
- By CNI
- Category: အားကစား
- Hits: 627
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၀
အီတလီအသင်းဟာ ထွက်ခွာသွားခဲ့တဲ့ နည်းပြဟောင်း မန်ချီနီရဲ့နေရာမှာ စပယ်လက်တီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
အသက် ၆၄ နှစ်အရွယ်ရှိ စပယ်လက်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နာပိုလီအသင်းကို နှစ်ပေါင်း ၃၃ နှစ်ကြာ ဝေးကွာခဲ့တဲ့ စီးရီးအေဖလားကို ရယူပေးနိုင်ခဲ့ပြီး ထိပ်တန်းကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ ရိုးမားနဲ့ ဇင်းနစ် အသင်းတွေကို ကိုင်တွယ်ခဲ့တာပါ။
စပယ်လက်တီဟာ ပြီးခဲ့တဲ့ရာသီအကုန်က နာပိုလီအသင်းကနေ ထွက်ခွာခဲ့ပေမယ့် ဘောလုံးလောကထဲကို အမြန်ဆုံး ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
စပယ်လက်တီဟာ စက်တင်ဘာ ၁ ရက်က စတင်ကာ လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူမယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်က ပြောထားတာပါ။
စပယ်လက်တီကို တွေ့ရစဉ်
အီတလီလူမျိုးနည်းပြဟာ လက်ရွေးစင်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက “နိုင်ငံအသင်းမှာ ကြီးကျယ်တဲ့ နည်းပြတစ်ဦး လိုအပ်နေပြီး သူ လက်ခံခဲ့တဲ့အတွက် ကျနော် အလွန်ဝမ်းသာပါတယ်။ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ကျွမ်းကျင်မှုတွေက လာမယ့် လတွေမှာ အီတလီကို စောင့်မျှော်နေတဲ့ စိန်ခေါ်မှုတွေအတွက် အခြေခံဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
စပယ်လက်တီဟာ စက်တင်ဘာလထဲမှာ ယှဉ်ပြိုင်မယ့် မြောက်မက်ဆီဒိုးနီးယား၊ ယူကရိန်းတို့နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ အီတလီအသင်းကို ပွဲဦးထွက်အဖြစ် ကိုင်တွယ်ရမှာပါ။
အီတလီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စု C ရဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အင်္ဂလန်အသင်း ထက် တစ်ပွဲလျော့ ကစားထားကာ ရမှတ် ၉ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: CNA

- By cni
- Category: အားကစား
- Hits: 482
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉
ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါကွီတာဟာ လောင်းကစား စည်းမျဉ်းချိုးဖောက်မှုကြောင့် FA ရဲ့ စုံစမ်းစစ်ဆေး မှုတွေ ခံနေရပါတယ်။
အခုနွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းရဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ပါကွီတာအနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားမယ့် အသင်းလူစာရင်းမှာ သူ့ကို ချန်လှပ် ခဲ့ပါတယ်။
ပါကွီတာကတော့ သူကိုယ်တိုင် လောင်းကြေး မထပ်ခဲ့တဲ့အတွက် ဒီသတင်းတွေအပေါ် တုန်လှုပ်မိတယ်လို့ ပြောခဲ့ တာကို Sky Sports က ဖော်ပြခဲ့ပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ ပါကွီတာ အဝါကတ် ထိမယ်ဆိုတဲ့ လောင်းကြေးတွေ အများကြီး ထိုးခဲ့ကြတယ်လို့ သိရပြီး အခု စုံစမ်းစစ်ဆေးမှုမှာ ဖီဖာလည်း ပါဝင်တယ်လို့ ယူဆရပါတယ်။
ပါကွီတာကို တွေ့ရစဉ်
ဘရာဇီးလ် လက်ရွေးစင်အသင်း ယာယီနည်းပြ ဒီနဇ်ကတော့ ပါကွီတာဟာ သူကြိုက်နှစ်သက်တဲ့ ကစားသမား ဖြစ်ပေမယ့် သူ့အတွက် ပြဿနာတွေဖြေရှင်းဖို့ အချိန်လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့်လမှာ ပီရူး ၊ဘိုလီးဗီးယားတို့နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားဖို့ ရှိနေပါတယ်။
ဘီဘီစီအားကစားပိုင်းက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ FA နဲ့ ဝက်စ်ဟမ်းအသင်းထံ ချဉ်းကပ်ခဲ့ တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဘရာဇီးလ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ လိုင်ယွန်အသင်းကနေ ပေါင် ၃၆.၅ သန်းနဲ့ ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ် ရရှိအောင် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မန်စီးတီးအသင်းက ခေါ်ယူဖို့အတွက် ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ မေလက ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ FA ရဲ့ လောင်းကစား စည်းမျဉ်းချိုးဖောက်မှု ကြောင့် ၈ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 526
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈
ဝက်စ်ဟမ်းအသင်းဟာ အခုအပတ်ထဲမှာ အသင်းနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ လင်ဂတ်ကို ကာလတို စာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။
ယူနိုက်တက် ကစားသမားဟောင်းဟာ မေဂျာလိဂ်ကလပ် အသင်းတွေနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဝက်စ်ဟမ်း အသင်းက သူ့ကို ကာလတို စာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
လင်ဂတ်ဟာ သူ့ရဲ့ကြံ့ခိုင်မှုကို နည်းပြဒေးဗစ်မိုယက်စ်ကို ပြသနိုင်ဖို ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြ ထားတာပါ။
ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့တုန်းက လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းကို ငြင်းပယ်ပြီး လုပ်ခလစာ အများကြီးရတဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ်အသင်းမှာ ပွဲပေါင်း ၂၀ သာ ပါဝင်ကစားခဲ့ရပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ရာသီအကုန်မှာတော့ အသင်းကနေ ထွက်ခွာခဲ့ရတာပါ။
လင်ဂတ်ကို တွေ့ရစဉ်
ယူနိုက်တက် ကစားသမားဟောင်းဟာ သူ့ရဲ့ကစားသမားဘဝ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့အတွက် ဝက်စ်ဟမ်းအသင်းမှာ ပြန်လည်ကစားချင်နေပါတယ်။
လင်ဂတ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ လာရောက် ကစားခဲ့ဖူးပြီး ၁၆ ပွဲကစားကာ ၉ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ဒီနောက် လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့ချိန်က ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုကိုလည်း ရရှိခဲ့ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန် ကြိုးစားနေတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 547
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈
အာဆင်နယ်၊ အဲဗာတန်နဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း ဝဲလ်ကော့ဟာ အသက် ၃၄ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။
ဝဲလ်ကော့က “ကျနော် ကစားသမားဘဝကနေ တရားဝင် အနားယူတော့မှာပါ။ ဒါဟာ ကြောက်ဖို့ကောင်းတယ် ဆိုတာ လိမ်ညာနေမှာ မဟုတ်ပါဘူး။ ကျနော်ဟာ အသက် ၁၆ နှစ် ဒါမှမဟုတ် ငယ်ငယ်လေးကတည်းက ဘောလုံးကို သိခဲ့တဲ့အတွက် ဒါက ကြောက်ဖို့ ကောင်းပါတယ်။ ကျနော်ဟာ မကြုံတွေ့ဖူးသေးတဲ့ အရာအသစ် တွေကို စမ်းကြည့်ချင်ပါသေးတယ်။ ကျနော်ဟာ ဘောလုံးနဲ့ပဲ နေရတာများတဲ့အတွက် ဘဝကို တွေ့ကြုံခံစားချင် တယ်”လို့ ပြောပါတယ်။
ဝဲလ်ကော့ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ၂၃ နှစ်ကြာ ကစား သမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဝဲလ်ကော့ဟာ ကလပ်အသင်းတွေအတွက် ပွဲပေါင်း ၅၆၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂၉ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဝဲလ်ကော့ကို တွေ့ရစဉ်
အာဆင်နယ် ကစားသမားဟောင်းဟာ လန်ဒန်ကလပ်နဲ့အတူ FA ဖလားနဲ့ ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို ၂ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝဲလ်ကော့ဟာ အသက် ၁၇ နှစ်အရွယ်မှာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ်ခံခဲ့ရတာပါ။
ဝဲလ်ကော့ဟာ အင်္ဂလန်အသင်းအတွက် ၂၀၁၆ ခုနှစ်အထိ ၄၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဝဲလ်ကော့အနေနဲ့ အာဆင်နယ် အသင်းဖော်ဟောင်း ဝီလ်ရှိုင်းယားလို နည်းပြလောကထဲကို ဝင်ရောက်မလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အသက် ၃၄ နှစ်အရွယ်ရှိ ကစားသမားဟောင်းအနေနဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ဖို့အတွက် ရွေးချယ်ခွင့်လည်း ရှိနေပါတယ်။
ဘောလုံးသမားဟောင်း အများအပြားဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ဘောလုံးပွဲဝေဖန် သုံးသပ်သူအဖြစ် ဆောင်ရွက်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: BBC

- By cni
