
- By CNI
- Category: အားကစား
- Hits: 461
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
မန်စီးတီးအသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်လူ ကိုဗာဆစ်ဟာ နောက်ကျောဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကိုဗာဆစ်ဟာ ကြွက်သားပြဿနာ ရှိနေတဲ့အတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေဖြစ်တဲ့ လတ်ဗီးယား၊ အာမေးနီးယား အသင်းတို့နဲ့ပွဲမှာ ခရိုအေးရှားအသင်းအတွက် ပါဝင် မကစားနိုင်ခဲ့ပါဘူး။
အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဒဏ်ရာ အခြေအနေကို MRI စကန်ဖတ် စစ်ဆေးမှုကို ခံယူရမှာဖြစ်ပြီး ၁၀ ရက် ဒါမှမဟုတ် ဒီထက်ပိုပြီး အနားယူရနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ကိုဗာဆစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းကနေ ပေါင် ၂၅ သန်းနဲ့ မန်စီးတီးအသင်း ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ကိုဗာဆစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင်ကစားပြီးနောက် ဒဏ်ရာကြောင့် အနားယူ ရမှာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။
ကိုဗာဆစ်ကို တွေ့ရစဉ်
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကလည်း ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး အနားယူနေရ တဲ့အတွက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ ကွင်းလယ်ပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဝုလ်ဗ်စ်အသင်းကနေ ခေါ်ယူထားတဲ့ မာသီးယက်စ်နူနက်စ် ရှိနေတာကြောင့် မန်စီးတီးအသင်းအတွက် အနည်းငယ် စိတ်သက်သာရာ ရနိုင်တာပါ။
ကိုဗာဆစ်ကတော့ ဒဏ်ရာကြောင့် အခုတစ်ပတ် ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ရိုဒရီ၊ မာသီးယက်စ်နူနက်စ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ကွင်းလယ် အတွဲအဖက်အဖြစ် ပွဲထွက်လာဖွယ် ရှိနေပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 460
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
ယူနိုက်တက်အသင်းဟာ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Snapdragon နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူပြီးနောက် အင်္ကျီစပွန်ဆာအသစ်ကို ကြေညာလိုက်ပါတယ်။
Snapdragon ဟာ ယူနိုက်တက်အသင်းရဲ့ တရားဝင်ရင်ဘတ်စပွန်ဆာဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပညာကုမ္ပဏီ Qualcomm ရဲ့ ကုမ္ပဏီခွဲဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိစပွန်ဆာဖြစ်တဲ့ TeamViewer နဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပြီး နောက် အင်္ကျီစပွန်ဆာအသစ်တွေကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၁၂ ရက်က အင်္ကျီစပွန်ဆာအသစ်ကို အတည်ပြုခဲ့တာကြောင့် အသင်းရဲ့ အင်္ကျီရင်ဘတ်မှာ Snapdragon အမှတ်တံဆိပ်တွေကို မြင်တွေ့ရတော့မှာပါ။
၂၀၂၄-၂၅ ဘောလုံးရာသီကစတင်ပြီး Snapdragon အမှတ်တံဆိပ်တွေဟာ ယူနိုက်တက်အသင်းရဲ့ အမျိုးသားနဲ့ အမျိုးသမီးအသင်းဝတ်ဆင်မယ့် အိမ်ကွင်း၊အဝေးကွင်းနဲ့ တတိယဝတ်စုံတွေမှာ ပါဝင်လာတော့မယ်လို့ မန်ချက်စတာကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းနဲ့ Snapdragon တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အသင်းဟာ တစ်နှစ်ကို ကမ္ဘာ့စံချိန်တင် ပေါင် သန်း ၆၀ ရရှိမှာဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ရင်ဘတ်စပွန်ဆာဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီအကုန်ထိ TeamViewer အမှတ်တံဆိပ်ပါ ယူနိုက်တက်အသင်းအင်္ကျီတွေကို