
- By CNI
- Category: အားကစား
- Hits: 565
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရိုးမားအသင်းက ဆီဗီလာအသင်းကို အရေးနိမ့် ခဲ့တာနဲ့ ပတ်သက်ပြီး သူထင်တာတွေကို ပြောမယ်ဆိုရင် ၁၀ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရလိမ့်မယ်လို့ ပြောလိုက် ပါတယ်။
မော်ရင်ဟိုက “ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ရခဲ့တုန်းက ကျနော့်အတွက် ပုံမှန်ခံစားချက်တစ်ခုပါပဲ။ ဒါပေမယ့် ရိုးမားနဲ့ ဆီဗီလာပွဲအကြောင်းပြောလိုက်မယ်ဆိုရင် ကျနော် ၁၀ ပွဲလောက် ပွဲပယ်ခံရမယ်လို့ထင်ပါတယ်။ ကျနော်ဟာ ရှုံးပွဲကြုံတွေ့ပြီးရင် ကွင်းထဲမှာ မငိုဖူးပါဘူး။ ဒါပေမယ့် အနိုင်ရပြီးနောက် ငိုတဲ့အခါမျိုးရှိခဲ့ပြီး ဒီနှစ်ပွဲက ရိုးမားအတွက် သမိုင်းဝင်ပါပဲ” လို့ ပြောခဲ့တာပါ။
ရိုးမားအသင်းဟာ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဆီဗီလာအသင်းကို ပင်နယ်တီအဆုံးဖြတ်မှာ အရေးနိမ့် ခဲ့တာဖြစ်ပါတယ်။ ဒါဟာ မော်ရင်ဟိုရဲ့ နည်းပြဘဝမှာ ပထမဆုံး ဥရောပဗိုလ်လုပွဲရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ တာပါ။ ပေါ်တူဂီလူမျိုးနည်းပြဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ခဲ့တဲ့ အင်္ဂလိပ်ဒိုင်လူကြီး အန်သိုနီတေလာရဲ့ ဆုံးဖြတ်ချက်တွေကို ဒေါသထွက်ခဲ့တာကြောင့် ပွဲအပြီး ကားပါကင်မှာစောင့်ဆိုင်းကာ ထိပ်တိုက်တွေ့ပြီး ဝေဖန်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရိုးမားပရိသတ်တွေကလည်း အန်သိုနီတေလာနဲ့ သူ့ရဲ့မိသားစုကို လေဆိပ်မှာစောင့်ဆိုင်းကာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ ရိုးမားအသင်းဟာ ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် ယူအီးအက်ဖ်အေရဲ့အရေးယူမှုခံခဲ့ရသလို နည်းပြမော်ရင်ဟိုကလည်း ဒိုင်လူကြီးအပေါ် ဆက်ဆံပုံတွေကြောင့် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒါကြောင့် မော်ရင်ဟိုက ယူရိုပါလိဂ်ဗိုလ်လုပွဲအကြောင်း ပြောမယ်ဆိုရင် ၁၀ ပွဲလောက်ပွဲပယ်ခံရနိုင်တယ်လို့ ပြောခဲ့တာပါ။
မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ ယူရိုပါကွန်းဖရန့်လိဂ်ချန်ပီယံဆုရရှိအောင် ကိုင်တွယ်နိုင်ခဲ့ပြီး ဒုတိယရာသီမှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်ဘောလုံးရာသီမှာတော့ ရိုးမားအသင်းဟာ ရလဒ်တွေဆိုးနေပြီး စီးရီးအေ ၃ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်သာရရှိထားကာ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာရပ်တည်နေပါတယ်။
Source:Metro
- By cni
- Category: အားကစား
- Hits: 464
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူ့ကို ကြိုက်နှစ်သက်တာနဲ့ မက်ဆီကို မုန်းတီးစရာမလိုသလို၊ သူနဲ့ မက်ဆီကြားမှာ ပြိုင်ဆိုင်မှုတွေကလည်း ပြီးဆုံးသွားခဲ့ပြီလို့ ပြောလိုက်ပါတယ်။
ရော်နယ်ဒိုက “ခင်ဗျားတို့အနေနဲ့ ရော်နယ်ဒိုကို ကြိုက်နှစ်သက်တာနဲ့ မက်ဆီကို မုန်းတီးစရာမလိုပါဘူး။ ဒီနှစ်ဦး ဟာ ဘောလုံးသမိုင်းကို ပြောင်းလဲခဲ့ပြီး လေးစားမှုတွေလည်းရှိခဲ့ကြပါတယ်။ အခုအချိန်မှာပြိုင်ဆိုင်မှုတွေကလည်း ပြီးဆုံးသွားခဲ့ပါပြီ။ ကျနော်တို့တွေဟာ သူငယ်ချင်းတွေတော့မဟုတ်ပေမယ့် တစ်ဦးနဲ့တစ်ဦးကို လေးစားမှုရှိကြပါ တယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မက်ဆီနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာဖြစ်ပြီး အကောင်းဆုံးကစားသမား နှစ်ဦးရဲ့ပြိုင်ဆိုင်မှုတွေကလည်း ပြီးဆုံးသွားခဲ့ပြီလို့ အခိုင်အမာပြောခဲ့တာပါ။ ပေါ်တူဂီတိုက်စစ်မှူးက သူ့ကို ကြိုက်နှစ်သက်တယ်ဆိုရင်လည်း မက်ဆီကို မုန်းတီးစရာမလိုဘူးလို့ သူ့ကိုအားပေးတဲ့ပရိသတ်တွေကို တိုက်တွန်း ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဥရောပမှာ အောင်မြင်မှုအများအပြားရယူပြီးနောက် စိန်ခေါ်မှုအသစ်တွေ အတွက် ဥရောပကနေ ထွက်ခွာခဲ့ကြတာပါ။
ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံပြောင်းရွှေ့ခဲ့ပြီး၊ မက်ဆီကတော့ အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အသင်းသစ်တွေမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆုဖလား ၁ လုံးစီ ရယူနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့အတူ ပူးပေါင်းပြီး ခြေစစ်ပွဲတွေအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ဆလိုဗားကီးယား၊ လူဇင်ဘတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီရဲ့အာဂျင်တီးနားအသင်းကတော့ အီကွေဒေါ၊ ဘိုလီးဗီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 485
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
ယူနိုက်တက်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့အတွက် ကစားသမားစာရင်း ထုတ်ပြန်ခဲ့တာမှာ တောင်ပံကစားသမား အန်တိုနီလည်း ပါဝင်လာခဲ့ပါတယ်။
အန်တိုနီဟာ အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး ရည်းစားဟောင်းဖြစ်သူရဲ့ စွပ်စွဲခြင်း ခံထားရတာ ကြောင့် ဘရာဇီးလ် လက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံထားရတာပါ။
ဒါပေမယ့် ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ အန်တိုနီကို ချန်ပီယံလိဂ် လူစာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေ အားလုံးကို ချန်ပီယံလိဂ်ယှဉ်ပြိုင်မယ့် လူစာရင်းထဲမှာ ထည့်သွင်းခဲ့တာပါ။
ယူနိုက်တက် ကစားသမားတွေကို တွေ့ရစဉ်
အာဆင်နယ်အသင်းနဲ့ ပွဲမှာ ချန်လှပ်ခံရလို့ နည်းပြ အဲရစ်တန်ဟတ်ကို ပြန်တုံ့ပြန်ခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုလည်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ ဗန်ဒီဘိခ်ကိုတော့ ထည့်သွင်းထားခဲ့ ခြင်း မရှိပါဘူး။
လူငယ်တောင်ပံကစားသမား ဂါနာချိုဟာ ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းထဲမှာ မပါဝင်လာခဲ့ ပေမယ့် လူငယ်ကစားသမား အချို့နဲ့အတူ B စာရင်းထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
မန်ချက်စတာကလပ်ဟာ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် မကစားခင်အချိန်မှာ B စာရင်းထဲမှာ ပါဝင်တဲ့သူတွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာထားတာပါ။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု A မှာ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေး၊ ကိုပေဟေဂင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၂၀ ရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင် စက်တင်ဘာ ၁၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 749
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ကျင်းပနေတဲ့ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ အမေရိကန် တင်းနစ်သမား တေလာဖရစ်ဇ်ကို အနိုင်ယူပြီး ဂရမ်းဆလမ်း ဆီမီးဖိုင်နယ်ကို စံချိန်တင် ၄၇ ကြိမ်မြောက်အဖြစ် ရောက်ရှိခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်း ကွာတားဖိုင်နယ်ပွဲမှာ တေလာဖရစ်ဇ်ကို ၆-၁၊ ၆-၄၊ ၆-၄ နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် ရောက်ရှိခဲ့တာပါ။
