
- By CNI
- Category: အားကစား
- Hits: 771
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃
အယ်လ်နာဆာအသင်းက အယ်လ်အာလီအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒို ဟာ အသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အယ်လ်နာဆာ အသင်းအတွက် နောက်ထပ်သွင်းဂိုး ၂ ဂိုးကို တယ်လီစကာက သွင်းယူခဲ့တာဖြစ်ပြီး အယ်လ်အာလီ အသင်းအတွက် ချေပဂိုးတွေကို ကတ်ဆီ၊ မာရက်ဇ်နဲ့ အယ်လ်ဘူရာခန်က သွင်းယူခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ရာသီသစ်လိဂ်ပွဲစဉ် ပထမ ၂ ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီ ၅ ပွဲစလုံးမှာ အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေ သွင်းယူပေး ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ရော်နယ်ဒိုရဲ့ အသင်းဖော် မာနေး၊ အယ်လ်ဒေါစာရီ၊ မယ်လ်ကွန်နဲ့ ဒမ်ဘီလီတို့က ၆ ဂိုးစီနဲ့ ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။
ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၁၄ ပွဲ ကစားထားအပြီးမှာ ၁၅ ဂိုး သွင်းယူထားတာပါ။
ရော်နယ်ဒိုက "ဒီပွဲက အလွန်ကောင်းမွန်တဲ့ပွဲပါ။ အရမ်းခက်ခဲမယ်ဆိုတာ သိပေမယ့် ကျနော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နိုင်ပွဲအတွက် အလွန်ပျော်ရွှင်ပြီး ကျနော်တို့အခုဆို အဆင့် ၅ နေရာကို ရောက်ရှိ လာခဲ့ပါပြီ။ ဒါကို ကျနော်တို့ ရှာဖွေနေတာပါ"လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ လိဂ်ပွဲစဉ် ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ မကြာသေးခင်က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဆီပိုလစ်အသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရထားတာပါ။
အယ်လ်နာဆာအသင်းဟာ လာမယ့်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၂၉ ရက်မှာ အယ်လ်တိုင်နဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်၊ အောက်တိုဘာ ၂ ရက်မှာ စတစ်ကောလ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 595
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃
ယူနိုက်တက်အသင်းဟာ ရာသီအစ ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့ပေမယ့် အသင်းမှာရှိတဲ့ သူတွေအားလုံး စည်းစည်း လုံးလုံး ရှိနေကြတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ယူနိုက်တက်ကစားသမားတွေ၊ နည်းပြနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ထမ်းအားလုံးဟာ စည်းစည်းလုံးလုံး ရှိနေကြပါတယ်။ ဒီနေရာမှာ အားလုံးက အနိုင်ရဖို့အတွက် တိုက်ပွဲဝင်နေကြတာပါ။ အဝတ်လဲခန်းထဲမှာ ရန်ပွဲဖြစ် ခဲ့တယ်ဆိုတဲ့အပေါ်မှာတော့ ကျနော့် ကစားသမားတွေရဲ့ စိတ်ထဲမှာ ပွဲတိုင်းအနိုင်ရချင်တာပဲ ရှိတယ်ဆိုတာ ကျနော် သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်လက်ထက် ဒုတိယရာသီမှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီးမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အိုနာနာ၊ ဟော့ဂျ်လန်း၊ မေဆင်မောင့်နဲ့ အမ်ရာဘတ်တို့ကို ခေါ်ယူထားပေမယ့် အသင်းဟာ ရာသီအစမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားတွေ အများအပြား ဒဏ်ရာရနေသလို တောင်ပံကစားသမားတွေ ဖြစ်တဲ့ အန်တိုနီနဲ့ ဆန်ချိုရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနေရတာပါ။
အန်တိုနီဟာ စွပ်စွဲခံထားရတဲ့ အမှုတွေကို ဖြေရှင်းလို့ မပြီးမချင်း ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းနိုင်ဦးမှာ မဟုတ် သလို ဆန်ချိုကလည်း နည်းပြ အဲရစ်တန်ဟတ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရ ပါတယ်။
