
- By CNI
- Category: အားကစား
- Hits: 423
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ် ဟာ စပိန်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကြောင့် စပိန်လာလီဂါထံ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းကနေ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဂီတာဖေးအသင်းထံ အခုရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၅ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် ဆယ်လ်တာဗီဂိုအသင်းနဲ့ ၂ ဂိုးစီ သရေကျ ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေး အသင်းကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်ကို လာလီဂါကလပ် အများအပြားက စောင့်ကြည့် နေကြပြီး ဒီအထဲမှာ ဆီဗီလာအသင်းက အဓိက စိတ်ဝင်စားနေပါတယ်။
ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေတာကြောင့် ဆီဗီလာအသင်းဟာ ဒီအခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဆီဗီလာအသင်းအနေနဲ့ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ဂီတာဖေးအသင်းနဲ့ ပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပျော်ရွှင်နေပြီး အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ နွေးထွေးစွာကြိုဆိုမှုကို ခံခဲ့ရတာကြောင့် ဂီတာဖေးအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အသင်းကလည်း ဂရင်းဝုဒ်ကို ရာသီအကုန်မှာ ပြန်ခေါ်ယူပြီး အသင်းရဲ့ လူစာရင်းမှာ ပြန်ထည့်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ကတော့ အင်္ဂလန်ကို မပြန်ချင်တော့ဘဲ စပိန်မှာပဲ သူ့ရဲ့ကစားသမားဘဝကို ဖြတ်သန်းဖို့ အစီအစဉ်ရှိနေပါတယ်။
ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲ ၉ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဂီတာဖေး အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 491
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့်နိုဝင်ဘာလထဲ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားသွားမယ်လို့ ကြေညာသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပလေးအောဖ့်ဝင်ခွင့်လွဲချော်ခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက်မှာ ချားလော့တ်အသင်းနဲ့ ကစားပြီး သူတို့ရဲ့ မေဂျာလိဂ်ရာသီကို အဆုံးသတ်မှာပါ။ အင်တာမိုင်ယာမီအသင်းဟာ နိုဝင်ဘာလထဲမှာ ပွဲကစားဖို့ မရှိတော့ပေမယ့် မက်ဆီအပါအဝင် ကစားသမားအချို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေကစားဖို့ ရှိနေတာကြောင့် သူတို့ရဲ့ပုံစံကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက် မေဂျာလိဂ်ကလပ်က ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ တရုတ်စူပါလိဂ်အသင်းတွေဖြစ်တဲ့ Qingdao Hainiu၊ Chengdu Rongcheng အသင်းတို့နဲ့ နိုဝင်ဘာလ ၅ ရက်၊ ၈ ရက်တွေမှာ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာပါ။ အင်တာမိုင်ယာမီအသင်းကတော့ နယ်မြေသစ်မှာ သူတို့ရဲ့ လက်လှမ်းမီမှုကို ဆက်ပြီးချဲ့ထွင်နိုင်ဖို့အတွက် အလွန်စိတ်လှုပ်ရှားနေတယ်လို့ ပြောထားပါတယ်။
အင်တာမိုင်ယာမီအသင်းစီးပွားရေးအရာရှိချုပ် ဇာဗီယာက “ကျနော်တို့ ကလပ်အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုကို ဆက်ပြီးချဲ့ထွင်နိုင်ဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်အသစ်တွေထံရောက်ရှိပြီး ကျနော်တို့ရဲ့ စွန့်စားခန်းအသစ်ကို စတင်နိုင်ဖို့ စောင့်မျှော်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းကို မက်ဆီရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက အသင်းရဲ့ ဆိုရှယ် မီဒီယာ တွေမှာ Followers တွေဟာ သိသိသာသာကို တိုးလာခဲ့သလို လိဂ်ဖလားချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ ပွဲဆက်တွေများလာပြီး မက်ဆီကလည်း ဒဏ်ရာတွေကြောင့် ပွဲ အများအပြားလွဲချော်ခဲ့လို့ ပလေးအောဖ့်ဝင်ခွင့်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 547