ဂျိုကိုဗစ်အတွက်တော့ ဒီပွဲအနိုင်ရခဲ့လို့ ဂရမ်းစလမ်းဆုဖလားကို ၂၄ ကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်ချက်က လည်း နီးစပ်လာခဲ့ပါတယ်။
ဆားဘီးယား တင်းနစ်သမားဟာ ဆီမီးဖိုင်နယ်မှာ အမေရိကန်တင်းနစ်သမား ဘန်ရှီလ်တန်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဘန်ရှီလ်တန်ဟာ ကွာတားဖိုင်နယ်မှာ နိုင်ငံအသင်းဖော် တီယာဖိုးကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်အရွယ်ရှိ ဘန်ရှီလ်တန်ဟာ ကစားသမားဘဝ ပထမဆုံး ဂရမ်းဆလမ်း ဆီမီးဖိုင်နယ်အဖြစ် ဂျိုကိုဗစ်နဲ့ ယှဉ်ပြိုင်ရတော့မှာပါ။
ဂျိုကိုဗစ်ကို တွေ့ရစဉ်
အမေရိကန်အိုးပန်း ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ စံချိန်မှတ်တမ်းကောင်းကို ဆက်ထိန်း ထားနိုင်ခဲ့ပြီး နောက်ထပ် ၂ ပွဲ အနိုင်ရခဲ့ရင် တစ်ဦးချင်း ဂရမ်းဆလမ်း အများဆုံးရ ကစားသမားအဖြစ် စံချိန်တင် ထားတဲ့ မာဂရတ်ကော့တ်ရဲ့ အရေအတွက်နဲ့ တူညီသွားတော့မှာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်က “ဒါဟာ ကျနော့်ဘဝအတွက် အများကြီးပေးခဲ့တဲ့ အားကစားနည်းပါ။ ကျနော်ဟာ စစ်ဘေးဒဏ်နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဒုက္ခတွေလည်း အများကြီး ကြုံတွေ့ခဲ့ရတာပါ။ တက်သိနားလည်ပြီး စိတ်အားထက်သန်တဲ့ သူတွေနဲ့ ကြုံတွေ့ရတာက ကျနော့်အတွက် ကံကောင်းခဲ့ပါတယ်။ သူတို့ရဲ့ ပံ့ပိုးမှုတွေ၊ မိဘတွေနဲ့ အနစ်နာခံမှုတွေ မရှိရင်တော့ ကျနော် ဒီနေရာမှာတောင် ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမှတ်တမ်းတွေကို ကြားရတဲ့အချိန်မှာ ဒီအရာတွေက ကျနော့်ခေါင်းထဲရောက်နေတဲ့ ရှည်လျားတဲ့ အဖြေပါ”လို့ ပြောခဲ့တာပါ။
ဂျိုကိုဗစ်နဲ့ ဘန်ရှိလ်တန်တို့ပွဲစဉ်က အနိုင်ရတဲ့သူဟာ အယ်လ်ကာရတ်ဇ်၊ ရူဘလက်ဗ်၊ဇက်ဗာရက်ဗ်နဲ့ မက်ဗီဒက်ဗ် တို့ ၄ ဦးထဲက ၁ ဦးနဲ့ အမေရိကန်အိုးပန်း ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 466
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
ယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်း ရဲ့ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် ဒီမှာရှိရတာ အလွန်ပျော်ရွှင်တယ်လို့ ပြောသွားခဲ့ပါ တယ်။
ဂရင်းဝုဒ်က “ဒီမှာရှိရတာ အလွန်ပျော်ရွှင်ပါတယ်။ ကျနော် ၄ ၊၅ လလောက် လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အရှိန်ရလာခဲ့ ပါတယ်။ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ လုပ်နေရတဲ့အတွက် အလွန်ကောင်းပါတယ်။ ကျနော်တို့ရဲ့ အိမ်ကွင်း ပွဲစဉ်ကို ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ရောက်ရှိတော့မှာဖြစ်ပြီး ကျနော်တို့ နိုင်ပွဲတွေ ရယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပြောခဲပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှား စာချုပ်နဲ့ ဂီတာဖေးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို ပရိသတ်တွေ ကြိုဆိုနေကြစဉ်
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခွင့်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနေခဲ့တာပါ။
ဂီတာဖေးအသင်းဟာ ဂရင်းဝုဒ်အတွက် ယူနိုက်တက်အသင်းကို အငှားခေါ်ယူကြေး ပေးချေစရာမလိုသလို လုပ်ခ လစာ အနည်းငယ်သာ ပေးရမှာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းနဲ့ ပြုလုပ်ခဲ့တဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာ ပရိသတ်တွေက “ငါတို့မင်းကို ချစ်တယ်”ဆိုပြီး အော်ဟစ်အားပေးမှုကို ရရှိခဲ့တာပါ။