ဆက်ပြီး မြင်တွေ့ရဦးမှာပါ။ ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကို ကန့်ကွက် ဆန္ဒပြ နေချိန်မှာ တန်ဖိုးမြင့်အင်္ကျီစပွန်ဆာသဘောတူညီရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ပိုင်ရှင်အသစ်ကို မြင်တွေ့ချင်နေကြပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်း က စတင်ခဲ့တဲ့ အသင်းကို ရောင်းချမယ့်လုပ်ငန်းစဉ်တွေဟာ မဖြစ်မြောက်သေးတာကြောင့် စိတ်ပျက်နေကြပါ တယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 588
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ဘိုလီးဗီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်မှာ မက်ဆီဟာ ကစားဖို့ အဆင်သင့်မဖြစ်ခဲ့တဲ့အတွက် အသုံးမပြုခဲ့တာလို့ ပြောလိုက် ပါတယ်။
စကာလိုနီက “မက်ဆီဟာ ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။ မနေ့ကတုန်းက သူအနည်းငယ်လှုပ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် သူအဆင်မပြေသလိုခံစားခဲ့ရပါတယ်။ အဲဒါကြောင့် ကျနော်တို့သူ့ကို မစွန့်စားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်တဲ့အတွက် အရန်ခုံကနေ သူလူစားဝင်ကစားမယ်ဆိုရင်တောင် ဒဏ်ရာရ သွားနိုင်မယ့် အခြေအနေမှာရှိနေပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီဟာ အရန်လူစာရင်းမှာ တောင် မပါဝင်ခဲ့ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပေမယ့် သူ့ကို လူစားလဲပေးဖို့ နည်းပြကို တောင်းဆိုခဲ့တာပါ။ အီကွေဒေါအသင်းနဲ့ ပွဲအပြီးမှာ မက်ဆီက သူဟာ အနည်းငယ်ပင်ပန်းနေပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။
မက်ဆီမပါဝင်ခဲ့ပေမယ့် အာဂျင်တီးနားအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်၊တာဂလီယာဖီဂိုနဲ့ နီကိုလက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဒီပွဲမှာဝါရင့်ကစားသမား ဒီမာရီယာက အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ခြေစွမ်းပြသသွားကာ နိုင်ငံရဲ့အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် မေဂျာလိဂ်ပွဲစဉ်ဖြစ်တဲ့ အတ္တလန်တာ အသင်းနဲ့ ကစားမယ့်ပွဲမှာတော့ အင်တာမိုင်ယာမီအသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ မက်ဆီဟာ အင်တာ မိုင်ယာမီအသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းယူထားပြီး အသင်းကို မေဂျာလိဂ် ပလေးအော့ဖ် အဆင့် ဝင်ခွင့်ရရှိအောင်လုပ်ပေးနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source:ESPN

- By CNI
- Category: အားကစား
- Hits: 651
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က နောက်ခံလူ မက်ဂွဲယားအပေါ်ပြုမူဆက်ဆံနေတဲ့ ပုံစံတွေအပေါ် ရှုတ်ချလိုက်ပြီး ယူနိုက်တက်နောက်ခံလူရင်ဆိုင်နေရတဲ့ဝေဖန်မှုတွေက ဟာသပဲလို့ ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “ဒီလိုပုံစံနဲ့ ကစားသမားတစ်ဦးအပေါ် ပြုမူဆက်ဆံနေတာကို ကျနော်တစ်ခါမှ မသိခဲ့ဖူးပါဘူး။ ကျနော်တို့အတွက် ဆယ်စုနှစ်အတွင်း ဒုတိယအောင်မြင်မှုအရှိဆုံးအင်္ဂလန်အသင်းမှာ သူဟာ တကယ်ကို အားထားရတဲ့သူပါ။ သူက ကျနော်တို့ရဲ့ အဓိကအစိတ်အပိုင်းလည်းဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ရှိတဲ့ စီနီယာ ကစားသမားတွေရဲ့ အရေးပါမှုကို ပြောခဲ့ပြီးပြီဖြစ်ပြီး သူဟာ ဒီထဲမှာပါဝင်ပါတယ်။ ကွင်းထဲမှာ ရှိတဲ့အချိန်တိုင်း သူ့ရဲ့ခံနိုင်ရည်ဟာမယုံနိုင်လောက်အောင်ပါပဲ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး ကျနော်တို့အားလုံး သူနဲ့ အတူရှိပါတယ်” လို့ ပြောခဲ့တာပါ။
