
- By CNI
- Category: အားကစား
- Hits: 449
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
ဂျူဗင်တပ်စ်အသင်းဟာ ဥရောပစူပါလိဂ်(ESL) ကနေ ထွက်ခွာဖို့အတွက် လုပ်ငန်းစဉ်တွေကို စတင်ပြီး လုပ်ဆောင်နေပြီလို့ အီတလီကလပ်က ဇူလိုင် ၁၃ ရက်က ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စူပါလိဂ်ကနေ ထွက်ခွာဖို့အတွက် ဒီအဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ ရီးရယ်လ်၊ ဘာစီလိုနာ၊ အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့တာပါ။ အီတလီကလပ်အနေနဲ့ ရီးရယ်လ်၊ ဘာစီလိုနာ အသင်းတို့က ခွင့်ပြုမှသာ သူတို့ရဲ့ ဒီလိဂ်ကနေ ထွက်ခွာမှုဟာ ပြီးမြောက်ပြီး ထိရောက်မှုရှိလိမ့်မယ်လို့ ပြော ခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းက “ဆွေးနွေးမှုတွေ အပြီးမှာတော့ စူပါလိဂ်အတွက် သက်ဆိုင်တဲ့အချက်အလက်တွေကို အဓိပ္ပါယ်ဖွင့်ဆိုတာနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေရှိနေပါတယ်။ အဲဒါကြောင့် အသင်းဟာ ဒီလိဂ်ကနေ ထွက်ခွာဖို့ အတွက် လုပ်ငန်းစဉ်တွေကို စတင်ပြီးလုပ်ဆောင်ခဲ့တယ်ဆိုတာ အတည်ပြုတယ်”လို့ ပြောခဲ့တာပါ။
ဥရောပစူပါလိဂ်ပြိုင်ပွဲရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌဟောင်း အက်ဂ်နယ်လီဟာ ကစားသမားတွေကို ကလပ်ရဲ့ငွေပေးချေမှုမှာ မှားယွင်းခဲ့တာတွေကြောင့် ဘောလုံးနဲ့ ပတ်သက်ခွင့် ၁၆ လ ပိတ်ပင်ခြင်းခံထားရတာဖြစ်ပါတယ်။ အက်ဂ်နယ်လီနဲ့ ဘုတ်အဖွဲ့တစ်ခုလုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တူရင် ကလပ်ကနေ နုတ်ထွက်ကြောင်း ကြေညာထားတာပါ။
ဥရောပစူပါလိဂ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ဥရောပထိပ်သီး ၁၂ သင်းက ပွဲတွေကို ထိန်းချုပ်နိုင်ဖို့၊ ယူအီးအက်ဖ်အေနဲ့ ဝေးကွာတဲ့ အကျိုးအမြတ်အများအပြားကို ရယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစား သမားတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်၊ စပါး၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ အေစီမီလန်၊ အင်တာမီလန်နဲ့ အသလက်တီကိုတို့က ထွက်ခွာသွားတာကြောင့် ၄၈ နာရီအတွင်းမှာ ဒီအစီအစဉ်ဟာ ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 670
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄
ယူနိုက်တက်အသင်းဟာ အင်တာမီလန် အသင်းဂိုးသမား အိုနာနာကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ အများအပြားက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ အိုနာနာကို ယူရိုသန်း ၅၀ ၊ ထပ်တိုးပေးချေမှု ယူရို ၅ သန်းနဲ့ အပြောင်းအရွှေ့ အပြီးသတ် တော့မယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ရေးသားထားပါတယ်။
မန်ချက်စတာကလပ်ဟာ အိုနာနာအတွက် ဇူလိုင် ၁၃ ရက်က အင်တာမီလန်အသင်း လက်ခံနိုင်မယ့် နောက်ဆုံး ကမ်းလှမ်းမှုကို နှုတ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကလပ် ၂ သင်းဟာ ငွေပေးချေမှု ပုံစံအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းမှာ ကာလကြာရှည်ရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာ အသင်းက ထွက်ခွာသွားပြီးနောက် ဂိုးသမားသစ် ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီး ကစားသမားသစ်အဖြစ် ကြေညာနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ အိုနာနာဟာ မကြာသေးခင် လပိုင်းအတွင်းမှာ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲ က တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
အိုနာနာနဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ကင်မရွန်း ဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ အင်တာမီလန်အသင်းထံ ရောက်ရှိလာခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ အေဂျတ်စ်အသင်းမှာ ကစားခဲ့ချိန်က ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ကစားခဲ့ရတာဖြစ်လို့ ဒတ်ချ်လူမျိုးနည်းပြဟာ ကင်မရွန်းဂိုးသမားဟောင်းရဲ့ အရည်အသွေးကို သိရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ အိုနာနာကို ၄ နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အမေရိကန်နိုင်ငံကို သွားရောက်မယ့် အသင်း ရဲ့ ရာသီကြိုခရီးစဉ်ကို ခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
မန်ချက်စတာကလပ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မေဆန်မောင့် တစ်ဦးထဲကိုသာ ခေါ်ယူထားတာဖြစ်ပြီး အိုနာနာရဲ့ အပြောင်းအရွှေ့ပြီးရင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါ တယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 429
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က အသင်းခေါင်းဆောင်ရာထူးကို ဆုံးဖြတ်တာမှာ အသင်းသားတွေ ကို မဲပေးရွေးချယ်ခိုင်းမှာ မဟုတ်ဘဲ သူဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်း ခေါင်းဆောင်ရာထူးကို ဆုံးဖြတ်ဖို့ အသင်းသားတွေကို မဲပေးရွေးချယ်ခိုင်းမှာလားလို့ မေးမြန်းခံခဲ့ရတာမှာ အဲရစ်တန်ဟတ်က “မပေးပါဘူး။ အဝတ်လဲခန်းကို မဲပေးဖို့ ကျနော်ခွင့်မပေးပါဘူး။ ဒါက ကျနော့်အပေါ်မှာပဲ မူတည်တယ်”လို့ ဖြေသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီသစ် မစတင်ခင်မှာ အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
မက်ဂွဲယားဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကတည်းက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပေမယ့် မနှစ်ကရာသီက သူ့ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တာတွေကြောင့် ဗာရန်း၊ လီဆန်ဒရိုမာတီးနတ်ဇ်၊ လင်ဒီလော့ဖ်နဲ့ လုပ်ခ်ရှောတို့ရဲ့ နောက်မှာသာ ပွဲကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ ပွဲအများအပြားကို ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာပါ။
မန်ချက်စတာကလပ်ဟာ အခုအပြောင်းအရွှေ့မှာ မက်ဂွဲယားကို ရောင်းချဖို့ စီစဉ်နေပြီး အင်္ဂလန် နောက်ခံလူ အတွက် ပေါင်သန်း ၅၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။
ဘရူနိုဖာနန်ဒက်စ်နဲ့မက်ဂွဲယားကို တွေ့ရစဉ်
အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ တရားဝင် အသင်းခေါင်းဆောင် ဖြစ်လာတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။
ကလပ်အသင်းတချို့ဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ရွေးချယ်တာမှာ နည်းပြက ဆုံးဖြတ်တာမဟုတ်ဘဲ အသင်းဖော်တွေက မဲပေးရွေးချယ်ပြီး ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒတ်ချ်လူမျိုး နည်းပြကတော့ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို သူပဲ ဆုံးဖြတ်မယ် လို့ အတည်ပြုခဲ့တာပါ။
ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်အသင်းဟာ ကစားသမားတွေ အစုံအလင် မပါဝင် သေးပေမယ့် ရာသီကြို ခြေစမ်းပွဲတွေ စတင်ပြီး ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမဆုံးပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဇူလိုင် ၁၉ ရက်မှာ ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 447
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ပြီးခဲ့တဲ့နှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမားတွေ စေလွှတ်ပေးခဲ့တာမှာ မန်စီးတီးအသင်းဟာ အခြားအသင်းတွေထက် ဖီဖာဆီကနေ ငွေပေးမှု အများဆုံး ရရှိခဲ့ပါတယ်။
ဖီဖာဟာ ကလပ်အသင်းတွေထံ စုစုပေါင်း ငွေပေးချေမှု ပေါင် ၁၆၀.၉၁ သန်းရှိခဲ့တာမှာ မန်စီးတီးအသင်းက ပေါင် ၃.၅၄ သန်းနဲ့ အများဆုံး ရရှိခဲ့ပါတယ်။
ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ရီးရယ်လ်အသင်းတို့ဟာ မန်စီးတီးအသင်းရဲ့ နောက်မှာ ငွေပေးချေမှု အများဆုံး ရရှိတဲ့ အသင်းတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။
ဒီငွေပေးချေမှုမှာ အင်္ဂလိပ်ကလပ် အသင်းတွေဟာ ပေါင် ၂၉ သန်းရရှိခဲ့ပြီး အခြားနိုင်ငံက အသင်းတွေထက် ပိုပြီးတော့ ရရှိခဲ့တာပါ။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမား ၈၃၇ ဦးရဲ့ ဒီပြိုင်ပွဲမှာရှိခဲ့တဲ့ ရက်အရေအတွက်အတိုင်း ဖီဖာက ငွေပေးချေခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားကို အာဂျင်တီးနားရရှိခဲ့စဉ်
ကစားသမား တစ်ဦးချင်းစီဟာ တစ်ရက်ကို ပေါင် ၉,၃၃၈ ရရှိခဲ့တာပါ။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ နိုင်ငံပေါင်း ၃၂ သင်းကနေ ၄၈ သင်းအထိ အသင်းအရေအတွက် တိုးပြီးကျင်းပမယ့် ၂၀၂၆ နဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီထက်ပိုပြီးပေးမယ်လို့ အတည်ပြုထားပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ မန်စီးတီးအသင်းပြီးရင် ယူနိုက်တက်အသင်းက ပေါင် ၂.၈၅ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချယ်လ်ဆီးအသင်းက ပေါင် ၂.၇၉ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။
အင်္ဂလန်ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းက ပေါင် ၄၉၆,၀၀၀ ၊ ဆွမ်ဆီးအသင်းက ပေါင် ၄၄၆,၀၀၀ ရရှိခဲ့တာ ဖြစ်ပြီး စကော့တလန် အသင်းတွေထဲမှာ ဆဲလ်တစ်အသင်းက ပေါင် ၅၁၁,၀၀၀ နဲ့ အများဆုံး ရရှိခဲ့တာဖြစ်ပါ တယ်။
ဘရာဇီးလ်ကလပ် ဆန်းတို့စ် အပါအဝင် ကလပ်အသင်း ၅ သင်းဟာ အနည်းဆုံး ငွေပေးချေမှုဖြစ်တဲ့ ပေါင် ၁၁,၉၄၀ သာ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 674
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ မာနေးကို ရောင်းချဖို့ စီစဉ်နေပြီး ဈေးနှုန်းပါ သတ်မှတ်ခဲ့တယ်လို့ Sky Germany က ဖော်ပြခဲ့ပါတယ်။
ဆီနီဂေါလက်ရွေးစင် မာနေးဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာ ပြဿနာ၊ခြေစွမ်းမတည်ငြိမ်မှု၊ ဆာနေးနဲ့ အချင်းများ ခဲ့တာတွေကြောင့် အခုအပြောင်းအရွှေ့မှာ ဂျာမန်ကလပ်ကနေ ထွက်ခွာဖို့ နီးစပ်နေတာပါ။ ဂျာမန်သတင်းစာတွေ မှာ မာနေးဟာ လာမယ့်ရာသီအတွက် နည်းပြ တူချယ်လ်ရဲ့ အစီအစဉ်မှာ မပါဝင်တော့တာကြောင့် အပြောင်း အရွှေ့ဈေးကွက်ထဲမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ မာနေးဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ လီဗာပူးလ်အသင်းကနေ ယူရို ၃၂ သန်းနဲ့ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာပြီး ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ လီဗာပူးလ်အသင်းမှာ ကစားခဲ့တုန်းက ခြေစွမ်း ပြသနိုင်ခဲ့တဲ့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ ပွဲပေါင်း ၃၈ ပွဲပါဝင်ကစားကာ ၁၂ ဂိုး သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဘွန်ဒစ်လီဂါ လက်ရှိချန်ပီယံအသင်းဟာ မာနေးအတွက် အနည်းဆုံး ယူရိုသန်း ၂၀ ရရှိရင် ရောင်းချသွားဖို့ မျှော်လင့်နေပြီး လီဗာပူးလ်ကစားသမားဟောင်းကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက စိတ်ဝင်စားနေတာပါ။ အခု အပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားအများအပြားကို ခေါ်ယူနေတဲ့ ဆော်ဒီလိဂ်ဟာ မာနေးကို ခေါ်ယူ နိုင်ဖို့ ကြိုးစားနေပြီး ကစားသမားက ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိချင်တာကြောင့် ဒီကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို ရောင်းချချင်နေတဲ့အတွက် ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုတွေကို ပြန်ပြီး စဉ်းစားလာဖို့ ရှိနေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် မာနေးကို ရောင်းချပြီး ရတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အင်္ဂလန် ကစားသမားကို ပြောင်းရွှေ့ကြေးပိုပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
