- By CNI
- Category: အားကစား
- Hits: 1548
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄
အင်္ဂလန်ကွင်းလယ်လူ ဂယ်လာဂါဟာ အသလက်တီကိုအသင်းနဲ့ အပြောင်းအရွှေ့ မပြီးဖြတ်နိုင်သေးတာကြောင့် အင်္ဂလန်ကိုပြန်လာကာ ချယ်လ်ဆီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။
ချယ်လ်ဆီးနဲ့ အသလက်တီကို အသင်းတို့ဟာ ဂယ်လာဂါရဲ့ အပြောင်းအရွှေ့အတွက် ပေါင် ၃၃.၇ သန်းနဲ့ သဘောတူညီမှု ရရှိထားတာကြောင့် ကစားသမားဟာ အပြောင်းအရွှေ့ အပြီးသတ်ဖို့ စပိန်နိုင်ငံကို သွားရောက် ခဲ့တာပါ။
ဂယ်လာဂါဟာ အသလက်တီကိုအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး မက်ဒရစ်မှာ ၅ ရက်ကြာအထိ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို အင်္ဂလန်ပြန်လာဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
အသလက်တီကိုအသင်းဟာ ဒီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ပေါင် ၈၁ သန်းနဲ့ ခေါ်ယူပြီးနောက် ဂယ်လာဂါရဲ့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ဆိုရင် ကစားသမားတစ်ဦး ရောင်းချဖို့ လိုအပ်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ အသလက်တီကိုအသင်း တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ခေါ်ယူမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာကြောင့်လည်း ဂယ်လာဂါရဲ့ အပြောင်းအရွှေ့အပေါ် သက်ရောက်မှုတွေရှိလာခဲ့တာ ဖြစ်ပါတယ်။

ဂယ်လာဂါကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့အတွက်လည်း အသလက်တီကိုအသင်းနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမား အများအပြားကို ခေါ်ယူထားတာကြောင့် အသင်းမှာ ရှိတဲ့ ကစားသမားအချို့ကို မဖြစ်မနေ ရောင်းချဖို့လည်း လိုအပ်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ မကြာသေးခင်က ဝုလ်ဗ်စ်အသင်း တောင်ပံကစားသမား ပက်ဒရိုနက်တိုကို ခေါ်ယူပြီးနောက် လူစာရင်းထဲမှာ ကစားသမား ၄၃ ဦးအထိ ရှိလာခဲ့တာပါ။
ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 6734
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄
ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းမှာ ကစားချင်နေတဲ့ တောင်ပံကစားသမား ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ သတ်မှတ်ခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အလားအလာရှိတဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း ပြင်သစ်ကလပ်ထံ ပြောင်းရွှေ့ချင်နေတာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းဘက်က ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ သတ်မှတ်ထား တာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတို့ဟာ ဒီအပတ်ထဲမှာ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှုရရှိဖို့ မမျှော်လင့်ဘူးလို့ သိရပါတယ်။
ပီအက်စ်ဂျီနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ဆွေးနွေးမှုတွေမှာ ဥရုဂွေးကွင်းလယ်လူ အူဂါတေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်မတိုင်ခင် ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အူဂါတေးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဆန်ချိုကို တွေ့ရစဉ်
အူဂါတေးကလည်း အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပေမယ့် ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး အဆင်မပြေသေးလို့ အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာပါ။
