝန်ထမ်း အများအပြား လျှော့ချတာတွေ အပါအဝင် အသုံးစရိတ်တွေကို ကန့်သတ်နေတာကြောင့် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။
ထောင်နဲ့ချီတဲ့ ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲမတိုင်ခင်က အသင်း ပိုင်ရှင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
Source:CNA
- By CNI
- Category: အားကစား
- Hits: 509
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀
အတ္တလန်တာအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံး နေရာက အင်တာမီလန်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာကြောင့် နည်းပြ ဂတ်စ်ပါရီနီက အသင်းအနေနဲ့ စီးရီးအေဖလား ရယူနိုင်မယ့် ယုံကြည်မှုရှိရမယ်လို့ ပြောခဲ့ပါတယ်။
ဂတ်စ်ပါရီနီက “ကျနော်တို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ မရပ်တန့်စေရပါဘူး။ မဖြစ်နိုင်ဘူးလို့ ပြော နိုင်ပေမယ့် လုံလောက်တဲ့ ယုံကြည်မှုရှိရင် အရာအားလုံးက ဖြစ်နိုင်ပါတယ်။ အင်တာနဲ့ နာပိုလီအသင်းတို့ဟာ အလွန်ကောင်းတဲ့ အသင်းတွေဆိုတာ ကျနော်တို့ သိပါတယ်။ အင်တာမီလန်နဲ့ပွဲမှာ ကျနော်တို့ရလဒ်တွေ ဆိုးခဲ့ပေ မယ့် ဒါကလည်း အချက်ပြမှု ဖြစ်နိုင်ပါတယ်။ ကျနော်တို့ဟာ ရာသီရဲ့ဒီအဆင့်မှာ ထိပ်ဆုံးနေရာနားကို ဘယ်တုန်း ကမှ မရောက်ဖူးတဲ့အတွက် ဘာတွေ ဖြစ်မလာဆိုတာကို ဘယ်တော့မှမသိဘူး”လို့ ပြောခဲ့တာပါ။

အတ္တလန်တာအသင်းကို တွေ့ရစဉ်
အတ္တလန်တာအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ စီးရီးအေ ၅ ပွဲဆက် နိုင်ပွဲရရှိတာကို ရပ်တန့်ခဲ့ပြီးနောက် အဆင့် ၁ နေရာက အင်တာမီလန်အသင်းနဲ့ ၃ မှတ်၊ အဆင့် ၂ နေရာက နာပိုလီအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အတ္တလန်တာအသင်းဟာ လာမယ့် စီးရီးအေပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် စီးရီးအေ ထိပ်ဆုံးနေရာကို တက်နိုင်မယ့် အခွင့်အရေးကောင်းတွေ ရရှိမှာပါ။
အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လွတ်ခ်မန်းကို ချီးကျူးခဲ့ပါတယ်။
ဂတ်စ်ပါရီနီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ လွတ်ခ်မန်းကို အဆိုးရွားပင်နယ်တီ ကန်သွင်းတဲ့ သူတွေထဲက တစ်ဦးလို့ ဝေဖန်ခဲ့တာပါ။
လွတ်ခ်မန်းဟာ ဒီရာသီမှာ အတ္တလန်တာအသင်းအတွက် ၃၁ ပွဲ ကစားထားပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ အတ္တလန်တာအသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် စီးရီးအေဖလားသာ ရှိတော့တာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 627
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀
တံကောက်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအစောပိုင်းကတည်းက အနားယူနေခဲ့ရတဲ့ ဆာကာဟာ ဒီလထဲကစားမယ့် နိုင်ငံတကာပွဲတွေအပြီးမှာ အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။
ဒဏ်ရာကို ခွဲစိတ်မှုခံယူခဲ့ရတဲ့ ဆာကာဟာ ကြံ့ခိုင်မှုပိုင်း ပြန်လည်ကောင်းမွန်လာတဲ့အတွက် ဒီလမကုန်ခင်မှာ အာဆင်နယ်အသင်းအတွက် ပြန်ကစားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ PSV အသင်းနဲ့ ချန်ပီယံလိဂ်၊ ၁၆ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲတွေ ပြီးရင် နိုင်ငံတကာပွဲတွေဝင်ရောက်မှာဖြစ်လို့ ဧပြီ ၁ ရက်မှ ပွဲတွေပြန်ကစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ပွဲအပြီး ဆာကာရဲ့ကြံ့ခိုင်မှုပိုင်းအခြေအနေကို မေးမြန်းခဲ့ချိန်မှာ နည်းပြအာတီတာက “နိုင်ငံတကာပွဲတွေပြီးရင် သူဘယ်လိုအခြေအနေရှိလဲဆိုတာ ကြည့်ကြတာပေါ့။