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
စပိန်အသင်းဟာ နော်ဝေအသင်းနဲ့ ကစားခဲ့တဲ့ခြေစစ်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ စပိန်အသင်းအတွက် တစ်လုံးထဲသော သွင်းဂိုးကို ဂါဗီက ပွဲချိန် ၄၉ မိနစ်မှာ သွင်းယူခဲ့တာပါ။ စပိန်အသင်း ဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲ ၆ ပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ စပိန်အသင်းရဲ့ နိုင်ပွဲကြောင့် စကော့တလန်အသင်းလည်း ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာပါ။
နော်ဝေအသင်းအတွက်တော့ ခြေစစ်ပွဲအောင်မြင်နိုင်ဖို့အတွက် ပလေးအောဖ့်အဆင့်ကနေသာ မျှော်လင့်လို့ ရတောမှာ ဖြစ်ပါတယ်။ နော်ဝေအသင်းဟာ ယူရို ၂၀၀၀ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ပြီးကတည်းက အဓိက ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာပါ။ နော်ဝေအသင်းအနေနဲ့ ပလေးအောဖ့်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့အတွက် အုပ်စု တတိယနေရာမှာ ဆက်ပြီးရပ်တည်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ခြေစစ်ပွဲအောင်မြင်နိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
စပိန်အသင်းနောက်ခံလူ ကာဗာဂျဲလ်က ယူရိုလက်မှတ်နဲ့အတူ အိမ်ကို ပြန်ရမှာဖြစ်တဲ့အတွက် ပျော်ရွှင်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။
ကာဗာဂျဲလ်က “ကျနော်တို့ ဒီကို အနိုင်ရဖို့လာခဲ့တာဖြစ်ပြီး အလွန်ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ သူတို့က ကျနော်တို့ကို အခွင့်အရေးပေးခဲ့ပြီး ယူရိုလက်မှတ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်ကြတော့မှာပါ။ ဟာလန်းဘောလုံးလက်ခံတဲ့အချိန်မှာလည်း သက်သောင့်သက်သာရှိတဲ့ပုံစံမျိုးမဖြစ်အောင် ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဗဟိုခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျနော်ချီးကျူးပါတယ်”လို့ပြောခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင် ဂျာမနီအသင်းအပါအဝင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ စကော့တလန်နဲ့ တူရကီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 965
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
ဘာစီလိုနာအသင်းက အပြီးသတ်ဝယ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ တိုက်စစ်မှူး ဂျာအိုဖီးလစ်က စပိန်ကလပ်မှာ ကစားရတာပျော်ရွှင်တယ်လို့ ပြောလိုက်ပါတယ်။
ဂျာအိုဖီးလစ်က “ခင်ဗျားတို့ မြင်တွေ့နေရသလို ကျနော် ဘာစီလိုနာမှာပျော်ရွှင်တယ်၊ ကောင်းမွန်တဲ့ ခံစားမှုတွေ ရတယ်၊ ယုံကြည်မှုအပြည့်နဲ့ ကောင်းမွန်တဲ့အခိုက်အတန့်တွေကို ဖြတ်သန်းနေရတယ်လို့ ခံစားနေရပါတယ်။ ကျနော့်အတွက် အခက်အခဲဆုံးအရာက ကောင်းမွန်တဲ့အဆင့်ကို ဆက်ပြီးထိန်းထားနိုင်ဖို့ပါ။ ကျနော်ဟာ နေ့တိုင်း အလုပ်လုပ်နေပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ အရာတွေကိုပေးဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ ကျနော် ဘာစီလိုနာ မှာ ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့တာပါ။
ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အသလက်တီကိုအသင်းကနေ ဘာစီလိုနာ အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ၈ ပွဲပါဝင်ကစားထားအပြီးမှာ ၃ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့တာပါ။ ပေါ်တူဂီကစားသမားဟာ ဘာစီလိုနာအသင်းမှာကစားချင်တဲ့အတွက် လုပ်ခလစာအများကြီး လျှော့ယူပြီး လာရောက်ကစားနေတာဖြစ်ပါတယ်။
မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ဝယ်ယူနိုင်ဖို့အတွက် အသလက်တီကိုအသင်းထံ သင့်လျော်တဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ် လို့ ဖော်ပြထားတာပါ။ ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်နေတာကြောင့် ဘာစီလိုနာအသင်းဟာ အသလက်တီကိုအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းပြီး အဆင်ပြေရင် အပြီးသတ် ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။
စပိန်လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၃ မှတ် အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။ ဘာစီလိုနာအသင်းဟာ အောက်တိုဘာ ၂၂ ရက်မှာ လာလီဂါ ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 429
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄
အီတလီအသင်းကစားသမားတွေဖြစ်တဲ့ တိုနယ်လီနဲ့ ဇာနီအိုလိုတို့ဟာ အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တာကြောင့် လက်ရွေးစင်လူစာရင်းကနေ ထွက်ခွာခဲ့တယ်လို့ နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က ပြောလိုက်ပါ တယ်။
တိုနယ်လီနဲ့ ဇာနီအိုလိုတို့ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကစားဖို့ အီတလီအသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ် နေချိန်မှာ တူရင်အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အကြောင်းကြားခဲ့တာပါ။ အီတလီ ဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အတိအကျကို ပြောဆိုထားခြင်းမရှိပေမယ့် ဒီကစားသမားနှစ်ဦးကို အိမ်ပြန်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အီတလီသတင်းအေဂျင်စီ ANSA က တိုနယ်လီနဲ့ ဇာနီအိုလိုတို့ဟာ တရားမဝင်လောင်းကစားမှုနဲ့ ဆက်စပ် နေတယ်လို့ ဖော်ပြထားတာပါ။ တူရင်အစိုးရရှေ့နေတွေဟာ တရားမဝင်လောင်းကစားပြုလုပ်ခဲ့မှုအတွက် နောက်ထပ် အီတလီဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဖာဂီယိုလီကိုလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
ဖာဂီယိုလီပြုလုပ်ခဲ့တဲ့ လောင်းကစားတွေမှာ ဘောလုံးပွဲတွေပါဝင်ခြင်းရှိ၊မရှိ စုံစမ်းမှုတွေပြုလုပ်နေတာဖြစ်ပြီး ဂျူဗင်တပ်စ်ကစားသမားအနေနဲ့ ဘောလုံးပွဲတွေလောင်းကစားပြုလုပ်ခဲ့မယ်ဆိုရင် ပွဲကစားခွင့် အနည်းဆုံး ၃ နှစ်ပိတ်ပင်ခံရနိုင်တာပါ။ ဒါ့အပြင် ဖာဂီယိုလီဟာ ဒဏ်ကြေးငွေအနည်းဆုံး ယူရို ၂၅,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
တိုနာလီနဲ့ ဇာနီအိုလိုတို့ဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာအသင်းတွေမှာ ပါဝင်ကစားနေတာပါ။ တိုနယ်လီဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အေစီမီလန်အသင်းကနေ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဇာနီအိုလိုကတော့ အက်စတွန်ဗီလာအသင်းကို သြဂုတ်လက ဂါလာတာစာရေး အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 612
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
စကော့တလန် အသင်းခေါင်းဆောင် ရောဘတ်ဆန်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပြင်းထန်တဲ့ ပခုံးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