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဂီယာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂျာမနီ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာကစားပြီး စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့တဲ့ ဒီဂီယာကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက ချဉ်းကပ်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း အပြောင်းအရွှေ့အတွက်ဆွေးနွေးခဲ့တယ်လို့ သတင်း တွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဂီယာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Sky Sports ဂျာမနီက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်း ဒုတိယဂိုးသမား အော်တီဂါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာကလပ်က လက်မလွှတ်ချင်တာကြောင့် မအောင်မြင် ခဲ့ပါဘူး။
ဂျာမန်ကလပ်ရဲ့ နံပတ်တစ်ဂိုးသမား နူအာဟာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံမရရှိသေးတာကြောင့် ဂိုးသမား ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ဈေးကွက်ထဲမှာ ရှာဖွေမှုပြုလုပ်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ မက္ကာဘီတဲလ်အဗစ်ဂိုးသမား ပီရတ်ဇ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။
ဒီဂီယာကတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ယူနိုက်တက် အသင်းဟာ သူ့ကို စာချုပ်သစ်မချုပ်ဆိုခဲ့ဘဲ အင်တာမီလန်အသင်းဂိုးသမား အိုနာနာကို ပေါင် ၄၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ စပိန်ဂိုးသမားဟောင်းဟာ ပုံမှန်ကစားခွင့်ရမယ့် အသင်းကိုရှာဖွေနေပြီး အသင်းငယ်တစ်သင်းမှာ သွားရောက်ကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒီဂီယာဟာ လက်ရှိအချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကစားသမားဖြစ်တာကြောင့် နွေရာသီ အပြောင်းအရွှေ့ပိတ်ပြီးရင်တောင် ကလပ်အသင်းတွေထံ ပြောင်းရွှေ့လို့ရတာဖြစ်ပါတယ်။
Source:Goal

- By cni
- Category: အားကစား
- Hits: 412
CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈
လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး အင်တာမိုင်ယာမီအတွက် ပထမဆုံးဆုဖလား ယူဆောင်လာနိုင်ခဲ့မယ်ဆိုရင် ဒါဟာ မယုံနိုင်စရာနဲ့ လှပတဲ့အရာ ဖြစ်လိမ့်မယ်လို့ မက်ဆီက ပြောလိုက်ပါတယ်။
မက်ဆီက “လိဂ်ဖလားကို ရယူနိုင်ခဲ့ရင် ကျနော့်အတွက်ရော၊ ပရိသတ်တွေအတွက်ရော၊ ကလပ်အတွက် ဒါဟာ မယုံနိုင်စရာဖြစ်မှာပါ။ ကလပ်အသင်းဟာ ပိုပြီးကြီးထွားလာအောင် ကြိုးစားနေပြီး ဒီအတွက်လည်း သူတို့ဟာ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ ဆုဖလားရယူနိုင်မယ့် အသင်းအဖြစ် တည်ဆောက်နိုင်အောင် ကြီးမားတဲ့ ပြုပြင်မှုတွေ ပြုလုပ်နေပြီး အထင်ကြီးစရာ ကောင်းလာပါလိမ့်မယ်။ ဒီကလပ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကမှ တည်ထောင်ခဲ့တဲ့အတွက် အလွန်ငယ်တဲ့ ကလပ်အသင်းပါ။ ပထမဆုံးဆုဖလားကို ရယူတာက လူတိုင်းအတွက် လှပပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်ရဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည် နေပြီး မက်ဆီ မရောက်လာခင်အချိန်ထိ နိုင်ပွဲတွေနဲ့ ဝေးနေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကို တွေ့ရစဉ်
ဒါပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် ရောက်လာပြီးအချိန်မှာ မေဂျာလိဂ်ကလပ်ဟာ လိဂ်ဖလားပြိုင် ပွဲမှာ ၆ ပွဲဆက်တိုက် အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
မက်ဆီကလည်း ဒီပွဲတွေမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့အတွက် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သလို ချန်ပီယံဖြစ်ခဲ့ရင် လာမယ့်နှစ် လိဂ်ဖလားပြိုင်ပွဲမှာ ၁၆ သင်း အဆင့်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမှာပါ။
မက်ဆီက “ကျနော်ဟာ အောင်မြင်မှုတွေ ရယူလိုတဲ့ ဆန္ဒနဲ့ဒီကို ရောက်ရှိလာခဲ့တာပါ။ အခုယှဉ်ပြိုင်ရမယ့် ဗိုလ်လု ပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ ဒီပွဲယှဉ်ပြိုင်နိုင်ဖို့နဲ့ ဆုဖလား ဆွတ်ခူးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ”လို့ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်တို့ရဲ့ လိဂ်ဖလားဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက် နက်ရှ်ဗေးလ်အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA

- By cni
- Category: အားကစား
- Hits: 486
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၇
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဒေကိုဟာ အသင်းထံ ပြန်လာပြီး အားကစားဒါရိုက်တာ အသစ်အဖြစ် ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပေါ်တူဂီလက်ရွေးစင် ကစားသမားဟောင်းကို အားကစားဒါရိုက်တာ အသစ်အဖြစ် ၃ နှစ် စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တာပါ။
