- By CNI
- Category: အားကစား
- Hits: 2050
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မန်စီးတီးနဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း အဂွေရိုဟာ အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တီ အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းခဲ့ပါတယ်။
အဂွေရိုက “ဒါတွေက အလိမ်အညာတွေပါ။ ကျနော် အင်ဒီပန်ဒီယန်တီအသင်းနဲ့ လေ့ကျင့်မှာ မဟုတ်ပါဘူး။ နှလုံး အထူးကုဆရာကြီးက ကျနော် နေကောင်းနေပြီလို့ ပြောခဲ့သလို ကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပထမတန်းအဆင့်ရှိတဲ့ အသင်းတွေမှာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ဖို့ အတွက်ဆိုရင် စမ်းသပ်မှုတွေ အများကြီးလုပ်ရဦးမှာပါ”လို့ ပြောခဲ့တာပါ။
အာဂျင်တီးနား ကစားသမားဟောင်းဟာ ဘာစီလိုနာအသင်းမှာ ကစားချိန် နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် အသက် ၃၃ နှစ်အရွယ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် အဂွေရိုဟာ အင်ဒီပန်ဒီယန်တီအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာ ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
အဂွေရိုဟာ မကြာသေးခင်က သူ့ရဲ့ Twitch မှာ အင်ဒီပန်ဒီယန်တီ အသင်းနည်းပြ ကားလို့စ်တီဗက်ဇ်က သူ့ကို ခေါ်ခဲ့ရင် သူ့ရဲ့နှလုံး အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ရမယ်လို့ ပြောခဲ့ပါတယ်။

အဂွေရိုကို တွေ့ရစဉ်
အဲဒါကြောင့် ကားလို့စ်တီဗက်ဇ်က အဂွေရိုအသင်းထံ လာရင်ကြိုဆိုသွားမယ်လို့ ပြန်တုန့်ပြန်ခဲ့တာပါ။
ဒါပေမယ့် အဂွေရိုကတော့ သူအနားယူတာကနေ ပြန်လာပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အဂွေရိုဟာ အင်ဒီပန်ဒီယန်တီအသင်းမှာ အောင်မြင်မှု မရခဲ့ပေမယ့် အသလက်တီကိုနဲ့ မန်စီးတီးအသင်းတွေမှာ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။
အဂွေရိုဟာ အသလက်တီကို အသင်းနဲ့အတူ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကာရာဘောင်းဖလား ၆ ကြိမ်၊ FA ဖလား ၁ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ အဂွေရိုဟာ အာဂျင်တီးနားအသင်းအတွက် ၁၀၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၁ ဂိုးသွင်းယူကာ ကိုပါအမေရိကဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1352
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟတ်ကို လာမယ့်ရာသီမှာ အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိမှာကို အတည်မပြုရသေးပေမယ့် အဲရစ်တန်ဟတ်ကတော့ ဒါကို ဂရုမစိုက်ဘူးလို့ ပြောခဲ့ ပါတယ်။
အဲရစ်တန်ဟတ်က “စာချုပ်က ရှိနေသေးတဲ့အတွက် အနာဂတ်နဲ့ပတ်သက်ပြီး ကျနော် ဂရုမစိုက်ပါဘူး။ ကျနော် ဟာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်နေတာကြောင့် ဒါကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါကြောင့် ကျနော့် ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနော်ဟာ ဆာဂျင်ရက်ကလစ်ဖ် အပါအဝင် ဒီအစုအဖွဲ့မှာ ပါဝင်တဲ့သူတွေနဲ့ ဆွေးနွေးမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ကျနော်ဟာ ခိုင်မာတဲ့ယုံကြည်မှုရှိပြီး သူတို့က လည်း ကျနော့်ကို ယုံကြည်တယ်လို့ ခံစားရကြောင်း” ပြောကြားခဲ့ပါတယ်။
အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ရှိနေပေမယ့် အသင်းဟာ ရလဒ်ဆိုးတွေကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာအထိ ရောက်ရှိသွားပြီးနောက် သူ့ရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကတော့ ဒါဟာ သူ့အတွက် ပြဿနာ မဟုတ်ကြောင်းနဲ့ သူဟာ အသင်းအတွက် မှန်ကန်တဲ့သူ ဖြစ်တယ်ဆိုတာ ဆာဂျင်ရက်ကလစ်ဖ်တို့က ယုံကြည်တယ်လို့ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်နဲ့ ဆာဂျင်ရက်ကလစ်ဖ်ကိုတွေ့ရစဉ်