စကော့တလန်နဲ့ လီဗာပူးလ်အသင်း နောက်ခံလူ ရောဘတ်ဆန်ဟာ စပိန်အသင်း ဂိုးသမား အူနှိုင်းဆီမွန်နဲ့ ထိခိုက် မိပြီးနောက် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။
ရောဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့တဲ့အတွက် စကော့တလန်အသင်းဟာ သူ့ကို ပတ်ဒါဆန်နဲ့ လူစားလဲခဲ့ရပြီး ရောဘတ်ဆန်ဟာ ကွင်းထဲကနေ ထွက်လာချိန်မှာ မသက်မသာဖြစ်သလို ခံစားနေရတာကို မြင်တွေ့ခဲ့ရပါတယ်။
စကော့တလန်အသင်းကို တွေ့ရစဉ်
စကော့တလန် အသင်းနည်းပြ စတိဗ်ကလာ့ခ်က “ရောဘတ်ဆန်ဟာ သူ့ရဲ့ကလပ်ကို ပြန်သွားတော့မှာပါ။ ကျနော် တို့ဟာ တီယာနေးကို ဆုံးရှုံးပြီးနောက် ရောဘတ်ဆန်ကလည်း ပခုံးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ သူဟာ ကလပ် အသင်းနဲ့အတူ အမြန်ဆုံး ပြန်ကောင်းမွန်ပြီး နိုဝင်ဘာလမှာ ကျနော်တို့ကို အကူအညီပေးဖို့အတွက် အဆင်သင့် ဖြစ်နေမယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။
ရောဘတ်ဆန်ဟာ ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ စကော့တလန် အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်သလို အောက်တိုဘာ ၂၁ ရက်မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ် ကိုလည်း လီဗာပူးလ်အသင်းအတွက် ပါဝင်နိုင်ဖွယ် မရှိတော့ပါဘူး။
စကော့တလန်အသင်းဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုတွင်းကို ဆက်လက် ဦးဆောင်နေပြီး တတိယနေရာက နော်ဝေအသင်းကို ၅ မှတ် ဖြတ်ထားပါတယ်။
စကော့တလန်အသင်းဟာ နိုဝင်ဘာလမှာ ကစားမယ့် ဂျော်ဂျီယာ၊ နော်ဝေအသင်းတို့နဲ့ ယူရိုခြေစစ်ပွဲမှာ ရလဒ် ကောင်း ရယူနိုင်ခဲ့မယ်ဆိုရင် အနိမ့်ဆုံး ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရဖို့ သေချာမှာလည်း ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 409
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
ဘာမင်ဂမ်အသင်းနည်းပြသစ် ဝိန်းရွန်နီက အသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောလိုက်ပါတယ်။
ဝိန်းရွန်နီက “ကျနော်ဟာ ဘာမင်ဂမ်အသင်းကို အကောင်းဆုံး တည်ဆောက်ပေးချင်ပြီး အသင်းရှိသင့်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည် ပို့ဆောင်ပေးချင်ပါတယ်။ ဘာမင်ဂမ်က ကြီးမားတဲ့ကလပ်ပါ။ ကလပ်နဲ့ ကျနော့်ရဲ့ ရည်မှန်းချက်က ဘာမင်ဂမ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်ပြီးပို့ဆောင်ပေးဖို့ပါ။ ဒါက စိန်ခေါ်မှုဖြစ်ပြီး ဒီလိုလုပ်ပြနိုင်ဖို့ အခွင့်အရေးရှိပါတယ်”လို့ ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ်အဖြစ် ၃ နှစ်ခွဲ စာချုပ်နဲ့ ခန့်အပ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
ဘာမင်ဂမ်အသင်းဟာ ၁၅ လကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ယူစတက်စ်ကို ထုတ်ပယ်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းကို တွေ့ရစဉ်
ဝိန်းရွန်နီ အတွက်တော့ ဘာမင်ဂမ်အသင်းဟာ ဒါဘီ၊ ဒီစီယူနိုက်တက်တို့ပြီးနောက် တတိယမြောက် ကိုင်တွယ်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းနည်းပြသစ် ဝိန်းရွန်နီဟာ မျှော်လင့်ချက် ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာမရှိဘူးလို့ လည်း ပြောခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၁၁ ခုနှစ်က နောက်ဆုံး ကစားခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်း ပရီးမီးယားလိဂ်နဲ့ ဝေးကွာနေတာ ဆယ်စုနှစ် တစ်ခုကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဝိန်းရွန်နီက “ကျနော်ဟာ ၁၆ နှစ် အရွယ်ကတည်းကနေ ကစားသမားဘဝ တစ်လျှောက်လုံး ဖိအားတွေနဲ့ ရင်ဆိုင် ခဲ့ရတာပါ။ အမှားတွေ လုပ်ခဲ့မိပြီဆိုရင်လည်း ဒီကနေပြန်ပြီး သင်ယူရမယ်၊ တိုးတက်အောင် လုပ်ရပါမယ်။ ကျနော် တို့မှာ မျှော်မှန်းချက်တွေနဲ့ ပစ်မှတ်တွေ ရှိပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်သွားဖို့က ကျနော်တို့ရဲ့ ပစ်မှတ်ဖြစ်ပြီး ဒီလိုဖြစ်အောင်လုပ်ဖို့ ကျနော်ဒီကိုရောက်ရှိနေတာပါ”လို့ ပြောခဲ့ပါတယ်။