အသက် ၄၅ နှစ်အရွယ်ရှိ ဒေကိုဟာ ၂၀၀၄ ခုနှစ်က ပေါ်တိုအသင်းကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၄ ရာသီကြာ ကစားခဲ့ကာ လာလီဂါဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ လက်ရှိ အားကစားဒါရိုက်တာ အလီမန်နီဟာ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် စက်တင်ဘာ ၁ ရက်မှာ အသင်းကနေ ထွက်ခွာမှာပါ။
အားကစားဒါရိုက်တာအသစ် ဒေကိုဟာ နည်းပြ ဇာဗီ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ နီးကပ်စွာ အလုပ်လုပ်မယ်လို့ ဘာစီလိုနာအသင်းက ပြောထားပါတယ်။
ဘာစီလိုနာမှာ ဒေကို ကစားခဲ့စဉ်
စပိန်ကလပ်ဟာ သူတို့ရဲ့ အနောက်ကွယ်မှာရှိတဲ့ အရာတွေကို ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေပြီး အသေးစိတ် အချက် အလက်တွေကို လာမယ့် ရက်သတ္တပတ်အတွင်းမှာ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
အားကစားဒါရိုက်တာဟောင်း ဂျော်ဒီခရိုက်ဖ်ကလည်း ပြီးခဲ့တဲ့မေလက အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။
ဒေကိုဟာ ဘာစီလိုနာအသင်းမှာ ကစားပြီးနောက် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကာ ၂ ရာသီကြာ ကစားခဲ့ ပါတယ်။
ပေါ်တူဂီကစားသမားဟာ ကစားသမားဘဝကို ဘရာဇီးလ်ကလပ် ဖလူမီနက်စ်အသင်းမှာ အဆုံးသတ်ခဲ့ပြီး အခုအချိန်မှာတော့ အားကစားဒါရိုက်တာအဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက လာလီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ရာသီသစ်ရဲ့ အဖွင့်ပွဲစဉ်မှာ ဂီတာဖေး အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာဖြစ်ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် ကာဒဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 430
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် နိုင်ငံအတွင်းမှာ ဘဏ်အားလပ်ရက်ထပ်ပြီးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဗြိတိန်အစိုးရက အတည်ပြုခဲ့ပါတယ်။
ဘီဘီစီကထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရက”အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့ အင်္ဂလန် အသင်းကို ဂုဏ်ပြုပါတယ်။ လက်ရှိမှာ ဘဏ်ပိတ်ရက်ပုံစံဟာ ကောင်းမွန်စွာတည်ရှိနေပြီး ဒါကို ပြောင်းလဲသွားဖို့ အစီအစဉ်မရှိပါဘူး။ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တာက နိုင်ငံအတွက် ကြီးမားတဲ့ အခိုက် အတန့်ဖြစ်ပြီး အမှား အယွင်းမရှိတဲ့ အောင်ပွဲခံတဲ့နည်းလမ်းမှန်တွေကို ရှာဖွေသွားမှာပါ” လို့ ဖော်ပြထားတာပါ။
အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အမျိုး သမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဗိုလ်လုပွဲမှာ အင်္ဂလန် အသင်းအနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံဂုဏ်ပြုနိုင်အောင် ဘဏ်အားလပ်ရက် ထပ်မံပေးဖို့ မျှော်လင့်ခဲ့ကြပေမယ့် အစိုးရက ပေးဖို့အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ရင် အဓိကဖလားတွေကို ဆက်တိုက်ရယူနိုင်မှာ ဖြစ်ပါတယ်။ အခြားဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲမှာ စပိန်အသင်းက ဆွီဒင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာပါ။
အဲဒါကြောင့် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့တဲ့ အင်္ဂလန်နဲ့ စပိန်အသင်းတို့ဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူနိုင်ဖို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို သြဂုတ် ၂၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး တတိယနေရာလုပွဲကိုတော့ သြဂုတ် ၁၉ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source:Goal
- By cni
- Category: အားကစား
- Hits: 627
CNI Sport News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၇
အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာက ဆော်ဒီပရိုလိဂ်ရဲ့ ပြောင်းလဲမှုတွေအတွက် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုကို အသိအမှတ်ပြုကြောင်း အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
နေမာက “ရော်နယ်ဒိုက ဒီအရာတွေအားလုံးကို စတင်ခဲ့တာလို့ ကျနော်ယုံကြည်ပါတယ်။ သူပြောင်းရွှေ့ခဲ့တုန်းက လူတိုင်းက သူ့ကို အရူးလို့ခေါ်ခဲ့ကြတာပါ။ အခုတော့ လူတိုင်းက ဒီကိုရောက်နေကြပြီး လိဂ်ကလည်း ပိုပိုပြီး ကြီး ထွားလာတာကို မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။
နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့တာကို အဆုံးသတ်ပြီး အယ်လ်ဟီလယ်အသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဘောလွန်းဒီအော ၅ ကြိမ်ရ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ဒီဇင်ဘာလက အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဆော်ဒီပရိုလိဂ်ဟာ ဥရောပကလပ်တွေရှိ ကစားသမားတွေနဲ့ နည်းပြတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ယူရိုသန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီလိဂ်ကိုတွေ့ရစဉ်
ဆော်ဒီလိဂ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘောလွန်းဒီအောဆုရှင် ဘန်ဇီမာ၊ ကန်တီ၊ မာရက်ဇ်၊ ဖာမီနို၊ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့ အပါအဝင် နာမည်ကြီး အများအပြားကို ခေါ်ယူထားတာပါ။
နေမာကတော့ အခြားအသင်းတွေမှာရှိတဲ့ နာမည်ကြီး ကစားသမားတွေနဲ့ တွေ့ဆုံရမှာက စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။
နေမာက “ရော်နယ်ဒို၊ ဘန်ဇီမာ၊ ဖာမီနိုတို့နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်လှုပ်ရှားမှုတွေက ပိုပြီးတော့ တောင်ပေးနိုင် မှာပါ။ ကလပ်၊ အသင်းဖော်သစ်တွေနဲ့အတူ ရည်မှန်းချက်အားလုံးကို အကောင်အထည်ဖော်ဖို့အတွက် ဇာတ်လမ်း အသစ် ရေးရမှာကို အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဆုဖလားတွေ အများကြီးရယူပြီး ကလပ်ရဲ့ရည်မှန်းချက်တွေ ကို ဖြည့်ဆည်းပေးသွားမှာပါ” လို့ ပြောခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၂ အဖြစ် အယ်လ်ဖိုင်ဟာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 433
CNI Sport News
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇
မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ဆီဗီလာအသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိသွားခဲ့ပါတယ်။
ဒီပွဲရဲ့ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ မန်စီးတီးအသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ မန်စီးတီးအသင်းဘက်က ပင်နယ်တီကန်သွင်းသူ ၅ ဦးစလုံးဂိုးဝင်ခဲ့ပြီး ဆီဗီလာအသင်းက ဂူဒယ်လ်ဂျီက ဂိုးမဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မန်စီးတီးအသင်းဟာ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဥရောပစူပါဖလားကို ရရှိသွားခဲ့တာပါ။
မန်စီးတီးအသင်းအတွက်တော့ အခုနှစ်ထဲမှာ ဆုဖလား ၄ လုံးကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုသာ ထပ်ပြီးရယူနိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း ဆုဖလား ၅ လုံးရရှိမှာဖြစ်ပါတယ်။ နည်းပြ ဂွာဒီယိုလာအတွက်လည်း မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့ ဥရောပစူပါဖလားရယူနိုင်တဲ့ ပထမဆုံး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ဥရောပစူပါဖလားကို ဘာစီလိုနာအသင်းနဲ့ ၂ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၁ ကြိမ်ရယူထား နိုင်ခဲ့တာပါ။ စပိန်လူမျိုးနည်းပြကတော့ မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံမရသေးဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေမဟုတ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒီရာသီမှာ ဆုဖလားတစ်လုံးရယူနိုင်ခဲ့လို့ ကျနော်ကျေနပ်ပါတယ်။ ဒီဆုဖလားကို ကျနော်တို့ မရဖူးသေးပေမယ့် အခုတော့ ကျနော်တို့ ရရှိသွားပါပြီ။ ကျနော်တို့ဟာ ကလပ်အသင်းအတွက် ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူချင်ပြီး ဒီဇင်ဘာမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဆုဖလားရယူဖို့ သွားမှာပါ”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသပြီး အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ လူငယ်ကြယ်ပွင့် ပယ်လ်မာ ကို အသင်းမှာဆက်ထိန်းသိမ်းဖို့ ကြိုးစားသွားမှာဖြစ်ပြီး ထွက်ချင်တယ်ဆိုရင် အငှားချမှာမဟုတ်ဘဲ ရောင်းချသွား မယ်လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:DailyMail