- By CNI
- Category: အားကစား
- Hits: 714
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၆
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ပရီးမီးယားလိဂ်က ရမှတ် ၄ မှတ် လျှော့ခဲ့တဲ့ ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
လွတ်လပ်တဲ့ ကော်မရှင်က နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီက ပေါင် ၆၁ သန်းအထိ အရှုံးပြခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့တာပါ။
အဲဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမှတ် ၄ မှတ် အလျှော့ခံလိုက်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁၈ နေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ရမှတ်လျှော့ ပြစ်ဒဏ်အတွက် အယူခံဝင်ကြောင်း အတည်ပြုခဲ့ပေမယ့် နောက်ထပ် မှတ်ချက်ပေးသွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ တစ်ရာသီကို ပေါင် ၃၅ သန်းနဲ့ ၃ ရာသီအတွင်း ပေါင် ၁၀၅ သန်းအထိ အရှုံးပြခွင့်ရှိနေတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းကို တွေ့ရစဉ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ် မှာ ကစားခဲ့တဲ့ ၁ ရာသီကို တွက်ချက်ပြီး အရေးယူမှုပြုလုပ်ခံခဲ့ရတာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းကို အစောပိုင်းက ရမှတ် ၆ မှတ်အထိ လျှော့ချဖို့ရှိခဲ့ပေမယ့် အသနားခံ တောင်းဆို မှုကြောင့် ရမှတ် ၄ မှတ်သာ လျှော့ခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ ဗြိတိန်စံချိန်တင် ကစားသမားသစ် ၂၂ ဦးအထိ ခေါ်ယူခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီ အပြောင်းအရွှေ့ အသုံးစရိတ်က ပေါင် ၁၄၂.၈ သန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂၀၂၀ နဲ့ ၂၀၂၁ တွေမှာ ပျှမ်းမျှပေါင် ၃ သန်းအရှုံးပေါ်ခဲ့ပြီး ၂၀၂၂ မှာ ပေါင်သန်း ၄၀၊ ၂၀၂၃ မှာ ပေါင်သန်း ၅၂ နဲ့ စုစုပေါင်း ပေါင် ၉၅ သန်းအထိ အရှုံးပေါ်ခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်း မတိုင်ခင် အဲဗာတန်အသင်းလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ရဲ့ ရမှတ် ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် အဲဗာတန်အသင်းဟာ အယူခံဝင်ပြီးနောက် ရမှတ် ၆ မှတ်သာ လျှော့ခံခဲ့ရတာပါ။
အဲဒါကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ သူတို့လည်း ရမှတ် ၄ မှတ်ကနေ ထပ်ပြီးလျှော့ချခံရဖို့ အယူခံ ဝင်လာခဲ့တာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 656
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၆
ဘယ်လ်ဂျီယံအသင်းနဲ့ ကစားမယ့်ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံရလို့ ဂုဏ်ယူမိ တယ်လို့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ပြောခဲ့ပါတယ်။
ဒီကလန်ရိုက်စ်က “နည်းပြက ကျနော့်ကို အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပြီးနောက် ကျနော်သူ့ကို ပွေ့ဖက်နှုတ်ဆက်ကာ ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ ကျနော်သူ့ကို အများကြီး ပေးစရာ ရှိပါတယ်။ ဒါက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ။ ကျနော်ဟာ ဒီ အစုအဖွဲ့ထဲကို စတင်ပြီး ဝင်ရောက်လာ ကတည်းက ကစားသမားတစ်ဦးအနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ ကြီးပြင်းလာခဲ့တာပါ။ ကျနော်ဟာ ဒီမှာရှိတဲ့အချိန်တိုင်းကို နှစ်သက်တယ်” လို့ ပြောခဲ့တာပါ။
ဝင်ဘာလေမှာ ကစားမယ့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံခြေစမ်းပွဲဟာ အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန် ရိုက်စ်အတွက် အင်္ဂလန်ကစားသမားဘဝ ပွဲပေါင်း ၅၀ ပြည့်မှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ အသင်း ခေါင်းဆောင်တွေဖြစ်တဲ့ ဟာရီကိန်း၊ဝေါလ်ကာနဲ့ မက်ဂွဲယားတို့ဟာ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ကြမှာပါ။