Source:Besoccer

- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
ကစားသမားသစ် မေဆန်မောင့်ဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “သူက ကျနော်တို့ရဲ့ ပွဲတွေမှာ တက်ကြွမှုတွေကို ယူဆောင်လာမှာဖြစ်ပြီး အဲဒီအရာက ပြီးခဲ့တဲ့ရာသီက ကျနော်တို့ရဲ့ သုံးသပ်ချက်တွေထဲက တစ်ခုပါ။ သူ့ရဲ့ အားသာချက်က တိုက်စစ်ဆင်တာပါ။ ဒါပေမယ့် သူက နေရာစုံမှာ ကစားနိုင်တဲ့သူနဲ့ ပြီးပြည့်စုံတဲ့သူဖြစ်ချင်နေပါတယ်။ ကွင်းလယ်မှာ ကစားတဲ့ အချိန်မှာ တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ သူက အရည်အသွေးရှိတဲ့သူဖြစ်လို့ အသင်းရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”လို့ MUTV ကို ပြောခဲ့တာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိဒ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဒီပွဲမှာ ပထမပိုင်းသာ ကစားခဲ့ရပေမယ့် ခြေစွမ်းပြသ နိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတွဲညီစွာ ကစားနိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ နည်းပြ အဲရစ်တန်ဟတ်ဟာ ပွဲထွက်ကစားသမား ၁၁ ဦးစလုံးကို လူစားလဲခဲ့ပြီး လူငယ် ကစားသမားတွေကို အသုံးပြုသွားခဲ့တာပါ။ ယူနိုက်တက်အတွက် ဂိုးတွေကို အီမရန်နဲ့ ဟူဂေးလ်တို့က သွင်းယူ ခဲ့တာဖြစ်ပါတယ်။
မေဆန်မောင့်ကတော့ လိဒ်စ်အသင်းနဲ့ပွဲမှာ ကစားသွားခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို နှစ်သက်တယ်လို့ ပြောခဲ့ ပါတယ်။
မေဆန်မောင့်က “ကွင်းထဲမှာ ရှိရတာ အလွန်ကောင်းမွန်တဲ့ ခံစားမှုပါ။ လေ့ကျင့်ရေးကွင်းမှာ ကျနော်တို့ ကြိုးစား ခဲ့တဲ့ အရာတွေကို ဒီပွဲမှာ ပြသခွင့်ရတာက အလွန်ကောင်းပါတယ်။ မတူညီတဲ့ နည်းဗျူဟာတချို့နဲ့ ကျနော်တို့ အလုပ်လုပ်နေကြပါတယ်။ ဒီပွဲမှာ ကျနော်ပါဝင်ကစားခဲ့ရတဲ့ အခန်းကဏ္ဍကို နှစ်သက်ပါတယ်” လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇူလိုင်လ ၁၉ ရက်မှာ နောက်ထပ်ရာသီကြိုခြေစမ်းပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင် မှာဖြစ်ပြီး ဒီပွဲအပြီးမှာတော့ အာဆင်နယ်၊ ရက်စ်ဟမ်း၊ ရီးရယ်လ်၊ ဒေါ့မွန်တို့နဲ့ အမေရိကန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 550
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃
အင်တာမိုင်ယာမီ ကစားသမားသစ် မက်ဆီက သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး မကြာခင်မှာ အာဂျင်တီးနား လက်ရွေးစင်ကနေ အနားယူတော့မယ်လို့ ပြောလိုက်ပါတယ်။
မက်ဆီက “ရိုးရိုးသားသားပြောရရင် ဘယ်အချိန်မှာ အနားယူမလဲဆိုတာ ကျနော်မသိပါဘူး။ အနားယူချင်စိတ် ဖြစ်ပေါ်လာတဲ့ အချိန်မှာ အနားယူဖို့ ဖြစ်လာမှာပါ။ မကြာသေးခင်က အရာရာ အောင်မြင်ခဲ့ပြီးနောက် လုပ်ဖို့ ကျန်ရှိနေတဲ့အရာက ပျော်ရွှင်ဖို့ပါ။ အနားယူမယ့်အချိန်က ဘယ်အချိန် လာမလဲဆိုတာ ဘုရားသခင်က ပြောပါ လိမ့်မယ်။ ကျနော့်ရဲ့ အသက်အရွယ်ကြောင့် မကြာခင်မှာ အနားယူရမယ်ဆိုတာတော့ သေချာပါတယ်။ နိုင်ငံ အသင်းအတွက် အလွန်ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့် ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိက ချန်ပီယံ ဖြစ်ခွင့်ရတာ ကံကောင်းပါတယ်”လို့ ပြောပါတယ်။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို တတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ချန်ပီယံတစ်ဦးအဖြစ် ဆက်လက် ကစားသွားမယ်လို့ ပြောထားပါတယ်။
မက်ဆီကို တွေ့ရစဉ်