ဂီတာဖေးအသင်း ပရိသတ်တွေဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဂရင်းဝုဒ်နာမည်နဲ့ နံပါတ်ပါ အင်္ကျီတွေ ကို ဝတ်ဆင်ခဲ့ကြသလို ပရိသတ်အချို့ကလည်း ဂရင်းဝုဒ်ဆီကနေ အင်္ကျီတောင်းဆိုတဲ့ စာသားပါ စာတန်းတွေကို ကိုင်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ဂီတာဖေးအသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ စပိန်လာလီဂါ ပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲမှာ ဂရင်းဝုဒ် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Source: BBC

- By cni
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ အင်္ဂလန်အမျိုးသားတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရရှိသွားခဲ့ပါတယ်။
စက်တင်ဘာ ၅ ရက်ကမှ အသက် ၂၂ နှစ်ပြည့်ခဲ့တဲ့ ဆာကာဟာ ၂၀၂၂-၂၃ ရာသီ အင်္ဂလန်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားအဖြစ် ပရိသတ်တွေရဲ့ မဲပေးရွေးချယ်ခြင်းကို ခံခဲ့ရတာပါ။
ဆာကာဟာ ကွင်းလယ်လူ ဘယ်လင်ဂမ်၊ အသင်းခေါင်းဆောင် ဟာရီကိန်းတို့ကို မဲအသာရပြီး ဒီဆုကို ရရှိခဲ့တာ လည်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလကမှ အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဆာကာဟာ နောက်ဆုံး ၁၀ ပွဲမှာ သွင်းဂိုး ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ဆာကာကို တွေ့ရစဉ်
ဆာကာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်း အတွက်လည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်းအရုံးက ပေးတဲ့ PFA တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ဆာကာဟာ PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါ တယ်။ အာဆင်နယ် ကစားသမားဟာ ယူကရိန်းအသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲနဲ့ စကော့တလန် အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ပြင်ဆင်နေတာပါ။
အင်္ဂလန်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုတော့ အခုလကုန်ပိုင်းမှာ ကြေညာ သွားမယ်လို့ FA က ပြောထားပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး စပိန် အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 492
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
အင်တာမိုင်ယာမီအသင်းက လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ မက်ဆီဟာ ရေဘူးနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရပါတယ်။
လော့စ်အိန်ဂျလိစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၂ ဂိုး ဖန်တီးပေးနိုင် ခဲ့တဲ့ မက်ဆီဟာ သူ့ရဲ့ ကိုယ်ရံတော်နဲ့အတူ BMO အားကစားကွင်းကနေ လမ်းလျှောက်ထွက်လာချိန် ရေဘူးနဲ့ ပစ်ပေါက်ခံခဲ့ရတာပါ။
မက်ဆီဟာ ရေဘူးထိမှန်ခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ကိုယ်ရံတော်ဟာ ဒီအဖြစ်အပျက်ကို ထိတ်လန့်သွားခဲ့ပြီး ကစားသမားကို အမြန်ဆုံးဥမင်ထဲ ဝင်ရောက်စေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီဖြစ်ရပ်မတိုင်ခင် ပွဲချိန် ၇၃ မိနစ်မှာ ကွင်းထဲဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးရဲ့ ပွေ့ဖက်ခြင်း ခံခဲ့ရတာပါ။
ဒါပေမယ့် မက်ဆီရဲ့ ကိုယ်ရံတော်ဟာ သူ့ကစားသမားကို ကာကွယ်ဖို့ ကွင်းထဲရောက်ရှိလာခဲ့ပြီး ပရိသတ်ကို အားကစားကွင်း လုံခြုံရေးထံ အပ်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကတော့ ဒီအဖြစ်အပျက်အပေါ် အာရုံစိုက်မနေခဲ့ဘဲ ပွဲချိန် ၈၃ မိနစ်မှာ အသင်းဖော် ဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာပါ။
မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ ရောက်ရှိလာပြီးကတည်းက ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထား နိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ဂိုး ပြုလုပ် ထားတာပါ။
အင်တာမိုင်ယာမီ အသင်းဟာ လော့စ်အိန်ဂျလိစ်အသင်းကို အနိုင်ရခဲ့တဲ့အတွက် မေဂျာလိဂ်ဖလား ပလေးအော့ဖ် အဆင့် ဝင်ခွင့်နေရာက အသင်းနဲ့ ၈ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့် စပို့တင်းကန်ဆပ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ မက်ဆီ မပါဝင်ဘဲ ယှဉ်ပြိုင် ရတော့မှာပါ။
မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် တွေယှဉ်ပြိုင်ဖို့အတွက် အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 542
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီလစ်ရှ်နဲ့ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်တို့ဟာ ဒဏ်ရာ တွေကြောင့် လက်ရွေးစင်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ပြောခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးစလုံးဟာ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ရေးစခန်းကို ရောက်ရှိလာခဲ့ပေမယ့် လက်ရွေးစင် အသင်းနဲ့ မပူးပေါင်းခင် ဒဏ်ရာအခြေအနေကို အကဲဖြတ်ပြီးနောက် လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။ ဂရီလစ်ရှ်ဟာ ဖူလ်ဟမ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် မပါဝင်နိုင်ခဲ့ဘဲ အာနိုးလ်ကတော့ လီဗာပူးလ်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
နည်းပြဆောက်ဂိတ်ဟာ ဂရီလစ်ရှ်နဲ့ အာနိုးလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားတွေ ထပ်မံခေါ်ယူ သွားမှာမဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြောထားတာပါ။ အင်္ဂလန်အသင်းဟာ စက်တင်ဘာ ၉ ရက် မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ ပိုလန်တွင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက် မှာတော့ စကော့တလန်အသင်းနဲ့ ဂလပ်စဂိုမှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အုပ်စု C ကို ဦးဆောင်နေပြီး ဒုတိယနေရာက ယူကရိန်းအသင်းကို ၆ မှတ်ဖြတ် အသာရနေတာပါ။ အင်္ဂလန်အသင်းရဲ့ အုပ်စုမှာ ယူကရိန်း အသင်းအပြင် အီတလီ၊ မြောက်မက်ဆီဒိုးနီးယားနဲ့ မော်လ်တာအသင်းတို့ ပါဝင်နေတာဖြစ်ပါတယ်။ ခြေစစ်ပွဲ တွေရဲ့အုပ်စုတွင်း ထိပ်ဆုံး ၂ သင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်တယ်လို့ သိရပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 392
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ အသင်းမှာ ၂၀၂၆ ခုနှစ်အထိရှိမယ့် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇာဗီဟာ ဘာစီလိုနာအသင်း နည်းပြအဖြစ် ၂၀၂၁ ခုနှစ်က စတင်တာဝန်ယူခဲ့ပြီး ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာကြောင့် သူ့ရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးတော့မှာပါ။
Marca က ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ၂၀၂၆ ခုနှစ်အထိ ဆက်ရှိမယ့် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဇာဗီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းကို လာလီဂါဆုဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
ဘာစီလိုနာ အသင်းသားတွေကို တွေ့ရစဉ်