အဲဒါကြောင့် နည်းပြ ဆောက်ဂိတ်ဟာ ဒီကလန်ရိုက်စ်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းကို ကိုယ်စားမပြုခင် အိုင်ယာလန်အသင်းအတွက် ၃ ပွဲ ပါဝင်ကစားခဲ့သေးတာပါ။
ဒါပေမယ့် ဒီကလန်ရိုက်စ်ဟာ ၂၀၁၉ ခုနှစ်မှာ အင်္ဂလန်အသင်းအတွက် ကစားပေးဖို့ ရွေးချယ်ခဲ့ပြီး ချက်အသင်းနဲ့ ပွဲမှာ ပွဲဦးထွက်အဖြစ် စတင်ပါဝင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်း ကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ တာပါ။ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းအတွက် ကစားထားတဲ့ ၄၉ ပွဲမှာ ၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီလထဲကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲတွေမှာ အဓိက ကစားသမားအချို့ကို ဒဏ်ရာတွေ ကြောင့် အနားပေးထားရတာပါ။ ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲမှာ တိုက်စစ်မှူး အိုင်ဗန်တိုနေး၊ ကွင်းလယ်လူ မက်ဒီဆင်၊ကိုးလ်ပါလ်မာနဲ့ နောက်ခံလူ ဘရန်ဝိတ်တို့ ပါဝင်လာနိုင်တယ်လို့ နည်းပြ ဆောက်ဂိတ်က ပြောခဲ့တာ ဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 764
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၆
ဘရာဇီးလ်အသင်းရဲ့ တောင်ပံကစားသမား ဗီနီစီးယက်စ်က အကြိမ်ကြိမ်ကြုံတွေ့နေရတဲ့ လူမျိုးရေးခွဲခြားမှုတွေ ကြောင့် ဘောလုံးကစားချင်တဲ့စိတ် နည်းလာတယ်လို့ ခံစားရကြောင်း ငိုကြွေးပြီးပြောခဲ့ပါတယ်။
ဗီနီစီးယက်စ်က “ကျနော် စပိန်ကနေ ထွက်ခွာဖို့ မတွေးပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်သာ စပိန်ကနေ ထွက်ခွာခဲ့ရင် လူမျိုးရေးခွဲခြားတဲ့သူတွေ လိုချင်တဲ့အရာကို အတိအကျပေးသလို ဖြစ်သွားမှာပါ။ ကျနော်ဆက်ပြီး ရှိနေမှာပါ။ ကျနော်က ရဲရင့်တဲ့ကစားသမားဖြစ်ပြီး ရီးရယ်လ်အတွက်ကစားကာ ဆုဖလားတွေအများကြီး ရယူနိုင်ခဲ့ ပါတယ်။ ကျနော်ဟာ ဘောလုံးကစားချင်ပေမယ့် ရှေ့ဆက်သွားဖို့က ခက်ခဲပါတယ်။ လူမျိုးရေးခွဲခြားမှုကြောင့် ကစားချင်စိတ်နည်းလာတယ်လို့ ခံစားရကြောင်း”ပြောပါတယ်။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီအတွင်းမှာ လူမျိုးရေးခွဲခြားမှုတွေ အများအပြား ကြုံတွေ့ခဲ့ရတာ ဖြစ်ပါ တယ်။
ဒါပေမယ့် ဗီနီစီးယက်စ်ကတော့ သူဟာ စပိန်နိုင်ငံနဲ့ ရီးရယ်လ်အသင်းက ထွက်ခွာပြီး လူမျိုးရေးခွဲခြားတဲ့ သူတွေကို အနိုင်ယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အိုဆာဆူနာအသင်း ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ကြုံတွေ့ခဲ့ရတာပါ။

ဒိုင်လူကြီးနဲ့ ဗီနီစီးယက်စ်ကို တွေ့ရစဉ်
ဒါပေမယ့် ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးက သူ့ရဲ့ ပွဲအစီရင်ခံစာမှာ ဒီအဖြစ်အပျက်ကို ချန်လှပ်ခဲ့လို့ ရီးရယ်လ်အသင်းဟာ စပိန်လာလီဂါထံ တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိုဆာဆူနာအသင်းကတော့ သူတို့ပရိသတ်တွေဟာ လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။
စပိန်လာလီဂါဟာ ပြီးခဲ့တဲ့ရာသီက ဗီနီစီးယက်စ်ကို လူမျိုးရေးခွဲခြား လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်တာနဲ့ ဒဏ်ကြေးငွေချမှတ် အရေးယူတာတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီရာသီကစားခဲ့တဲ့ ဆီဗီလာ၊ ဘာစီလိုနာနဲ့ ဗလင်စီယာအသင်းတို့နဲ့ပွဲတွေမှာ ဗီနီစီးယက်စ်ဟာ လူမျိုးရေးခွဲခြားမှုတွေ ထပ်ပြီးခံခဲ့ရတာပါ။
ဘရာဇီးလ်အသင်းနဲ့ စပိန်အသင်းတို့ဟာ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲကို ‘One Skin’ ဆောင်ပုဒ်အောက်မှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ အစိတ်အပိုင်းအဖြစ် ကစားမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 579