ဗြိတိန်ဘီလျံနာဟာ ယူနိုက်တက်အသင်းကို အပြောင်းအလဲတွေ အများအပြားပြုလုပ်ဖို့ စီစဉ်နေပြီး မန်စီးတီး အသင်းက အိုမာဘာရာဒါကို ကလပ်ရဲ့ CEO အသစ်အဖြစ် ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
ဒါအပြင် နယူးကာဆယ်အသင်း အားကစားဒါရိုက်တာ အက်ရှ်ဝ့ါတ်ကို ခေါ်ယူဖို့ ချဉ်းကပ်နေပြီး ဆောက်သမ်တန် အသင်းက ဝေလ်ကော့ဇ်ကိုလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ အဖွဲ့အစည်းဟာ အဲရစ်တန်ဟတ်ရဲ့ နည်းပြရာထူးကိုလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။
အဲရစ်တန်ဟတ်က “ကျနော်ဟာ ပွဲတိုင်းကို အနိုင်ယူချင်ပြီး ဘာတွေ လုပ်ချင်လဲဆိုတာ သိပါတယ်။ ကျနော်ပြောခဲ့ သလိုပါပဲ ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အနာဂတ်ကိုလည်း အတူတူ ဆွေးနွေးခဲ့ပါတယ်။ ကျနော်ဟာ အချက်နှစ်ချက်ကို အာရုံစိုက်ထားပါတယ်။ ဒီအခိုက်အတန့်နဲ့ လာမယ့်ပွဲတွေမှာ အသင်းကို တိုးတက်စေဖို့နဲ့ အနာဂတ်ကို တွေးပြီး အတူလက်တွဲလုပ်ဆောင်ဖို့ပါ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းမှာ FA ဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 932
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မန်စီးတီးအသင်းက လူတန်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ အသင်းအတွက် ၅ ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းက သူအကောင်းဆုံးပုံစံ ပြန်ရနေပြီလို့ပြောကာ ပြိုင်ဘက်တွေကို သတိပေး သွားခဲ့ပါတယ်။
ဟာလန်းက “ကျနော် အကောင်းဆုံး ပုံစံပြန်ရနေပါပြီ။ နောက်ဆုံးမှာတော့ ကျနော်ဟာ ကောင်းမွန်တယ်လို့ ခံစားနေရပြီ ဖြစ်ပါတယ်။ ဒါက အံ့သြစရာကောင်းတဲ့ ခံစားမှုတစ်ခုပါ။ ကျနော်တို့လာပါပြီ၊ ရှေ့မှာ စိတ်လှုပ်ရှား စရာကောင်းတဲ့ အချိန်တွေက စောင့်နေပါတယ်။ ကျနော်တို့ တိုက်စစ်ဆင် တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ”လို့ ပွဲအပြီးမှာ ITV ကိုပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ လူတန်အသင်းနဲ့ကစားခဲ့တဲ့ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဟာလန်းက ၅ ဂိုးနဲ့ ကိုဗာဆစ်က ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ကွင်းလယ်လူ ဒီဘရိုင်းဟာ တိုက်စစ်မှူး ဟာလန်းသွင်းယူတဲ့ ၅ ဂိုးမှာ ၄ ဂိုးကို ဖန်တီးမှုပြုလုပ်ခဲ့တာပါ။
ဟာလန်းအတွက်တော့ မန်စီးတီးအသင်း ကစားသမားဘဝမှာ တစ်ပွဲတည်း ၅ ဂိုး သွင်းယူနိုင်ခဲ့တာဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ခဲ့ပါတယ်။

ဟာလန်းကို တွေ့ရစဉ်
ပထမအကြိမ်တုန်းကတော့ မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို ၇ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဟာလန်းက ၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဟာလန်းက “ဒီဘရိုင်းက တကယ်ကို ကောင်းမွန်တဲ့သူဖြစ်ပြီး အကောင်းဆုံးတွေကို လုပ်ဆောင်နေပါတယ်။ သူနဲ့ တွဲကစားရတာကို ဝမ်းသာမိပါတယ်။ ကျနော်တို့နှစ်ဦးက တစ်ဦးနဲ့တစ်ဦး ဘာကိုလိုချင်လဲဆိုတာ သိပါတယ်။ ဒီဘရိုင်းဟာ ထက်မြက်တဲ့ ကစားသမားဖြစ်ပြီး သူနဲ့ တွဲကစားရတာကို ကျနော်နှစ်သက်ပါတယ်”လို့ ပြောခဲ့ပါ တယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ၈၃ ပွဲ ပါဝင်ကစားထားပြီး ၇၉ ဂိုး သွင်းယူ ထားတာပါ။
ဒီဘရိုင်းကတော့ ဒဏ်ရာက သက်သာပြီးနောက် မန်စီးတီးအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ပွဲတွေမှာ ၂ ဂိုး သွင်းပြီး ၁၂ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို ချီးကျူးမှုပြုလုပ်ခဲ့ပြီး ဟာလန်းအတွက် ဒီဘရိုင်း လိုအပ်သလို ဒီဘရိုင်းအတွက်လည်း ဟာလန်း လိုအပ်တယ်လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 738