ဘာမင်ဂမ်အသင်းဟာ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေပြီး နိုင်ငံတကာပွဲစဉ်အပြီးမှာ မယ်ဒယ်ဘရော့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 513
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၃
ဝင်ဘာလေမှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေမှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြောင့် ဒုက္ခရောက်တဲ့ သူတွေကို ထောက်ခံကြောင်းပြသတဲ့ အလံတွေ၊ အင်္ကျီတွေကို ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်(FA)က ကြေညာလိုက်ပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၁၄ ရက်မှာ သြစတြေးလျနဲ့ ခြေစမ်းပွဲ၊ ၁၈ ရက်မှာ အီတလီအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားရမှာပါ။ အင်္ဂလန်နဲ့ သြစတြေးလျအသင်းကစားသမားတွေဟာ အနက်ရောင်လက်ပတ် ဝတ်ဆင်ကြမှာဖြစ်ပြီး၊ ပွဲမစခင်မိနစ်အနည်းငယ်ကြာ ငြိမ်သက်မှုပြုလုပ်သွားမယ်လို့ FA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ FA ဟာ ဝင်ဘာလေကွင်းအဝင်ဝမှာ အစ္စရေးအလံပါဝင်တဲ့အရောင်နဲ့ မီးမထွန်းပေးဖို့ ဆုံးဖြတ် ခဲ့တာကြောင့်လည်း ဝေဖန်မှုတွေခံခဲ့ရတာပါ။
FA ဟာ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုခံခဲ့ရတဲ့ ယူကရိန်းကို ထောက်ခံကြောင်းပြသခဲ့ပေမယ့် အခု အစ္စရေးကို ထောက်ခံကြောင်းမပြသတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်ကတော့ FA ရဲ့ ဆုံးဖြတ်ချက်တွေကို ကာကွယ်သွားခဲ့ပါတယ်။
ဆောက်ဂိတ်က “ကျနော့်ဘဝမှာ အရှေ့အလယ်ပိုင်းဟာ အရှုပ်အထွေးဆုံးနဲ့ နားလည်ရခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် တရားမျှတမှုကို ၁၀ မိနစ်အတွင်းလုပ်ဆောင်နိုင်ဖို့ ခက်ခဲပါတယ်။ FA အနေနဲ့ မှန်ကန်တဲ့ အရာတွေကို လုပ်ဖို့ ကြိုးစားပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမာ့စ်ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူပေါင်း ၁,၂၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ကာ နယ်မြေဒေသအတွင်း အစားအသောက်၊ရေ၊လောင်စာဆီနဲ့ ဆေးဝါးတွေ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့တာပါ။ ဒီလို တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူပေါင်း ၁,၃၀၀ ကျော်သေဆုံးပြီး လူပေါင်း ၃၃၈,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ် လို့ သိရပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 414
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူ မက်ဂွဲယားက ဒီလိုသာဆက်ပြီး ပွဲထွက် ကစားခွင့် မရဘူးဆိုရင် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာသွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။
မက်ဂွဲယားက “ဒီမှာအမြဲတမ်း ထိုင်နေပြီး တစ်လကိုတစ်ပွဲ ကစားမှာ မဟုတ်ပါဘူး။ ဒီလိုသာဆက်ဖြစ်နေရင် ကလပ်အသင်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ရတော့မှာပါ။ ယူနိုက်တက်အတွက် လာမယ့်ပွဲမှာ ပွဲထွက်ခွင့် ရ/မရဆိုတာ ကျနော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျနော်ဟာ ကျနော့်ရဲ့ အရည်အချင်းကို ယုံကြည်တဲ့အတွက် ဒါတွေက ခက်ခဲပါတယ်။ ကျနော်ဟာ ပွဲတွေကစားချင်ပေမယ့် အခုအချိန်မှာတော့ ကျနော်ကစားချင်သလောက် ကစားခွင့် မရသေးပါဘူး”လို့ ပြောပါတယ်။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ပြီး အခုရာသီအစမှာ အသင်းခေါင်းဆောင် လက်ပတ်ပါ လွှဲပြောင်းပေးခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွဲယားကို ဝက်စ်ဟမ်းအသင်းထံ ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့လို့ အသင်းမှာဆက်ပြီး ရှိနေခဲ့ပါတယ်။