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်လူ မက်အယ်လစ္စတာက သူအပါအဝင် လီဗာပူးလ်အသင်းကစားသမား တွေဟာ နည်းပြ ကလောပ့်ကို ပရီးမီးယားလိဂ်ဖလားလက်ဆောင်ပေးချင်တယ်လို့ ပြောလိုက်ပါတယ်။
မက်အယ်လစ္စတာက “ကျနော်တို့ နည်းပြကလော့ပ်ကို ပရီးမီးယားလိဂ်ဖလား လက်ဆောင်ပေးချင်ပါတယ်။ ဒါက အကြီးမားဆုံးရည်မှန်းချက်ပါပဲ။ ကလောပ့်က သူ့ရဲ့ဆုံးဖြတ်ချက်ကို အလွန်ယုံကြည်မှုရှိနေပါတယ်။ ကျနော့် အတွက်တော့ သူနဲ့ တစ်နှစ်ပဲ လက်တွဲခွင့်ရခဲ့လို့ စိတ်မကောင်းပါဘူး။ အနာဂတ်မှာ ကျနော်တို့ ထပ်ပြီး ဆုံတွေ့ နိုင်ဖို့ မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာမှာ စတင်ကိုင်တွယ်ခဲ့တဲ့ ကလောပ့်ဟာ ဒီရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကြောင့် လီဗာပူးလ်အသင်း ကစား သမားတွေဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ ကလောပ့်ကို ဆုဖလားတွေနဲ့ နှုတ်ဆက်ဖို့ ဆုံးဖြတ် ထားတာပါ။ လီဗာပူးလ်အသင်းဟာ မကြာသေးခင်က ဒီရာသီ ပထမဆုံးဆုဖလားဖြစ်တဲ့ ကာရာဘောင်းဖလားကို ရယူထားနိုင်ခဲ့ပေမယ့် FA ဖလားပြိုင်ပွဲမှာတော့ ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေ ပြီး ကွင်းလယ်လူ မက်အယ်လစ္စတာက နည်းပြ ကလောပ့်ကို ပရီးမီးယားလိဂ်ဆုဖလား လက်ဆောင်ပေးချင်တယ် လို့ ပြောလာခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လာ မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ လီဗာပူးလ်အသင်းဟာ အဆင့် ၁ နေရာကို ပြန်တက်နိုင်မယ့် အခွင့်အရေးရှိနေတာပါ။
လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မတ် ၃၁ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:Besoccer
- By CNI
- Category: အားကစား
- Hits: 928
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ တိုမီနေးကို တစ်ပတ်လုပ်ခ ပေါင် ၁၂၀,၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ Daily Star က ဖော်ပြထားပါတယ်။
တိုမီနေးဟာ ပြီးခဲ့တဲ့နွေရာသီက ဝက်စ်ဟမ်း၊ ဖူလ်ဟမ်အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေကြောင့် ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တာပါ။
ဒါပေမယ့် စကော့တလန် ကွင်းလယ်လူဟာ ယူနိုက်တက်အသင်းမှာ ဆက်ရှိခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်အတွက် အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။
တိုမီနေးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၃၄ ပွဲ ပါဝင်ကစားထားအပြီးမှာ ၉ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးထားတာပါ။
ယူနိုက်တက်အသင်းကတော့ ခြေစွမ်းပြသနေတဲ့ တိုမီနေးကို လက်ရှိရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ ဆဖြစ်တဲ့ တစ်ပတ် လုပ်ခပေါင် ၁၂၀,၀၀၀ နဲ့ စာချုပ်သစ်ကမ်းလှမ်းဖို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က မီးစိမ်းပြထားတာ ဖြစ်ပါတယ်။

တိုမီနေးကို တွေ့ရစဉ်
တိုမီနေးနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေပြီး စာချုပ် ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်ရှိနေတာပါ။
တိုမီနေးဟာ ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့တာ ဖြစ်ပါတယ်။
တိုမီနေးဟာ ယူနိုက်တက်အသင်းကို အသက် ၅ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်အသင်း တွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရရှိခဲ့တာပါ။
တိုမီနေးဟာ ယူနိုက်တက်အသင်းအတွက် ၂၄၃ ပွဲ ပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူကာ ၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
တိုမီနေးဟာ စကော့တလန် လက်ရွေးစင်အသင်းမှာလည်း အရေးပါတဲ့သူအဖြစ်ရှိနေပြီး ၄၈ ပွဲ ပါဝင်ကစားထား တာမှာ ၈ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးထားတာပါ။