ဒါပေမယ့် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ပါဝင်ကစားတော့မှာ မဟုတ်ဘဲ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာသာ ပါဝင်ကစားသွားဖို့ ရှိနေတာပါ။
မက်ဆီဟာ TV Publica နဲ့ အင်တာဗျူးမှာ အာဂျင်တီးနား အသင်းဖော်တွေရဲ့ မေးခွန်းထုတ်ခြင်း ခံခဲ့ရပြီးနောက် သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ လက်ရွေးစင် ကစားသမားဘဝကနေ မကြာခင် အချိန်အတွင်းမှာ အနားယူသွားတော့မယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဘယ်အချိန်မှာ အနားယူသွားမလဲဆိုတာတော့ မက်ဆီဟာ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။
အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လက်ရှိအချိန်မှာ ဖလော်ရီဒါကို ရောက်ရှိနေပြီး ဇူလိုင် ၁၆ ရက်မှာ အင်တာမိုင်ယာမီအသင်း ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေတာပါ။
မိတ်ဆက်ပွဲ ပြီးရင်တော့ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းအတွက် မေဂျာလိဂ်နဲ့ လိဂ်ဖလားပွဲတွေမှာ စတင်ပြီး ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 479
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
ဘရိုက်တန်အသင်းကွင်းလယ်ကစားသမား ကိုင်စီဒိုဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းဖို့ စိတ်အားထက်သန်နေပြီး ဒီအသင်းကို မငြင်းနိုင်ဘူးလို့ ဝန်ခံလိုက်ပါတယ်။
ကိုင်စီဒိုက “ချယ်လ်ဆီးက အသင်းကြီးပါ၊ ဒါက အမှန်ပါပဲ။ သမိုင်းအစဉ်အလာကြီးမားတဲ့ ဒီအသင်းကို ကျနော် မငြင်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ချယ်လ်ဆီးအသင်းဟာ ကြီးမားပြီး၊ သမိုင်းဝင်မှတ်တမ်းတွေရှိသလို လှပတဲ့ အသင်းပါ။ မြို့ကလည်း အလွန်လှပပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အီကွေဒေါကွင်းလယ်ကစားသမားအတွက် ဘရိုက်တန်အသင်း သတ်မှတ်ထားတဲ့ ပြောင်း ရွှေ့ကြေး ပေါင်သန်း ၁၀၀ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြီးပြုလုပ်နေတာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်ရှိ ကိုင်စီဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အာဆင်နယ်အသင်းရဲ့ ခေါ်ယူဖို့ ကြိုးစားခြင်းကို ခံခဲ့ ရပြီး ဘရိုက်တန်အသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။
ဘရိုက်တန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့က သူတို့ရဲ့ အဓိက ကစားသမားကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းချင်တာကြောင့် အာဆင်နယ်အသင်းရဲ့ ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပါ။ ဒါပေမယ့် အခုအပြောင်းအရွှေ့မှာတော့ ကိုင်စီဒိုအတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် ထွက်ခွာ ခွင့်ပြုဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ကိုင်စီဒိုဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အီကွေဒေါကလပ် အင်ဒီပန်းဒီယန်ဒီအသင်းကနေ ပေါင် ၄.၅ သန်းနဲ့ ဘရိုက်တန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနှစ်ကရာသီက ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ခြေစွမ်းပြသနိုင်ခဲ့တာပါ။ အီကွေဒေါကစားသမားဟာ ဘရိုက်တန် အသင်း အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲပါဝင်ကစားခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 559
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂
နယ်သာလန်ဂိုးသမားဟောင်း ဗန်ဒါဆားဟာ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေသေးပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ကစားသမားရဲ့ ဇနီးဖြစ်သူ အန်နီမာရီ ပြောခဲ့တာကို အေဂျတ်စ်အသင်းက ထုတ်ပြန်ပေးခဲ့ ပါတယ်။