အဲရစ်တန်ဟတ်က “ဆန်ချိုက ဘန်လေနဲ့ ပွဲစဉ်အတွက် ကျနော်တို့ရဲ့ လူစာရင်းမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါတွေ အားလုံးက သူ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ဟာ ဘန်လေနဲ့ ပွဲအတွက် ပြင်ဆင်နေပြီး ဒါကိုပဲ အာရုံစိုက် ထားပါတယ်။ တခြားဘာမှမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ဘန်လေအသင်းနဲ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 690
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာပါဝင်တဲ့ ၁ နှစ် သက်တမ်းတိုး မယ့် အချက်ကို အသက်သွင်းဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ ဟာရီကိန်းကို ရောင်းချဖို့ တွန်းအားပေးခံခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ထပ်ပြီးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်နေ တာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် ဆွန်ဟောင်မင်ရဲ့ စာချုပ်ကို နောက်ထပ် တစ်နှစ် ထပ်ပြီး သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခြေစွမ်းပြသနေတဲ့ ဆွန်ဟောင်မင်ကို အဆုံးရှုံး မခံချင်တာကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ပေးထားခဲ့တာပါ။
ဆွန်ဟောင်မင်နဲ့ နည်းပြကို တွေ့ရစဉ်
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟတ်ထရစ် ဂိုးသွင်းယူပေးထားပြီး အသင်းရလဒ်ကောင်းတွေ ရရှိအောင် ဦးဆောင်ပေးထား နိုင်ခဲ့ပါတယ်။
တောင်ကိုရီးယား ကစားသမားဟာ၂၀၁၅ ခုနှစ်က လေဗာကူဆင် အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၇၇ ပွဲမှာ ၁၄၈ ဂိုးအထိ သွင်းယူထားပါတယ်။
ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုရရှိတဲ့ ပထမဆုံး အာရှကစားသမား အဖြစ်လည်း စံချိန်တင်ထားပါတယ်။
စပါးအသင်းဟာ ဒီရာသီ နည်းပြ ပိုစတီကိုဂလူး လက်အောက်မှာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ၅ ပွဲ ကစားအပြီး ရှုံးပွဲမရှိရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
တိုက်စစ်မှူးမက်ဆီက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိပြီးနောက် ပီအက်ဂျီအသင်းရဲ့ အသိအမှတ်ပြုခြင်းမခံခဲ့ရဘူးလို့ Olaga နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။
မက်ဆီက “ကျနော်ဟာ အာဂျင်တီးနားတစ်သင်းလုံးမှာ ကလပ်အသင်းရဲ့ အသိအမှတ်ပြုခြင်းမခံရတဲ့ တစ်ဦးတည်းသောကစားသမားပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေရဲ့ မကောင်း တဲ့တုံ့ပြန်မှုတွေကိုလည်း ကျနော်နားလည်နိုင်ပါတယ်။ ကျနော်က အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံမှာ ရောက်နေတာကြောင့်ပါ။ ကျနော်တို့ကြောင့်လည်း ပြင်သစ်အသင်း နောက်ထပ် ကမ္ဘာ့ဖလား ဆုမရခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအသင်းမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား အောင်မြင်မှုရယူနိုင်ခဲ့ပြီးနောက် မက်ဆီဟာ ရာသီရဲ့ ဒုတိယရာသီဝက်ကစားဖို့ ပီအက်စ်ဂျီအသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီခရီးစဉ်သွားရောက်ခဲ့လို့ အရေးယူမှုခံခဲ့ရသလို ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေလည်း ခံခဲ့ရတာပါ။