ယူနိုက်တက်အသင်းဟာ ဒီအပြောင်းအရွှေ့မှာ ယိုရို၊ ဇာ့ခ်ဇီ၊ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ခေါ်ယူထားတာကြောင့် အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချဖို့လိုအပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အူဂါတေးကို ခေါ်ယူချင်နေသေးတာကြောင့် ဆန်ချိုကို ရောင်းချတာက ဒီကစားသမား ကို ခေါ်ယူနိုင်ဖို့ ငွေကြေး လိုအပ်ချက်တွေကို ပေးနိုင်စွမ်းရှိနေတာပါ။
ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီကြို ခြေစမ်းပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ခဲ့သလို မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာလည်း လူစားဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။
အူဂါတေးကတော့ ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ချန်လှပ်ခံထားရပြီး အသင်းရဲ့ ရောင်းချ မယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2173
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄
မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲမှာ လိုင်လီအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဖီနာဘာချီအသင်းဟာ လိုင်လီ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ လိုင်လီအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီ သရေကျပြီး အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပို ၁၁၈ မိနစ်မှာ ဂျိုနသန်ဒေးဗစ်က လိုင်လီအသင်းအတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့တာကြောင့် ၁ ဂိုးစီသရေကျပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ လိုင်လီအသင်း အနိုင်ရရှိသွားခဲ့တာပါ။
လိုင်လီအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖီနာဘာချီ အသင်းကတော့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဖီနာဘာချီနဲ့ လိုင်လီအသင်းတို့ ယှဉ်ပြိုင်နေစဉ်
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
မော်ရင်ဟိုက “စီးပွားရေးအရလည်း ဆုံးရှုံးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကလပ်အတွက် အရေးပါတဲ့ တွန်းအားဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခွင့်ရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ပါပြီ။ အခုတော့ ကျနော်တို့ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရတော့မှာပါ။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကောင်းမွန်စွာလုပ်နိုင်ရင် ချန်ပီယံဆုကို ရယူနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဖီနာဘာချီအသင်းဟာ တူရကီလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဒီမာစပေါ်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရခဲ့ပြီး သြဂုတ် ၁၇ ရက်မှာ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဂေါ့ဇ်တီပီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 3816
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄
ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ကို ပေါင်သန်း ၆၀ နီးပါးနဲ့ ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီလစ်ကို ပေါင် ၃၈.၅ သန်း၊ ထပ်တိုးပေးချေမှု ပေါင် ၄.၃ သန်းနဲ့ ၅ နှစ်စာချုပ်၊ မက်ဇ်ရာအူရီကို ပေါင် ၁၂.၈ သန်း၊ ထပ်တိုးပေးချေမှု ပေါင် ၄.၃ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
သူတို့နှစ်ဦးစလုံးဟာ စာချုပ်ကုန်ဆုံးချိန်တွေမှာ နောက်ထပ် တစ်နှစ်သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်တွေ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လိုင်လီအသင်း နောက်ခံလူ ယိုရိုနဲ့ ဘိုလော့ဂ်နာအသင်း တိုက်စစ်မှူး ဇာ့ခ်ဇီတို့ကိုလည်း ခေါ်ယူထားပြီး အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၄၀ အထိ အသုံးပြုထား တာ ဖြစ်ပါတယ်။