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းကသာ ခေါ်ယူမယ်ဆိုရင် အာတီတာဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ယူနိုက်တက်အသင်းကို ကိုင်တွယ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ရီယိုဖာဒီနန်က “အာတီတာအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရမယ်ဆိုရင် အာဆင်နယ်အသင်းကနေ ၁၀၀ ရာခိုင်နှုန်း ထွက်ခွာမယ်ဆိုတာ သေချာပါတယ်။ ဒီလိုဖြစ်ပျက်မယ်လို့ ဘယ်သူကမှပြောတာ မဟုတ်ပေမယ့် ယူနိုက်တက်ရဲ့ အကြမ်းစား အိပ်မက်ထဲမှာ အဲရစ်တန်ဟတ်ကို ကျေးဇူးတင်တယ်လို့ပြောပြီး ထုတ်ပယ်လိုက်တာ ဒါမှမဟုတ် အဲရစ်တန်ဟတ်ကို ဘိုင်ယန်မြူးနစ်က ခေါ်သွားခဲ့ရင် အသင်းရဲ့ ထိပ်ဆုံးပစ်မှတ်က အာတီတာဆိုပြီး ပြောပါလိမ့်မယ်။ ယူနိုက်တက်က ခေါ်ယူချင်တယ်ဆိုရင် အာတီတာလည်း အာဆင်နယ်အသင်းသားတွေကို နှုတ်ဆက်ပြီး မန်ချက်စတာကလပ်ကို ရောက်လာပါလိမ့်မယ်”လို့ VIBE with FIVE မှာပြောခဲ့တာပါ။
အာတီတာဟာ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ပြီးကတည်းက နှစ်ပေါင်းများစွာ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ ရတဲ့ အသင်းကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၃ နေရာမှာ ရပ်တည်နေကာ အဆင့် ၁ နေရာက လီဗာပူးလ် အသင်းနဲ့ ၂ မှတ်သာ ကွာဟတာပါ။

ဖာဒီနန်နဲ့အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပွဲတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ထဲ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲစလုံး အနိုင်ရပြီး အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ အာဆင်နယ်အသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
အာဆင်နယ်နဲ့ ယူနိုက်တက်တို့အသင်းကြား အမှတ်ကွာဟမှုဟာ ၁၄ မှတ်အထိရှိနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းအနေနဲ့ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ရင် အာတီတာဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ကမ်းလှမ်းတာကို လက်ခံနိုင်တယ်လို့ ယုံကြည်နေတာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ အာတီတာအနေနဲ့ ယူနိုက်တက်အသင်း ကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 693
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဇီဒန်းက နည်းပြလောကထဲ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
ဇီဒန်းက “နည်းပြလောကထဲ ပြန်လာဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာ တော့ ကျနော်ဟာ အခြားအရာတွေကို လုပ်နေတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ကျနော်ဟာ ခုံတန်းပေါ်ဆီ ပြန်သွားချင်တယ်ဆိုတာပါပဲ”လို့ ပြောခဲ့တာပါ။
ဇီဒန်းဟာ ဂျူဗင်တပ်စ်နဲ့ အီတလီအသင်း နည်းပြဟောင်း မာဆယ်လိုလစ်ပီရဲ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပြသတာကို တက်ရောက်ခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြ တူချယ်လ်ဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာဖြစ်လို့ ဂျာမန်ကလပ်ဟာ ရီးရယ်လ်အသင်းနည်းပြဟောင်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

ဇီဒန်းကို တွေ့ရစဉ်
ဇီဒန်းဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက နည်းပြလောကနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး နည်းပြလောကထဲကို သူပြန်လာမှာက မီဒီယာတွေအတွက် ခေါင်းစဉ်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ နိုင်ငံအသင်းတွေနဲ့ ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် သူကတော့ နည်းပြလောကထဲကို ပြန်လာခြင်း မရှိခဲ့တာပါ။