သူ့ရဲ့တိုးတက်မှုက အလွန် ကောင်းပါတယ်။ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း သူပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီး ကျနော်တို့ ဒါကို အပြုသဘောဆောင်ပါတယ်”လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ အသင်းရဲ့တိုက်စစ်ပိုင်း အခက်အခဲတွေကြောင့် ဆာကာ အမြန်ဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ PSV အသင်းကို ၇ ဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ဂိုးသာသွင်းယူ နိုင်ခဲ့တာ ပါ။
လန်ဒန်ကလပ်ဟာ ဆာကာအပြင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဟာဗက်ဇ်တို့ကို အနား ပေးထားရပြီး မာတင်နယ်လီကတော့ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ လူစားဝင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ၂၄ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူထားတဲ့ ဆာကာအနေနဲ့ အရာအားလုံး အဆင်ပြေရင် ဧပြီ ၁ ရက်မှာ ကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါဝင်လာနိုင်တာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 587
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀
ချယ်လ်ဆီးအသင်းက လက်စတာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ဒီပွဲမတိုင်ခင်မှာ ဖျားနာတာနဲ့ ဝမ်းလျှောမှုတွေကြောင့် လေ့ကျင့်ခန်းဆင်းခဲ့ခြင်းမရှိဘူးလို့ နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကိုးလ်ဟာ ဒီပွဲမတိုင်ခင် လေ့ကျင့်ခန်း ဆင်းခဲ့ခြင်းမရှိဘဲ နေမကောင်းဖြစ်နေခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ဖျားနာတာနဲ့ ဝမ်းလျှောမှုတွေကြောင့် လေ့ကျင့်ခန်း မဆင်းနိုင်တာပါ။ ဒီပွဲမတိုင်ခင် သူနိုးလာပြီး အသင်းကို ကူညီချင်တယ်၊ဒီကလပ်ကို ချန်ပီယံလိဂ် ကစားစေချင်တဲ့အတွက် ကွင်းထဲမှာရှိချင်တယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေက ချယ်လ်ဆီးအသင်းကို ထိပ်တန်းအဆင့် ပြန်ပို့ပေးချင်တယ်ဆိုတာကို ပြသတယ်”လို့ ပြောခဲ့တာပါ။
ကိုးလ်ပါလ်မာဟာ ဒီပွဲမှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် လက်စတာအသင်း ဂိုးသမား ဟာမန်ဆန် ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီရာနှုန်းပြည့် ဂိုးဝင်တဲ့ မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းတဲ့ စံချိန်ကိုရရှိထားပြီး လက်စတာအသင်းနဲ့ပွဲမတိုင်ခင် ကန်သွင်းခဲ့တဲ့ ၁၂ ကြိမ်စလုံး ဂိုးဝင်ခဲ့တာပါ။
ဒါပေမယ့် လက်စတာအသင်းနဲ့ပွဲမှာတော့ သူ့ရဲ့စံချိန်ကောင်း အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲစလုံး ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပြီး အခွင့်အရေးအများအပြားကိုလည်း လွဲချော်နေခဲ့တာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ ကိုးလ်ပါလ်မာ ဂိုးပေါက်ပျောက်ဆုံးနေတာကို စိုးရိမ်မှုမရှိဘဲ မကြာခင်မှာ သွင်းဂိုးတွေပြန်လည် ရရှိနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ၃၂ ပွဲ ကစားထားပြီး ၁၄ ဂိုးသွင်းယူထားတာပါ။
ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာကို ပြန်တက်နိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ ကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် ကိုပင်ဟေဂင်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့က ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 644
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀
အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၁၅ မှတ်ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက သူတို့ရဲ့ဆုဖလားအခွင့်အရေး ပြီးဆုံးသွားပြီလို့ မပြောချင်ကြောင်း ပြောခဲ့ပါတယ်။
