CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၂

အာဂျင်တီးနားဂိုးသမား အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းမှာ ၂၀၂၉ ခုနှစ်အထိရှိမယ့် စာချုပ်သစ် ချုပ်ဆိုပြီးနောက် အသင်းနဲ့အတူ ဆုဖလားရယူချင်တယ်လို့ ပြောလိုက်ပါတယ်။ 

အီမီမာတီနက်ဇ်က “ဒီအသင်းကို ရောက်လာပြီးကတည်းက ကျနော့်ရဲ့အိပ်မက်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါ။ ကျနော်တို့ဒါကို အောင်မြင်ခဲ့ပါပြီ။ ကျနော်ဟာ အာဂျင်တီးနားအသင်းနဲ့အတူ နိုင်ငံတကာဘောလုံးလောကမှာ အရာရာအောင်မြင်ခဲ့ပါတယ်။ ကျနော်ဒီမှာ ဆုဖလားတွေရယူနိုင်မယ်လို့ ထင်နေတုန်းပါပဲ။ ဒါက ဒီကလပ် လွဲချော်နေတဲ့အရာပါ။ လာမယ့်နှစ်တွေအတွင်းမှာ ဒါကို ကျနော်တို့အောင်မြင်အောင်လုပ်သွားမှာပါ”လို့ ပြောခဲ့တာပါ။ 

အသက် ၃၁ နှစ်အရွယ်ရှိ အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းကို ၂၀၂၀ ခုနှစ်က အာဆင်နယ်အသင်း ကနေ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဂိုးသမားတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပါတယ်။ 

အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းပွဲဦးထွက်ရာသီမှာ ၁၅ ပွဲပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကလပ်အသင်းရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။ 

အီမီမာတီနက်ဇ်ရဲ့ အရင်စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အက်စတွန်ဗီလာအသင်းက သူ့ကို နောက်ထပ် ၂ နှစ်သက်တမ်းထပ်ပြီး တိုးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းရဲ့ နံပတ်တစ်ဂိုးသမားဖြစ်တဲ့ အီမီမာတီနက်ဇ်ဟာ နိုင်ငံအသင်းနဲ့အတူ ကိုပါအမေရိက ဖလား ၂ ကြိမ်၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့ပြီး ဒီနိုင်ပွဲတွေမှာ သူဟာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူပါ။ 

အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် လက်စွမ်းပြသနိုင်ခဲ့သလို အက်စတွန်ဗီလာအသင်းကိုလည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၅၄ ပွဲပေးဂိုးမပေးရအောင် စွမ်းဆောင်ထားတယ်လို့ မှတ်တမ်းတွေအရ သိရတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ဒီအပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အီမီမာတီနက်ဇ်အနေနဲ့ အသင်းဟောင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင် နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source:Goal