ဒါပေမယ့် ဇီဒန်းသာ ဒီရာသီအကုန်မှာ နည်းပြလောကထဲ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ဇီဒန်းဟာ နည်းပြဘဝကို ရီးရယ်လ်အသင်းမှာသာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ၂၀၁၆ ကနေ၂၀၁၈ ခုနှစ်အထိ ပထမ အကြိမ်၊၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့တာပါ။
ဇီဒန်းဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၁ ခုအထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 813
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ရမှတ် ၁၀ မှတ် လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရတာကို အယူခံဝင်ခဲ့တာမှာ ၆ မှတ်အထိ လျှော့ချပေးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ခွင့်ပြုထားတဲ့ ၃ ရာသီအတွင်း အများဆုံး အရှုံးပြခွင့် ပေါင် ၁၀၅ သန်းထက် ကျော်လွန်ပြီး အရှုံးပြခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ရမှတ် ၁၀ မှတ်လျှော့တဲ့ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရတာပါ။
ဒီပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး ပြစ်ဒဏ်ဖြစ်ခဲ့ပြီး အဲဗာတန်အသင်းဟာ ၁၀ မှတ်လျှော့ ခံခဲ့ရတဲ့အတွက် အဆင့် ၁၄ နေရာကနေ ၁၉ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမယ့် ၁၀ မှတ်ကနေ ၆ မှတ်အထိ ပြန်လည်လျှော့ချခြင်း ခံခဲ့ရတာကြောင့် အဲဗာတန်အသင်းဟာ အဆင့် ၁၇ နေရာကနေ အဆင့် ၁၅ နေရာအထိ ပြန်တက်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်က “အဲဗာတန်အသင်းဟာ သူတို့ကို ပြစ်ဒဏ်ချမှတ်မှုအပေါ် အကြောင်းအချက် ၉ ချက်နဲ့ အယူခံ ဝင်ခဲ့ပါတယ်။ လူပုဂ္ဂိုလ် ၃ ဦးပါတဲ့ အယူခံဘုတ်အဖွဲ့က ဒီထဲက အချက် ၂ ချက်ဟာ မှားယွင်းနေတယ်ဆိုပြီး ရမှတ် ၆ မှတ်အထိ ပြန်လျှော့ချပေးခဲ့တာ”လို့ ထုတ်ပြန်ခဲ့တာပါ။

အဲဗာတန်အသင်းကို တွေ့ရစဉ်
အဲဗာတန်အသင်းကလည်း အယူခံကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ သူတို့ရဲ့ပြစ်ဒဏ်အတွက် ရမှတ်ပြန်လည် လျှော့ချခံခဲ့ရပေမယ့် ၂၀၂၂-၂၃ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့လို့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့အတူ ဇန်နဝါရီက စွဲချက်တင်ခြင်း ခံခဲ့ရပါတယ်။
အဲဒါကြောင့် အဲဗာတန်အသင်းဟာ နောက်ထပ်အမှတ်တွေ ထပ်ပြီး ဆုံးရှုံးနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဒီအမှုကို ဧပြီ ၈ ရက် နောက်ဆုံးထားပြီး ကြားနာမှာဖြစ်တဲ့အတွက် ရာသီပြီးဆုံးပြီးနောက် တစ်ပတ်အကြာ မေလ ၂၄ ရက်အထိ အယူခံဝင်ခွင့်ရှိတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 764
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းကို အသင်းမှာ ဆက်ပြီးရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒါက ဒီဘရိုင်းအတွက် မေးစရာတစ်ခုပါ၊ ကျနော်ကတော့ သူ့ကိုဒီမှာ ဆက်ပြီးရှိစေချင်ပေမယ့် ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်လည်းမသိပါဘူး။ ချိတ်ဆက်မှုတွေကိုတော့ ကြားခဲ့ရပေမယ့် ကမ်းလှမ်းမှု ရှိလားဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ပြီးတော့ ဆော်ဒီက သူ့ကို လိုချင်လားဆိုတာလည်း ကျနော် မသိပါဘူး။ ကျနော်ကတော့ သူ့ရဲ့ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ဒီမှာဆက်ရှိစေချင်ပါတယ်”လို့ ပြောကြားခဲ့ ပါတယ်။
ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ရှိနေပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အသင်းတွေက သူ့ကိုခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေကို ရပ်တန့်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ဆော်ဒီကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မတိုင်ခင်မှာ ထပ်ပြီးကြိုးစားဖို့ စီစဉ်နေတာပါ။

ဂွာဒီယိုလာနဲ့ ဒီဘရိုင်းကို တွေ့ရစဉ်
အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၅ လကျော်ကြာ အနားယူခဲ့ရပြီးနောက် ဇန်နဝါရီကမှ မန်စီးတီးအသင်းအတွက် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ဒဏ်ရာက သက်သာပြီးနောက် မန်စီးတီးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူကာ ၈ ဂိုး ဖန်တီးထားတာပါ။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ၃၆၇ ပွဲ ပါဝင် ကစားထားပြီး ၉၈ ဂိုး သွင်းယူထားကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၁၄ ခုအထိ ရယူထားနိုင်ခဲ့ပါတယ်။
ဒါအပြင် ဒီဘရိုင်းဟာ တစ်ဦးချင်း အကောင်းဆုံးဆု အများအပြားကိုလည်း ရရှိထားပါတယ်။
မန်စီးတီးအသင်းကတော့ ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းမှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 635
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ နောက်ခံလူ အာရူဟိုတို့ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒေကိုက “ဒီဂျောင်နဲ့ အာရူဟိုတို့ ဘာဖြစ်မလဲဆိုရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ သူတို့မှာ စာချုပ်ရှိနေသလို ကျနော်တို့ကလည်း အကောင်းဆုံးတွေကို ဆက်ထိန်းထားချင်ပါတယ်။ သူတို့ဟာ အကောင်းဆုံးသူတွေပါ။ သူတို့တွေဟာ ပရိသတ်တွေနဲ့ ကလပ်အသင်းရဲ့ လေးစားမှုကို ရရှိထားပါတယ်။ ကျနော်တို့သူတို့ကို အသင်းမှာ ဆက်ပြီးထားချင်ပါတယ်”လို့ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခြေအနေကနေ ကောင်းမွန်လာဖို့ ကြိုးပမ်းနေတာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားအချို့ကို ရောင်းချပြီး ငွေကြေးရှာဖွေဖို့ အကြံပြုခြင်းခံနေရတာ ဖြစ်ပါတယ်။
နောက်ခံလူ အာရူဟိုဟာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေပြီး နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားခံရဖွယ်ရှိနေတာပါ။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ အာရူဟိုကို အသင်းမှာ ဆက်ထိန်းထားဖို့ အရေးကြီးတယ်လို့ မကြာသေး ခင်က ပြောခဲ့ပါတယ်။

ဒေကိုကို တွေ့ရစဉ်
ဒီဂျောင်ကလည်း မကြာသေးခင် ရက်သတ္တပတ် အနည်းငယ်အတွင်းက အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေး အမျိုးမျိုးထွက်ပေါ်နေတာပါ။
ဒီဂျောင်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နယ်သာလန် ကွင်းလယ်လူက သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ အလိမ်အညာတွေ ဖြစ်တယ်လို့ တုန့်ပြန်ထားတာပါ။
ဒီရာသီ ဘာစီလိုနာအသင်းမှာ အရေးပါတဲ့ ကစားသမားတွေအဖြစ်ရှိနေတဲ့ ဒီဂျောင်နဲ့ အာရူဟိုရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ သူတို့နှစ်ဦးစလုံးကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေတာပါ။
ဒီဂျောင်ဟာ ၂၀၁၉ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာရူဟိုကလည်း ၂၀၁၉ ခုနှစ် မှာပဲ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 573