မက်ဂွဲယားဟာ အင်္ဂလန်ကစားသမားဘ၀ ပွဲပေါင်း ၅၉ ပွဲမြောက်အဖြစ် စကော့တလန်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက စကော့တလန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွဲယားဟာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရတာပါ။ မက်ဂွဲယားဟာ ကလပ်နဲ့ နိုင်ငံအသင်းမှာ မကြာခဏဆိုသလို အမှားအယွင်းတွေပြုလုပ်လေ့ရှိတဲ့အတွက် လှောင်ပြောင်မှုတွေ ခံနေရတာဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိအောင် ကူညီပေးခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန် နေရတာပါ။ မက်ဂွဲယားဟာ အခုနှစ်ဘောလုံးရာသီ မစတင်ခင်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို စွန့်လွှတ် ခဲ့ရသလို ရောင်းချခံရဖို့အထိ ရှိခဲ့ပေမယ့် နောက်တန်းကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ယူနိုက်တက် အသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။
မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းအစမှ လူစားလဲဝင်ရောက်လာပြီး ပွဲချိန် ၆၇ မိနစ်မှာ ကိုယ့်ဂိုးကိုယ် မသွင်းယူခင် စကော့တလန်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။
ဆောက်ဂိတ်က “စကော့တလန်ပရိသတ်တွေရဲ့အမြင်ကနေ ကျနော်နားလည်ပါတယ်။ ဒီလိုလုပ်တာက ဟာသတစ်ခုပါပဲ။ စကော့တလန်ပရိသတ်တွေတင်မဟုတ်ပါဘူး။ ပွဲအစီအစဉ်တင်ဆက်သူတွေနဲ့ ဝေဖန်သုံးသပ်သူ တွေလည်း ဒီလိုပဲလုပ်နေကြတာပါ။ မက်ဂွဲယားကတော့ ဝေဖန်မှုတွေကို အကောင်းဆုံးပဲတုံ့ပြန်သွားခဲ့ပါတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။
၂၀၁၇ မှာ အင်္ဂလန်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဂွဲယားဟာ နိုင်ငံအသင်းအတွက် ၅၉ ပွဲပါဝင်ကစား အပြီးမှာ ၇ ဂိုးသွင်းယူထားပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 557
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ရီးရယ်လ်အသင်းဟာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီကို လာမယ့်နှစ် နွေရာသီမှာ အလွတ်နဲ့ မခေါ်ယူခင် ဇန်နဝါရီမှာ အကြိုစာချုပ်ချုပ်ဆိုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ရီးရယ်လ်အသင်းဟာ ဘတ်ပီအတွက် ပေါင်သန်း ၂၀၀ ကို ဖယ်ထားတာဖြစ်ပြီး ဒီငွေပမာဏထဲမှာ ကစားသမားရဲ့ လုပ်ခလစာနဲ့ လက်မှတ်ထိုးကြေးတို့ ပါဝင်တယ်လို့ Sport သတင်းမှာ ဖော်ပြထားပါတယ်။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘတ်ပီဟာ အစောပိုင်းထဲက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပေမယ့် ပြင်သစ်ကလပ်ကတော့ ပြောင်းရွှေ့ကြေး ရရှိနိုင်စေဖို့အတွက် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေတာပါ။
ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ စာချုပ်ကိစ္စကြောင့် တင်းမာမှုတွေ ရှိခဲ့ပေမယ့် ဆွေးနွေးမှုတွေ ပြန်လည် ပြုလုပ်အပြီးမှာ ကစားသမားကို ထုတ်ပယ်ထားတဲ့ အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဘတ်ပီကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းကလည်း ဘတ်ပီ ပြန်လည်ပါဝင်လာတဲ့ ပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပြီး ပြင်သစ်အသင်း ခေါင်းဆောင်ဟာ လီဂူးဝမ်းပွဲစဉ် ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားတာပါ။
ပြင်သစ်ကလပ်ဟာ ဘတ်ပီကို ၂၀၂၄ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုမယ့် အချက်ပါ ထည့်သွင်းပြီး စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေတာလို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းကလည်း ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဘန်ဇီမာရဲ့ နေရာမှာ ဘတ်ပီကို အစားထိုးဖို့ ရည်ရွယ်ထားတာကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး နေရာအတွက် စပိန်လက်ရွေးစင် ဟိုဆေးလူကို အငှားနဲ့သာ ခေါ်ယူခဲ့တာပါ။
