- By CNI
- Category: အားကစား
- Hits: 510
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၃
အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ရှာဘတ်အယ်လ်အာလီအသင်းနဲ့ ကစားခဲ့တဲ့ အာရှ ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်ပွဲစဉ်မှာ ပင်နယ်တီရရှိမယ့် အခွင့်အရေး ၃ ကြိမ် ငြင်းပယ်ခံရပြီးနောက် ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ပြီး ဒေါသပေါက်ကွဲနေခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်ဖြစ်တဲ့ ရှာဘတ်အယ်လ်အာလီ အသင်းနဲ့ ပွဲမှာ နောက်ကျ သွင်းဂိုးတွေကြောင့် ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုဟာ ပထမပိုင်းမှာ ပင်နယ်တီ အခွင့်အရေး ၃ ကြိမ် မရတဲ့အတွက် ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ ဒိုင်လူကြီးကို ဒေါသတကြီးနဲ့ ရှင်းပြနေခဲ့ပြီး အိပ်ရာကနေ ထတော့လို့ အော်ဟစ်ခဲ့တာပါ။
ဒါ့အပြင် ရော်နယ်ဒိုဟာ ကွင်းဘေးစည်းမှာ သူနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးကိုလည်း တွန်းထုတ်ပြီး ဥမင်ထဲ ဝင်ရောက်သွားခဲ့ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ဒါပေမယ့် ပွဲအပြီးမှာတော့ အယ်လ်နာဆာအသင်းဟာ ရှာဘတ်အယ်လ်အာလီအသင်းကို အနိုင်ရခဲ့တာကြောင့် ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံနေခဲ့တာပါ။
ရော်နယ်ဒိုဟာ ကစားသမားဘဝ ပထမဆုံးအကြိမ် အာရှချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာ လည်း ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် ကလပ်တွေဖြစ်တဲ့ အယ်လ်အီတီဟတ်၊ အယ်လ်ဟီလယ်အသင်းတို့နဲ့ အာရှချန်ပီယံလိဂ်အုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ရာသီအစမှာ အာရပ်ကလပ် ချန်ပီယံများဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပေမယ့် ဆော်ဒီပရိုလိဂ်ပွဲဦးထွက် ၂ ပွဲစလုံး ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ရလဒ်တွေဆိုးနေခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ သြဂုတ် ၂၅ ရက်မှာ ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်ဖာတက်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။
Source: Goal

- By cni
- Category: အားကစား
- Hits: 447
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂
စပိန်ဝါရင့်နောက်ခံလူဟောင်း ရာမို့စ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ တူရကီကလပ် ဘက်ဆီးတပ်စ် အသင်း ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ Foot Mercato ဂျာနယ်လစ် ဆန်တီအူနာရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ (၂)နှစ်သက်တမ်းရှိစာချုပ်ကုန်ဆုံးပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။ ရာမို့စ်ကို ခေါ်ယူဖို့ တူရကီထိပ်တန်းကလပ် ဂါလာတာစာရေးအသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် ဒီပြိုင်ဆိုင်မှုမှာ ဘက်ဆီးတပ်စ်အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမားဟာ အပြောင်းအရွှေ့အပြီးမသတ်ခင် တူရကီကလပ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတာပါ။
ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုကို အကောင်အထည်မဖော်နိုင်တာကြောင့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။ ရီးရယ်လ်ကစားသမားဟောင်းဟာ စပိန်ကလပ်တွေထံ ပြန်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို ဆော်ဒီကလပ်တွေရဲ့ ချိတ်ဆက်မှုတွေလည်း ခံခဲ့ရတာဖြစ်ပါတယ်။