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ရီးရယ်လ်အသင်း ကွင်းလယ်လူ မိုဒရစ်က ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်မှာ အသင်းဖော်ဟောင်း ရာမို့စ်နဲ့ ပြန်ပြီးတွေ့ရတာကို နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်က “ရာမို့စ်က ကျနော့်ရဲ့ ညီအစ်ကိုပါ။ လူတွေက ကျနော်တို့ရဲ့ အသက်အရွယ်ကိုကြည့်ပြီး အမြဲတမ်း အကဲဖြတ်ကြပေမယ့် သူ့ရဲ့အဆင့်က ရိုးရှင်းပြီး ထူးချွန်ပါတယ်။ ဒီပွဲမှာ သူ့ကိုပြန်ပြီးတွေ့ရတာ နှစ်သက်ပါတယ်။ ကျနော်တို့ဟာ ပွဲမတိုင်ခင်ကလည်း စကားတွေပြောခဲ့ကြပါတယ်။ သူဟာ ဂန္ထဝင်တစ်ဦးပါ”လို့ ပြောခဲ့တာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းက ဆီဗီလာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်းက ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘာနေဗျူးကွင်းကို လာရောက်ပြီး ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ရာမို့စ်ဟာ ရီးရယ်လ်အသင်း ပရိသတ်တွေရဲ့ နွေးထွေးစွာ ကြိုဆိုခြင်းခံခဲ့ရသလို အသင်းဖော်ဟောင်းတွေနဲ့လည်း နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ရာမို့စ်ဟာ မိုဒရစ်နဲ့ အချိန်အကြာကြီး စကားပြောဆိုပြီး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နှုတ်ဆက်ကာ ဂျာစီချင်း လဲလှယ်ခဲ့ကြပါတယ်။

ရာမို့စ်နဲ့မိုဒရစ်ကို တွေ့ရစဉ်
ရာမို့စ်နဲ့ မိုဒရစ်တို့ဟာ ရီးရယ်လ်အသင်းမှာ နှစ်ပေါင်းများစွာကြာ အတူတွဲကစားခဲ့ကြပြီး ဆုဖလား အောင်မြင် မှုတွေ အများအပြား ရယူနိုင်ခဲ့ကြတာပါ။
မိုဒရစ်ဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ လူစား ဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့တာပါ။
မိုဒရစ်ကတော့ ဒီရာသီအကုန်မှာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Source: Madriduniversal
- By CNI
- Category: အားကစား
- Hits: 978
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ ညစ်ညမ်းတဲ့ အမူအရာကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေး ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်အပြီးမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက် ပင်နယ်တီကနေ ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး တာလီစကာက ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်း အနိုင်ရရှိသွားခဲ့တာကြောင့် ရော်နယ်ဒိုဟာ အသင်းဖော်တွေကို ဂုဏ်ပြုမှုတွေ ပြုလုပ် နေချိန်မှာ ပြိုင်ဘက်အသင်း ပရိသတ်တွေက အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြတာပါ။
ရော်နယ်ဒိုဟာ ဒါကိုတုန့်ပြန်တဲ့ အနေနဲ့ သူ့လက်ကို နားရွက်ပေါ်မှာ တင်ခဲ့ပြီးနောက် ညစ်ညမ်းတဲ့ အမူအရာကိုပါ လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
အဲဒါကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ဆော်ဒီ သတင်းစာ တစ်ခုက ရေးသားခဲ့တာကို The Telegraph က ဖော်ပြခဲ့တာပါ။
ဆော်ဒီနိုင်ငံရဲ့ ဘောလုံးသုံးသပ်သူတွေက ရော်နယ်ဒိုကို အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါ တယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲတွေမှာလည်း မက်ဆီလို့ခေါ်ပြီး သူ့ကိုလှောင်ပြောင်မှုတွေ ပြုလုပ်တာမှာ တုန့်ပြန်မှုတွေ ရှိခဲ့တာပါ။
မကြာသေးခင်က အယ်လ်ဟီလယ် အသင်းနဲ့ပွဲစဉ်မှာဆိုရင် ရော်နယ်ဒိုဟာ အယ်လ်ဟီလယ်အသင်း ပရိသတ် တွေက ပစ်ချခဲ့တဲ့ ပဝါကို ကောက်ယူပြီး သူ့ရဲ့ဘောင်းဘီထဲကို ထည့်ကာ ပြန်ပစ်ချသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို လုပ်ရပ်တွေကြောင့်လည်း ရော်နယ်ဒိုဟာ ဝေဖန်မှုတွေ ပြုလုပ်တာခံခဲ့ရပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၃၄ ဂိုးသွင်းယူထားတာပါ။
အယ်လ်နာဆာအသင်းဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရယူခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၄ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: Daily Mail