နောက်ဆုံး သတင်းတွေမှာ ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် မန်စီးတီးအသင်း တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 456
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာအသင်းနည်းပြ မိုက်ကယ်က နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲအပြီးမှာ အသင်းအတွက် အကောင်း ဆုံး ကစားနိုင်တဲ့သူတွေကိုပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ်သွားမယ်လို့ ပြောလိုက်ပါတယ်။
မိုက်ကယ်က “နီပေါအသင်းဟာ အရင်ကထက် တိုးတက်လာပြီး အခုမျိုးဆက်က ကွဲပြားခြားနားတဲ့ ခြေစွမ်းရှိတာ ကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ရင် ပွဲက တစ်မျိုးဖြစ်သွားမှာဖြစ်ပြီး ဂိုးမသွင်း နိုင်လို့ ကစားရခက်ခဲ့ပါတယ်။ ကျနော့်အသင်းမှာ ကစားသမားအချို့ ကြံ့ခိုင်မှုပိုင်း ပြဿနာရှိနေပါတယ်။ ဒီပွဲ အပြီး သုံးသပ်မှုတွေ လုပ်ပါမယ်။ အကောင်းဆုံး ကစားနိုင်တဲ့သူတွေကိုပဲ လက်ရွေးစင် အသင်းအတွက် ရွေးချယ်သွားပါ မယ်”လို့ ပြောထားပါတယ်။
မြန်မာအသင်းဟာ နီပေါအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲမှာ ပြည်ပမှာ သွားရောက်နေတဲ့ ကစားသမားတွေ အပါအဝင် ပြည်တွင်းက အကောင်းဆုံး ကစားသမားတွေကို အသုံးပြုပြီး ယှဉ်ပြိုင်ခဲ့တာပါ။
မြန်မာအသင်း နည်းပြ မိုက်ကယ်ကို တွေ့ရစဉ်
ဒါပေမယ့် မြန်မာအသင်းဟာ နီပေါအသင်းရဲ့ ဖိကစားခြင်းကို ခံခဲ့ရပြီး ပထမခြေစမ်းပွဲမှာ ဂိုးမရှိ သရေကျခဲ့ကာ ဒုတိယခြေစမ်းပွဲမှာ တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
နီပေါအသင်းကို အနိုင်ရခဲ့တဲ့ဟာ ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်လက်ထက် မြန်မာအသင်းရဲ့ ဒုတိယမြောက် ခြေစမ်းပွဲ အနိုင်ရလဒ်လည်း ဖြစ်ခဲ့တာပါ။
မြန်မာအသင်းဟာ ဂျာမန်လူမျိုးနည်းပြ လက်ထက် ၆ ပွဲ ကစားထားအပြီးမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အောက်တိုဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလားခြေစစ်ပွဲ ပထမအဆင့်အဖြစ် မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ဟာ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၇ ရက်မှာ ခြေစစ်ပွဲအဖြစ် အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 502
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် လူဇင်ဘတ်အသင်းနဲ့ ကစားခဲ့တာမှာ ၉ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဒါဟာ အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်က ပေါ်တူဂီအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တာပါ။
ပေါ်တူဂီအသင်းအတွက် ဂိုးတွေကို အင်အာစီယို၊ ဂွန်ကာလိုရာမို့စ်နဲ့ ဂျိုတာတို့က ၂ ဂိုးစီ သွင်းယူပြီး ရီကာဒိုဟော် တာ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျာအိုဖီလစ်တို့က ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့သလို ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။
ပေါ်တူဂီနဲ့ လူဇင်ဘတ်ကို တွေ့ရစဉ်