ဒီလစ်နဲ့ မက်ဇ်ရာအူရီတို့ နှစ်ဦးစလုံးဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အေဂျက်စ်အသင်းမှာ အတူလက်တွဲ ခဲ့ကြတာဖြစ်ပြီး အခု ယူနိုက်တက်အသင်းမှာ ထပ်မံလက်တွဲ အလုပ်လုပ်ရတော့မှာပါ။
ယူနိုက်တက်အသင်းက ဒီလစ်ဟာ ကျောနံပါတ် ၄၊ မက်ဇ်ရာအူရီက ကျောနံပါတ် ၃ ဝတ်ဆင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒီလစ်နဲ့ မက်ဇ်ရာအူရီကို တွေ့ရစဉ်
သူတို့ နှစ်ဦးစလုံးဟာ ဖူလ်ဟမ်အသင်းနဲ့ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာပါ။
ဒီလစ်က “နည်းပြအဲရစ်တန်ဟတ်က ကျနော့် ကစားသမားဘဝရဲ့ အစောပိုင်းအဆင့်တွေကို ပုံဖော်ခဲ့တဲ့သူပါ။ အဲဒါကြောင့် သူဟာ ကျနော့်ဆီကနေ အကောင်းဆုံးတွေကို ဘယ်လို ရယူရမလဲဆိုတာ သိပါတယ်။ သူနဲ့ ထပ်ပြီး လက်တွဲအလုပ်လုပ်ဖို့ ကျနော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ယူနိုက်တက်အသင်းမှာ အောင်မြင်မှုတွေရအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်”လို့ ပြောခဲ့ပါတယ်။
မက်ဇ်ရာအူရီကလည်း “နည်းပြ အဲရစ်တန်ဟတ်နဲ့ ပြန်လည်လက်တွဲရမှာကို စိတ်လှုပ်ရှားမိပြီး သူဟာ ကျနော့် ကစားသမားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့သူပါ။ သူဟာ ကစားသမားတွေဆီကနေ ဘာတွေ မျှော်လင့်လဲ ဆိုတာ ကျနော်သိပါတယ်။ အသင်းအောင်မြင်မှုရဖို့အတွက် အရာအားလုံးကို ကျနော်ပေးသွားမှာပါ”လို့ ပြောခဲ့တာ ပါ။
ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဝမ်ဘစ်ဆာကာကတော့ ဝက်စ်ဟမ်းအသင်းထံ ပေါင် ၁၅ သန်း နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ နောက်ထပ် ကစားသမားအချို့ကိုလည်း ထပ်ပြီး ရောင်းချသွားဖို့ရှိနေတာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 3691
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုစွဲချက်ပေါင်း ၁၁၅ ချက်နဲ့ စွဲချက်တင်ခြင်းခံထားရတဲ့ မန်စီးတီးအသင်းရဲ့ ကြားနာမှုကို စက်တင်ဘာလမှာ စတင်ဖို့ ရှိနေတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ စွဲချက်တင်ခြင်း ခံထားရပေမယ့် ဒါကိုအရေးယူမှုပြုလုပ်ဖို့ နှစ်ပေါင်းများစွာကြာ ဆိုင်းငံ့ခံ ထားရတာဖြစ်ပြီး မန်ချက်စတာကလပ်ဟာ ဒီကာလတွေအတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းဝင် အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာပါ။
ဒီကြားနာမှုကို မျှော်လင့်ထားတာထက် ၂ လခန့်စောပြီး စက်တင်ဘာလထဲမှာ စတင်သွားမယ်လို့ The Times က ဖော်ပြထားတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး သူတို့ဘက်က စတင်စွဲချက်တင်ထားတဲ့ ရလဒ်ကို လာမယ့် နှစ်ပတ်အတွင်းမှာ ထုတ်ဖော်ပြသဖို့ စီစဉ်ထားတာကြောင့် ကြားနာမှုရက်စွဲကို အရှေ့တိုးလာခဲ့တာပါ။
ဒီကိစ္စပြီးဆုံးတာနဲ့ မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ကြားနားမှုတွေကို စတင်နိုင်မှာ ဖြစ်ပါတယ်။
ကြားနာမှုကို ၁၀ ပတ်ခန့်ကြာဖို့ စီစဉ်ထားတာကြောင့် ၂၀၂၅ ခုနှစ် အစောပိုင်းမှ ဒါကို စီရင်ချက်ချဖို့ ရှိနေတာပါ။

မန်စီးတီးအသင်း ဘောလုံးကွင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းအနေနဲ့ ဘဏ္ဍာရေးချိုးဖောက်မှုမှာ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် အမှတ်လျှော့ ဒါမှမဟုတ် တန်းဆင်းခံရတဲ့အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ်ဖောရက်စ်နဲ့ အဲဗာတန်အသင်းတို့ဟာ ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းကို ချိုးဖောက်တာကြောင့် ရမှတ်လျှော့ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။