တိုမီနေးဟာ နယ်သာလန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ စကော့တလန်အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး လာမယ့် မြောက်အိုင်ယာလန်အသင်းနဲ့ ခြေစမ်းပွဲမှာလည်း ပွဲထွက်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
Source: Sportsmole
- By CNI
- Category: အားကစား
- Hits: 860
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက နွေရာသီမှာ နည်းပြအလုပ် ပြန်လုပ်ချင်တယ်လို့ Moto GP ပေါ်တူဂီဂရမ်းပရီ ပြိုင်ပွဲတက်ရောက်ချိန် သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုက “ကျနော်ဟာ အခုအချိန်မှာ ဘာကလပ်မှ မရှိသေးပါဘူး။ ဖရီးဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော် အလုပ်ပြန်လုပ်ချင်ပါတယ်၊ နွေရာသီမှာ အလုပ်ပြန်လုပ်ချင်ပါတယ်။ ကျနော့်ဘဝက ဘောလုံးပါ။ ကျနော်ဟာ ဘယ်အသင်းကိုမဆို လေ့ကျင့်မှုပြုလုပ်နိုင်ပြီး ပြဿနာမရှိပါဘူး”လို့ ပြောပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ အနားယူနေတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ မော်ရင်ဟို ကိုယ်တိုင်က နွေရာသီမှာ အလုပ်ပြန်လုပ်ချင်တယ်လို့ ပြောလာခဲ့တာပါ။
ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ နည်းပြဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေတဲ့ မော်ရင်ဟိုဟာ ပေါ်တူဂီကလပ်အသင်းတွေကို ကိုင်တွယ်မယ့် အလားအလာကိုလည်း ငြင်းဆန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မော်ရင်ဟိုကိုတွေ့ရစဉ်
မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းကနေ ထွက်ခွာပြီးကတည်းက ပေါ်တူဂီကလပ်အသင်းတွေကို ပြန်လည်ကိုင်တွယ်ခြင်း မရှိသေးတာပါ။
မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဘင်ဖီကာကနေ ထွက်ခွာချိန်မှာ နောက်ထပ် ပေါ်တူဂီကလပ်အသင်းဖြစ်တဲ့ UDL အသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
UDL အသင်းကို ကိုင်တွယ်အပြီးမှာတော့ မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝ ပထမဆုံး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ပေါ်တိုအသင်းကို ကိုင်တွယ်ခဲ့တာပါ။
မော်ရင်ဟိုဟာ ပေါ်တိုအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ပေါ်တူဂီ အမှတ်ပေးဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ ရိုးမားအသင်းကနေ ထုတ်ပယ်ခံရအပြီးမှာ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှု ရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့တာပါ။
မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ ကမ်းလှမ်းမှုအချို့ ရရှိထားပေမယ့် သူနဲ့အဆင်ပြေမယ့် ကလပ်အသင်းကို ရွေးချယ်ပြီး နွေရာသီမှာ ဘောလုံးလောကထဲ ပြန်ဝင်လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 825
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၅
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီက ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့အနာဂတ်အကြောင်းကို ဘယ်သူကမှ ပြောဆိုခြင်း မရှိတော့ဘူးလို့ Telefoot ကို ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော့်အနာဂတ်ကို ယူရိုပြိုင်ပွဲ မတိုင်ခင်သိကြမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ကျနော်ကတော့ အေးအေး ဆေးဆေး ဖြစ်နေပါတယ်။ ကျနော့်အနာဂတ်က ကလပ်မှာကြီးမားတဲ့ အကြောင်းအရာ မဟုတ်တော့သလို ဒီအကြောင်းကို ဘယ်သူကမှ မပြောကြတော့ပါဘူး။ ခေါင်းအေးအေးနဲ့ ယူရိုမှာရှိနေမှာဖြစ်ပြီး ကြီးမားတဲ့အရာတွေ လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ”လို့ ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ စာချုပ်ကုန်ဆုံးမယ့် နွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ့် အကြောင်းကို အသင်းတာဝန်ရှိသူတွေနဲ့ အသင်းဖော်တွေကို ပြောခဲ့ပြီးဖြစ်ပါတယ်။