အေဂျတ်စ်အသင်းက “အက်ဒ်ဝင်ဗန်ဒါဆားဟာ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေသေးပေမယ့် တည်ငြိမ်မှု ရှိပါတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်မှုမရှိတော့ပါဘူး။ သူ့ဆီကို သွားရောက်တဲ့အချိန်တိုင်းမှာလည်း သူက ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ သူ့အခြေအနေ ဘယ်လောက်တိုးတက်လာမလဲဆိုတာကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမှာပါ”လို့ ထုတ်ပြန်ခဲ့တာပါ။
ယူနိုက်တက်ဂိုးသမားဟောင်း ဗန်ဒါဆားဟာ ပြီးခဲ့တဲ့အပတ်က ခရိုအေးရှားမှာ အားလပ်ရက်သွားရောက်ချိန် ဦးနှောက်သွေးယိုစီးမှုဖြစ်ခဲ့တာကြောင့် ရဟတ်ယာဉ်နဲ့ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အချိန်တုန်းက ဗန်ဒါဆားရဲ့အခြေအနေဟာ စိုးရိမ်မှုတွေရှိနေသေးတာဖြစ်ပြီး အခုအချိန်မှာတော့ အသက် အန္တရာယ်စိုးရိမ်မှု မရှိတော့ပါဘူး။
နယ်သာလန်ဂိုးသမားဟောင်းဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၃၀ ပါဝင်ကစားခဲ့ပြီး မေလကမှ အေဂျတ်စ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ အေဂျတ်စ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဒတ်ချ်လိဂ်မှာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ဗန်ဒါဆားဟာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ဗန်ဒါဆားဟာ ၂၀၁၂ ခုနှစ်မှာ အေဂျတ်စ်ဘုတ်အဖွဲ့ထဲမှာ ပါဝင်ခဲ့တာပါ။ ဗန်ဒါဆားဟာ ၂၀၁၆ ခုနှစ်မှာ အေဂျတ်စ်အသင်းရဲ့ အမှုဆောင် အရာရှိချုပ်ရာထူးကို ရယူကာ အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ ဗန်ဒါဆားဟာ ယူနိုက်တက်အသင်းအတွက် ၂၆၆ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြား ရယူပေးနိုင် ခဲ့ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 518
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁
ယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနား အသင်းကွင်းလယ်လူ အမ်ရာဘတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကြောင့် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က အမ်ရာဘတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
ဒါပေမယ့် ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် အခုအပြောင်းအရွှေ့မှာ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည် စတင် ခဲ့တာပါ။
အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့နှစ်က ဖီအိုရင်တီးနားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ်နဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် အီတလီကလပ်ဟာ ကစားသမားကို ရောင်းချဖို့ အစီအစဉ် မရှိခဲ့တာ ဖြစ်ပါတယ်။
အမ်ရာဘတ်ကို တွေ့ရစဉ်
ဒါပေမယ့် ဖီအိုရင်တီးနားအသင်းဟာ သူတို့ရဲ့ စိတ်ကိုပြောင်းလဲခဲ့ပြီး ကစားသမားကို ပေါင်သန်း ၃၀ ရရင် ရောင်း ချသွားဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ သူတို့ရဲ့ ကွင်းလယ်ကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် အမ်ရာဘတ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ မေဆန်မောင့်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူပြီးနောက် ရာသီသစ်အတွက် ကွင်းလယ်ပိုင်းကို စတင်အားဖြည့်ခဲ့တာပါ။
အမ်ရာဘတ်ဟာ ကွင်းလယ်ဗဟိုနဲ့ ခံစစ်ပိုင်းမှာ စွမ်းဆောင်ရည် ကောင်းတဲ့သူဖြစ်တာကြောင့် ယူနိုက်တက် အသင်းဟာ မော်ရိုကို ကွင်းလယ်လူကို ရွေးချယ်စရာအဖြစ် ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။
အမ်ရာဘတ်နဲ့ ဖီအိုရင်တီးနားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ ထွက်ပေါ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းကြောင့် ကုန်ကျစရိတ် သက်သာတဲ့ အမ်ရာဘတ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။