မန်စီးတီးအသင်းကတော့ သူတို့ဘက်က ဘာအမှားအယွင်းကိုမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၄ ရာသီဆက်တိုက် ချန်ပီယံဆုကို ရယူထားပြီး စံချိန်သစ် တင်နိုင်ခဲ့သလို ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရပြီး ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 2562
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃
ဆော်ဒီပရိုလိဂ်ရဲ့ နောက်ဆုံးပစ်မှတ်ဖြစ်လာခဲ့တဲ့ ရီးရယ်လ်ကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ပင်လယ်ကွေ့နိုင်ငံထံ ပြောင်းရွှေ့ဖို့အတွက် ကမ်းလှမ်းမှုကို စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေး နိုင်ခဲ့ပြီးနောက် ဒီနှစ်မှာ ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေတာပါ။
ဗီနီစီးယက်စ်ရဲ့ အပြောင်းအရွှေ့အတွက် ဆော်ဒီအများပိုင်ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့(PIF)နဲ့ ရီးရယ်လ်အသင်းတို့ အကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် စပိန်ကလပ်ကတော့ ဘရာဇီးလ်ကစားသမားကို အသင်းကနေ မထွက်ခွာစေ ချင်တာ ဖြစ်ပါတယ်။
ဆော်ဒီ PIF ဟာ နိုင်ငံရဲ့ ထိပ်တန်းကလပ် အသင်းတွေဖြစ်တဲ့ အယ်လ်ဟီလယ်၊ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်နဲ့ အယ်လ်အာလီအသင်းတို့ကို ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။
ဆော်ဒီဟာ ဗီနီစီးယက်စ်ကို ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံရဲ့ သံတမန်ဖြစ်ဖို့ စိတ်ကူးရှိနေတယ်လို့လည်း သိရပါတယ်။

ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
ဆော်ဒီဟာ ဗီနီစီးယက်စ်ရဲ့ ကိုယ်စားလှယ်တွေထံ ချဉ်းကပ်ပြီး လုပ်ခလစာအဖြစ် တစ်နှစ်ကို ယူရိုသန်း ၃၅၀ အထိပေးချေဖို့ ဆွေးနွေးခဲ့တယ်လို့ ESPN သတင်းမှာ ဖော်ပြထားတာပါ။
တရားဝင်ကမ်းလှမ်းမှုတော့ မရှိသေးပေမယ့် ဗီနီစီးယက်စ်ဟာ ဒါကို ပယ်ချခဲ့ခြင်းမရှိသလို ဆော်ဒီ PIF ကိုလည်း ရီးရယ်လ်အသင်းထံ ချဉ်းကပ်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ ဗီနီစီးယက်စ်တို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ဇွန်အထိ သက်တမ်းရှိနေပြီး စာချုပ်ထဲမှာ ယူရို ၁ ဘီလီယံ တန်ကြေးရှိ ဝယ်ယူခွင့်အချက် ပါဝင်နေတာပါ။
ဆော်ဒီပရိုလိဂ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ရော်နယ်ဒို၊ နေမာ၊ ဘန်ဇီမာ၊ ကန်တီတို့လို နာမည်ကြီးတွေကို ခေါ်ယူခဲ့ပြီး မက်ဆီနဲ့ ဘတ်ပီတို့ကို ခေါ်ယူဖို့ ကြိုးစားမှုမှာ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
ဆော်ဒီပရိုလိဂ်ဟာ ဒီအပြောင်းအရွှေ့မှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူနိုင်ဖို့လည်း ပစ်မှတ်ထား နေတာပါ။
၂၀၁၈ ခုနှစ်မှာ ရီးရယ်လ်အသင်းအတွက် ပွဲထွက်ခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အသင်းအတွက် ပွဲပေါင်း ၂၆၄ ပွဲ ပါဝင်ကစားထားပြီး ၈၃ ဂိုး သွင်းယူကာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2424
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃
ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒီဂီယာက ကစားသမားဘဝက အနားယူဖို့ ဘယ်တုန်းကမှ စဉ်းစားခဲ့ခြင်း မရှိဘူးလို့ ဖီအိုရင်တီးနားအသင်း ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
ဒီဂီယာက “Viola အင်္ကျီကို ဝတ်ဆင်ပြီး ဖလော်ရန့်စ်ကို ကိုယ်စားပြုရတာ ကျနော် ဂုဏ်ယူပါတယ်။ ကျနော်ဟာ အမြင့်ဆုံးအဆင့်မှာပဲ ဆက်ရှိချင်ခဲ့ပြီး မရပ်တန့်ခဲ့ပါဘူး။ မန်ချက်စတာက ကျနော့်ရဲ့အိမ်ဖြစ်ပြီး ကျနော့်ရဲ့ နှလုံးသားက အဲဒီမှာ အမြဲတမ်းရှိပါတယ်။ ယူနိုက်တက်က ထွက်ခွာအပြီးမှာ စိတ်ဓါတ်ခွန်အားတွေကို ရှာဖွေဖို့ ခက်ခဲခဲ့ပါတယ်။ ကျနော်ဟာ တစ်ဦးတည်း လေ့ကျင့်မှုတွေကို အကောင်းဆုံးပြုလုပ်ခဲ့ပြီး အခုဖီအိုရင်တီးနားကို ရောက်ရှိလာခဲ့ပါတယ်။ ဖီအိုရင်တီးနားကို ပြောင်းဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော် အနားမယူချင်ခဲ့ ပါဘူး”လို့ ပြောခဲ့တာပါ။
ဒီဂီယာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာအပြီးမှာ အသင်းအများအပြားနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘယ်အသင်းကိုမှ မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ ၁ နှစ်ကျော်ကြာ အသင်းလက်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဒီဂီယာကို တွေ့ရစဉ်
ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားခဲ့တဲ့ ဒီဂီယာဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဖီအိုရင်တီးနားအသင်းထံ ပြောင်းရွှေ့ပြီးနောက် အသင်းလက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။
ဖီအိုရင်တီးနားအသင်းဟာ ဒီဂီယာကို ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်ရှိတယ်လို့ သိရပါတယ်။
ဒီဂီယာက သူဟာ ကြံ့ခိုင်မှုပြည့်ဝနေပြီး အရင်ကထက်တောင် နေ့တိုင်းလေ့ကျင့်မှုတွေ ပြုလုပ်တာကြောင့် ကောင်းမွန်တဲ့အဆင့်မှာ ရှိနေတယ်လို့လည်း မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ပြောခဲ့တာပါ။
ဖီအိုရင်တီးနားအသင်းဟာ လာမယ့်အပတ်မှာ စီးရီးအေ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် ပါးမားအသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပြီး ဒီပွဲမှာ ဒီဂီယာဟာ ဖီအိုရင်တီးနားအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့လို့ ယူရိုပါကွန်းဖရန့်လိဂ် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိထားပြီး ပလေးအော့ဖ်အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 3070
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၃
အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက သူနဲ့ အသင်းတို့ဟာ အသင်းခေါင်းဆောင် မက်ဆီ ဘယ်အချိန်မှ ပြန်ကစားပေးနိုင်မလဲဆိုတာ မသိဘူးလို့ ပြောခဲ့ပါတယ်။
မာတီနိုက “လီယိုက မျှော်လင့်ထားသလို တိုးတက်မှုတွေ ရှိနေပေမယ့် အဖွဲ့ထဲကို ဘယ်အချိန်မှ ပြန်လည် ဝင်ရောက်နိုင်မလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ သူဟာ သီးခြားအလုပ်တွေကို ဆက်လုပ်နေတာပါ။ လီယို မပါဝင်နိုင်တာက ကျနော်တို့ကို နည်းလမ်းအမျိုးမျိုးနဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ ဦးစားပေးက လီယိုရဲ့ အခြေအနေကို အမြန်ဆုံးဖြေရှင်းဖို့နဲ့ သူမပါဝင်နိုင်တဲ့ အချိန်တွေမှာ ကျနော်တို့ရဲ့ ယှဉ်ပြိုင်နိုင်မှုကို အကောင်းဆုံးထိန်းသိမ်းဖို့ပါ”လို့ မီဒီယာတွေ့ဆုံချိန် ပြောခဲ့တာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ ကိုလံဘီယာအသင်းနဲ့ ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားရင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းအတွက် အခုထိ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။

မက်ဆီကို တွေ့ရစဉ်
နည်းပြ မာတီနိုကိုယ်တိုင်က မက်ဆီဘယ်အချိန်မှ ပြန်ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ပြောခဲ့တာကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင်ရဲ့ ဒဏ်ရာအခြေအနေဟာ စိုးရိမ်စရာတွေရှိနေခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ မပါဝင်နိုင်ပေမယ့် ရလဒ်ကောင်းတွေ ရရှိနေပြီး လိဂ်ဖလားပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံဆုကို ဆက်ထိန်းသိမ်းဖို့ နောက်တစ်ဆင့် တက်ရောက်ထားပါတယ်။
ဒါအပြင် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားကို ဦးဆောင်ထား တာပါ။
သတင်းတွေအရ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ပေမယ့် သီးသန့် လေ့ကျင့်မှုတွေသာ ပြုလုပ်နိုင်ခဲ့ပြီး အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပူးပေါင်းခဲ့ခြင်းမရှိဘူးလို့ ဖော်ပြ ထားပါတယ်။