အဲဒါကြောင့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချူပ်သက်တမ်းမတိုးတော့ဘဲ စာချုပ်ကုန်ဆုံးချိန်မှာ အင်တာမိုင်ယာမီအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ မက်ဆီက Olaga နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူနဲ့ ဘတ်ပီဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ပြောသွားခဲ့တာပါ။ မက်ဆီဟာ ကစားသမားဘဝက အနားယူပြီးသွားရင် အားကစားဒါရိုက်တာလုပ်ဖို့နဲ့ ဘောလုံးအသိတွေကို ဖြန့်ဝေပေးချင်တဲ့ စိတ်ကူးတွေ ရှိတယ် လို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီဟာ သူ့ရဲ့ခြေထောက်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေထဲမှာ ဘာစီလိုနာအသင်းရဲ့ တံဆိပ် ပါဝင်တာက သူဘာစီလိုနာအသင်းကို ဘယ်လောက်အထိချစ်လဲဆိုတာကို ပြသရာရောက်တယ်လို့ ပြောခဲ့သလို သူနဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာတို့ နောက်ထပ်ကလေးတစ်ဦးထပ်မံယူဖို့ ဆန္ဒရှိတယ်လို့လည်း အင်တာဗျူးထဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
Source:Metro

- By CNI
- Category: အားကစား
- Hits: 659
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က LASK အသင်းကို အဝေးကွင်းမှာ အနိုင်ရပြီးနောက် အခုနှစ် ယူရိုပါလိဂ် ပြိုင်ပွဲဟာ အသင်းအတွက် မလွယ်ကူဘူးလို့ သတိပေးစကား ပြောသွားခဲ့ပါတယ်။
ကလော့ပ်က “လီဗာပူးလ်က ဒီပြိုင်ပွဲကို အလွယ်တကူ ကျော်ဖြတ်နိုင်ဖို့ လူတွေမျှော်လင့်ထားတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါက ဖြစ်လာမှာမဟုတ်ပါဘူး။ အုပ်စုအဆင့်မှာလည်း ဖြစ်လာမှာမဟုတ်သလို၊ ရှုံးထွက်အဆင့်မှာ လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီပွဲမှာတော့ ကျနော်တို့ အနိုင်ရဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီပွဲကနေ အများကြီး သင်ယူနိုင်မှာပါ”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ LASK အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး စတင်ခွင့်ပြုပေးခဲ့ရတာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်း အားလုံးကို ပြောင်းလဲ ပြီး အသုံးပြုခဲ့တာကြောင့်လည်း ပထမပိုင်းမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ အဓိက ကစားသမားတွေ ပြန်လည် ပါဝင်လာခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ နိုင်ပွဲ ရရှိသွားခဲ့တာဖြစ်ပြီး ဂိုးတွေကို ဒါဝင်နူနက်ဇ်၊ ဒီယက်ဇ်နဲ့ ဆာလက်တို့က သွင်းယူပေးခဲ့တာပါ။
နည်းပြ ကလော့ပ်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲက အရှုံးကနေ အနောက်ကနေ လိုက်ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲဟာ ကလော့ပ်အတွက် လီဗာပူးလ်နည်းပြဘဝ ဥရောပပွဲ ၅၀ မြောက် နိုင်ပွဲဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ အခြားနည်းပြတွေထက် သာလွန်ခဲ့တဲ့ မှတ်တမ်းလည်း ဖြစ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ထိပ်ဆုံးမှာ ရပ်တည် နေတာဖြစ်ပြီး နည်းပြ ကလော့ပ် ကိုယ်တိုင်ကလည်း ယူရိုပါလိဂ်ချန်ပီယံဆုကို ရယူချင်တယ်လို့ ပြိုင်ပွဲ မတိုင်ခင် မှာ ပြောထားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရရှိနေပြီး ၅ ပွဲ ကစား အပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် စက်တင်ဘာ ၂၄ ရက်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 526
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
ယူနိုက်တက်အသင်း နည်းပြဟောင်း ဆိုးလ်ရှားက ရော်နယ်ဒိုကို အသင်းက ပြန်လည်ခေါ်ယူခဲ့တာမှာ မှားယွင်းခဲ့ တယ်လို့ The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဆိုးလ်ရှားက “ဒါက ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် နောက်တစ်ဆင့်တက်ဖို့ ဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ အလုပ်မဖြစ်ခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို ပယ်ချဖို့က အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော် ကလည်း ဒါကိုရယူရမယ်လို့ ခံစားမိခဲ့ပေမယ့် မှားယွင်းသွားခဲ့ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းတဲ့ သူတွေထဲက တစ်ဦးဖြစ်နေသလို၊ သူ့ကိုကြည့်ရတာ သန်မာနေတုန်းပါပဲ”လို့ ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားအပြီး ၁၂ နှစ်အကြာ ၂၀၂၁ ခုနှစ်နွေရာသီ အပြောင်းအရွှေ့ မှာ ဂျူဗင်တပ်စ်အသင်းကနေ ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ဆိုးလ်ရှားကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ရာသီမှာ ရလဒ်ဆိုးတွေကြောင့် ဆိုးလ်ရှားဟာ နိုဝင်ဘာလမှာ နည်းပြရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၄ ဂိုး သွင်းယူ နိုင်ခဲ့တာပါ။
ဒါပေမယ့် နောက်နှစ် ဘောလုံးရာသီမှာတော့ ရော်နယ်ဒိုဟာ နည်းပြသစ်အဖြစ် ရောက်ရှိလာတဲ့ အဲရစ်တန်ဟတ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့ပြီး ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်း၊ နည်းပြအဲရစ်တန်ဟတ်တို့ကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေပြီး ပွဲပေါင်း ၃၂ ပွဲ ပါဝင်ကစားထားတာမှာ ၂၇ ဂိုးသွင်းယူထားပြီး အာရပ်ကလပ် ချန်ပီယံများ ဖလားကို ရယူထားနိုင်ခဲ့ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 515
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက အသင်းခေါင်းဆောင် မက်ဆီဟာ အော်လန်ဒိုစီးတီးအသင်းနဲ့ ကစားမယ့် မေဂျာလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်သလို U.S Open ဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ဖို့ မသေချာဘူးလို့ ပြောလိုက်ပါတယ်။
မာတီနိုက “ကျနော်တို့ဟာ ဆေးစစ်ချက် အစီရင်ခံစာကိုကြည့်မယ်၊ သူတို့ကိုယ်တိုင်ကလည်း ကျနော်တို့ ပြောတာ ကို ကြည့်ရပါမယ်။ သူတို့ကို စောင့်ကြည့်သွားမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲမှာတော့ သူတို့ ပါဝင်ကစားဖို့ အခွင့်အရေး မရှိဘူးဆိုတာ သေချာပါတယ်။ ဗိုလ်လုပွဲကစားဖို့ ရှိတယ်ဆိုတာကို သိပေမယ့် သူတို့အနေနဲ့ ဒီလိုမျိုး လုပ်ဖို့ အခြေအနေ မရှိဘူးဆိုရင်တော့ သူတို့ကို ကွင်းထဲမှာ ထည့်သွင်းလို့ ရမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
မက်ဆီဟာ တိုရွန်တိုအသင်းနဲ့ ကစားခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်ကစားခဲ့ ပေမယ့် ပွဲချိန် ၃၇ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
မက်ဆီရဲ့ ဘာစီလိုနာအသင်း ဖော်ဟောင်း အယ်လ်ဘာကလည်း ဒဏ်ရာရရှိသွားခဲ့လို့ ပွဲချိန်အစောပိုင်းမှာတင် လူစားလဲခဲ့ရတာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ အယ်လ်ဘာတို့ရဲ့ အခြေအနေကို လာမယ့် ရက်ပိုင်းအတွင်း အကဲဖြတ်သွား မှာ ဖြစ်ပေမယ့် အော်လန်ဒိုအသင်းနဲ့ပွဲမှာတော့ စွန့်စားပြီး အသုံးပြုသွားမှာ မဟုတ်ပါဘူး။
မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ ဟူစတန်ဒိုင်နမိုအသင်းနဲ့ U.S Open ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး မက်ဆီနဲ့ အယ်လ်ဘာတို့ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့မှ အသုံးပြုဖို့ ရှိ၊ မရှိ ဆုံးဖြတ် သွားမယ်လို့ နည်းပြ မာတီနိုက ပြောခဲ့ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းကို ရောက်ရှိလာပြီးကတည်းက အကောင်းဆုံး ခြေစွမ်းပြသနေတာဖြစ်ပြီး ၁၂ ပွဲကစားအပြီးမှာ ၁၁ ဂိုးသွင်းယူကာ လိဂ်ဖလား ရယူပေးထားနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ အယ်လ်ဘာတို့ကို စောစီးစွာ လူစားလဲခဲ့ပေမယ့် တိုရွန်တိုအသင်းကို ၄ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဒီနိုင်ပွဲကြောင့် မေဂျာလိဂ် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပလေးအော့ဖ် ဝင်ခွင့်နေရာမှာရှိတဲ့ အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပီအက်စ်ဗွီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် အပြီးမှာ ဒါဟာ အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ လှပတဲ့ညတစ်ညလို့ ပြောသွားခဲ့ပါတယ်။