ဘတ်ပီဟာ သူ့ကိုခေါ်ယူဖို့ ကာလကြာရှည် စိတ်ဝင်စားနေတဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့မှာဖြစ်ပြီး စပိန် ကလပ်ကလည်း လက်မှတ်ထိုးကြေး အများအပြားပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။
ဒါပေမယ့် ဘတ်ပီဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တရားဝင် ကြေညာခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
အခုအချိန်မှာတော့ ဘတ်ပီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင်မှာ သူ့အနာဂတ်ကို ကြေညာပေးမယ်လို့ ပြောလာခဲ့ တာပါ။
ရီးရယ်လ်အသင်းဟာ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာဖြစ်ပေမယ့် လက်မှတ်ထိုးကြေး ပေါင် ၈၅.၅ သန်း ဝန်းကျင်ပေးရမှာဖြစ်သလို အသင်းမှာ လုပ်ခလစာ အများဆုံးရရှိတဲ့သူ ဖြစ်အောင် ပေးဖို့အထိ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ မိုဒရစ်ရဲ့ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်သွားရဖွယ်လည်း ရှိနေတာပါ။
ဘတ်ပီဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမှာဖြစ်ပေမယ့် ပြင်သစ်ကလပ်အတွက် ဒီရာသီ ၃၇ ပွဲ ကစားအပြီးမှာ ၃၈ ဂိုးအထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်ဟာ ပြီးခဲ့တဲ့ လီဂူးပွဲစဉ် ၆ ပွဲမှာ ဘတ်ပီကို ပွဲချိန်ပြည့် ၁ ပွဲသာ အသုံးပြု ခဲ့ပြီး သူမပါဝင်တဲ့ ကစားကွက်တွေကို စမ်းသပ်အသုံးပြုနေတာပါ။
ဘတ်ပီဟာ လက်ရှိအချိန်မှာ ပြင်သစ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ပြင်သစ်အသင်းဟာ မတ်လ ၂၇ ရက်မှာ ချီလီအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 645
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၃
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ နွေရာသီမှာ ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာနိုင်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ထင်ကြေးတွေကို တုန့်ပြန်လိုက်ပါတယ်။
ဆောက်ဂိတ်က “ကျနော်ဟာ အင်္ဂလန်နည်းပြဖြစ်ပြီး ကျနော့်မှာ အလုပ်ရှိပါတယ်။ ကျနော်ဟာ အင်္ဂလန်အသင်း ကို ယူရိုချန်ပီယံဆု ရယူနိုင်အောင် ကြိုးစားပေးဖို့ရှိသလို ဒီအပတ်ထဲမှာ အရေးကြီးတဲ့ပွဲ ၂ ပွဲရှိပါတယ်။ ယူနိုက်တက်အသင်းမှာဆိုရင် နည်းပြရှိပြီး ဒီအသင်းရဲ့နည်းပြနေရာနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေက လုံးဝ မလေးစားရာ ရောက်တယ်လို့ ကျနော်ထင်ကြောင်း”ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူ့ရဲ့ နေရာမှာ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဆုံးဖြတ်ထားတယ်လို့ ထင်ကြေး သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ ဒီရာသီမှာ အသင်းရဲ့ ရလဒ်တွေ ကြောင့် ဖိအားဒဏ်တွေ ခံစားနေရတာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် အဲရစ်တန်ဟတ်ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တာ ဖြစ်ပါတယ်။
ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဒီနှစ်ထဲမှာ ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်အသင်းဟာ ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးဖို့ စီစဉ် နေတာဖြစ်ပေမယ့် အင်္ဂလန်နည်းပြကတော့ ယူရိုပြိုင်ပွဲအပြီးမှသာ သူ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဆောက်ဂိတ်က “ကျနော့်ရဲ့ အာရုံစိုက်မှုက ဥရောပချန်ပီယံရှစ်ပြိုင်ပွဲပါ။ ကျနော်ဟာ ဒီပြိုင်ပွဲမတိုင်ခင်အထိ ဘယ်သူနဲ့မှ စကားပြောဆိုမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော်ဒီမှာရှိနေတာ ၈ နှစ်ကြာရှိပါပြီ။ ကျနော့်မှာ အလုပ်ရှိနေတဲ့အချိန် တခြားသူတွေနဲ့ စကားပြောဆိုတာတွေလုပ်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲတွေအဖြစ် မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 749
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၃