ပေါ်တူဂီအသင်းဟာ အရင်က အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲတွေအဖြစ် လက်ချင်စတိန်းနဲ့ ကူဝိတ်အသင်းတွေကို ၈ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် အခု လူဇင်ဘတ်အသင်းနဲ့ နိုင်ပွဲက အသင်းရဲ့ အကြီးမားဆုံး နိုင်ပွဲအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ၆ ပွဲ ကစားထားအပြီးမှာ ၆ ပွဲစလုံး အနိုင်ရထားပြီး ၂၄ ဂိုး သွင်းယူ ကာ ပေးဂိုး ခွင့်မပြုရသေးပါဘူး။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ ၄ ပွဲ ကျန်ရှိနေသေးပေမယ့် အောက်တိုဘာလထဲမှာ ကစားမယ့် ဒုတိယနေရာက ဆလိုဗားကီးယား အသင်းနဲ့ပွဲမှာ အနိုင်ရပြီး လူဇင်ဘတ်အသင်းက အိုက်စလန်အသင်းကို အနိုင် မရခဲ့ရင် ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ လက်ကျန် ခြေစစ်ပွဲတွေအဖြစ် ဆလိုဗားကီးယား အသင်းနဲ့ပွဲ အပါအဝင် ဘော့စနီးယား၊ လက်ချင်စတိန်း၊ အိုက်စလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ပေါ်တူဂီအသင်းဟာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters

- By CNI
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂
ဂျူဗင်တပ်စ်အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲမှုနဲ့ ပွဲကစားခွင့် ယာယီပိတ်ပင် ခံလိုက်ရပါတယ်။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက အူဒီးနီးစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲအပြီး ဆေးစစ်မှု ပြုလုပ်ခဲ့တာမှာ တားမြစ်ဆေး သုံးစွဲကြောင်း တွေ့ရှိခဲ့တယ်လို့ အီတလီအမျိုးသား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ခုံရုံး(Nado) က ပြောထားပါတယ်။
ပေါ့ဘာဟာ ဒီပွဲမှာ ဂျူဗင်တပ်အသင်းအတွက် လူစားဝင် ကစားသမားအဖြစ်တောင် မပါဝင်ခဲ့ရပေမယ့် ပွဲအပြီး ဆေးစစ်မှုပြုလုပ်ဖို့အတွက် ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ပေါ့ဘာအနေနဲ့ တားမြစ်ဆေးသုံးစွဲမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင် ၂ နှစ်ကနေ ၄ နှစ်အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ပြင်သစ်ကွင်းလယ် ကစားသမားအနေနဲ့ Nado ရဲ့ရလဒ်အပေါ် ပြန်ပြီးတုံ့ပြန်နိုင်ဖို့အတွက် အချိန် ၃ ရက် ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပေါ့ဘာကို တွေ့ရစဉ်
ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်မှာ ၄ နှစ်စာချုပ်နဲ့ ဂျူဗင်တပ်စ် အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာပါ။
ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ ဒဏ်ရာတွေ ကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲကစားခဲ့ရတာထက် အနားယူတာက ပိုပြီးများနေခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာဟာ အခုနှစ် ဘောလုံးရာသီမှာ လူစားဝင် ကစားသမားအဖြစ် ၅၁ မိနစ်ကြာ ဝင်ရောက်ကစားခဲ့ပြီး မနှစ်က ရာသီတုန်းက မိနစ်ပေါင်း ၁၆၂ မိနစ်သာ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာပါ။
ပေါ့ဘာအနေနဲ့ တားမြစ်ဆေးသုံးစွဲမှုကြောင့် ကာလကြာရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် ဂျူဗင်တပ်စ် အသင်းဟာ ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 472
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
အာဂျင်တီးနား အသင်းနည်းပြ စကာလိုနီက အသင်းခေါင်းဆောင် မက်ဆီဟာ ဘိုလီးဗီးယားကို ရင်ဆိုင်ဖို့အတွက် အသင်းနဲ့အတူ လိုက်ပါမှာဖြစ်ပေမယ့် သူ့ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုမယ့် အခြေအနေကို နောက်ပိုင်းမှ ဆုံးဖြတ်မယ်လို့ ပြောလိုက်ပါတယ်။
စကာလိုနီက “မက်ဆီဟာ ဘိုလီးဗီးယားကို လိုက်ပါမှာပါ။ သူဟာ အသင်းနဲ့ လေ့ကျင့်ပုံချင်း မတူပေမယ့် ပွဲကစား ဖို့ လိုသေးတာကြောင့် သူပါဝင်ကစားနိုင်ဖွယ် ရှိ၊မရှိကိုတော့ ဒီနေ့မှာ ကျနော်တို့ ဆုံးဖြတ်ချက် ချသွားမှာပါ။ ကျနော်တို့ဟာ အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ပုံစံတူအသင်းကိုပဲ ပွဲထွက်အသုံးပြုဖို့ ရှိတယ်”လို့ ပြောခဲ့တာပါ။