အာတီတာက “ဆုဖလားအတွက် ပြီးဆုံးသွားပြီလားဆိုတာကို ကျနော် မပြောချင်ပါဘူး။ ကျနော်တို့ အနိုင်မရရှိခဲ့တာက စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျနော်တို့ဟာ ဆုဖလားရရှိဖို့ အခွင့်အရေး ရရှိချင်တယ်ဆိုရင် ပွဲတိုင်းကို အနိုင်ရယူဖို့ တာဝန်ရှိပါတယ်။ အခုအချိန်မှာ ဒီအကြောင်းကိုပြောဖို့ အချိန်မတန်သေးဘူးလို့ထင်ကြောင်း”ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးနဲ့ ယူနိုက်တက်အသင်းရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ဒီကလန်ရိုက်စ်က ချေပဂိုးပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂ သင်းစလုံးဟာ ပွဲပြီးခါနီးမှာ အနိုင်ဂိုး ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ၁ ဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီရလဒ်ကြောင့် အမှတ်ပေးဇယားအဆင့် ၁ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲလျော့ကစားထားပြီး ရမှတ် ၁၅ မှတ်အထိကွာဟသွားခဲ့တာဖြစ်ပါတယ်။

အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေကစားဖို့ ၁၀ ပွဲသာ ကျန်ရှိတော့တာကြောင့် ဆုဖလားကို လက်လွှတ်ရဖို့ သေချာသလောက်ရှိသွားပြီလို့ သုံးသပ်မှုတွေရှိနေတာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ဆုဖလားကို လက်လွှတ်ဖို့ ငြင်းဆန်ထားတာဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တဲ့ ဒီကလန်ရိုက်စ်ကလည်း သူတို့ဟာ ရာသီကုန်တဲ့အထိ လီဗာပူးလ်အသင်းကို ဆက်ပြီး တွန်းအားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟမှုများပြားနေတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် ပိုပြီးအာရုံစိုက်လာဖို့ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် PSV အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်က ၇ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 735
CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၈
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲမှာ တိုက်စစ်မှူးအစ်ဆက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
အက်ဒီဟိုဝီက “အစ်ဆက်က နေ့တိုင်း လေ့ကျင့်မှုပြုလုပ်နေပြီး ကောင်းမွန်နေပါတယ်။ ဝက်စ်ဟမ်း၊ လီဗာပူးလ် အသင်းတို့ နဲ့ပွဲတွေမှာ အစ်ဆက် ပါဝင်နိုင်ပါတယ်။ သူသာ ကြံ့ခိုင်မှု ပြည့်ဝနေရင် ကစားရမှာပါ။ ဒါက အနာဂတ် ပွဲတွေအတွက် သူ့ကို အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ အခြေအနေရရှိဖို့ အကောင်းဆုံးနည်းလမ်းပါ”လို့ ပြောခဲ့တာပါ။
အစ်ဆက်ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ FA ဖလားပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပေမယ့် နည်းပြအက်ဒီဟိုဝီက ဒဏ်ရာ စိုးရိမ်မှုတွေကို ဖယ်ရှားခဲ့ပါတယ်။
လိဂ်ဖလား ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အဓိကဆုဖလားနဲ့ ဥရောပဝင်ခွင့်ရဖို့ တွန်းအားပေးနေတဲ့ နယူးကာဆယ်အသင်းအတွက် အစ်ဆက်သာ ပါဝင်နိုင်ရင် တိုက်စစ်ပိုင်းကို ပိုပြီးအားကောင်းစေမှာပါ။

နယူးကာဆယ်အသင်းကို တွေ့ရစဉ်
နယူးကာဆယ်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ တောင်ပံကစားသမား ဂေါ်ဒွန်ကို ပွဲပယ်ကြောင့် လက်လွှတ် ရမှာဖြစ်သလို နောက်ခံလူတွေဖြစ်တဲ့ ဟောလ်နဲ့ ဘော့ဒ်မန်းတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးရမှာ ဖြစ်ပါတယ်။
အစ်ဆက်ဟာ ဒီရာသီမှာ နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲပါဝင်ကစား ထားပြီး ၂၂ ဂိုးသွင်းယူကာ ခြေစွမ်း ပြသနေတာပါ။
အစ်ဆက်နဲ့ နယူးကာဆယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်နွေရာသီအထိ သက်တမ်း ရှိနေပေမယ့် သူ့ကိုခေါ်ယူဖို့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ အပါအဝင် ဥရောပထိပ်တန်းကလပ်တွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက အပြောင်းအရွှေ့ ထင်ကြေးတွေကို သူနားလည်ပြီး သူ့ကိုအေးအေး ဆေးဆေး ဘောလုံးကစားခွင့် ပေးသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: CNA