ဘက်ဆီးတပ်စ်အသင်းဟာ မကြာသေးခင်ကမှ လီဗာပူးလ်အသင်းကစားသမားဟောင်း ချိန်ဘာလိန်ကို ခေါ်ယူ ထားပြီး ရာမို့စ်ကိုပါ ထပ်မံခေါ်ယူကာ အသင်းလူစာရင်းအင်အားကို တောင့်တင်းအောင် လုပ်ဆောင်နေတာပါ။ ဘက်ဆီးတပ်စ်အသင်းဟာ သြဂုတ် ၂၄ ရက်မှာ ယူရိုပါကွန်းဖရန့်စ်လိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ဂန္ထဝင်တိုက်စစ်မှူးကြီး အွန်နရီကို ပြင်သစ်ယူ-၂၁ နည်းပြသစ်အဖြစ် ၂ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းကို ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အွန်နရီဟာ ရီပိုလီရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ပြင်သစ် ယူ-၂၁ နည်းပြသစ်အဖြစ် တာဝန်ယူရမှာပါ။ အသက် ၄၆ နှစ်အရွယ်ရှိ အွန်နရီဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြအဖြစ် နှစ်ကြိမ် တာဝန်ယူခဲ့သလို မိုနာကိုနဲ့ မွန်ထရီရယ်အင်ပတ်အသင်းတွေကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
အွန်နရီဟာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ယူ-၂၃ အသင်း ကို ဦးဆောင်ရမှာဖြစ်သလို ၂၀၂၅ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲအောင်မြင်အောင် ယူ-၂၁ အသင်းကို ကိုင်တွယ်ရမှာပါ။ အော်ဇေးယူ-၁၉ နဲ့ အန်းဂါးစ်နည်းပြဟောင်း ဘာတီကလီဟာ လက်ထောက် နည်းပြအဖြစ် အွန်နရီရဲ့ နည်းပြအဖွဲ့ဝင်ထဲမှာ ပါဝင်ရမှာဖြစ်ပါတယ်။
အွန်နရီဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၂၃ ပွဲပါဝင်ကစားခဲ့ပြီး ၅၁ ဂိုးသွင်းယူကာ ယူရို ၂၀၀၀ ပြိုင်ပွဲ မှာလည်း နိုင်ငံအသင်းနဲ့အတူ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ အာဆင်နယ်ကစားသမားဟောင်းဟာ ၂၀၂၁ ခုနှစ်၊ မေလက ရောဘတ်တိုမာတီနက်ဇ်ရဲ့ လက်အောက်မှာဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လက်ထောက် နည်းပြ အဖြစ် ဒုတိယအကြိမ်တာဝန်ယူပြီးနောက် နည်းပြသစ် တီဒတ်စ်ကိုလက်ထက်မှာတော့ ကမ်းလှမ်းခြင်း မခံရလို့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
အွန်နရီဟာ ပြင်သစ်ယူ-၂၁ အသင်းကို စက်တင်ဘာ ၇ ရက် ဒိန်းမတ်နဲ့ ခြေစမ်းပွဲ၊ စက်တင်ဘာ ၁၁ ရက် ဆလိုဗေးနီးယားနဲ့ ဥရောပယူ-၂၁ ခြေစစ်ပွဲတွေမှာ စတင်ကိုင်တွယ်ရတော့မှာဖြစ်ပြီး သြဂုတ် ၃၁ ရက်မှာ သူ့ရဲ့ ပထမဆုံးလူစာရင်းကို ထုတ်ပြန်ဖွယ်ရှိနေတာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 519
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂
ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အသင်းအများအပြားက မန်ချက်စတာကလပ်ထံ ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
၅ လကြာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ဂရင်းဝုဒ်ဟာ ပြင်းထန်တဲ့ ပြစ်မှုကျူးလွန်ထားခြင်းမရှိဘူးလို့ ယူနိုက်တက်အသင်းဘက်က တွေ့ရှိခဲ့ပေမယ့် ကစားသမားဘဝကို တခြားအသင်းမှာ ဆက်သွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက်ချခဲ့တာပါ။ အဲဒါကြောင့် ယူနိုက်တက်အတွက် ကစားမှာမဟုတ်တော့တဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့အတွက် အသင်းအများအပြားက ဆက်သွယ်မှုတွေ ပြုလုပ် ခဲ့ကြတာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ အင်္ဂလန်ကလပ်တွေထံ ပြောင်းရွှေ့ဖွယ်မရှိဘဲ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တူရကီ၊ အီတလီနဲ့ အခြားနိုင်ငံက ကလပ်အသင်းတွေထံ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အသင်းနည်းပြဟောင်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းလည်း ပါဝင် နေတာဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းကနေ အငှား