အာတီတာက “အချိန်အတော်ကြာပြီးနောက်မှာ လှပတဲ့ညတစ်ည ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် အငွေ့အသက်တွေ၊ ချန်ပီယံလိဂ် သီချင်းတွေကို မြင်တွေ့ခွင့်ရခဲ့တာက အလွန်ကောင်းပါတယ်။ ပွဲမစခင်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ခံစား မှုပါပဲ။ ဒီပွဲမှာ ကျနော်တို့ရဲ့ အဆုံးသတ်က ထိပ်တန်းအဆင့်ပါပဲ။ ဒီရာသီမှာ ပွဲတိုင်းအနိုင်ရတဲ့ အသင်းကို ၄ ဂိုးသွင်း နိုင်တာက ထူးခြားပါတယ်။ ကျနော်တို့ဟာ ဒီထက် အများကြီးပိုကောင်းလာနိုင်တဲ့ အရာတွေရှိနေတုန်းပါပဲ”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ၆ နှစ်အကြာမှ ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး ပီအက်စ်ဗွီအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းကိုတွေ့ရစဉ်
အာဆင်နယ်အသင်းအတွက် ဂိုးတွေကို ဆာကာ၊ ထရိုဆာ့ဒ်၊ ဂျီးဆပ်စ်နဲ့ အိုဒီဂတ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို အသင်းခေါင်းဆောင် အိုဒီဂတ်က ရရှိခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ ပီအက်စ်ဗွီအသင်းနဲ့ပွဲက စွမ်းဆောင်ရည်တွေကိုလည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက ချီးကျူးခဲ့ပါတယ်။
ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းမပြသနိုင်လို့ ဝေဖန်မှုတွေ ခံနေရတာပါ။
အာတီတာက “သူဟာ ဒီပွဲမှာ တကယ်ကို အချိတ်အဆက် မိခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ အနေအထားအပေါ် မူတည် ပြီး သူ့ကို မတူညီတဲ့ပုံစံ ၂ ခု ကစားပေးဖို့ ကျနော်တောင်းဆိုခဲ့ပါတယ်။ သူဟာ ကောင်းမွန်စွာ လုပ်ဆောင်သွား နိုင်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ကျနော်ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ လန်ဒန်ဒါဘီ ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

- By CNI
- Category: အားကစား
- Hits: 567
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၁
ယူနိုက်တက်အသင်းဂိုးသမား အိုနာနာက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့် ခဲ့တာက သူ့ကြောင့်လို့ ဝန်ခံသွားခဲ့ပါတယ်။
အိုနာနာက “ကျနော်တို့ ကောင်းမွန်စွာစတင်နိုင်ခဲ့ပေမယ့် ကျနော်အမှားလုပ်ပြီးနောက်မှာ အသင်းဟာ ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ ကျနော်ဟာ အသင်းကို ဆွဲချခဲ့တဲ့အတွက် ဒီအခြေအနေဟာ ကျနော့်အတွက် ခက်ခဲပါတယ်။ ကျနော့်ရဲ့အမှားတွေကြောင့်ပဲ အသင်းဟာ အရေးနိမ့်ခဲ့တာပါ။ ကျနော်ဒီကနေ သင်ခန်းစာယူပြီး ပြန်သန်မာလာဖို့ လိုအပ်ပါတယ်။ ကျနော့်မှာသက်သေပြစရာတွေအများကြီးရှိပါတယ်။ မန်ချက်စတာမှာ ကျနော့် ရဲ့ ကစားသမားဘဝအစမကောင်းခဲ့သလို ဒီပွဲက ကျနော့်ရဲ့ အဆိုးရွားဆုံးပွဲတစ်ပွဲပါ”လို့ TNT Sports ကို ပြောခဲ့ တာပါ။
ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့ အမှားအယွင်းတွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းကို ဦးဆောင်ဂိုးတွေ ပေးခဲ့ ရပြီး အနောက်ကနေချေပဂိုးတွေလိုက်ပြီးသွင်းယူခဲ့ပေမယ့် ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး- ၃ ဂိုး နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးတွေကို ဆာနေး၊ဂနာဘရီ၊ဟာရီကိန်းနဲ့ တဲလ်တို့က သွင်းယူခဲ့ပြီး ယူနိုက်တက်အသင်းအတွက် ချေပဂိုးတွေကို ကတ်စမဲရိုးက ၂ ဂိုးနဲ့ ဟော့ဂျ်လန်းက သွင်းယူခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က အင်တာမီလန်အသင်းကနေ ပေါင် ၄၇.