မက်ဆီဟာ ဒဏ်ရာကနေ အပြည့်အဝ သက်သာခြင်း မရှိသေးတာကြောင့် ဒီလအကုန်ထိ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်နိုင်ဖွယ် မရှိဘူးလို့လည်း သိရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် သြဂုတ် ၁၄ ရက်မှာ ကိုလံဘတ်စ်ခရူ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2467
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂
ချယ်လ်ဆီးအသင်းဟာ ဝုဗ်အသင်းကနေ ပတ်ဒရိုနေတိုကို ပေါင် ၅၄ သန်းနဲ့ ၇ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပါ တယ်။
ဝုဗ်အသင်း ကစားသမားဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဥ် မတိုင်မီ တစ်ပတ်အလိုမှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ထို့နောက် ကော့ဘ်ဟမ်မှာ အသင်းဖော် အသစ်တွေနဲ့ လေ့ကျင့်မှုတွေ စတင်မယ်လို့လည်း သိရပါတယ်။
သူက "ဒီအသင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျနော်ဒီမှာရှိဖို့ တကယ်ကို အလုပ်ကြိုးစားခဲ့ပြီး ဒီအင်္ကျီနဲ့ ကွင်းထဲရောက်ဖို့ မျှော်လင့်နေပါတယ်" လို့ ချယ်လ်ဆီးအသင်းရဲ့ မီဒီယာကို ပြောကြားခဲ့ပါတယ်။

ပတ်ဒရိုနေတိုကို တွေ့ရစဥ်
ဝုဗ်အသင်းရဲ့ ထုတ်ပြန်ချက် တစ်ခုမှာတော့ သူရဲ့ စာချုပ်ဟာ ကလပ်အတွက် အချိန်တန်နေပါပြီ၊ နေတို နေရာမှာ အစားထိုးဖို့ ရွေးချယ်မှုတွေနဲ့ ပစ်မှတ်တွေလည်း လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နေတိုဟာ ချယ်လ်ဆီးအသင်းရဲ့ ၁၀ ယောက်မြောက် နွေရာသီ ခေါ်ယူမှု ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမားကို အင်တာမီလန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဥ်မှာ ပရိသတ်တွေကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပါတယ်။
Source: The Guardian
- By CNI
- Category: အားကစား
- Hits: 1853
CNI Sport News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ နောက်ခံလူ တင်ဘာကို လာမယ့် အပတ်ထဲ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပြီး တိုမီယာဆုကတော့ ကာလရှည် အနားယူရဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “တင်ဘာဟာ တစ်ဦးချင်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ သူဟာ လာမယ့်အပတ်မှာ အသင်းနဲ့ အတူ လေ့ကျင့်မှုပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ တိုမီယာဆုကတော့ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရပါလိမ့်မယ်။ အဲဒါကြောင့် သူနဲ့ ပတ်သက်ပြီး ကျနော်တို့ စိတ်ရှည်ရမှာပါ”လို့ ပြောခဲ့ တာပါ။
တင်ဘာဟာ ပြီးခဲ့တဲ့နှစ်က အေဂျက်စ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ လေဗာကူဆင်၊ လိုင်ယွန်အသင်းတို့နဲ့ ခြေစမ်းပွဲတွေမှာလည်း အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့ ပါဘူး။

တိုမီယာဆုနဲ့ တင်ဘာတို့ကိုတွေ့ရစဉ်
တိုမီယာဆုကတော့ ရာသီကြိုအစပိုင်းမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ရာသီအစပွဲစဉ် အချို့ကို လွဲချော်မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူ ထားတဲ့ နောက်ခံလူ ကာလာဖီအိုရီအပေါ် အသင်းပရိသတ်တွေရဲ့ တုန့်ပြန်မှုအပေါ် နှစ်သက်တယ်လို့လည်း ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ် မစတင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ လီဗာပူးလ်အသင်း တစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းဟာ ရာသီသစ်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ သြဂုတ် ၁၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: Metro