ဒါမှမဟုတ် အပြီးသတ်ထွက်ခွာမှာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၇၅,၀၀၀ နဲ့ ၂၀၂၅ ခုနှစ်နွေရာသီအထိရှိတဲ့ စာချုပ်ကို ဖျက်သိမ်းသွားမှာပါ။ ယူနိုက်တက်အသင်းဟာ အစောပိုင်းက ဂရင်းဝုဒ်ကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းဖို့ စီစဉ်ထားပေမယ့် ကန့်ကွက်မှုတွေကြောင့် အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်ကလည်း ဒီဆုံးဖြတ်ချက်ဟာ ယူနိုက်တက်၊သူ့မိသားစုနဲ့ သူကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း စဉ်ဖြစ်ပြီး အသင်းကနေ ထွက်ခွာတာဟာ သူ့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောထားတာပါ။ အသက် ၂၁ နှစ်အရွယ်ရှိကစားသမားဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပေမယ့် အသင်းဟာ သူ့ရဲ့ ဘဝ အစိတ်အပိုင်းထဲမှာ အမြဲတမ်းရှိနေမှာဖြစ်ပြီး အသင်းကို ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသား ထားခဲ့ပါတယ်။
၂၀၁၈-၁၉ ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဂရင်းဝုဒ်ဟာ အသင်း အတွက် ၁၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Source:DailyMail
- By Webmaster 3
- Category: အားကစား
- Hits: 478
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂
အာဆင်နယ်အသင်းနည်းပြ အာတီတာက ပဲလေ့စ်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အာတီတာက “ပဲလေ့စ်အိမ်ကွင်းမှာ ကစားရတာ ခက်ခဲပေမယ့် ကျနော်တို့ ပွဲကို ကြီးစိုးထားနိုင်သလို လုံလောက်တဲ့ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ အလွန်ကြီးမားတဲ့ အခွင့်အရေး ၂ ခု ကိုတော့ လွဲချော်သွားခဲ့ပါတယ်။ ကျနော်တို့ဟာ ပင်နယ်တီကနေ ဂိုးသွင်းပြီးတော့ လူ ၁၀ ဦးနဲ့ နာရီဝက်လောက် ကစားခဲ့ရပါတယ်။ ဒီ အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ပြီး ကစားသမားတွေက အလွန် ကောင်းပါတယ်။ ဒီပွဲက ကစာသမားတွေရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်ပြီး ကျနော်အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။
ပဲလေ့စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် တစ်လုံးထဲသောဂိုးကို အသင်း ခေါင်းဆောင် အိုဒီဂတ်က ပွဲချိန် ၅၃ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ၆၇ မိနစ်မှာ နောက်ခံလူ တိုမီယာဆု နှစ်ဝါ၊တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် အာဆင်နယ်အသင်းဟာ ပွဲပြီးဆုံးတဲ့အချိန်အထိ အနိုင်ရလဒ်ကို ထိန်းသွားခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်းနောက်ခံလူ တိုမီယာဆုဟာ လက်ပစ်ဘောမြှောက်ဖို့ အချိန်ဆွဲခဲ့တယ်ဆိုပြီး အဝါကတ် ပြသခံခဲ့ရတဲ့အပေါ် နည်းပြ အာတီတာက စိတ်ပျက်နေခဲ့တာပါ။ ဂျပန်နောက်ခံလူဟာ ဒုတိယအဝါကတ်ကိုတော့ ပဲလေ့စ်အသင်းတိုက်စစ်မှူး ဂျော်ဒန်အာယူးကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ပြသခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အာတီတာက “ဘယ်လောက်ကြာသွားလဲဆိုတာ အတိအကျတော့ ကျနော်မသိပေမယ့် ၂၃ စက္ကန့်တော့ မဟုတ် ပါဘူး။ ၈ စက္ကန့်လို့ပဲ ကျနော်ထင်တာပါ။ ကျနော်တို့ အချိန်မှတ်ထားတဲ့ နာရီနဲ့ ကစားရကောင်း ကစား ရပါမယ်။ ဒါပေမယ့် ကျနော်တို့ အနိုင်ရခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရရှိထားပြီး အခုအပတ်မှာ ပွဲစဉ် ၃ အဖြစ် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNi
- Category: အားကစား
- Hits: 515
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁
ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ သြဂုတ် ၂၀ ရက်က ဘောလုံးပရိသတ်တွေ သယ်ဆောင်လာတဲ့ ဘတ်စ်ကား ကို ယာဉ်မောင်းက ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိလို့ အနည်းဆုံးလူ ၇ ဦး သေဆုံးပြီး ၂၇ ဦး ဆေးရုံတင်ထားရတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
Minas Gerais ပြည်နယ်ရှိ Belo Horizonte အနီး အဝေးပြေးလမ်းမပေါ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
G1 သတင်းဝက်ဘ်ဆိုက်က ခရီးသည်တွေကို တွေ့ဆုံမေးမြန်းခဲ့တာမှာ ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းချုပ်နိုင်ခြင်းမရှိခင် ဘရိတ်မမိတော့ဘူးလို့ အော်ဟစ်ခဲ့ကြောင်း ပြောထားပါတယ်။
ဘရာဇီးလ်မှာ ဘတ်စ်ကား တစ်စီး တိမ်းမှောက်နေစဉ်
ဆာအိုပေါ်လိုရဲ့ ကိုရင်သီယန် ဘောလုံးအသင်းက ပရိသတ် ၄၀ ကျော်ဟာ ဒီဘတ်စ်ကားပေါ်မှာ လိုက်ပါလာ ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
Minas Gerais မီးသတ်တပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးက သေဆုံးခဲ့တဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပေမယ့် ဆေးရုံတင်ထားရတဲ့ သူတွေ ဘယ်လိုအခြေအနေမှာ ရှိနေတယ်ဆိုတာတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
ဘရာဇီးလ်နိုင်ငံ အမျိုးသားကုန်းလမ်း ပို့ဆောင်ရေးအေဂျင်စီ(ANTT)က ဒီဘတ်စ်ကားဟာ မှတ်ပုံတင်ထားခြင်း မရှိတဲ့အတွက် ပြည်နယ်တွေကြားမှာ ခရီးသည်တွေကို ပို့ဆောင်ဖို့အတွက် ခွင့်ပြုချက်မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ ကလပ်အသင်းတွေအပြင် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေထံ ဝမ်းနည်းကြောင်း ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 436
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁
ယူနိုက်တက်အသင်းဟာ အင်္ဂလန်ဂိုးသမား ဒိန်းဟန်ဒါဆန် အသင်းကနေ ထွက်ခွာဖွယ်ရှိတာကြောင့် ဘင်ဖီကာ အသင်း ဂိုးသမား ဗလာဟိုဒီမို့စ်ကို အိုနာနာရဲ့ နံပါတ် ၂ အဖြစ် ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒိန်းဟန်ဒါဆန်ဟာ ပဲလေ့စ် ဒါမှမဟုတ် နော်တင်ဟမ်ဖောရက်စ် အသင်းထံ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့အတွက် ယူနိုက်တက်အသင်းဟာ ဗလာဟိုဒီမို့စ်ကို အစားထိုးဖို့ လုပ်ဆောင်နေတာလို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။
ဒိန်းဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး လက်စွမ်း ပြသနိုင်ခဲ့တာကြောင့် အဲဒီကလပ်က အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒိန်းဟန်ဒါဆန်ကို တွေ့ရစဉ်
ဒါ့အပြင် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ပဲလေ့စ်အသင်းကလည်း ဒိန်းဟန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင် စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဒိန်းဟန်ဒါဆန်ကို လက်လွှတ်ဖို့ ရှိနေတာကြောင့် အသင်းဘက်က ဂိုးသမားသစ် ရှာဖွေ နေတာဖြစ်ပြီး ဘင်ဖီကာဂိုးသမား ဗလာဟိုဒီမို့စ်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။
ဂရိဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၄ ပွဲ ဂိုးမပေးရ အောင် လက်စွမ်းပြသနိုင်ခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဂိုးသမားဟာ ဘင်ဖီကာအသင်းကို ၂၀၁၈ ခုနှစ်က ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၂၂၄ ပွဲ ပါဝင်ကစားထားနိုင်ခဲ့ကာ ပေါ်တူဂီအမှတ်ပေးလိဂ် ၂ ကြိမ်နဲ့ ပေါ်တူဂီဖလား ၁ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲကစားပြီးအချိန်မှာ ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ထားပြီး ပွဲစဉ် ၃ အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal

- By cni
- Category: အားကစား
- Hits: 604
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအတွက် ရှင်းပြဖို့ ခက်ခဲတယ်လို့ ပွဲ အပြီးမှာ ဝန်ခံလိုက်ပါတယ်။
ပိုချက်တီနိုက “ဒီပွဲမှာ ကျနော်တို့ဟာ ကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်းမရှိတဲ့အရာတွေကြောင့် ဂိုးတွေပေးခဲ့ရပါ တယ်။ အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပြီး ပထမပိုင်းမှာထဲက ကျနော်တို့ ဒီပွဲကို အနိုင်ရခဲ့သင့်တာပါ။ ကျနော် တို့ဟာ ဒုတိယပိုင်းမှာတော့ ရှင်းလင်းတဲ့အခွင့်အရေးတွေကို ဖန်တီးဖို့အတွက် နေရာလွတ်တွေရှာဖွေနိုင်ဖို့ ခက်ခဲ ခဲ့ပါတယ်။ ဒီရှုံးပွဲအတွက် ကျနော်ရှင်းပြရတာ ခက်ခဲပါတယ်။ အခွင့်အရေးတွေလည်းဖန်တီးပြီး ပိုကောင်းတဲ့ အသင်းဖြစ်ပေမယ့် အဆုံးမှာတော့ ရှုံးနိမ့်သွားခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်း အတွက်ဂိုးတွေကို အေဂါတ့်၊အန်တိုနီယိုနဲ့ ပါကွီတာတို့က သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကို ချူကွီမီကာက သွင်းယူခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ၁ ဂိုးစီသရေကျနေချိန် ဦးဆောင်ဂိုးရနိုင်မယ့် ပင်နယ်တီ ရခဲ့ပေမယ့် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ကန်သွင်းချက်ကို ဝက်စ်ဟမ်းအသင်းဂိုးသမား ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ မိနစ် ၃၀ နီးပါးတစ်ဦးအသာနဲ့ ကစားခဲ့ရပြီး ချေပဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဝက်စ်ဟမ်းအသင်းဘက်ကို ပင်နယ်တီခွင့်ပြုခဲ့ရပြီး ဂိုးပြတ် အရေးနိမ့်သွားခဲ့တာပါ။
ပိုချက်တီနိုက “ပင်နယ်တီမဝင်ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်။ ကစားပုံကောင်းခဲ့ပေမယ့် ဒီအတွက်ထိုက်တန်တဲ့ ဆုကိုတော့ မရခဲ့ပါဘူး။ ဒီရလဒ်ကို စိတ်ပျက်မိပေမယ့် ဒါက အစပဲရှိပါသေးတယ်။ ကျနော်တို့ဟာ ပြောင်းလဲမှု ဖြစ်စဉ်တွေကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ပိုအားကောင်းလာပြီး ပြိုင်ဆိုင်နိုင်မယ်လို့ ထင် ကြောင်း” ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားအပြီးမှာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ရမှတ် ၁ မှတ်သာရရှိထားပြီး အခု လာမယ့်အပတ်မှာ ပွဲစဉ် ၃ အဖြစ် လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 500
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁
အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းအတွက် အဖိုးတန် အနိုင် ဂိုး သွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် ကာမိုနာဟာ ပွဲအပြီးမှာ ဖခင်ဖြစ်သူ ကွယ်လွန်တာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။
ကာမိုနာရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေဟာ သူမ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို အာရုံစိုက်နိုင်စေဖို့အတွက် သူမကို မပြောပြဖို့ ဆုံးဖြတ်ခဲ့တာလို့ စပိန်မီဒီယာ Relevo က ဖော်ပြထားတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ကာမိုနာရဲ့ ဖခင်ဟာ ကာလကြာရှည် နာမကျန်း ဖြစ်နေတာဖြစ်ပြီး သြဂုတ် ၁၈ ရက်က ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ ကာမိုနာရဲ့ မိခင်နဲ့ ညီအစ်ကိုတွေဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲစဉ်တွေမှာ သူမကို အားပေးဖို့ နယူးဇီလန်ကို လိုက်ပါခဲ့ပေမယ့် စပိန်ကိုအလျင်အမြန် ပြန်ခဲ့ရတာပါ။
ကာမိုနာနဲ့ အတူ ဆွေမျိုးတစ်ဦး အောင်ပွဲခံနေစဉ်