မက်ဆီဟာ အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်ရဲ့ ပွဲချိန် ၈၉ မိနစ်မှာ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီပွဲမှာ အာဂျင်တီးနား အသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့ပေမယ့် လူစားလဲဖို့ တောင်းဆိုခဲ့တယ်လို့ နည်းပြ စကာလိုနီက ပွဲအပြီးမှာ ပြောခဲ့တာကြောင့် ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြှင့်တက် လာခဲ့တာပါ။
မက်ဆီကို တွေ့ရစဉ်
မက်ဆီရဲ့ အခြေအနေကို ဆေးစစ်မှု ပြုလုပ်အပြီးမှာ နည်းပြစကာလိုနီက ဘိုလီးဗီးယားအသင်းနဲ့ ပွဲမတိုင်ခင် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အသက် ၃၆ နှစ် အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘဝ အဆုံးသတ်ဖို့ နီးကပ်လာပြီ ဖြစ်ပေမယ့် သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေဆဲ ဆိုတာကို အကြိမ်ကြိမ် ပြသနေခဲ့တာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရယူ ပေးနိုင်ခဲ့ သလို အသင်းသစ် အင်တာမိုင်ယာမီမှာလည်း ခြေစွမ်းပြပြီး သွင်းဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ၁၁ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ အီကွေဒေါအသင်းနဲ့ ပွဲမှာ ပြစ်ဒဏ်ဘော ကန်ချက်ကနေ အာဂျင်တီးနား အသင်းအတွက် အဖိုးတန်အနိုင်ဂိုး ရယူပေးထားတာပါ။
မက်ဆီအနေနဲ့ ဘိုလီးဗီးယားအသင်းနဲ့ ပွဲမှာ ပွဲထွက်လူစာရင်းမှာ မပါဝင်ဘူးဆိုရင်လည်း လူစားဝင် ကစားသမား အဖြစ် ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 629
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁
ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားဟာ နော်ဝေလက်ရွေးစင်အမျိုးသမီးအသင်းကို ကိုင်တွယ်ဖို့အတွက် ကမ်းလှမ်းမှုရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ဆိုးလ်ရှားက “ကျနော်လက်ရွေးစင်နည်းပြရာထူးနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်နဲ့ စကားပြောခဲ့ပါတယ်။ သူတို့က နည်းပြရာထူးအတွက် ကျနော့်ကိုမေးခဲ့ပေမယ့် ကျနော်ကတော့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး အကြောင်းပြန် ခဲ့တယ်လို့ ”နော်ဝေသတင်း NRK ကို ပြောခဲ့တာပါ။
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလက ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးပါဘူး။ အသက် ၅၀ နှစ်အရွယ်ရှိ ဆိုးလ်ရှားဟာ ဘန်လေနဲ့ လက်စတာ အသင်းတို့ရဲ့ နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံခဲ့ရပေမယ့် အခုအချိန်ထိ နည်းပြလောကထဲကို ပြန်လည် မဝင်ရောက်သေးတာဖြစ်ပါတယ်။
နော်ဝေလူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ၂၀၂၀-၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယနေရာရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ရော်နယ်ဒို၊ဆန်ချိုနဲ့ ဗာရန်းတို့ကို ခေါ်ယူခဲ့ပေမယ့် ရလဒ် တွေဆိုးရွားခဲ့တာကြောင့် ဂန္ထဝင်ကစားသမားဖြစ်တဲ့ ဆိုးလ်ရှားဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းမှာ ဆုဖလားအောင်မြင်မှုမရယူနိုင်ခဲ့ပေမယ့် သူကိုင်တွယ်ခဲ့တဲ့ အချိန်ကို ကျေနပ်မှုတွေရှိနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို လက်ရှိအချိန်မှာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က ကိုင်တွယ်နေပြီး မနှစ်က ဘောလုံးရာသီမှာ အသင်းဟာ ကာရာဘောင်းဖလားရယူနိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရယူနိုင် ခဲ့ပေမယ့် အခုနှစ်ရာသီအစပိုင်းမှာတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
Source:DailyMail