ဇာဗီဟာ ဘာစီလိုနာ ကစားသမားဘဝတုန်းကလည်း ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့သလို နည်းပြ ဘဝမှာလည်း ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဇာဗီရဲ့ စာချုပ်သစ်ကို မကြာခင် ရက်ပိုင်းအတွင်းမှာ ကြေညာသွားဖွယ် ရှိတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ကလပ်အသင်း ပွဲစဉ်တွေကို ရပ်နားထားပေ မယ့် ဇာဗီကတော့ နိုင်ငံအသင်းမှာ မပါဝင်တဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင့်မှုတွေ ဆက်လက် ပြုလုပ်သွား မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နိုင်ငံတကာပွဲတွေအပြီးမှာ လာလီဂါပွဲစဉ်အဖြစ် ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဘာစီလိုနာအသင်းဟာ အခုနှစ် ဘောလုံးရာသီ လာလီဂါပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အခုဆိုရင် ဘာစီလိုနာအသင်းဟာ နည်းပြ ဇာဗီရဲ့ လက်အောက်မှာ ပုံစံကောင်းတွေရရှိနေပြီး ပြည်တွင်း ပြိုင်ပွဲ တွေမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးနောက် ဥရောပချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 506
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၅
ဘရာဇီးလ်လက်ရွေးစင်အသင်းဟာ ရည်းစားဟောင်းဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုစွဲချက်တင်ခံထားရတဲ့ ယူနိုက်တက်အသင်းတောင်ပံကစားသမား အန်တိုနီကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
ဘရာဇီးလ်သတင်းဌာန UOL က အန်တိုနီအပေါ် ရည်းစားဟောင်းဖြစ်သူရဲ့ စွပ်စွဲချက်တွေကို စက်တင်ဘာ ၄ ရက် က ထုတ်ပြန်ခဲ့တာပါ။ ဆော်ပေါ်လိုနဲ့ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့က ဒီစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အန်တိုနီကတော့ ဒီ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
အန်တိုနီက “စွပ်စွဲချက်တွေဟာ မှားယွင်းကြောင်း ကျနော်ပြောနိုင်ပါတယ်။ အခုစွပ်စွဲချက်တွေအတွက် ကျနော့်မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်ပါတယ်။ ရဲတပ်ဖွဲ့တွေရဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေက ကျနော့်ရဲ့ အပြစ်ကင်းတဲ့ အမှန်တရားကို ပြသနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ပြောထား တာပါ။
အန်တိုနီဟာ ၂၀၂၂ ခုနှစ် ဇွန်လနဲ့ ၂၀၂၃ ခုနှစ်၊ မေလကြားထဲမှာ သူမကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်လို့ ရည်းစားဟောင်းဖြစ်သူ ကာဗာလင်က ပြောခဲ့တာဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခုမှာဆိုရင် အန်တိုနီရဲ့ ဖန်ခွက်နဲ့ ပစ် ပေါက်ခြင်းခံခဲ့ရတာကြောင့် သူမရဲ့ လက်ချောင်းပေါ်က အရိုးတွေကို မြင်နိုင်တဲ့အထိ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် ကာဗာလင်ဟာ ကိုယ်ဝန်ရှိစဉ်အချိန်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအသေးစိတ်ကိုလည်း ပြောပြခဲ့တယ်လို့ ဘရာဇီးလ်သတင်းဌာန UOL က ဖော်ပြထားတာဖြစ်ပါတယ်။
အန်တိုနီကတော့ သူဟာ ကိုယ်ထိလက်ရောက်တိုက်ခိုက်တာမျိုးတော့ ဘယ်တော့မှမလုပ်ခဲ့ဘူးလို့ ပြောထား ခဲ့တာပါ။ BBC Sport က အန်တိုနီရဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ယူနိုက်တက် အသင်းက လက်ရှိအချိန်မှာ မှတ်ချက်ပေးလိုခြင်းမရှိဘူးလို့ပြောထားပါတယ်။ ဘရာဇီးလ်အသင်းဟာ အန်တိုနီရဲ့ နေရာမှာ အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ကို အစားထိုးရွေးချယ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေအဖြစ် ဘိုလီးဗီးယား၊ ပီရူးတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။