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်အသင်းမှာ လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပွဲပေါင်း ၆ ပွဲမှာ ၁၄ ဂိုးအထိ ပေးဂိုးခွင့်ပြုထားရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကလည်း ဒီ ၆ ပွဲမှာ ၄ ပွဲအထိရှုံးနိမ့်ထားပြီး ၂ ပွဲသာ အနိုင်ရရှိထားတာပါ။ ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟတ်ကတော့ ဒီရှုံးပွဲအတွက် အိုနာနာ တစ်ဦးတည်း မှာသာ တာဝန်ရှိတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ဒါက အသင်းနဲ့ သက်ဆိုင်တာပါ။ အမှားတွေပြုလုပ်ခဲ့ပေမယ့် ပြန်ကောင်းမွန်လာအောင် အသင်းလိုက်လုပ်ဆောင်ရမှာပါ။ ဒါကို ဒီညမှာ ကျနော်တို့ ပြသနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ၃ ဂိုးသွင်းယူခဲ့တာကြောင့် ကျနော်တို့ အမှတ်ရယူနိုင်ရမှာပါ။ နောက်ဆုံး ၃ ပွဲမှာ ကျနော်တို့ဟာ အသင်းကောင်း တွေနဲ့ ကစားခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 532
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က သူတို့ဖွဲ့စည်းထားတဲ့ပုံစံကို ချက်ချင်း အပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ ပြောခဲ့ပြီးနောက် အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံ စပိန်အသင်းဟာ နိုင်ငံအသင်းအပေါ် သပိတ်မှောက်တာကို စက်တင်ဘာ ၂၀ ရက်က အဆုံးသတ် လိုက်ပါတယ်။
ကစားသမားတွေ၊ RFEF တာဝန်ရှိသူတွေ၊ အမျိုးသား အားကစားကောင်စီနဲ့ အမျိုးသမီး ကစားသမားများ အဖွဲ့အစည်း FUTPRO တို့ဟာ နာရီပေါင်းများစွာကြာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ဒီဆုံးဖြတ် ချက်ကို ချမှတ်နိုင်ခဲ့တာပါ။
စပိန်အသင်းဟာ လာမယ့် နေးရှင်းလိဂ် ပွဲစဉ်အတွက် လူစာရင်း ထုတ်ပြန်ခဲ့ပေမယ့် အဖွဲ့ချုပ်ကို နောက်ထပ် အပြောင်းအလဲတွေ မပြုလုပ်မချင်း နိုင်ငံအသင်းအတွက် ကိုယ်စားပြုမှာ မဟုတ်ဘူးလို့ စပိန်အမျိုးသမီး ကစားသမားတွေက ပြောခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ရုံးကိုတွေ့ရစဉ်
အမျိုးသားအားကစားကောင်စီ(CSD)ရဲ့ အကြီးအကဲ ဗစ်တာဖရန်ကို့စ်က “သဘောတူညီချက်တွေကို လိုက်နာဖို့ RFEF၊ ကစားသမားတွေနဲ့ CSD တို့အကြား ပူးတွဲကော်မရှင်တစ်ရပ်ကို ဖန်တီးသွားမှာဖြစ်ပြီး ဒါကို မနက်ဖြန်မှာ လက်မှတ် ရေးထိုးသွားမှာပါ။ ကစားသမားတွေက RFEF မှာ လေးနက်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ် ကြောင်း သူတို့ရဲ့ စိုးရိမ်မှုကို ဖော်ပြခဲ့ပြီး ဒီအပြောင်းအလဲတွေကို ချက်ချင်းပြုလုပ်ဖို့ ကတိပြုထားပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဖရန်ကို့စ်နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ အကြီးအကဲ ရာဖေးလ်အာမိုတို့ဟာ အပြောင်းအလဲတွေကို အသေးစိတ် မပြောခဲ့ဘဲ မကြာခင်မှာ ကြေညာသွားမယ်လို့သာ ပြောခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းရဲ့ လူစာရင်းမှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား အများအပြား ရွေးချယ်ခံထားရပြီး ကစားသမားတွေဟာ သူတို့ရဲ့ အနာဂတ်နဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်သွား မယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။
စပိန်အသင်းဟာ လာမယ့်ရက်ပိုင်းမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် ဆွီဒင်၊ ဆွစ်ဇာလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပြိုင်ပွဲကနေ လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရမယ့် အသင်းတွေကို ဆုံးဖြတ်သွားမယ်လို့ သိရပါ တယ်။
Source: CNA