ယူနိုက်တက် အသင်းဖော်တွေနဲ့ မက်ဂွဲယားကို တွေ့ရစဉ်
ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းဟာ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရလို့ မက်ဂွဲယားဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
မက်ဂွဲယားဟာ လာမယ့်ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ချင်နေတာကြောင့် ကလပ်အသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
မက်ဂွဲယားဟာ အင်္ဂလန်အသင်းရဲ့ ပုံမှန်ပွဲထွက် လူစာရင်းမှာ အမြဲတမ်း ပါဝင်နေပေမယ့် ကလပ်အသင်းမှာ ကစားခွင့် ဆုံးရှုံးနေရင် ဒီအခွင့်အရေးကို လက်လွှတ်ရနိုင်တယ်လို့ နည်းပြ ဆောက်ဂိတ်က သတိပေးထားပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ လက်ရှိအချိန်မှာ သြစတြေးလျနဲ့ ခြေစမ်းပွဲ၊ အီတလီနဲ့ ယူရို ၂၀၂၄ ခြေစစ် ပွဲ ကစားမယ့် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 527
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂
အင်ဒိုနီးရှားဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျ၊ မလေးရှား၊ စင်္ကာပူတို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အဲရစ်သိုဟီရာက အောက်တိုဘာ ၁၁ ရက်က ပြောလိုက်ပါတယ်။
အဲရစ်သိုဟီရာက “ကျနော်တို့ အိမ်ရှင်အဖြစ် လျှောက်ထားဖို့ သြစတြေးလျနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကျနော် မလေးရှားနဲ့ စင်္ကာပူကို သွားရောက်လည်ပတ်တုန်းက အင်ဒိုနီးရှား၊ သြစတြေးလျတို့နဲ့ ပူးပေါင်းဖို့အတွက် နှစ်နိုင်ငံစလုံးက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့တယ်”လို့ Sydney Morning Herald ကို ပြောခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လျှောက်ထားဖို့ အာရှနဲ့ သမုဒ္ဒရာ ပိုင်းဇုန်ကို ပြောထားခဲ့တာဖြစ်ပြီး အိမ်ရှင်အဖြစ် လျှောက်ထားမှုကို အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုံးရက် သတ်မှတ်ပေးထားပါတယ်။
အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် တာ၀န်ရှိသူကို တွေ့ရစဉ်
မလေးရှားဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောဆိုမှုကို ငြင်းဆန်ထားပြီး သူတို့ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ဘယ်နိုင်ငံမှ စကားပြောဆိုခြင်း မရှိဘူးလို့ ပြောထားပါတယ်။
လက်ရှိအချိန်မှာ ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ဖီဖာထံ တရားဝင် လျှောက်ထားပြီးပြီဖြစ်ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ်ဟာ ဆော်ဒီကိုထောက်ခံကြောင်းလည်း ပြောခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်နဲ့ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ဥရုဂွေး၊ ပါရာဂွေးနဲ့ အာဂျင်တီးနားတို့ဟာ အုပ်စုအဖွင့်ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ ဖီဖာက ကြေညာထားပါ တယ်။
အင်ဒိုနီးရှားကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာမှာ ကျင်းပခဲ့ပြီးဖြစ်လို့ အရှေ့အလယ်ပိုင်းဒေသမှာ ပြန်ပြီး ကျင်းပဖို့ စောနေသေးတယ်လို့ ယူဆထားပြီး ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို သူတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA