CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀

ဂါလာတာစာရေးအသင်းဟာ အေစီမီလန်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ စပိန်တိုက်စစ်မှူး မိုရာတာရဲ့ အငှားစာချုပ်ကို စောစီးစွာ အဆုံးသတ်ဖို့အတွက် ကိုမိုအသင်းကို ပြောင်းရွှေ့ကြေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီက အေစီမီလန်အသင်းကနေ တစ်နှစ်အငှားစာချုပ်နဲ့ ဂါလာတာစာရေးအသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ မိုရာတာဟာ စီးရီးအေကလပ် ကိုမိုအသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတာပါ။ 

ဂါလာတာစာရေးအသင်းဟာ မိုရာတာရဲ့ စာချုပ်ကို အဆုံးသတ်ပေးဖို့ ကိုမိုအသင်းကို ယူရို ၅ သန်း တောင်းခဲ့ ပေမယ့် ကိုမိုအသင်းက ယူရို ၂ သန်းသာပေးဖို့ ပြင်ဆင်ခဲ့တယ်လို့ Calciomercato သတင်းမှာ ဖော်ပြထားပါတယ်။ 

မိုရာတာဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ အသလက်တီကိုအသင်းကနေ ထွက်ခွာပြီး အေစီမီလန်အသင်းထံ ပြောင်းရွှေ့ လာခဲ့တာပါ။

ဒါပေမယ့် မိုရာတာဟာ အေစီမီလန်အသင်းမှာ နည်းပြဖြစ်သူနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဂါလာတာစာရေးအသင်းထံ အငှားနဲ့ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

မိုရာတာကို တွေ့ရစဉ်  

ဂါလာတာစာရေးအသင်းဟာ မိုရာတာကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူရို ၁၀ သန်းဝန်းကျင်နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။ 

လက်ရှိအချိန်မှာ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်ဟာ သူ့ရဲ့အသင်းဖော်ဟောင်း မိုရာတာကို အီတလီထံ ပြန်ခေါ်ပြီး သူနဲ့လက်တွဲ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဂါလာတာစာရေးအသင်းဟာ နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်ကို ခေါ်ယူမှု အပြီးသတ်ပြီးတာနဲ့ မိုရာတာကို ထွက်ခွာခွင့်ပေးဖို့ စဉ်းစားဖွယ်ရှိနေတာပါ။

ကိုမိုအသင်း အကြီးအကဲက သူတို့ဟာ မိုရာတာအတွက် ကစားသမား၊ အေစီမီလန်အသင်းတို့နဲ့ သဘောတူညီမှု ရရှိပြီးသား ဖြစ်သလို သူတို့ဘက်က လုပ်စရာ အကုန်လုပ်ပြီးပြီ ဖြစ်တာကြောင့် အေစီမီလန်နဲ့ ဂါလာတာစာရေး အသင်းတို့ ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။ 

မိုရာတာကတော့ ဒီအခြေအနေတွေကို အမြန်ဆုံးဖြေရှင်းပြီး ကိုမိုအသင်းထံ မကြာမီ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေ ပါတယ်။ 

မိုရာတာဟာ ဂါလာစာရေးအသင်းအတွက် ၁၆ ပွဲ ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ တူရကီစူပါလိဂ်နဲ့ တူရကီဖလား တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: Goal