ဒါပေမယ့် သူတို့တွေဟာ ကာမိုနာကို အပြည့်အဝ အားပေးဖို့အတွက် ဗိုလ်လုပွဲကစားမယ့် သြစတြေးလျကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကာမိုနာဟာ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဘက်ကို စပိန်အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုး သွင်းယူခဲ့ပြီး နိုင်ငံအသင်းကို ပထမဆုံး အမျိုးသမီးကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့တာပါ။
စပိန်ဘောလုံးအဖွဲ့ချုပ်က “ကာမိုနာရဲ့ဖခင် ကွယ်လွန်တာကို ကြေညာခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းမိပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အပြီးမှာ ကစားသမားဟာ စိတ်မကောင်းစရာသတင်းကို ကြားသိခဲ့ရပါတယ်။ ကာမိုနာက စပိန်ဘောလုံးရဲ့ သမိုင်းကြောင်းပါပဲ”လို့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကာမိုနာကတော့ “ထူးခြားတဲ့အရာကို အောင်မြင်နိုင်ဖို့အတွက် အဖေက ခွန်အားတွေပေးနေတယ်ဆိုတာကို သိပါတယ်။ အဖေ ကျမကို ကြည့်ပြီး ဂုဏ်ယူနေမယ်ဆိုတာကို သိပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ အဖေ”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
ရီးရယ်လ်နောက်ခံလူ ကာမိုနာဟာ စပိန်လက်ရွေးစင် အသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူ ထားပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 504
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉
ချယ်လ်ဆီးအသင်းကနေ အင်တာမီလန်အသင်းထံ ပြန်ပြောင်းခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တဲ့ တိုက်စစ် မှူး လူကာကူကို စိတ်ပျက်မိတယ်လို့ နည်းပြအင်ဇာဂီက ပြောလိုက်ပါတယ်။
အင်ဇာဂီက “ ပြီးခဲ့တဲ့ရာသီက သူကျနော်တို့ကို ပေးခဲ့တဲ့ အရာတွေအတွက် လူကာကူကို ကျေးဇူးတင်ပါတယ်။ ကျနော်က သူ့ကို ဒီမှာဆက်ရှိစေချင်ပေမယ့် သူကတော့ ခြားနားတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။ အင်တာမီလန် မိသားစုက သူ့ကို နွေးထွေးစွာ ကြိုဆိုတဲ့အတွက် အဆုံးသတ်သွားတဲ့အရာက စိတ်ပျက်စရာပါပဲ”လို့ သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချယ်လ်ဆီးအသင်းကနေ အင်တာမီလန်အသင်းထံ အငှားနဲ့ ပြန်လာ ကစားခဲ့ပြီး ရာသီကုန်ချိန်မှာ အီတလီကလပ်ထံ အပြီးသတ် ပြောင်းရွှေ့ဖို့ နှစ်ဖက်စလုံးက အလိုရှိခဲ့ကြပါတယ်။
ဒါပေမယ့် အင်တာမီလန်အသင်းရဲ့ ကမ်းလှမ်းမှုတွေကို ချယ်လ်ဆီးအသင်းက ပယ်ချခဲ့ပြီးနောက် လူကာကူဟာ စီးရီးအေပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပါ ရရှိခဲ့တာပါ။
လူကာကူကိုတွေ့ရစဉ်
အဲ့ဒါကြောင့် အင်တာမီလန်အသင်းဟာ လူကာကူကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့သလို ဂျူဗင်တပ်စ်အသင်း ပရိသတ် တွေကလည်း ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို အလိုမရှိဘူးလို့ ရာသီကြိုခြေစမ်းပွဲတွေမှာ အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။
လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ လူကာကူတို့ရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ဖို့ နီးစပ်နေတာကြောင့် ကစားသမားဟာ ချယ်လ်ဆီးအသင်းမှာ သီးသန့်လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ လူကာကူကို သူ့အစီအစဉ်ထဲမှာ ထည့်သွင်း မထားတဲ့အတွက် လန်ဒန် ကလပ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လူကာကူကလည်း ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချင်နေတာကြောင့် အပြောင်းအရွှေ့ မပိတ်ခင် အသင်း ပြောင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
Source: Metro