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီက နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် လာမယ့်ရာသီ သူ ဘယ်အသင်းမှာ ကစားမလဲဆိုတဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “အခုအချိန်မှာ ကျနော့်အနာဂတ်နဲ့ ပတ်သက်ပြီး ကြေညာစရာ ဘာမှမရှိသေးပါဘူး။ ကြေညာတဲ့ အချိန်မှာ ယောင်္ကျားတစ်ဦးလို လုပ်မယ်လို့ ကျနော်အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ယူရိုပြိုင်ပွဲမတိုင်ခင်မှာ ကျနော့် အနာဂတ်ကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာမှာဖြစ်ပြီး ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမှာကို အခုထိ ကြေညာခြင်း မရှိသေးပေမယ့် အသင်းတာဝန် ရှိသူတွေနဲ့ အသင်းဖော်တွေကို အသိပေးထားပြီးဖြစ်ပါတယ်။

ဒါအပြင် ဘတ်ပီက အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်ကစားချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ကစားချင်တယ်လို့ အမြဲတမ်းပြောခဲ့ပြီး ကျနော့်ရဲ့ စိတ်ဆန္ဒက ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီအရာက ကျနော့်အပေါ်မှာ မူမတည်ပါဘူး။ ကျနော်ဟာ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ရှိနေပြီး သူတို့နဲ့ အိုလံပစ်ပြိုင်ပွဲအကြောင်းကို မဆွေးနွေးရသေးဘူး”လို့ ပြောခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပြီး အိုလံပစ်အမျိုးသား ဘောလုံး ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ကျင်းပသွားမှာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ပြင်သစ်အသင်းဟာ မတ်လ ၂၃ ရက်မှာ ဂျာမနီ၊ ၂၆ ရက်မှာ ချီလီအသင်း တို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1059
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂၂
ဘိုင်ယန်မြူးနစ်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီဟိုးနက်စ်က လေဗာကူဆင် အသင်းနည်းပြ အလွန်ဆိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ သူတို့အသင်းနဲ့ လီဗာပူးလ်အသင်း အပြိုင်ကြိုးစားနေတယ်လို့ ပြောလာခဲ့ပါတယ်။
အူလီဟိုးနက်စ်က “လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးရယ်လ်တို့လို အသင်းတွေက အလွန်ဆိုကို ခန့်အပ်ဖို့ အလုပ်လုပ်နေကြပါတယ်။ သူဟာ ကြီးမားတဲ့ကာလအတွက် နည်းပြကောင်းတစ်ဦး ဖြစ်နိုင်တယ်ဆိုတာ သက်သေပြပြီးပါပြီ။ အခုအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့နည်းပြ ရှာရခက်ပါတယ်။ ဘိုင်ယန်မြူးနစ်က အရာအားလုံးရဲ့ အတိုင်းအတာဆိုတာ သူတို့ကို ပြောပြဖို့မလွယ်ကူပါဘူး”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်၊ ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေမှာ ကစားခဲ့တဲ့ အလွန်ဆိုဟာ ဒီရာသီမှာ လေဗာကူဆင် အသင်းကို သူတို့ရဲ့ ပထမဆုံး ဘွန်ဒစ်လီဂါဖလားရယူဖို့ နီးစပ်အောင် ကိုင်တွယ်ပေးထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစား နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ တူချယ်လ်ဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာဖြစ်သလို လီဗာပူးလ် အသင်းနည်းပြ ကလော့ပ်လည်း ရာသီအကုန်မှာ ထွက်ခွာမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

အလွန်ဆိုကို တွေ့ရစဉ်
အစောပိုင်းက အလွန်ဆိုဟာ ရီးရယ်လ်အသင်းနည်းပြ ရာထူးအတွက်ပါ သတင်းတွေ ထွက်ခဲ့တာပါ။
ဒါပေမယ့် အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့တာကြောင့် အလွန်ဆိုဟာ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီ နည်းပြအလွန်ဆို လက်ထက် ပြိုင်ပွဲစုံ ၃၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်တင် ထားပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်ထား တာပါ။
ဒါအပြင် လေဗာကူဆင်အသင်းဟာ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
Source: BBC
